ရုံလှီ ပြင်ဆင်ရန်

ညောင်ရမ်းမင်းဆက် ပင်းတလဲမင်း (မြန်မာ ၁ဝ၁ဝ- ၁ဝ၂၃) လက်ထက်တွင် တရုတ်ပြည်၌ မင်မင်းဆက်ပျက်ပြုန်း၍ မန်ချူးမင်းဆက် ကြီးစိုးလာလေသည်။ ဥတည်ဘွား ရုံလှီသည် မင် မင်းဆက်တွင် နောက်ဆုံးမင်း ဖြစ်၍ ထီးနန်းဆုံးပြီးနောက် ယူနန်နယ်တွင်းသို့ ဝင်ရောက်ကာ အခိုင်အလုံ နေထိုင်လေ သည်။ ရုံလှီသည် သိန္နီ၊ မိုင်းမော စသော နယ်စပ်ရှိ လက်နက် နိုင်ငံ မြို့ရွာတို့ကို အခွန်တောင်းသဖြင့် မြန်မာမင်းက စစ်သည် တော်တို့ကို ချီတက်တိုက်ခိုက်စေသည်။ တရုတ်တို့ မခုခံနိုင်၍ ဆုတ်ပေးရလေသည်။

ထိုနောက် တရက်(မန်ချူး)တို့က မိုင်းဆည်တွင် နေသော ဥတည်ဘွားရုံလှီကို လာရောက်တိုက်ခိုက်ကြရာ အင်အားကြီး မားလှသောကြောင့် တပ်ပျက်ပြီးလျှင် မြန်မာနိုင်ငံထဲသို့ ဝင် ရောက်ခိုလှုံနေရလေသည်။ ရုံလှီသည် ဗန်းမော်စော်ဘွားမှ တစ်ဆင့် ဘုရင်မင်းမြတ်ထံ ရွှေပိဿာတစ်ရာ ဆက်၍ မြန်မာ နိုင်ငံတွင် ခိုလှုံခွင့် လျှောက်ထားလေသည်။ မင်းတရားကြီးက လည်း လက်နက်ချ အညံ့ခံ၍ ဝင်လာလျှင် လက်ခံမည်ဟု အမိန့်တော် ချမှတ်သည့်အတိုင်း ရုံလှီနှင့်တကွ အခြွေအရံတို့ကို စစ်ကိုင်းမြို့ ဆင်များရှင်အရပ်တွင် နေရာချထားပေးလေသည်။ တရုတ်ပြည်တွင် မင်းပြောင်း မင်းလွှဲအချိန် ဖြစ်နေခိုက် နယ်ခြားဒေသတို့၌ လုယက်တိုက်ခိုက်မှုများ ထူပြောလျက် ရှိလေသည်။ ရုံလှီ၏ ကျေးကျွန် စစ်တပ်အချို့နှင့် အခြား တရုတ်စစ်တပ်တို့သည် မိုးနဲ၊ ညောင်ရွှေ စသော နိုင်ငံတော် အစွန်အဖျားရှိ မြို့များကို တိုက်ခိုက်သိမ်းယူကြလေသည်။ မြန်မာစစ်တပ်တို့သည် မေမြို့အနီး ဝက်ဝင်အရပ်၌ တရုတ် တို့ကို ဆီးကြိုတိုက်ခိုက်ရာ အားမတန်သဖြင့် ပရမ်းပတာ ဆုတ်ခွာလာခဲ့ရလေသည်။တရုတ်တို့က ဖိတိုက်လာသောကြောင့် မြစ်ငယ်မြစ်ကို ဖြတ်ကူးသည်တွင် မြန်မာစစ်သည်တော် မြောက်မြားစွာ ရေနစ်သေဆုံးခဲ့လေသည်။ တရုတ်တို့လည်း အင်းဝမြို့တော်အနီးရှိ တောင်ပလူနှင့် တံတားဦးတို့ကို သိမ်း ယူ၍ ကျေးရွာများကို လုယက်ဖျက်ဆီးကြသည်။ ကျောင်းကန် များကို မီးတိုက်ကြသည်။ ရဟန်း၊ လူသူတို့ကို သတ်ဖြတ်ကြ သည်။ ရှင်လူရဟန်းအပေါင်းတို့ အဝေးသို့ ပြေးကြရသည်။ ထိုနောက် တရုတ်တို့သည် တောင်ဘက်ကျောက်ဆည် လယ်တွင်းနယ်များတွင် အခိုင်အလုံ တပ်တည်နေထိုင်၍ လှည့်လည် တိုက်ခိုက် လုယက်ကြသဖြင့် ပြည်သူတို့ လယ်ယာ မလုပ်နိုင်သဖြင့် အစားအစာ ရှားပါးငတ်မွတ်ကြလေသည်။ ထိုနောက် ညီတော် ပြည်မင်းသည် နောင်တော်ပင်းတလဲ မင်းထံမှ ထီးနန်းကို ၁ဝ၂၃ ခုနှစ်တွင် သိမ်းပိုက် အုပ်စိုးလေ သည်။ ပြည်မင်း နန်းတက်သည့်နှစ်၌ပင် မြန်မာနိုင်ငံအတွင်း အခိုင်အလုံ နေထိုင်ကြသော တရုတ်တို့ကို တိုက်ခိုက်စေသည်။ တရုတ်တို့ ဆုတ်ခွာရသည်။မင်းကြီးသည် စစ်ကိုင်းတွင် နေထိုင် သော ဥတည်ဘွား ရုံလှီ၏ကျွန် ၇ဝဝ ကျော်တို့ကိုလည်း သစ္စာတော်ပေးရန် ထူပါရုံဘုရားသို့ ခေါ်တောင်စေပြီးလျှင် ကျေးရွာအသီးသီးတို့၌ အစုစုခွဲထားရန် အမိန့်တော်ချမှတ် လေသည်။ တရုတ်တို့က မိုင်းဆည်စားပါမှ လိုက်မည်ဆို၍ ထူပါရုံဘုရားသို့ အတူတကွ ရောက်ရှိလာကြသည်တွင် မိုင်းဆည်စားက မိမိကို သတ်မည်ထင်သဖြင့် ရဲမက်တော် တစ်ဦးလက်မှ ဓားကိုလုယူပြီးလျှင် ရဲမက်တို့ကို စတင် တိုက် ခိုက်လေသည်။ ထိုအခါ ရဲမက်တော်တို့က တရုတ်တို့ကို ဝန်းရံ၍ သေနတ်အမြောက်တို့ဖြင့် တစ်ယောက်မကျန် သတ် ပစ်ကြလေသည်။ ဥတည်ဘွား ရုံလှီကိုမူ အသက်ချမ်းသာခွင့် ပေးသနားတော်မူသည်။

ထိုနှစ်အတွင်း ယူနန်ဘုရင်ခံက စစ်သည်အလုံးအရင်းနှင့် မန္တလေးခရိုင် အောင်ပင်လယ်အရပ်အထိ ချီလာပြီးလျှင် ဥတည် ဘွား ရုံလှီကို ပေးအပ်ရန် တောင်းဆိုလာသည်။ ပြည်မင်းလည်း မြန်မာပြည်တွင်း၌ အားနည်း၍ ရဲမက်တော်တို့ ပင်ပန်းနေသည် က တစ်ကြောင်း၊ ဘိုးတော် (ထူပါရုံ ဒါယကာဘုရင် နရပတိ) လက်ထက်တွင် ဗန်းမော်စော်ဘွား ထွက်ပြေးစဉ်က တရုတ် တို့က ထုတ်ပေးခဲ့ဖူးသော ထုံးကို ထောက်၍ တစ်ကြောင်း ရုံလှီကို သားမြေးတို့နှင့်တကွ ပေးတော်မူသည်။

တရုတ်တို့သည် ရုံလှီကို ဆောင်ယူ၍ ယူနန်ဖူမြို့ ဈေး ကွက်တွင် လည်ပင်းကို ကြိုးနှင့်ချည်၍ အဆုံး စီရင်ခဲ့ကြသည်။ ထိုအချိန်က ရုံလှီ၏ အသက်မှာ ၃၈ နှစ် ရှိပြီဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်ရှိ သူ၏ အမွေစား အမွေခံ သားကို လည်း အထက်ပါ နည်းအတိုင်းပင် သတ်ပစ်ကြသည်။ ရုံလှီနှင့် တကွ အိမ်သူအိမ်သားအားလုံးတို့သည် ရောမကက်သလစ်ဂိုဏ်း ဝင် ခရစ်ယန်အယူဝါဒသို့ ပြောင်းကြသည်ဟု ဆိုသည်။ ခရစ်ယန်အယူဝါဒသို့ ပြောင်းပြီးနောက် ရုံလှီ၏သားကြီးကို ကွန်စတန်တင်းဟူ၍လည်းကောင်း၊ မိဖုရားကြီးကို အန်းဟူ၍လည်းကောင်း အသီးအသီး အမည်ပြောင်း၍ မှည့်ခေါ်သည်ဟုလည်း ဆိုလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)