ရေနံတင်သင်္ဘော ဆိုသည်မှာ ရေနံ အများအပြားကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူ တင်ပို့ရန် အတွက် တည်ဆောက်ထားသော ကုန်သွယ်ရေး သင်္ဘောအမျိုးအစား ဖြစ်သည်။ အခြေခံအားဖြင့် ရေနံတင် သင်္ဘော ၂ မျိုး ၂စား ရှိသည်။ ပထမတစ်မျိုးမှာ ရေနံစိမ်းတင်သော သင်္ဘောဖြစ်ပြီး မချက်ရသေးသော ရေနံစိမ်း အများအပြားကို ရေနံထုတ်ရာ နေရာမှ ရေနံချက် စက်ရုံသို့ ပို့ပေးရန် ဖြစ်သည်။ အခြားတစ်မျိုးမှာ ပိုမို၍ သေးငယ်သော ဆီတင်သင်္ဘော ဖြစ်ပြီး ချက်လုပ်ပြီးစီးသော ဆီများကို အသုံးချမည့် ဈေးကွက် ရှိရာသို့ သယ်ပို့ပေးသော သင်္ဘောဖြစ်သည်။

စီးပွားရေး လုပ်ငန်းသုံး ရေနံတင်သင်္ဘော AbQaiq
ရေနံတင်သင်္ဘော၏ ဘေးတိုက်မြင်ကွင်း

ရေနံတင်သင်္ဘောများကို အရွယ်အစား ပေါ်မူတည်၍ အမျိုးအစား ခွဲခြားလေ့ ရှိသကဲ့သို့ တင်ဆောင်သည့် ပစ္စည်းပေါ်တွင် မူတည်၍လည်း အမျိုးအစား ခွဲခြားလေ့ ရှိသည်။ အရွယ်အစား ခွဲခြားမှုမှာ တန်ချိန် ထောင်ဂဏန်းမျှ ရှိသော ကုန်းတွင်းရေကြောင်း နှင့် ကမ်းရိုတန်းသွား ရေနံတင်သင်္ဘောများမှ ဧရာမ အဆမတန် ကြီးမားသော ယူအယ်လ်စီစီ (ULCCs) ဟု ခေါ်သည့် တန်ချိန် ၅ သိန်း ၅ သောင်းကျော် ရှိသော သင်္ဘောများ အထိ အမျိုးမျိုး အစားစား ရှိသည်။ ရေနံတင်သင်္ဘောများသည် တစ်နှစ်လျှင် ရေနံတန်ချိန် ၂ ဘီလီယံကျော်မျှကို သယ်ယူပို့ဆောင်လေ့ ရှိကြသည်။ ပျမ်းမျှအားဖြင့် ဆီတစ်ဂါလံကို ရေနံတင် သင်္ဘောဖြင့် သယ်ယူပို့ဆောင်ခမှာ တစ်ဂါလံလျှင် အမေရိကန် ဒေါ်လာ ၂ဆင့် သို့ ၃ ဆင့်မျှ ဖြစ်သည်။