ရေသစ် မြေသစ် ရှာဖွေခြင်းဟု ဆိုရာ၌ အသစ်ဖြစ်လျက် ရှိသော ရေမြေ ဒေသများကို လိုက်လံရှာဖွေခြင်းဟူ၍ မဆို လိုပေ။ သို့ရာတွင် ကမ္ဘာကြီး၏ မြေ ရေ ဒေသများတွင် လူသူ မရောက်ပေါက်သေးသော ဒေသ၊ ယဉ်ကျေးပြီး လူတို့နှင့် လုံးဝ အဆက်အသွယ်မရှိသေးသောဒေသ အများအပြားပင် ရှိလေရာ ထိုအရပ်များကို လွန်ခဲ့သည့်နှစ်ပေါင်း ငါးဆယ်အထက်က ရေးဆွဲခဲ့သော ကမ္ဘာ့မြေပုံတွင် မရောက်ရှိသေးဟူသည့် အမှတ်အသားဖြင့် ကွက်လပ်များအဖြစ် များစွာ တွေ့ရှိရမည် ဖြစ်၏။ ယခုအခါတွင်မူ ကုန်းကြောင်း၊ သို့မဟုတ် လေကြောင်း တစ်နည်းနည်းဖြင့် ထိုဒေသများသို့ ရောက်ရှိကြပြီး ဖြစ်လေ သည်။

ကမ္ဘာ့မြေပုံတွင် တစ်နေ့တခြား လူမရောက်သေးသော ကွက်လပ်များ နည်းလာသည်နှင့်အမျှ ကမ္ဘာ့စီးပွား ရေးလည်း သိသိသာသာ တိုးတက်ခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က ကွက်လပ်နေရာများတွင် အဖိုးထိုက်တန်သော တွင်း ထွက် ရတနာများ၊ သစ်တောထွက်ပစ္စည်းများနှင့် သယံဇာတ ပစ္စည်းများကို တွေ့ကြရသောကြောင့် ဖြစ်၏။ ဤသို့ အကျိုး ထူးများကို ခံစားရခြင်းမှာ ဇွဲသတ္တိနှင့် ပြည့်စုံသော ရေသစ် မြေသစ် ရှာသောသူများ၏ ကျေးဇူးကြောင့်ပေတည်း။ ထိုမျှသာမက ကမ္ဘာ့သမိုင်းကို လေ့လာလိုက်စားသူတို့ အဖို့လည်း အဖိုးတန်သော အထောက်အထား အကိုးအကား များကို တွေ့ရလေသည်။ ထိုကြောင့် မြေသစ်များကို စူးစမ်း ရှာဖွေခြင်းသည် စီးပွားရေးနယ်သစ် ယဉ်ကျေးမှု နယ်သစ် များကို ရှာဖွေခြင်းပင် ဖြစ်သည်ဟုလည်း ဆိုနိုင်၏။

တစ်ခါက လူသူရောက်ပေါက်ရန် ခက်ခဲသည့် အာဖရိက တောနက်ကြီးကို ဥရောပတိုက်သား လူဖြူတို့ ဖြတ်ကျော်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြ၏။ ထိုအတူပင် တောင်အမေရိက တိုက် အလယ်ပိုင်းရှိ တောနက်ကြီးများ၊ အာရှတိုက်အလယ် ပိုင်းရှိ သဲကန္တာရကြီးများကို ဖြတ်ကျော်ရန် ဇွဲလုံ့လကြီးစွာဖြင့် အားထုတ်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ရေအမြဲခဲနေသော ဝင်ရိုးစွန်းဒေသများသို့ အရောက်သွားမည်ဟူသော ဇွဲနှင့် ထွက် ကြသူများထဲတွင်လည်း မရောက်မီ သေကျေပျက်စီးသူ ဦးရေ လည်း မနည်းခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ ယခုအခါတွင် အာဖရိကတိုက်အတွင်း တောင်မှ မြောက်၊ အရှေ့မှ အနောက် ထုတ်ချင်းပေါက်လမ်း များဖြင့် သွားလာနိုင်ခဲ့ပြီဖြစ်ရာ ယခင်က လူမရောက်သော တောနက်မှ အဖိုးတန်သစ်နှင့် ကြက်ပေါင်စေးများကိုပင် အသုံး ပြုကြရပြီ ဖြစ်ရုံမက၊ ထိုဒေသများသို့ အပျော်အမဲလိုက်ရန်ပင် သွားရောက်နိုင်ကြလေပြီ။ တောင်အမေရိကတိုက်တွင်လည်း ထို့အတူ လမ်းထွင်ခဲ့ကြပြီဖြစ်၏။ အာရှတိုက်အလယ်ပိုင်းရှိ ကျယ်ပြန့်သော ဂိုဗီသဲကန္တာရကြီးကိုလည်း မော်တော်ကားဖြင့် တောက်လျှောက် ဖြတ်ကျော်နိုင်ခဲ့၍ ခရစ် မပေါ်မီ နှစ်ပေါင်း တစ်ထောင်ခန့်က စစ်ပွဲများအကြောင်း ရေးသားသည့် စာမူ ပေါင်း ၃ဝဝဝ ကျော်ကိုလည်း ရရှိခဲ့လေသည်။ ဝင်ရိုးစွန်းဒေသ များမှ အဖိုးတန်သားမွေးများကိုလည်း သုံးစွဲကြရပြီ ဖြစ်၏။

သိပ္ပံပညာ ထွန်းကားတိုးတက်လာသည်နှင့်အမျှ စီးပွားရေး နယ်သစ် ယဉ်ကျေးမှုနယ်သစ်များ လိုလာခဲ့ရာ ရေသစ် မြေသစ် ရှာဖွေခြင်းမှာလည်း ပိုမိုလိုလားအပ်သော လုပ်ငန်းတစ်ခု ဖြစ် လာ၏။ စက်မှုလက်မှုနှင့် ခေတ်မီယာဉ်များတွင် သုံးရန် ဓာတ်ဆီနှင့် အခြားသတ္တုများမှာ တွေ့ရှိပြီးနေရာများတွင် ထွက် သမျှနှင့် မလုံလောက်ရကား ရေသစ် မြေသစ်များတွင် စူးစမ်း ရှာဖွေရန် လိုလာ၏။ ရေသစ် မြေသစ် ရှာဖွေခြင်းတွင် စိတ်ပါ ဝင်စားသူများလည်း အတော်ပင် များပြားလာသည်။ ရေသစ် မြေသစ်ရှာ ခရီးထွက်သူ ဦးရေမှာလည်း များသည်ထက် များ လာကာ တစ်စုပြီးတစ်စု အဆက်မပြတ် ထွက်ခဲ့ကြလေသည်။ ထိုသို့ နယ်သစ်ရှာသမား များတွင် အမျိုးသမီးများလည်း ပါဝင်၏။ အာဖရိကတိုက်ရှိ သဲကန္တာရများတွင် ဖြတ်သန်းသွား လာခဲ့ပြီး၍ ကဗူးမြို့မှ ဆမာကန်မြို့အထိ ရေသစ်မြေသစ် ရှာ ဖွေရင်း စွန့်စားသွားခဲ့သူမှာ ရိုဇိတာဖော့ဆိုသူ အမျိုးသမီး ဖြစ် လေသည်။

လူ့သမိုင်း ကမ္ဘာ့သမိုင်းကို အခြေအမြစ်နှင့်တကွ လိုက် စားလေ့လာလိုသူတို့သည်လည်း ကမ္ဘာရေမြေ အနှံ့အပြားတွင် ရှေးရှေးအခါက ရှိခဲ့သော လူနှင့် တရိစ္ဆာန်တို့၏ အကြွင်း အကျန်ဖြစ်သော အရိုးဦးခေါင်းခွံများနှင့် အခြားပစ္စည်းများကို စူးစမ်းရှာဖွေကြ၏။ ထိုသူတို့၏ ရှာဖွေစုဆောင်းချက်များကြောင့် ကမ္ဘာသူ ကမ္ဘာသား လူမျိုးပေါင်းများစွာတို့ အစဉ်အဆက် ဆင်းသက်လာခဲ့ပုံ၊ တစ်မျိုးနှင့်တစ်မျိုး မည်သို့ ဆက်သွယ် ခဲ့ပုံကို ကျွန်ုပ်တို့ သိရှိရပေသည်။ ထိုမှတစ်ပါး လွန်လေပြီး သော နှစ်ပေါင်း ကုဋေကုဋာက ဤကမ္ဘာကြီး၏ အခြေအနေ ကိုလည်း မှန်းဆသိမြင်နိုင်လောက်အောင် အထောက်အထား များစွာတို့ကို တွေ့ခဲ့ကြ၏။ လော့ကာနာဗွန်၊ အိပ်(ချ)ကာတာ၊ ဆာဖလင်းဒါး ပဲထရီ၊ ဆာ လီယိုနတ်ဝူလီ၊ ပရောဖက်ဆာ ဂါစထရန်း စသော ရှေးဟောင်းပစ္စည်း ကမ္ပည်းကျောက်စာ သုတေသီပုဂ္ဂိုလ်ကြီးတို့သည် အီဂျစ်၊ ဆီးရီးယား၊ ပယ်လက် စတိုင် စသောယဉ်ကျေးမှု ပထမဦးဆုံး ထွန်းကားရာဒေသ များ၏ အကြောင်းကို စူးစမ်းရှာဖွေခဲ့ကြလေသည်။

ကုန်းပေါ်တွင် ရေသစ်မြေသစ်များကို စူးစမ်းလေ့လာသည့် နည်းတူ ရေအောက်ရှိ အခြေအနေကိုလည်း စူးစမ်း လေ့လာကြ သည်။ သမုဒ္ဒရာရေစီးကြောင်းများ၏အကြောင်းနှင့်တကွ ဝေလ ငါးကြီးများ၏အကြောင်းကို မွန်နာကို မင်းသား စူးစမ်းရှာဖွေ လေ့လာခဲ့လေသည်။ ထိုနောက်တွင် ဝီလျံဆန်ဆိုသူသည် မှန် ပြတင်း ပေါက်ပါသည့် ရေလုံသတ္တုချိုင့်ဖြင့် ရေအောက်သို့ ဆင်းကာ ဆန်းကြယ်သော ကျောက်ခက်တောနှင့် ငါးခရု စသော ရေသတ္တဝါတို့၏ နေပုံ ထိုင်ပုံ ရေအောက်မြေမျက် နှာပြင် အခြေအနေတို့ကို ရုပ်ရှင်ကား ရိုက်ခဲ့လေသည်။

ဒေါက်တာဝီလျံဗီးဗီဆိုသူကလည်း ရေလုံသတ္တုချိုင့်ဖြင့် ရေ အောက် ပေ ၁ဝဝဝ နက်သော နေရာအထိ ဆင်း၍ မှန် ပြတင်းမှ ရေထဲရှိ အခြေအနေတို့ကို စူးစမ်းလေ့လာခဲ့လေသည်။ ဗြိတိသျှသုတေသနဆိုင်ရာ ဒစ်စကာဗာရီ ၂ နှင့် ဝီလျံစကိုးစဗီ အမည်ရှိ သင်္ဘောနှစ်စင်းကို ရေကြောင်းဆိုင်ရာ ရေသစ်မြေသစ် စူးစမ်း ရှာဖွေသော လုပ်ငန်းသက်သက်အတွက် အသုံးပြုခဲ့၏။ သမုဒ္ဒရာအတိမ်အနက်ကို စူးစမ်းသည့် ကာနေဂျီ အမည်ရှိ သံ မလိုက်နိုင်သည့် သင်္ဘောမှာလည်း စူးစမ်းရှာဖွေမှုတွင် အရေးပါ အရာရောက်လေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)