ရွှေဘုန်းပွင့် စေတီတော်သည် ရန်ကုန်တိုင်းဒေသကြီးပုဇွန်တောင်မြို့နယ်တွင် တည်ရှိသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရန်ကုန် ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေဘုန်းပွင့်စေတီတော်ကို ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး လက်ရှိစေတီတော်၏ ဉာဏ်တော်အမြင့်မှာ (၉၃) ပေ (၁၀) လက်မရှိသည်။ အရံစေတီ (၁၆)ဆူ၊မုခ်ဦး (၁၆) ခုတွင် ဆင်းတုတော် (၁၆) ဆူနှင့် စေတီအောက်ခြေပတ်ပတ်လည်မှာဆင်းတုတော် (၁၀၈) ဆူပါရှိသည်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပေးသနားတော်မူတဲ့ဆံတော်များကို တဖုဿ၊ဘလ္လိကညီနောင်မှ တွံတေးမြို့၊ မေရုတကုန်းမြေသို့ ပင့်ဆောင်ခဲ့ကြသည်။ ပင့်ဆောင်လာစဉ် ဥက္ကလာပမင်းကြီးကယခု ဗိုလ်တထောင်စေတီတော်မြတ်တည်ရှိသည့် အရပ်တွင်မဏ္ဍာပ်များဖြင့်စည်ကားသိုက်မြိုက်စွာကြိုဆိုခြင်းပြုခဲ့ကြောင်း သိရှိရသည်။ ထို့နောက် ဥက္ကလာပမင်းကြီးက ဆံတော်များကို ဗိုလ်တထောင်စေတီတော်မြတ်တည်ရာမှ မြောက်အရပ်တည့်တည့်ကို(ယခု ရွှေတိဂုံစေတီတော်မြတ်တည်နေရာ)ကရဝိတ်ဖောင်တော်ဖြင့်ပင့်ဆောင်ခဲ့သည်။(ယခင်ကကျွန်းကုန်းကလေး၊ကျင်းပြဲ)ယခုရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတည်ထားရာနေရာသို့ရောက်သည့်အခါဆံတော်ပင့်ဆောင်လာသည့် ဆင်တော်မှာအကြောင်းမရှိဝပ်နေသည့်အတွက် ယင်းနေရာတွင်ပင် ဆံတော်မြတ်များကို ခုနှစ်ရက်တိုင်တိုင်ထပ်မံအပူဇော်ခံခဲ့သည်။ ဥက္ကလာပမင်းကြီးသည် ဆင်တော်ဝပ်သည့်နေရာတွင် အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူထားကာ ထိုနေရာတွင်ပင် စေတီတစ်ဆူတည်ထားကိုးကွယ်ခဲ့သည်။ ယင်စေတီမှာ ယခုရွှေဘုန်းပွင့်စေတီတော်(မူလအမည်-ရွှေကြုတ်ပွင့်) ဖြစ်သည်။ (ဆံတော်မြတ်များ ကိန်းဝပ်ရာ နဝရတ်ကြုတ်ပွင့်တော်မူသည့်အတွက် ရွှေကြုတ်ပွင့်စေတီဟု အမည်တွင် ကြောင်း မှတ်သားရသည်။) ၁၉၂၈ခုနှစ်တွင် လှုပ်ခတ်ခဲ့တဲ့ပဲခူးငလျင်ဒဏ်ကြောင့် ရွှေဘုန်းပွင့်စေတီတော်၏အင်္ဂတေများအက်ကွဲပျက်စီးခဲ့ရသည့်အတွက် မနောမယဆရာတော်ကြီးကဂေါပကအဖွဲ့ဝင်လူကြီးများနှင့်အတူ စေတီတော်ကိုပြန်လည်ပြုပြင်ပြီးတည်ထားခဲ့ကြောင်းသိရသည်။ စေတီတော်၏ထီးတော်ငှက်မြတ်နားမှာထည့်သွင်းရန် ဆရာတော်ကြီးက ဓာတ်သားဝိဇ္ဇာရုပ်လေးကိုလှူဒါန်းခဲ့သည်။ ထိုခေတ်ကာလငွေကြေးအရတန်ဖိုးဖြတ်ပါက မြန်မာငွေကျပ်နှစ်ရာသာ ရှိသော်လည်း ၁၉၉၀ ခုနှစ်ဝန်းကျင်တွင် စေတီတော်ကြီး၏ ထီးတော်၊ ငှက်မြတ်နားတို့ကိုဂေါပကအဖွဲ့ကစစ်ဆေးရာ ၎င်းဓာတ်သားဝိဇ္ဇာရုပ်တုလေးမှာရွှေစင်ပုရပိုက်ခေါက်အဖြစ် ပြောင်းလဲနေကြောင်း အံ့ဖွယ်မြင်တွေ့ခဲ့ရသည်ဟု သိရှိရသည်။ ထို့ပြင် ရွှေဘုန်းပွင့်စေတီတော်ကြီး၏အံ့ဖွယ်ကိုးပါးလည်းရှိပါသေးသည်။ ၎င်းတို့မှာ -ဆံတော်ပင့်ဆောင်လာချိန် ဆင်တော်ဝပ်ခြင်း -ဥက္ကလာပမင်းကြီး အဓိဌာန်ကာ ဆံတော် ရတနာ ကြုတ်ဖွင့်ခြင်း(ကြုတ်တော်ပွင့်သွားခြင်း) -ဗုဒ္ဓဆံတော်မြတ် (၈) ဆူ၏ ရောင်ခြည်တော်များ ကွန့်မြူးပြီး ကောင်းကင်၌တည်ခြင်း -ဥက္ကလာပမင်းကြီး သဒ္ဓါစိတ်လွန်ကဲကာ ဦးခေါင်းတော်မှ ဆံတော်များအား ဖြတ်၍ လှူဒါန်းရန် ကြံစည်ခြင်း -ဥက္ကလာပမင်းကြီးမှ ပတ္တမြားကျောက်မျက်များ စီခြယ်ထားသော မကိုဋ်တော်ကို လှူဒါန်းခြင်း -သိကြားမင်းမှ ဗုဒ္ဓသာသနာတော်စည်ပင်မည့် အရပ်ဟု မိန့်ကြားသည့်နေရာဖြစ်ခြင်း -ဥက္ကလာပမင်း တဖုဿနှင့်ဘလိကတို့ သမိုင်းမှတ်တိုင်စိုက်ထူပြီး ဘုရားတည်ထားခြင်း -ဗုဒ္ဓဆံတော်မြတ် (၈) ဆူ ဗိုလ်ခြေတစ်ထောင်ဖြင့် ၇ ရက်တိုင်တိုင် အပူဇော်ခံရာနေရာ ဖြစ်ခြင်း -ဆင်ဝပ်သည့်နေရာသည် ညီညာပြန့်ပြူးမှုရှိခြင်း တို့ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား ပြင်ဆင်ရန်