ရွှေလင်းရွာမှအံ့ကိုးဖြာ

ရွှေလင်းရွာမှအံ့ကိုးဖြာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ ပြင်ဆင်ရန်

ရွှေလင်းရွာ၏ အံ့ဖွယ်ကိုးပါး အကြောင်းကို ဖွဲ့ဆိုထားသည်။

ရွှေလင်းရွာမှအံ့ကိုးဖြာ ပြင်ဆင်ရန်

ရွှေလင်းမြေအံ့ဘွယ် ကိုး၊ စာထိုးကာ ရွှေမင်နှင့်၊ ကဝေရှင်နဘေ တင်လျှောက်ခဲပ၊ သပြေနှင်ပေတင် နောက်လူတို့မှာ၊ နည်းမှတ်လောက်ဖွယ်။

စံရှစ်ရာ တယောက်ထင်းတွင်မှ၊ နောင်မင်းကျော် ဖြူမဟာငဲ့ပြင်၊ တအူချာ ညီတော်ပြုံးတို့မှာ၊ နောင်ဘုန်းကံ ဂုဏ်ရှိန်ကြောင့်၊ ဥဏ္ဏဒိန် မြော်ရင်ထွက်ရ၊ ညီမျက်နှာပျော်၍ ပြုံးရင်လှ၊ ထစ်ချုန်းကာရတနာမိုး၊ ဖြိုးကျအကယ်။

ဧချိုငန်ပူရေပြွမ်းသည့်ပြင်၊ သာထန်းပင်ပဒေက၊ အင်နှစ်တွေထညံနို့၊ ပြည်စို့ကာ မကုန်ခန်းနိုင်ဘု့၊ နွေစမ်းအိုင် မထီလျှံမျှ၊ အညီမှန်ဝသန် ရောက်ပြန်တော့၊ ခန်းခြောက်ခါ ထိုသည်ဘုန်း၊ ပင်လုံးစံလျှော်ဖြူက၊ သွေးတူတူအမွှာဆင့်ပါလို့၊ မွှေးကြူကြူစကဝါပွင့်သည့်ပြင်၊ တီးသံဆင့် အသွယ်သွယ်၊ နာဘွယ်သည့် နတ်ဆိုင်း။

ဇာတ်သမ္ဘာ၊ သတ္တဝါ ရွှေဘီလူးရယ်တို့၊ နှစ်ဦးစုံကိုယ်ထင်ပြသည့်ပြင်၊ အမ္ဗအန္တရာခေါ်တဲ့၊ သရက်တော် ခက်မော်ကိုးမှာတော့၊ ခြောက်မျိုးရသာဝင်၍၊ ဇရာရှင်လျှာတင်၍ ချစ်လျှင်၊ ခန္ဓာပင် ကညာစင်ဖြစ်ရသတဲ့၊ ဤခေတ်လို ကြုံချင်စမ်းပါဘိ၊ ကျမ်းထွက်သမိုင်း။

မှတ်ချက် ပြင်ဆင်ရန်

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား ပြင်ဆင်ရန်

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။