လက်ရေး လက်သား ပြင်ဆင်ရန်

လက်ရေးလက်သား ရေးသားမှုအတတ် သည် ပညာတစ်ရပ်ဖြစ်လေသည်။ လက်ရေးလက်သား ညီညာလှပခြင်းမှာ လည်း ဂုဏ်အင်္ဂါတစ်ရပ်ဖြစ်၍ လေ့ကျင့်အပ်ပေသည်။ အစိုးရ အလုပ်ဌာန များတွင်လည်းကောင်း၊ ကုန်သည်ပိုင်းတွင်လည်းကောင်း လက်ရေးလက်သား ကောင်းသူသည် သူများထက်ထူး၍ ဂုဏ်ပြုခံရလေသည်။

လက်ရေး ရေးရာ၌ ပီသစွာရေးသားနိုင်ခြင်းသည် ပထမ အရေး ကြီးဆုံးအချက်ဖြစ်၍ လျင်မြန်စွာရေးနိုင်ခြင်းမှာ ဒုတိယအရေးကြီးသော အချက်ဖြစ်လေသည်။ လှပစွာရေးခြင်း၊ ဟန်အမျိုးမျိုးထွင်၍ရေးခြင်း စသည် တို့မှာ ယင်းအဓိကအချက်ကြီးနှစ်ချက်မှ ဆင့်ပွားလာလေသည်။ လက်ရေး မြန်လည်းမြန်၍ သေသပ်လှပရန်မှာ တစ်ခုတည်းသက်သက် မလေ့ကျင့်ဘဲ ထိုအင်္ဂါနှစ်ရပ်လုံးကို တစ်ပြိုင်နက်မျှ၍ လေ့ကျင့်သင့်သည်။ လက်ရေးအမြန် ကျင့်လွန်းလျှင် သော့သွားတတ်သည်။ အလှရေးနည်းကျင့်လျှင်လည်း နှေး လွန်း၍ လက်မသွားဘဲရှိတတ်သည်။

လက်ရေးကောင်းအောင်ကျင့်ရာ၌ ထပ်တလဲလဲရေးသားကြည့်ခြင်း သည် နည်းမှန်ဖြစ်၏။ တစ်ခါရေးကြည့်၍ တွေ့ရသောအမှားကို နောက် တစ်ခါ ရှောင်ကွင်းကာထပ်ကျင့်လျှင် ကျင့်ဖန်များသဖြင့် အသားသေသွား၍ လက်ရေးကောင်း လက်ရေးမှန်ကို ရနိုင်လေသည်။ စာရေးတော့မည်ဆိုလျှင် ဦးစွာ အနေအထားမှန်အောင်ထိုင်ရမည်။ ကြမ်းပေါ်၌ ခြေနှစ်ဖက်ကို ချထား ၍ ကုလားထိုင်တွင် မတ်လည်းမမတ်လွန်း၊ ကိုင်းလည်းမကိုင်းလွန်း အနေ မှန်ရအောင်ထိုင်ရမည်။ စာရွက်ကို မိမိရှေ့တည့်တည့် စားပွဲပေါ်တွင်ထား၍ စာရွက်ထိပ်ကို လက်ဝဲဘက်သို့ အနည်းငယ်စောင်းထားသင့်သည်။ ကလောင်တံ၊ ခဲတံစသည်တို့ကိုလည်း အနေမှန်ဖြစ်အောင် ကိုင်၍ရေးရမည်။ လက်ရေးစ၍ သင်သောသူသည် ကျောင်းသုံးသင်ပုန်းချပ်ကြီးပေါ်တွင် မြေဖြူ ဖြင့် အတော်ကြာအရေးကျင့်သင့်သည်။ သင်ပုန်းချပ်ကြီးပေါ်တွင် လက်ကို လွတ်လပ်စွာရွှေ့နိုင်သဖြင့် စက္ကူပေါ်တွင် ခဲတံ၊ မင်တံနှင့် ရေးသည်ထက် ပို၍လွယ်ကူသည်။

ကလေးသူငယ်တို့ စက္ကူပေါ်၌ စ၍ရေးသောအခါ ချောမွတ်ပျော့ ပျောင်းသော ခဲတံဖြင့် စာရွက်ကြမ်းပေါ်၌ အရေးကျင့်စေအပ်သည်။ ကျောင်းတွင် သုံးတန်းရောက်သောအခါမှ မင်တံကို သုံးစေသင့်သည်။ ငယ်ရွယ်စဉ်ကတည်းက လက်ရေးပီသမှုကို မကျင့်ခဲ့လျှင် ကြီး ပြင်းလာသောအခါ အလုပ်အကိုင်၌လည်းကောင်း၊ ပေါင်းသင်းဆက်ဆံမှု၌ လည်းကောင် ဂုဏ်ပျက်တတ်လေသည်။ မည်သည့်အလုပ်ကိုမဆို လုပ်ရာ တွင် ပိပြားသေဝပ်၍ စည်းကမ်းနိုင်သည်။ လက်ရေးလက်သားကိုကြည့်ခြင်း ဖြင့် ထိုသူ၏ စိတ်နေသဘောထား ပြုမူပုံတို့ကို ကောင်းစွာအကဲခတ်နိုင်၏။ ထို့ကြောင့် လက်ရေးလက်သား အမှုမဲ့အမှတ်မဲ့မရေးဘဲ စည်းကမ်းတကျ ရေးတတ်ဖို့ များစွာအရေးကြီးသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)