လက်သစ်တောင်တာ ဆုံးမစာ
လက်သစ်တောင်တာ ဆုံးမစာ ကို သျှင်မဟာရဋ္ဌသာရ (မြန်မာ ၈၃၀ - ၈၉၂) က ရေးသားပြုစုခဲ့သည်။[၁]
လက်သစ်တောင်တာ ဆုံးမစာ
ပြင်ဆင်ရန်၁။ အစ်ကိုကြီးအား၊ ညီငယ်များလည်း၊ စကားနှုတ်ဆက်၊ ဖက်၍မဆို၊ ရိုသေလှစေ၊ ကိုကြီးအစ်မ၊ သည်နှစ်ဝကို၊ မိဘကဲ့သို့၊ မှတ်ပါလေ။
၂။ ဆွေကြီးမျိုးကြီး၊ အဘကြီးနှင့် ဦးရီးသားချင်း၊ ဘထွေးရင်းက၊ ဟူသမျှကို၊ ဂုဏဝုဍ္ဎ၊ ပစာယန၊ စိတ်ကသိစေ၊ ပြစ်မှားမိက၊ မသင့်ချေ။
၃။ ပေါက်ဖော်သားချင်း၊ တစ်ဝမ်းတွင်းမှ၊ အရင်းအနှစ်၊ ဖွေစိစစ်၍၊ အပြစ်စုပုံ၊ မခြားထုံသည်၊ အူတုံဖြစ်က၊ ချစ်ကြလေ။
၄။ သေတူရှင်ဘက်၊ ဆောင်ရွက်မကင်း၊ အချင်းချင်းတွင်၊ အခင်းကြီးငယ်၊ ရှိဝယ်ခါလည်း၊ မဖွယ်မသွေ၊ ညီညာကုန်း၍၊ ရုန်းကြလေ။
၅။ တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့၊ ချိုလှစေ။
၆။ မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို၊ ချုပ်ကြလေ။
၇။ သေနှင့်အရက်၊ စီးပွားဖျက်ကို၊ တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့်၊ အဆိပ်ရေ။
၈။ ကိုယ်နှင့်လည်းစာ၊ သတ္တဝါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို၊ ချစ်ပါလေ။
၉။ သူ့ကိုမမှား၊ မလှည့်စားနှင့်၊ စကားစမြည်၊ မြွက်သည်စစ၊ ပြောသမျှကို၊ မှန်လှစေ။
၁၀။ အပါယ်လေးပါး၊ လားမည့်အကြောင်း၊ မကောင်းမှုမှ၊ စပ်သမျှကို၊ ရှောင်ကြပါလေ၊ သေခါထုတ်ချောက်၊ ငရဲရောက်မည်၊ ရွံကြောက်စေ။
၁၁။ သူတော်ကောင်းနှင့်၊ ပေါင်းဖော်ယှဉ်တွဲ၊ လူမိုက်မဲတို့၊ ရှောင်လွှဲပါလေ၊ ဤသူအမြတ်၊ ဤသူလတ်က၊ ညစ်ထပ်ကြမ်းကြုတ်၊ ဤသူယုတ်ဟု၊ အဟုတ်အမှန်၊ မသွေလှန်သည်၊ ဧကန်ဆတ်ဆတ်၊ လူသုံးရပ်ကို၊ သိတတ်စေ။
၁၂။ ရပ်သူရွာသား၊ သူကောင်းများ၏၊ နားမှာမဆန့်၊ မခန့်မလေး၊ သူမုန်းဆေးလျှင်၊ ဆဲရေးညစ်ညမ်း၊ ကိုယ်လက်နွမ်းအောင်၊ အသွမ်းမကျင့်ကြလေနှင့်။
၁၃။ ကွယ်ရာမဝေး၊ မျက်နှာဝေးက၊ တွေးလေကြံဘိ၊ မိမိသဘော၊ သို့ကျင့်သောဟု၊ ပြောရလူချင်း၊ မေတ္တာကင်းအောင်၊ သတင်းမပုပ် ပါစေနှင့်။
၁၄။ အရောင်းအဝယ်၊ အသွယ်သွယ်တွင်၊ လိုဖွယ်ရရန်၊ ဖိုးထိုက်တန်လျှင်၊ မှန်သည်ကိုလိုက်၊ လောဘတိုက်၍၊ လူမိုက်မဆိုရစေနှင့်။
၁၅။ မဖြောင့်မသား၊ မတရားကို၊ လားလားဤသူ၊ မပြုဟူ၍၊ ဗိုလ်လူခပ်သိမ်း၊ မေတ္တာလိမ်းသည်၊ ချီးမွမ်းဆိုထွေ၊ ရတတ်စေ။
၁၆။ သူ၏စီးပွား၊ ငါ့စီးပွားကို၊ ထောက်ထားမိစေ၊ ကြီးလောဘကို မျှတစေ။
၁၇။ မမွှေမနှောက်၊ မကောက်မကျစ်၊ မလိမ်လစ်ဘဲ၊ မစဉ်းလဲနှင့်၊ စိတ်ထဲဖြောင့်စေ၊ သူ့အကျင့်ကိုလည်း၊ သိတတ်စေ။
၁၈။ ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး၊ သူတော်ထုံးကို၊ စွဲသုံးသောထွေ၊ မှန်လှစေ။
၁၉။ မှတ်ဘွယ်မှတ်ရာ၊ ထိုထိုစာကို၊ ရှာ၍မပြတ်၊ အိမ်တွင်ဖတ်။
၂၀။ ဖတ်ပြန်သော်ကား၊ ဖတ်ဖန်များက၊ သားမယားပင်၊ သိမြင်ကင်းကွာ၊ မလိမ္မာတည်း၊ စာပေစကား၊ နေ့တိုင်းကြားက၊ ထူးခြားလိမ္မာ၊ ရှိသည်သာတည့်။
၂၁။ ရင်ဝယ်ဖြစ်ငြား၊ မွေးသည့်သားကို၊ မယ်ဘွားမိခင်၊ ဆုံးမသင်သို့၊ အကြင်ဆရာ၊ ထိုသူငါကို၊ လိမ္မာစေကြောင်း၊ ကောင်းပါစေလို၊ ဆိုပါသမျှ၊ ဩဝါဒကို၊ နားမျှမထောင်၊ မကြားယောင်သို့၊ မောင်တို့ပြုက၊ ယခုပစ္စုပ္ပန်၊ နောင်သံသရာ၊ ဆက်များစွာ၌၊ ချမ်းသာမည်ရေး၊ အလွန်ဝေးသည်၊ သေဘေးမလွဲ၊ ဝဋ်ဆင်းရဲမှ၊ ရွှေခဲဘယ့်နှယ်၊ အသွယ်သွယ်ကို၊ လွှဲဖယ်ကြံစည်၊ လွတ်ပါမည်။[၁]
၂၂။ နောင်သံသရာ၊ ရိက္ခာအတူ၊ ကံကျွေးဟူသည်၊ အလှူဆိုက၊ မဆုတ်ကြနှင့်၊ ရလှပါစေ၊ တံစက်အောက်တွင်၊ ခံသောက်အိုးတန်၊ ကျဖန်များက၊ ပြည့်ငြားသည်သာ၊ ထုံးဟောင်းစာကိုထောက်ပါလေ။[ကိုးကားချက်လိုသည်]