ဗြိတိသျှနိုင်ငံရေးနယ်ပယ်တွင် လွန်ခဲ့သော နှစ် ပေါင်းများစွာကစ၍ ကွန်ဆားဗတစ်ပါတီနှင့် အတိုက်အခံ အာဏာလုဖက် ဖြစ်ခဲ့သော လစ်ဗရယ်ပါတီသည် ပထမတွင် ဝှစ် ပါတီအမည်ဖြင့် ထင်ရှားလေသည်။ လစ်ဗရယ်ဟူသော နာမည်ကို ၁၈၁၅ ခုနှစ်လောက်တွင် စတင်သုံးစွဲခဲ့သော်လည်း ၁၈၄ဝ ပြည့်နှစ်ကျမှသာ ပါတီ၏နာမည်အဖြစ်ဖြင့် အတိအကျ လက်ခံသုံးစွဲကြ၏။ ယင်းသို့ ပါတီ၏နာမည်ပြောင်းခြင်းသည် ပါတီ၌နှစ်ပေါင်းများစွာကြီးစိုး ခဲ့သော ဝှစ်အထက်တန်းစားများ၊ အရင်းရှင်များနေရာ၌ နိုင်ငံရေးအမြင် ကျယ်သော စက်မှုလက်မှုလုပ်ငန်းရှင်များ ရောက်လာခြင်းကို အမှတ်သညာ ပြုခြင်းပင် ဖြစ်လေတော့သည်။ လစ်ဗရယ်ဟူသော အင်္ဂလိပ်စကား၏အနက်မှာ မတွန့်တိုသော၊ ရက်ရောသောဖြစ်၏။ အမှန်အားဖြင့်လည်း လစ်ဗရယ်ပါတီဝင်များသည် နိုင်ငံရေး၊ စီးပွားရေးနှင့် ပေါင်းသင်းဆက်ဆံရေးများ၌ ပြုပြင်ပြောင်းလဲမှုကို လိုလားသူများဖြစ်လေသည်။ အစဉ်အလာကို တော်လှန်ရန် ဝန်မလေးသူများ လည်း ဖြစ်လေသည်။ လစ်ဗရယ်ပါတီသည် ၁၈၃၁ ခုနှစ် ပြုပြင်ရေးအက် ဥပဒေပြဋ္ဌာန်းပြီးနောက် နှစ်ပေါင်း ၅ဝ ခန့် နိုင်ငံရေးအာဏာကို လက် ဝယ်ရရှိကာ အုပ်ချုပ်နိုင်ခဲ့လေသည်။ ခေါင်းဆောင်များမှာ အားဂရေး၊ အား ရပ်ဆယ်၊ လော့ပါးမာစတန်ဂလက်စတုန်း စသည်တို့ဖြစ်ကြသည်။


၁၈၈၅-ခုနှစ်၌ ဟုမ္မရူးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပါတီတွင် အတွင်းသဘောကွဲလွဲမှုများ ဖြစ်ပေါ်လာသည်တွင် နိုင်ငံရေးအာဏာကို လက် လွှတ်လိုက်ရလေသည်။ တစ်ဖန် ၁၈၉၂ ခုနှစ်မှ ၁၈၉၅ ခုနှစ်အထိ အစိုးရ ဖွဲ့နိုင်ခဲ့ပြီးလျှင် ၁၉ဝ၅ ခုနှစ်မှ အစပြု၍ ၁ဝ နှစ်ခန့် နိုင်ငံရေးအာဏာရရှိ၍ နိုင်ငံကို အုပ်ချုပ်ခဲ့ရပြန်လေသည်။ ပထမကမ္ဘာစစ်အတွင်း ညွန့်ပေါင်းအစိုးရ အဖွဲ့တွင်လည်း ပါဝင်ခဲ့သည်။ စစ်ပြီးသောအခါ ပါတီမှာ အလွန်အင်အား နည်းလျက်ရှိနေသည်။ ပါတီလုပ်ငန်းစဉ်များမှာ များသောအားဖြင့် ဆောင် ရွက်ပြီးဖြစ်ခဲ့၍ ကျန်နေသော လုပ်ငန်းရပ်များကိုလည်း နိုင်ငံက စိတ်ဝင် စားခြင်းမရှိတော့သဖြင့်လည်းကောင်း၊ လေဘာပါတီမှလည်း တစ်စတစ်စ လစ်ဗရယ်ပါတီထက် အင်အားတောင့်တင်းလာကာ အတိုက်အခံပါတီအဖြစ် အသိအမှတ်ပြုရသည့်အခြေသို့ပင် ရောက်ရှိခဲ့သဖြင့်လည်းကောင်း လစ်ဗရယ် ပါတီသည် တဖြည်းဖြည်း နာမည်မှေးမှိန်သွားရလေသည်၊ အခြားထင်ရှားသော လစ်ဗရယ်ခေါင်းဆောင်ကြီးများမှာ ဂျိမ်း ဖောက်၊ ရစ်ချတ်ကော့ဗဒင်ဂျွန်ဗရိုက်၊ အိပ်အိပ် အက်စကွစ်နှင့် ဒေးဗစ် လွိုက်ဂျော့တို့ ဖြစ်ကြသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)