လူဝီဘုရင်များ

ပြင်ဆင်ရန်

ပြင်သစ်နိုင်ငံ၌ လူဝီ (Louis) ဟူသောအမည်ဖြင့် ဘုရင် ၁၈ ပါး မင်းပြုခဲ့ပေသည်။ လူဝီဘုရင်များသည် သက်ဦးဆံပိုင်စနစ်ဖြင့် မင်းပြုရန်ကြိုးပမ်းခဲ့ရာ ၁၄ ဆက်မြောက် လူဝီဘုရင်လက်ထက်တွင် ဘုရင်၏တန်ခိုးအာဏာသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့၏။ ထို့နောက်တွင် နန်းတက်ခဲ့ကြသော လူဝီဘုရင်များလက်ထက်တွင် ပြည်သူပြည်သားတို့သည် ဘုရင့်အပေါ် တဖြည်းဖြည်း အကြည်ညိုပျက်လာကြလေသည်။ ပထမလူဝီဘုရင် (ခရစ် ၇၇၈ - ၈၄ဝ) သည် ရှားလမိန်းဘုရင်ကြီး၏ တတိယသားတော်ဖြစ်သော 'ကယ်ရိုလင်ဂျင်' မင်းဆက်မှဖြစ်၍ ထို မင်းဆက်တွင် လူဝီအမည်ဖြင့်ထင်ရှားသော အခြားဘုရင်လေးပါးလည်းရှိသေးသည်။ ကယ်ရိုလင်ဂျင်မင်းဆက် ပြတ်သွားပြီးသည့်နောက်တွင် လူဝီအမည်ဖြင့် နန်းတက်ခဲ့သော ဘုရင်မှာ ကပေးယှန်းမင်းဆက်မှ ဆဋ္ဌလူဝီ ဖြစ်သည်။

ဆဋ္ဌလူဝီဘုရင်(ခရစ် ၁ဝ၈၁ - ၁၁၃၇)။ ။ ထိုမင်းသည် ပထမဖိလစ်ဘုရင်၏ သားတော်ဖြစ်သည်၊ ဖိလစ်ဘုရင်ကြီးသည် သားတော်အား ၁ဝ၉၈ ခုနှစ်လောက်မှစ၍ တိုင်းပြည်အုပ်ချုပ်မှုရေးရာ တို့တွင် လက်ပွန်းတတီး တွဲဖက်လုပ်ကိုင်စေခဲ့သည်။ အစွမ်းအစထက်မြက်လှသော မင်းသားလူဝီမကြာမြင့်မီပင် စစ်တပ်၏ ကြည်ညိုလေးစား မှုကို ခံယူလာရလေသည်။ ဆဋ္ဌလူဝီဘွဲ့ဖြင့် ထီးနန်းသိမ်းပိုက်သည်။ နန်းတက်ပြီးနောက် နှစ်ပေါင်း ၂ဝ ခန့်မျှသော အချိန်ကာလကို စစ်တိုက်ခြင်းဖြင့် ကုန် လွန်စေခဲ့၏။ ထိုစဉ်အခါက မှူးမတ်ဟုခေါ်ရသော်လည်း အမှန်အားဖြင့် မျက်နှာကြီး ဓားပြသာသာဖြစ်သော ဗဲရွန်တို့သည် တိုင်းပြည်တွင် ထင်သလို ခြယ်လှယ်နေသောကြောင့် မိမိ၏ထီးနန်းနှင့် တန်ခိုးအာဏာကိုပင် ထိပါး မည်စိုးရိမ်သဖြင့် အဆိုပါမှူးမတ်များအား နှိမ်နင်းရသော ပြည်တွင်းစစ်ပွဲများ ဖြစ်ပွားလာ၏။ ထီးပြိုင်နန်းပြိုင်ဖြစ်သော အင်္ဂလိပ်ဘုရင်များသည် ပြင်သစ်နိုင်ငံ မြောက်ပိုင်း နော်မန်ဒီနယ်ကို စားရသည့်နယ်စားများဖြစ်သည့်အပြင် ဘုန်းလက်ရုံးတက်နေကြသော ဘုရင်များလည်းဖြစ်ကြ၏။ သို့ဖြင့် လူဝီဘုရင်သည် နိုင်ငံအတွင်း၌ မင်းမူနေသည့် မှူးမတ်များ၏အာဏာကို အပြီးတိုင် ချေမှုန်းရန်သာမက အဂ‡လိပ်ဘုရင်များနှင့် ပခုံးချင်းယှဉ်နိုင်သော ဘုရင်အဖြစ်သို့ရောက်အောင်လည်း လုံးပန်းအောင်မြင်ခဲ့၏။ ဆဋ္ဌလူဝီဘုရင်သည် အလွန်အစားကောင်းပြီး အလွန်ဝသဖြင့် လူဝဘုရင်ကြီးဟု ပြောင်လှောင် ခေါ်ဝေါ်ခြင်းကို ခံရလေသည်။ သက်တော် ၄၆ နှစ်အရွယ်တွင် ဝလွန်းသဖြင့် မြင်းကိုပင် မစီးနိုင်တော့ချေ။ လူဝီဘုရင်သည် စစ်ပွဲများတွင် ကိုယ် တိုင်ကိုယ်ကျ ပါဝင်တိုက်ခိုက်၏။ စစ်သည်တော်တို့၏ လေးစားမှုကို ခံယူခဲ့ရသဖြင့် သူ၏ အလံတော်အောက်တွင် ပြည်သူ့စစ်တပ်ကြီးကို စုရုံးဖွဲ့စည်း နိုင်ခဲ့လေသည်။ ထိုဘုရင်၏လက်ထက်တွင် ပြင်သစ်နိုင်ငံကြီး စည်းစည်းလုံးလုံးရှိကာ အင်အားတောင့်တင်းခဲ့၏။ ကွန်မျွန်းခေါ် ဒေသန္တရ အဖွဲ့များကို ဖွဲ့စည်းစေပြီးလျှင် မြို့များ၊ နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးအပ်ခဲ့သဖြင့် ဆင်းရဲသားတောင်သူလယ်လုပ်တို့သည် မှူးမတ်များ၏ အာဏာစက်မှ လွတ်ကင်းလာကြကာ လူဝီဘုရင်ကြီးအား အထူးကြည်ညို ခဲ့ကြ၏။ ထိုမျှမကသေး လူဝီဘုရင်သည် ခရစ်ယန်အယူဝါဒ ပြန့်ပွားတိုးတက်ရေးကိုလည်း များစွာ သည်ပိုးဆောင်ရွက်ခဲ့ချေသေးသည်။ အမျိုးသားအာဇာနည်အဖြစ်ဖြင့် ဂုဏ်သတင်း ပျံ့နှံ့ခဲ့သော ဆဋ္ဌလူဝီဘုရင်သည် ၁၁၃၇ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ကံကုန်သည်။

သတ္တမ လူဝီဘုရင်(ခရစ် ၁၁၂ဝ - ၁၁၈ဝ)။ ။ သတ္တမလူဝီဘုရင်သည်ကား ဆဋ္ဌလူဝီ၏ သားတော်ဖြစ်၍ ၁၁၂ဝ ပြည့်နှစ်တွင် မွေးဖွားသည်။ ၁၁၃၇ ခုနှစ်တွင် ဖခင်၏ ထီးနန်းအရိုက်အရာကို ဆက်ခံခဲ့လေသည်။ ထိုဘုရင်၏ လက်ထက်တွင် ပြည်တွင်းပြည်ပ အရှုပ်အထွေးများ ပေါ်ပေါက်ခဲ့သဖြင့် ပြင်သစ်နိုင်ငံကြီး တိမ်းစောင်းလုမတတ်ဖြစ်ခဲ့ရသည်။ နန်းတက်သောနှစ်၌ပင် ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ အက်ကွီတိန်း နယ်စားကြီးဝီလျံ၏သမီး အယ်လီနာနှင့် လက်ဆက်ခဲ့၏။ ထိုမိဖုရားကြီးအား ၁၁၅၂ ခုနှစ်၊ မတ်လတွင် ကွာရှင်းလိုက်သဖြင့် အယ်လီနာ မိဖုရားကြီးသည် ထိုနှစ် မေလအတွင်း၌ပင် အင်္ဂလန်ပြည် ဒုတိယဟင်နရီဘုရင်နှင့် ထပ်မံလက်ဆက်လိုက်လေသည်။ သို့ဖြင့် အက်ကွီတိန်းနယ်သည် ပြင်သစ်လက်အောက်မှ အင်္ဂလိပ်လက်အောက်သို့ ပြောင်းလဲရောက်ရှိသွား တော့သည်။ သတ္တမ လူဝီသည် ၁၁၅၄ ခုနှစ်တွင် ကွန်စတန်အမည်ရှိ မင်းသမီးတစ်ပါးနှင့် ထိမ်းမြားလက်ထပ်ပြန်သည်။ ထိုမိဖုရားသည် ၁၁၆ဝ ပြည့်နှစ်တွင် ကံကုန်သည်။ ထို့နောက် လူဝီဘုရင်သည် အာဒဲလဆိုသူနှင့် တတိယအကြိမ်မြောက် လက်ထပ်ထိမ်းမြားပြန်ရာ ထီးနန်းအရိုက်အရာကို နောက်ဆက်ခံမည့် သားတော် ဖိလစ်အော်ဂပ်စတပ်ကို ထိုမိဖုရားမှဖွားမြင်၏။ သတ္တမ လူဝီဘုရင်သည် ၁၁၈ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကံကုန်လေသည်။

အဋ္ဌမ လူဝီဘုရင်(ခရစ် ၁၁၈၇ - ၁၂၂၆)။ ။ ထိုမင်းသည် ဖိလစ်အော်ဂပ်စတပ်ဘုရင်၏ သားတော်ကြီးဖြစ်၍ ပါရစ်မြို့၌ ၁၁၈၇ ခုနှစ်တွင် ဖွားမြင်သည်။ ၁၂ဝဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည့်ရှင် ဒုတိယ ဟင်နရီဘုရင်၏ မြေးတော်ဖြစ်သူ ဗလန့်ချမင်းသမီးနှင့်လက်ဆက်သည်။ ၁၂၁၆ ခုနှစ်တွင် အတိုက်အခံသမားများဖြစ်ကြသော အင်္ဂလိပ် ဗဲရွန်မှူးမတ်များက အင်္ဂလန်ပြည့်ရှင် ဂျွန်ဘုရင်၏နေရာတွင် လာရောက်၍မင်းပြုရန် ဖိတ်မန္တက ပြုသည်ကိုခံရ၏။ ထို့ကြောင့် ၁၂၁၆ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ သွားရောက်ခဲ့၏။ သို့ရာတွင် ဂျွန်ဘုရင်လွန်လေသော် အင်္ဂလိပ် ဗဲရွှန်မှူးမတ်တို့သည် ဂျွန်ဘုရင်၏ သားတော် တတိယ ဟင်နရီအား အသိအမှတ်ပြုသော နန်းတွင်းအဖွဲ့နှင့် သဘောညီညွတ်ကြသောကြောင့် လူဝီလည်း ၁၂၁၇ ခုနှစ်တွင် ပြင်သစ်နိုင်ငံသို့ ပြန်သွားရလေသည်။ ၁၂၂၃ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ဖခမည်းတော်၏ အရိုက်အရာကို ဆက်ခံသိမ်းပိုက်ရ၏။ အဋ္ဌမ လူဝီဘုရင်သည် သုံးနှစ်မျှသာ ထီးနန်းကို စိုးစံရပြီးလျှင် ၁၂၂၆ ခုနှစ်တွင် ကံကုန်သည်။ နန်းသက်ပင် တိုသော်လည်း အဋ္ဌမ လူဝီ ဘုရင်သည် နယ်စားများအပေါ်တွင် ဘုရင့်ဩဇာ စူးရှစေရန် စွမ်းဆောင်နိုင် ခဲ့သည့်အပြင် နယ်ပယ်သစ်အချို့တို့ကိုလည်း ပြင်သစ်နိုင်ငံတွင်းသို့ ဖြည့်သွင်းအုပ်စိုးနိုင်ခဲ့လေသည်။

နဝမ လူဝီဘုရင်(ခရစ် ၁၂၁၄ - ၁၂၇ဝ)။ ။ လူဝီအမည်ခံ ပြင်သစ်ဘုရင်များထဲတွင် စွမ်းရည်သတ္တိအကောင်းဆုံး လူချစ်လူခင်အများဆုံး ဘုရင်တစ်ပါးဖြစ်သည်။ ဥရောပအလယ်ခေတ် ကရူးဆိတ်စစ်ပွဲများ၌ ထူးချွန်လှသော အာဇာနည်များထဲတွင်လည်း တစ်ဦးအပါအဝင် ဖြစ်ပေသည်။ အယူဝါဒဘက်တွင် ရိုသေကိုင်းရှိုင်း၍ ကရူးဆိတ်စစ်ပွဲကို နှစ်ကြိမ်တိုင်တိုင် ခေါင်းဆောင်ဆင်နွဲခဲ့၏။ ( ကရူးဆိတ်စစ်ပွဲများ - ။) စစ်ရေးတွင်လည်း စွမ်းရည်သတ္တိနှင့် ပြည့်စုံသလောက်စစ်ရေးနှင့် မဆိုင်သည့်အခါတွင် စိတ်သဘောနူးညံ့၍ အကျင့်သီလ ဖြူစင်လှပေသည်။ ထို့ကြောင့် ထိုဘုရင် ကွယ်လွန်ပြီးနောက် ၂၇ နှစ် ကြာသောအခါ ဆဋ္ဌဗွန်နီဖေ့ ပုပ်ရဟန်းမင်းက လူဝီအား စိန့်လူဝီသူတော်စင်အဖြစ် သွတ်သွင်းလိုက်၏။ မြောက်အမေရိကတိုက်တွင်ရှိသော စိန့်လူဝီမြို့ကိုလည်း ထိုဘုရင်အမည်ကို စွဲ၍ ခေါ်ဝေါ်ခြင်းဖြစ်၏။ လူဝီဘုရင်သည် အဋ္ဌမလူဝီ၏ သားတော်ဖြစ်၍ ၁၂၁၄ ခုနှစ် ဧပြီလတွင် ဖွားမြင်သည်။ ထီးနန်းဆက်ခံရသော ၁၂၂၆ ခုနှစ်တွ ၁၂ နှစ်သားအရွယ်မျှသာပင် ရှိပေသေးသည်။ ထို့ကြောင့် မယ်တော် ဗလန့်ခမိဖုရားက သားတော်ကို ရင်ခွင်ပိုက်ထား၍ ပြင်သစ်နိုင်ငံကို အုပ်စိုးလေသည်။ ထို မိဖုရားကား အဘက်ဘက်တွင် အရည်အချင်းနှင့် ပြည့်စုံသူဖြစ်၍ သားတော်ကို လွန်စွာချစ်ခင် မြတ်နိုးလှ၏။ ထို့ကြောင့် သားတော်လူဝီအား မိမိအလိုရှိသလို ယောက်ျားကောင်းတစ်ယောက်ဖြစ်စေရန် ငယ်စဉ်ကပင် ဂရုတစိုက် ကြပ်မတ်၍ လေ့ကျင့်ပေးထားလေသည်။ လူဝီဘုရင်သည်လည်း မယ်တော်ကို ရိုသေမြတ်နိုးသူဖြစ်၍ မယ်တော်၏အလိုအတိုင်း လိုက်နာကျင့် သုံးသဖြင့် အကျင့်သိက္ခာ ကောင်းမွန်သူဖြစ်ပြီးလျှင် စွမ်းရည်သတ္တိနှင့် ပြည့်စုံလှသော ရဲရဲတောက် အာဇာနည်တစ်ဦးဖြစ်ခဲ့ပေသည်။ အဋ္ဌမ လူဝီဘုရင်ဘက်ထက်၌ အခြေအနေ ဆိုးရွားခဲ့သော ပြင်သစ်နိုင်ငံကြီးကို သားတော် နဝမလူဝီဘုရင်ကိုယ်စား ပြင်သစ်နိုင်ငံကြီးကို သားတော် နဝမ လူဝီဘုရင်ကိုယ်စား ပြင်သစ်နိုင်ငံကို အုပ်စိုးနေသော ဗလန့်ချ မိဖုရားသည် အမြော်အမြင် ကြီးစွာဖြင့် ငြိမ်ဝပ်ပိပြားစေ၍ အခြေအနေတိုးတက်သာယာအောင် ကျွမ်းကျင်လိမ္မာစွာ အုပ်ချုပ်၏။ ထို့ကြောင့် ကြင်ဖက်တော်ဖြစ်သော အဋ္ဌမလူဝီထက်ပင် မိဖုရားက တိုင်းပြည်ကို နိုင်နင်းစွာ အုပ်ချုပ်နိုင်သည်ဟု ဆိုကြ၏။ လူဝီဘုရင် အရွယ်ရောက်၍ ၁၂၄၂ ခုနှစ်တွင် ထီးနန်းကို သိမ်း ပိုက်သောအခါ မယ်တော်၏ကျေးဇူးကြောင့် ပြင်သစ်တစ်နိုင်ငံလုံး သည် ဝပြောသာယာလျက်ရှိလေသည်။ သို့သော် မကြာမီ ပြည်တွင်းမှ သူကောင်းမျိုးတို့သည် ဘုရင်သ်း၏အင်အားကို စမ်းသပ်လိုသကဲ့သို့ ထကြွ လာကြသည်။ မယ်တော်၏ခြေရာကို ကောင်းမွန်စွာလိုက်၍ နင်းနိုင်သော လူဝီဘုရင်သည် မိမိအား တော်လှန်ထကြွသူများကို အပြတ်အသတ် နှိမ်နင်းလိုက်လေသည်။ ဘုရင်သစ်အား အန်တုရန်လာသော နိုင်ငံခြား စစ်တပ်များကိုလည်း မောင်းနှင်တိုက်ထုတ်ပစ်လိုက်လေသည်။ အင်္ဂလန်ပြည့်ရှင် ဟင်နရီဘုရင်၏ စစ်တပ်များကိုလည်း နိုင်နင်းအောင်မြင်လိုက်၏။ ယင်းသို့ဖြင့် လူဝီဘုရင်သည် မိမိ၏ထက်မြက်သော အရည်အသွေးကို ပြခဲ့လေသည်။ သို့သော် စစ်ပွဲများတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရသဖြင့် လူဝီဘုရင်မှာ သေလုမျောပါး သည်းထန်စွာနာဖျားခဲ့သည်။ နာမကျန်းစဉ် ပယ်လိုက်စတိုင်းသို့ ကရူးဆိတ်စစ်ပွဲကို ဆင်နွှဲတိုက်ခိုက်ပါမည်ဟု အဓိဋ္ဌာန်ပြုရာမှ ပြန်လည်ကျန်းမာလာသောအခါ အတိအကျဆောင်ရွက် လေသည်။ ထို့ကြောင့် ၁၂၄၈ ခုနှစ်တွင် မယ်တော်အား တိုင်းပြည်ကို အပ်နှင်းခဲ့၍ ပယ်လက်စတိုင်သို့ချီတက်လေသည်။ အီဂျစ်နိုင်ငံ ဒမီအက်တာမြို့တွင် လူဝီဘုရင်၏ စစ်တပ်များက မွတ်စလင်များကို နိုင်နင်းလိုက်သော်လည်း မကြာမီ တစ်တပ်လုံး အဖျားရောဂါတစ်မျိုး ကပ်ရောက်လာတော့သည်။ ထို့ကြောင့် ရန်သူတို့ လာရောက်တိုက်ခိုက်သောအခါ လူဝီဘုရင်သည် ဖျားနာ လျက်ပင် ရန်သူတို့လက်သို့ ကျဆင်းခဲ့လေသည်။ ငါးနှစ်ခန့်မျှ ရန်သူ၏ လက်တွင်း အကျဉ်းခံနေရရာ မိမိတို့၏ ဘုရင်အား ချစ်ခင်မြတ်နိုးလှသော တိုင်းသူပြည်သားများသည် ယခုခေတ် ဒေါ်လာငါးသန်းခန့် တန်ဖိုးရှိသည့် ငွေကြေးအမြောက်အမြားပေး၍ ရွေးယူကြလေသည်။ ထိုသို့ရွေးယူပြီးသည့်နောက်တွင် နဝမလူဝီသည် ပြင်သစ်နိုင်ငံသို့ မပြန်သေးဘဲ ပယ်လက်စတိုင်သို့ ဆက်လက်ချီတက်တိုက်ခိုက်လိုစိတ် ပြင်း ပြနေခဲ့သေးသည်။ သို့သော် ပြည်တော်စောင့်ကျန်ခဲ့သော မယ်တော် ကွယ်လွန်လေသဖြင့် လူဝီသည် ပြင်သစ်နိုင်ငံသို့ ပြန်လာပြီးနောက် နေသားတကျ ရှိစေရန် အုပ်ချုပ်နေခဲ့ရသည်။ နှစ်ပေါင်းအတန်ကြာမျှ ပြင်သစ်နိုင်ငံတွင် သူတော်စင် ဘုရင်တစ်ပါးအနေဖြင့် စိုမိုးခဲ့သည်။ မင်းစည်းစိမ်ခံစားရာတွင် ဝင့်ဝါခြင်းမရှိဘဲ တိုင်းပြည်ကို တရားသဖြင့် အုပ်ချုပ်လေသည်။ တရားမျှတမှုရရှိစေရန် တရားရုံးတော်များတွင် စစ်ဆေးစီရင်ပုံတို့ကို ပြုပြင်ပေး၍ ဥပဒေများလည်း အသစ်ရေးဆွဲပြုပြင်ပေးလေသည်။ ယင်းသို့ အုပ်ချုပ်ရာမှ ပယ်လက်စတိုင်ပြည် ဂျရူးဆလမ်းမြို့သို့ ချီတက်တိုက်ခိုက် သိမ်းပိုက်လိုစိတ် ပြင်းထန်လာပြန်၏။ ထို့ကြောင့် အမျိုးမျိုးတားမြစ်ချက်များကို မနာယူဘဲ ၁၂၇ဝ ပြည့်နှစ်တွင် အာဖရိကတိုက် မြောက်ဘက်ကမ်းရိုးတန်းရှိ တျူနစ်မြို့သို့ ချီတက်ပြန်လေ သည်။ သို့သော် စစ်တစ်ပွဲမျှပင် မတိုက်ရသေးမီ တပ်သားများနှင့် လူဝီဘုရင်တွင် ပလိပ်ရောဂါဆိုး ကပ်ရောက်သဖြင့် တစ်လအတွင်းမှာပင် ပြင်သစ်နိုင်ငံအား ဖာနည် နဝမလူဝီသည် ပလိပ်ရောဂါနှင့်ပင် ကွယ်လွန်လေသည်။

ဒသမ လူဝီဘုရင်(ခရစ် ၁၂၈၉ - ၁၃၁၆) ။ ။ ပြင်သစ် ဘုရင် စတုတ္ထဖိလစ်နှင့် နဗားမင်းသမီး ဂျုန်း(ဇန်း)တို့၏ သားတော်ဖြစ်သော ဒဿမလူဝီသည် မယ်တော် နဗားမင်းသမီး ကွယ်လွန်သည့် ၁၃ဝ၅ ခုနှစ်တွင် နဗားဘုရင်ဘွဲ့ကိုခံယူ၍ ခမည်းတော် ဖိလစ်ဘုရင်ကွယ်လွန်သည့် ၁၃၁၄ ခုနှစ်တွင် ပြင်သစ်ဘုရင်ဘွဲ့ကို ခံယူလေသည်။ ဒသမ လူဝီဘုရင်သည် နယ်စားမျာနှင့် အညီအညွတ်မဖြစ်သည် သာမက နိုင်နင်းအောင်လည်း မစွမ်းဆောင်နိုင်ခဲ့ချေ။ ဘဏ္ဍာတော်ဖြည့်တင်းရန်ရည်ရွယ်၍ ၁၃၁၅ ခုနှစ်တွင် ဘုရင်ပိုင်နယ်မြေများမှ မြေကျွန်များအား နိုင်ငံသားအဖြစ် မိမိတို့ လွတ်လပ်ခွင့်ကို ဝယ်ယူနိုင်ရန် ဥပဒေထုတ်ပြန်ခဲ့၏။ သို့ရာတွင် ရည်မှန်းသလောက် ပေါက်မြောက်အောင်မြင်ခြင်း မရှိခဲ့ချေ။ ဒသမ လူဝီသည် ၁၃၁၆ ခုနှစ် နန်းသက်နှစ်နှစ်တွင် ရုတ်တရက် ကံကုန်သည်။

၁၁ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၄၂၃ - ၁၄၈၃) ။ ။ ၁၁ ဆက်မြောက် လူဝီဘုရင်သည် သတ္ထမ ချားဘုရင်နှင့် မိဖုရားကြီးမာရီတို့၏ သားတော်ဖြစ်သည်။ ဇူးရှမြို့၌ ၁၄၂၃ ခုနှစ်တွင် ဖွားမြင်သည်။ ထိုအချိန်က ပြင်သစ်နယ်အချို့သည် အဂ‡လိပ်တို့လက်တွင်းသို့ ရောက်ရှိနေခဲ့၏။ လူဝီ ငါးနှစ်သားအရွယ်တွင် ပြင်သစ်နိုင်ငံ၌ မကြုံစဖူးထူးကဲသော အမျိုးသမီးသူရဲကောင်း ဂျုန်းဆိုသူ ပေါ်ပေါက်လာခဲ့ပြီးနောက် နယ်ပယ်အချို့ကို အင်္ဂလိပ်များလက်မှ ပြန်ရခဲ့လေသည်။ ( ဂျုန်းအော့အတ် ။) ရိန်းမြို့တွင် ချားဘုရင်ကြီး ရာဇဘိသိက်ခံယူသောအခါက လူဝီသည် ခြောက်နှစ်သားအရွယ်မျှသာရှိသေး၏။ လူဝီသည် အသက် ၁၃ နှစ်မျှ မပြည့်သေးမီ စကော့တလန်ပြည်ရှင် ပထမဂျိမ်းဘုရင်၏သမီးတော် မာဂရက်နှင့် လက်ဆက်ခဲ့၏။ သို့သော် ချမ်းမြေ့သာယာသော အိမ်ထောင်ရှင်ဘဝကို မခံစားခဲ့ရချေ။ ၁၆ နှစ်အရွယ်၌ လူဝီသည် တိုင်းရေးပြည်မှု အရှုပ်အထွေးများတွင် ပါဝင် ဆောင်ရွက်ခဲ့လေသည်။ လူဝီသည် ၁၄၆၁ ခုနှစ်တွင် ဖခင်ဘုရင်ကြီး၏ အရိုက်အရာကို ဆက်ခံလေသည်။ ရှင်ဘုရင်ဖြစ်ရန် ခန့်ညားတင့်တယ်သော ဥပဓိရုပ်မရှိသော်လည်း ပါးနပ်၍ အကြံကြီးသူတစ်ဦးဖြစ်သည်။ သူ၏တစ်ခုတည်းသော ရည်မှန်းချက်ကား ပြင်သစ်နိုင်ငံကြီး ကျယ်ပြန့်ဝေဆာစေရန်ပင်ဖြစ်၏။ လူဝီဘုရင်သည် နိုင်ငံရေးပရိယာယ်တွင် အလွန်ပါးနပ်၏။ အင်အားကြီးမား၍ ခက်ထန်သော ဗာဂန်ဒီနယ်စားကြီးနှင့်တကွ အခြားမှူးမတ်များ စည်းလုံးစုပေါင်းကာထောင်ထား ထကြွသောအခါ လူဝီသည် အဓမ္မနည်းကိုမသုံးဘဲ သဘောတူစာချုပ်များ ပြုလုပ်ခြင်းဖြင့် ကျေနပ်နှစ်သိမ့်စေခဲ့၏။ သို့ရာတွင် ထိုစာချုပ်များကို တစ်ခုမျှမလိုက်နာဘဲ ပရိယာယ်ကိုသုံး၍ သော်လည်းကောင်း၊ စစ်ပြိုင်၍သော်လည်းကောင်း ရန်သူများကို တစ်ဦးပြီး တစ်ဦး သုတ်သင်ဖြိုခွင်းခဲ့လေသည်။ နောက်ဆုံးတွင် ဗာဂန်ဒီနယ်စားကြီးကို ပင် နှိမ်နင်း၍နယ်စားကြီး၏ နယ်ပယ်အများကို ပြင်သစ်နိုင်င ံတွင်းသို့ သွတ်သွင်းလိုက်လေသည်။ လူဝီဘုရင်သည် ကိုယ်ရေးကိုယ်တာအတွက်သုံးစွဲရန် နှမြောတတ် သော်လည်း နိုင်ငံကျယ်ဝန်းမှုအတွက် နယ်စပ်ဒေသများကို ဝယ်ယူဖြည့်သွင်း ရာတွင်မူ ရက်ရောစွာသုံးစွဲလေ့ရှိလေသည်။ လူဝီဘုရင်သည် သက်ဦးဆံပိုင် ဘုရင်စနစ်ဆန်ဆန် အုပ်ဆိုးခဲ့၏။ မိမိဆောင်ရွက်မှုသည် နည်းလမ်းကျ သည်၊ တရားနှင့်ညီသည် မညီသည်ကို ဂရုမထားဘဲ ရည်ရွယ်ချက်အောင် မြင်မှုလောက်ကိုသာ အဓိကထား၍ ဆောင်ရွက်သွားလေ့ရှိ၏။ မည်သို့ပင်ဆို စေ ထိုဘုရင်၏ လက်ထက်တွင် နိုင်ငံ၏မဏ္ဍိုင်ဖြစ်သော ဘုရင့်အာဏာ သည် နယ်စား၊ မြို့စားများအပေါ်တွင် ထိရောက်စူးရှခဲ့သဖြင့် ပြင်သစ်နိုင်ငံ သည် နိုင်ငံနီးချင်းများ၏ လေးစားမှုကို ခံယူခဲ့ရလေသည်။ နတ်ရွာမစံမီ နှစ်နှစ်သုံးနှစ်ခန့်တွင် လူဝီဘုရင်ကြီးသည် မည်သည့်အမှုကိစ္စ ကိုမျှလည်း စိတ်မဝင်စား၊ မည်သူ့ကိုမျှလည်း စကားမပြော၊ လူသူကင်းဝေး၍ လုံခြုံ သောရဲတိုက်တစ်ခုတွင် ယုံကြည်စိတ်ချရသော ကျွန်ယုံတော ်တစ်စုနှင့်သာ အေးချမ်းသာယာစွာစံနေခဲ့လေသည်။ ဘုရင်ကြီးသည် ၁၄၈၃ ခုနှစ်၊ 0x100သဂုတ်လ ၃ဝ ရက်နေ့တွင် နတ် ရွာစံလွန်၍ သားတော်က အဋ္ဌမချားဘုရင်ဟူသောအမည်ဖြင့် သူ၏ထီးမွေ နန်းလျာကို ဆက်ခံအုပ်စိုးလေသည်။


၁၂ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၄၆၂ - ၁၅၁၅)။ ။ ၁၂ ဆက်မြောက် လူဝီဘုရင်သည် အဋ္ဌမချားဘုရင်၏ ညီတော်ဝမ်းက ွဲဖြစ်သည်။ အော်လီယန်းစားချား၏ သားတော်ဖြစ်၍ ဘုရင်မဖြစ်မီက အော်လီယန်းနယ် စားဖြစ်သည်။ ၁၄ နှစ်အရွယ်က ၁၁ ဆက်မြောက် လူဝီဘုရင်၏ သမီး တော် ဂျုန်း(ဇန်း)နှင့် လက်ဆက်သည်။ ၁၄၉၈ ခုနှစ်တွင် အဋ္ဌမချားဘုရင် ၏ ထီးနန်းကို ဆက်ခံသိမ်းပိုက်သဖြင့် ပြင်သစ်ပြည့်ရှင် ဘုရင်ဖြစ်လာ သည်။ ၁၄၉၉ ခုနှစ်တွင် ပထမကြင်ယာတော်ဖြစ်သူ ဂျုန်းမင်းသမီးကို ကွာ ရှင်း၍ အဋ္ဌမချားဘုရင်၏ ကျန်ရစ်ခဲ့သော ကြင်ယာတော်အန်းနှင့် လက်ထပ်သည်။ အန်းသည် ဗရစ်တန္နီနယ်ကိုစားရသောကြောင့် ထိုနယ်ကိုပိုင်ဆိုင်ရေးအတွက် လက်ထပ်ခြင်းဖြစ်သည်။ ၁၂ ဆက်မြောက် လူဝီဘုရင်သည် စစ်တိုက်ရာ၌ ရက်စက်ကြမ်းကြုတ်၏။ အီတလီနိုင်ငံရှိ မီလန်နယ်ကိုရရှိရေးအတွက် အသက်စည်းစိမ်နှင့်တကွ အချိန်ကိုပါဖြုန်းတီးသော စစ်ပွဲပေါင်းများစွာကို ကိုယ်ထိလက်ရောက် ဆင်နွှဲခဲ့လေသည်။ ၁၅၁၂ ခုနှစ်တွင် လူဝီဘုရင် အရှုံးဖြင့် စစ်ပွဲများပြီးဆုံးသည်။ နောက်တစ်နှစ်တွင် ပြင်သစ်တို့သည် အင်္ဂလန်ပြည့်ရှင် အဋ္ဌမဟင်နရီဘုရင်နှင့် စစ်ဖြစ်ပွားရာတွင် စစ်ရေးရှုံးနိမ့်ရပြန်သည်။ ၁၅၁၄ ခုနှစ် စာချုပ်အရ ဟင်နရီဘုရင်၏ နှမတော် မေရီကျူဒါနှင့်လက်ဆက်သည်။ သုံးလမျှအကြာ ၁၅၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်ကံတော်ကုန်သည်။ လူဝီဘုရင်လက်ထက်တွင် တိုင်းပြည်ဝပြောစည်ပင်သောကြောင့် တိုင်းသူပြည်သားတို့၏ ချစ်ကြည်လေးစားမှုကို ခံယူရရှိကာ'ပြည်သူပြည်သားတို့၏ဖခင်' ဟူ၍ ခေါ်ဝေါ်ဂုဏ်ပြုခြင်းကို ခံရသည်။

'၁၃ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၆ဝ၁ - ၁၆၄၃)။ '။ ၁၃ဆက်မြောက် လူဝီဘုရင်သည် ပြင်သစ်ပြည်ရှင် စတုတ္ထဟင်နရီဘုရင်၏ သားတော်ဖြစ်သည်။ ၁၆၁ဝ ပြည့်နှစ်တွင် ခမည်းတော် ဟင်နရီဘုရင်ကြီး လုပ်ကြံခြင်းခံရသောအခါ လူဝီသည် ကလေးသူငယ်ကစားသည့်အရွယ်သာ ရှိသေးသဖြင့် မယ်တော်မိဖုရားကြီး မာရီဒါမဲဒီချီက ရင်ခွင်ပိုက် အုပ်ချုပ်ခဲ့လေသည်။ လူဝီဘုရင်ကလေး နန်းတက်စနှစ်များတွင် မယ်တော်မိဖုရားကြီး၏ ပျော်ပါးသဘောလွယ်မူ အသုံးဖွာမှုတို့ကြောင့် တိုင်းပြည်၌ ဖရိုဖရဲဖြစ်ကာ အုပ်ချုပ်ရေး သိမ်ဖျင်းခဲ့လေသည်။ သို့ရာတွင် မယ်တော်မိဖုရားကြီး၏ အတိုင်ပင်ခံဖြစ်သော ကာဒင်နယ် ရစ်ရှလျူးသည် ၁၆၂၄ ခုနှစ်တွင် ဘုရင့် အမှုဆောင်အဖွဲ့သို့ ဝင်ရောက်ကာ အုပ်ချုပ်ရေးကို စီမံလုပ်ကိုင်လိုက်သည်မှ စ၍ အခြေအနေမှာ ကောင်းမွန်လာလေသည်။ ကာဒင်နယ်ရစ်ရှလျူးသည် စတုတ္ထဟင်နရီ ဘုရင်ကြီး၏ စည်းမျဉ်းဝါဒအတိုင်း ဘုရင့်အစိုးရ၏ 0x100သဇာစူးရှရေးအတွက် ဆောင်ရွက်ခဲ့၏။ အုပ်ချုပ်ရေးဘက်တွင် စစ်သားနှင့် မှူးမတ်များကို လူလတ်တန်းစားတို့ဖြင့် အစားထိုးကာ လုပ်ကိုင်ခဲ့၏။ နိုင်ငံရေးအားဖြင့် တန်ခိုးကြီးနေသော ဟျူးဂျနိုးခရိယာန်ဂိုဏ်းကြီးကိုလည်း အယူဝါဒသက်သက်ကိုသာ ဆောင်ရွက်လာသည်အထိ နှိပ်ကွပ်ခဲ့လေသည်။ ဟျူးဂျနိုးများနှင့် မှူးမတ်များကို ထိုသို့နှိပ်ကွပ်လိုက်သောသောအခါ ဘုရင့်အစိုးရသည် အာဏာရှိလာလေတော့၏။ ရစ်ရှလျူးသည် ဘုရင့်အစိုးရ ခိုင်မြဲတောင့်တင်းမှုအတွက် ၁၈နှစ်တိုင်တိုင် ဖက်ပြိုင်သူများအားနှိပ်ကွပ်ကာ တင်းမာစွာ ဆောင်ရွက်ခဲ့လေသည်။ ရစ်ရှလျူး ကြိုးစားဆောင်ရွက်သဖြင့် အမျိုးသားစည်းလုံးမှု၊ အယူဝါဒငြိမ်းချမ်းမှုတို့ကို ရရှိခဲ့သည်သာမက ပြင်သစ်နိုင်ငံ၏ တန်ခိုးသည်လည်း ကြီးထွားခဲ့လေသည်။ ပြင်သစ်နိုင်ငံ၏ အထက်မြက်ဆုံးသောဝန်ကြီးဟု ရစ်ရှလျူးအား ချီးကျူးထိုက်ပေသည်။ ( ရစ်ရှလျူး ကာဒင်နယ် - ။) လူဝီဘုရင်နှင့် ရစ်ရှလျူးတို့၏ ဆက်ဆံမှုသည် အငြိအစွန်းမရှိ ပကတိပြေပြစ်ခဲ့သည်ဟု မဆိုနိုင်ချေ။ သို့ရာတွင် လူဝီသည်ရစ်ရှလျူးအား လိုက်လျောခဲ့သည်ကများလေသည်။ ရစ်ရှလျူးသည် ၁၆၄၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ကွယ်လွန်ပြီးနောက် မကြာမီ လူဝီဘုရင်သည်လည်း ၁၆၄၃ ခုနှစ်၊ မေလတွင် ကံကုန်လေသည်။

၁၄ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၆၃၈ - ၁၇၁၅)။ ။ ၁၄ဆက်မြောက် လူဝီဘုရင်သည် ၁၃ ဆက်မြောက် လူဝီဘုရင်၏ သားတော်ဖြစ်၍ ၁၆၃၈ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွားမြင်သည်။ မယ်တော်မှာ ဩစတြီးယန်း မင်းသမီးအန်းဖြစ်၏။ ငါးနှစ်သားအရွယ်တွင် ခမည်းတော် ၁၃ ဆက်မြောက် လူဝီဘုရင် နတ်ရွာစံသဖြင့် ပြင်သစ်ထီးနန်းကို ဆက်ခံစိုးစံရလေသည်။ ၁၄ ဆက်မြောက် လူဝီဘုရင်သည် ပြင်သစ်ထီးနန်းကို ၇၃ နှစ်တိုင်တိုင် အုပ်စိုးသွားသည်။ ပြင်သစ်နိုင်ငံတွင်သာမက ဥရောပဘုရင်များအနက် နန်းသက်အရှည်ဆုံးသော မင်းဖြစ်၏။ သူ၏လက်ထက်တွင် ဘုရင်၏ တန်ခိုးအာဏာ အထွတ်အထိပ်သို့ရောက်ရှိခဲ့၏။ လူဝီဘုရင်သည် ငါသည်လျှင် နိုင်ငံတော်ဖြစ်သည်ဟု ထုတ်ဖော်မြွက်ဟသည် ဆို၏။ လူဝီ အရွယ်မရောက်မီ ကာလကမူ နိုင်ငံတော်အုပ်ချုပ်ရေးတွင်လည်းကောင်း၊ နိုင်ငံခြားနှင့် ဆက်ဆံရေးတွင်လည်းကောင်း မယ်တော် မိဖုရားကြီးနှင့် မှူးမတ်ကြီးတို့က ဆောင်ရွက်ခဲ့သည်။ အရွယ်ရောက်လာချိန်တွင် လူဝီဘုရင်ကလေးသည် ပြင်သစ်တစ်နိုင်ငံလုံးကို တဖြည်းဖြည်း အချုပ်အခြာအာဏာဖြင့် သူကိုယ်တိုင် အုပ်စိုးလိုခဲ့သော်လည်း ပြည်ရေးပြည်ရာ အဝဝကို သူငယ်စဉ်မှစ၍ နိုင်နင်းစွာ ကြိုူးကိုင်လာခဲ့သော ကာဒင်နယ် မာဇာရင်အား မလွန်ဆန်သာအောင်ရှိခဲ့သည်။ မာဇာရင်သည် ပြင်သစ်နိုင်ငံ ၏ အုပ်ချုပ်ရေး စက်ယန္တရားကြီးတစ်ခုလုံးကို သူ၏လက်ထဲတွင် ထိန်းသိမ်းထားသဖြင့် လူဝီဘုရင်သည် သူထင်တိုင်းမပြုနိုင်ခဲ့ချေ။ သို့ဖြစ်၍ လူဝီ အရွယ်ရောက်ပြီးသည့်နောက်တွင်လည်း စင်စစ် တိုင်းပြည်ကိုအုပ်ချုပ်နေသူ မှာ မာဇာရင်သာလျှင်ဖြစ်လေသည်။ ( မာဇာရင် ယူး - ။) ၁၆၆ဝ ပြည့်နှစ်တွင် အသက် ၂၂ နှစ်အရွယ် လူဝီဘုရင်သည် နှမတော်ဝမ်းကွဲတော်သူ မရီးယာတရီးဇာ မင်းသမီးနှင့် လက်ထပ်သည်။ နောက်တစ်နှစ်တွင် ကာဒင်နယ်မာဇာရင် ကွယ်လွန်အနိစ္စရောက်သဖြင့် လူဝီဘုရင်သည် မာဇာရင်လက်ဝယ်ရှိသော အာဏာတို့ကို ပြန်လည်သိမ်းယူပြီးလျှင် ပြင်သစ်နိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့ကို သူ့သဘောအတိုင်း ဖွဲ့စည်းခဲ့လေသည်။ မိမိ၏ ဝန်ကြီးအဖြစ် မိမိကိုယ်တိုင်ဆောင်ရွက်မည်ဟု ကြေညာသောဟူ၏။ ဝန်ကြီးများကိုခန့်ရာ၌ မာဇာရင်လက်ထက် ခန့်အပ်ထားသော အချို့ဝန်ကြီးများကို ဖြုတ်ပစ်၍ မိမိသဘောကျသူများကိုသာခန့်သည်။ လူဝီသည် အလွန်အကင်းပါး၍ အရည်အချင်းကို ကောင်းစွာအကဲဖြတ်တတ်သဖြင့် ဉာဏ်ပညာအမြော်အမြင်ကြီးသော အတိုင်ပင်ခံအမတ်ကြီးများကို ရွေးချယ်ခန့်တတ်၏။ သူ၏လက်ထက်တွင် ဘဏ္ဍာရေးကို ကျွမ်းကျင်နိုင်နင်းသော ဝန်ကြီးကိုးလဗားကြောင့် ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဖွံ့ဖြိုးခဲ့၏။ ( ကိုးလဗား ဂျေ - ။ ) ကိုးလဗား၏ စီမံကိန်းများအောင်မြင်စေရန် လူဝီဘုရင်ကိုယ်တိုင် အရေးတယူ ဆောင်ရွက်ခဲ့၏။ လူဝီဘုရင်သည် ဘုန်းတန်ခိုးကြီးမြင့်ရေးကို အထူလိုလားသဖြင့် နယ်ချဲ့ရန် အမြဲစိတ်အားထက်သန်ခဲ့၏။ ၁၆၆၇ ခုနှစ်မှစ၍ နယ်ချဲ့စစ်ပွဲများကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့လေသည်။ ထိုနယ်ချဲ့စစ်ပွဲကြီးများမှာ လူဝီဘုရင် နတ်ရွာစံသည်အထိပင် ကာလရှည်လျားစွာ ဖြစ်ပွားခဲ့၏။ သို့သော် ဆက်တိုက်မဟုတ်ဘဲ စစ်ပွဲတစ်ခုနှင့်တစ်ခုအကြားတွင် အချိန်အတော်ခြားသဖြင့် လူဝီဘုရင်သည် အတန်ကြာနားခွင့်ရခဲ့ပေသည်။ ပထမဆုံးနယ်ချဲ့စစ် ပွဲမှာ စပိန်ပိုင် နယ်သာလန်(ဗဲလဂျီယမ်)ကို သိမ်းပိုက်လိုခြင်းကြောင့် ဖြစ်ရလေသည်။ ဤစစ်ပွဲကို ၁၆၆၇ ခုနှစ်မှ ၁၆၆၈ ခုနှစ်အထိနှစ်နှစ်မျှ တိုက် ခိုက်ပြီးလျှင် ရပ်နားခဲ့သော်လည်း ဒုတိယစစ်ပွဲကြီးအတွက် စစ်မီးညိ|ခဲ့သည်နှင့်တူပေသည်။ ထို့ကြောင့် ၂၆၇၂ ခုနှစ်မှ ၁၆၇၈ ခုနှစ်အထိဟော်လန်နှင့် ဒုတိယအကြိမ် စစ်ဖြစ်ရပြန်၏။ ထိုစစ်ပွဲကြီး နှစ်ပွဲစလုံးတွင် ပြင်သစ်တို့၏ စစ်အင်အားကြီးမားကြောင်း ထင်ရှားခဲ့သော်လည်း ရန်သူတို့၏ တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ပြင်သစ်ရေတပ်ကြီးသည် နှစ်ကြိမ်တိုင်တိုင် အရေး နိမ့်ခဲ့လေသည်။ ထို့ကြောင့်လည်း ဟော်လန်ပြည်ကို မသိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်၏။ ၁၆၇၈ ခုနှစ်မှ ၁၆၈၈ ခုနှစ်အထိ ၁ဝ နှစ်အတွင်းတွင် ပြင်သစ်နိုင်ငံရေးသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲခဲ့လေသည်။ နိုင်ငံတွင်းဆူပူမှုများကြောင့် ပြင်သစ်နိုင်ငံ၏အင်အားသည် အထူးတလည် ယုတ်လျော့သွားသည့် အပြင် ရှေးကမဟာမိတ်ဖြစ်ခဲ့သော အင်္ဂလန်ကလည်း ပြင်သစ်၏ရန်သူများနှင့် လုံးဝပူးပေါင်းသွားလေသည်။ ၁၆၈၈ ခုနှစ်မှစ၍ ဟော်လန်ပြည်ကို ပြင်သစ်တို့က အလုံး အရင်းနှင့်ချီတက်ကာ တတိယနယ်ချဲ့စစ်ကြီးဆင်နွှဲတိုက်ခိုက်ပြန်ရာ အင်္ဂလန်ပြည့်ရှင် တတိယ ဝီလျံဘုရင်သည် ဟော်လန်ပြည်ဘက်မှ စိတ်ရောကိုယ်ပါ ကူညီတိုက်ခိုက်ပေးသဖြင့် ပြင်သစ်တို့မအောင်မြင်ဘဲ ၁၆၉၇ ခုနှစ်တွင် ရိုင်းစဝစ် စစ်ပြေငြိမ်းရေးစာချုပ်ကိုချုပ်ဆိုကာ စစ်ပွဲကြီးကို အပြီးသတ်ခဲ့ရ ပြန်၏။ ထိုစာချုပ်အရ ပြင်သစ် - ဂျာမန်နယ်စပ်ရှိ ပြင်သစ်ပိုင်နယ် အချို့အဝက်ကို ပြင်သစ်တို့က လက်လွှတ်လိုက်ရလေသည်။ ၁၄ ဆက်မြောက် လူဝီဘုရင်သည် ထိုသို့ ဆုံးရှုံးခဲ့ရသည့် နယ် မြေများကို တစ်နည်းနည်းနှင့် ပြန်လည်ရရှိနိုင်ရန် အစဉ်သဖြင့် အကြံယူလျက်ရှိခဲ့သည်။ ထိုအချိန်တွင် စပိန်ဘုရင် ဒုတိယချားသည် နန်းလျာမရှိဘဲ နတ်ရွာစံလေရာ စပိန်ထီးနန်း ဆက်ခံရေးပြဿနာ ပေါ်ပေါက်လာလေသည်။ ထိုအခါ ၁၄ ဆက်မြောက် လူဝီဘုရင်သည် စပိန်ထီးနန်းကို မိမိ မြေးတော် ဖိလစ်မင်းသား ဆက်ခံရန်အတွက် နန်းလုစစ်ပွဲတွင် ပါဝင်တိုက်ခိုက်လေရာ နောက်ဆုံးတွင် အောင်မြင်ခဲ့သော်လည်း ထို ' စပိန်ထီးနန်းဆက်ခံရေးစစ်ပွဲ'ကြီးတွင် ပြင်သစ်စစ်သားနှင့် လက်နက်ခဲယမ်းမီးကျောက် အများအပြားပင် ဆုံးရှုံးခဲ့ရလေသည်။ ဤစစ်ပွဲကြီးမှာ ၁၇၈၁ ခုနှစ်မှ ၁၇၉၃ ခုနှစ်အထိ ၁၂နှစ်မျှကြာရှည်အောင် တိုက်ခိုက်ရသောစစ်ပွဲဖြစ်သည်။ ထိုစစ်ပွဲတွင် ဥရောပ တပ်ပေါင်းစုကြီးကို ဗြိတိသျှစစ်သေနာပတိ မာလဗာရာမြို့စားကြီးကဦးစီး၍ ပြင်သစ်ကို တိုက်ခဲ့လေသည်။ ( မာလဗာရာမြို့စား - ။) စပိန် ထီးနန်းဆက်ခံရေး စစ်ပွဲအပြီးတွင်ချုပ်ဆိုသည့် ယူးထရက် စာချုပ်သည် ပြင်သစ်နိုင်ငံအတွက် ဘဏ္ဍာရေးတွင် များစွာထိခိုက်စေခဲ့သည်။ စစ်ပွဲတွင် ဆုံးရှုံးထားသော ငွေနှင့်လက်နက်များကို အစားထိုးနိုင်ရန် အားသစ်လောင်း၍ ကြိုးစားသော်လည်း အောင်မြင်မှုမရှိခဲ့ချေ။ နိုင်ငံတော်တွင် ဘဏ္ဍာရေး ကြပ်တည်းမှုကြောင့် အခွန်အတုတ်များကို ကြီးလေးစွာ ကောက်ခံသဖြင့် တိုင်းသူပြည်သားများသာလျှင် အနစ်နာခံကြရသည်။ ဘုရင်ကမူ အသုံးအဖြုန်းတွင် လျှော့သည်ဟူ၍မရှိဘဲ တိုင်းပြည်က ကြီးလေးစွာ ထမ်းဆောင်ထားရသော ဘဏ္ဍာတော်ငွေမှ သန်းပေါင်းများစွာ အကုန်အကျခံကာ ဗာဆေးမြို့၌ကြီးကျယ်ခမ်းနားလှသော နန်းတော်ကြီးတစ်ဆောင်ကို ဆောက်လုပ်လေသည်။ ပြည်သူပြည်သားများသည် ဘုရင်၏ပြုမူပုံများ ကို လုံးဝသဘောမကျကြသော်လည်း စည်းလုံးမှုမရှိသေးသဖြင့်ဆူပူထကြွမှုများ မပေါ်ပေါက်ခဲ့ပေ။ ၁၄ ဆက်မြောက် လူဝီဘုရင်သည် အသက်ရှည်ရကား သူအုပ်စိုးနေစဉ် အတောအတွင်း နန်းလျာဖြစ်သော သားတော်အိမ်ရှေ့မင်းသားသည်လည်းကောင်း၊ နောက်တစ်ဆက် နန်းလျာဖြစ်သော မြေးတော်နှစ်ပါးသည် လည်းကောင်း ကွယ်လွန်ကြပြီဖြစ်ရာ ခရစ် ၁၇၁၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် လူဝီဘုရင် နတ်ရွာစံသောအခါ မြစ်တော်အငယ်က ၁၅ဆက်မြောက် လူဝီအဖြစ် ထီးနန်းကိုဆက်ခံသည်။ နန်းသက်ရှည်သလောက်ပင် ၁၄ ဆက်မြောက် လူဝီ ဘုရင်၏ လက်ထက်၌ ပြင်သစ်နိုင်ငံသည် အနုပညာဘက်တွင် ထွန်းပြောင်ခဲ့သည်။ လူဝီဘုရင်သည် ထယ်ဝါခမ်းနားမှုကို အလွန်နှစ်သက်သည့်အလျောက် အနုပညာကို အားပေး၏။ လူဝီဘုရင်သည် သက်ဦးဆံပိုင် တန်ခိုးအာဏာ ရရှိသည်မှန်သော်လည်း သူ၏နန်းသက်အလယ်ပိုင်းလောက်တွင် အထူးအောင် မြင်ရခြင်းမှာ ကျွမ်းကျင်နိုင်နင်း အရည်အချင်းပြည့်ဝသော သူ၏ နိုင်ငံပြု သုခမိန်များကြောင့်ပင်ဖြစ်လေသည်။

၁၅ ဆက်မြောက် လူဝီဘုရင်( ခရစ် ၁၇၁ဝ - ၁၇၇၄ ) ။ ။ ၁၄ ဆက်မြောက် လူဝီဘုရင်၏ မြစ်တော်ဖြစ်၍ ဗာဆေးမြို့၌ ၁၇၁ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင်ဖွားမြင်သည်။ ထီးနန်းကို ၁၇၁၅ ခုနှစ်တွင် ဆက်ခံသည်။ ထိုအခါက လူဝီမှာ ငါးနှစ်သားအရွယ် လူမမယ်မျှသာ ရှိသေး၍ ဦးလေးတော်ဖြစ်သူ အော်လီယန်း နယ်စားကြီးသည် ဘုရင်ကလေး၏ ရင်ခွင်ပိုက်အဖွဲ့ကို ကြီးမှူးအုပ်ချုပ်ခဲ့လေသည်။ ထိုသို့ အုပ်ချုပ်ခဲ့ရာမှ ရှစ်နှစ်မျှကြ သောအခါ အော်လီယန်းနယ်စားကြီး ကွယ်လွန်ခဲ့၍ အာဏာလုမှုများ ပေါ်ပေါက်ခဲ့ပြန်သည်။ ထို့နောက် ဘုရင့်ဆရာဖြစ်သော ကာဒင်နယ်ဖလူးရီးသည် အုပ်ချုပ်ရေးကိုကြိုးကိုင်ကာ တိုင်းပြည်ကို ဦးစီးလိုက်လေသည်။ ကာဒင်နယ်ဖလူးရီးသည် စစ်ကိုမလိုလားဘဲ ဘဏ္ဍာတော်ကို ချွေတာစွာသုံးစွဲခဲ့၏။ သို့ရာတွင် စည်းကမ်းပျက်ပြား ကာ ယိမ်းယိုင်လျက်ရှိသော တိုင်းပြည်၏အခြေအနေကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ချေ။ ဖလူးရီးကွယ်လွန်သွားသော ၁၇၄၃ ခုနှစ်မှစ၍ လူဝီသည် တိုင်းပြည်ကို မိမိအလိုကျ အုပ်စိုးခဲ့၏။ သို့ရာတွင် မောင်းမမိဿံများ၏ အလိုတော်ကိုလိုက်သဖြင့် အမှားမှားအယွင်းယွင်းသာလျှင် ဖြစ်ခဲ့လေသည်။ သူ၏ လက်ထက်၌ ခုနစ်နှစ်စစ်ပွဲ ဖြစ်ပွားလေရာ အိန္ဒိယတွင်ရှိသည့် ပြင်သစ်ပိုင် နယ်များနှင့် မြောက်အမေရိကတိုက်ရှိ ကနေဒါပြည်တို့သည် အင်္ဂလိပ်လက်သို့ ကျရောက်ဆုံးပါးခဲ့ရ၏။ ပြင်သစ်နိုင်ငံ၏ ဂုဏ်သတင်းလည်း ကမ္ဘာ့အမြင်တွင် များစွာသိမ်ငယ် သွားခဲ့လေသည်။ ( ခုနစ်နှစ်စစ်ပွဲ ။) အမျိုးသားကောင်းစားရေးကို လျစ်လျူရှုကာ နန်းတွင်းသာယာမှုအတွက် အသုံးအဖြုန်းအားကြီးခဲ့သဖြင့် ပြည်သူတို့သည် ဘုရင်စနစ်ကို မုန်းတီးခဲ့ကြလေသည်။ ထိုမုန်းတီးစိတ်ကား ဘုရင်ဆက် ပြတ်သွားအောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာသည်အထိ ဆီးတား၍မရနိုင်သောအခြေသို့ ရောက်စေခဲ့လေသည်။ 'ကျွန်ုပ်လွန်လျှင် ဒုက္ခပင်လယ်ဝေမှာပေါ့' ဟုပြောလေ့ရှိသော လူဝီဘုရင်သည် နှစ်ပေါင်း ၆ဝ ခန့် အုပ်စိုးပြီးနောက် ၁၇၇၄ ခုနှစ်၊ မေလ ၁ဝရက်နေ့တွင် ကံကုန်လေသည်။

၁၆ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၇၅၄ - ၁၇၉၃)။ ။ ထိုမင်းသည် ၁၅ ဆက်မြောက် လူဝီဘုရင်၏ မြေးတော်ဖြစ်၍ ပြင်သစ်တော်လှန်ရေးအတွင်း တိုင်းသူပြည်သားတို့ ခေါင်းဖြတ်အဆုံးစီရင်ခြင်း ခံရ လေသည်။ ၁၆ဆက်မြောက် လူဝီဘုရင်သည် ၁၅ ဆက်မြောက် လူဝီဘုရင်၏သားတော် အိမ်ရှေ့မင်း၏ သားတော်ဖြစ်၍ ၁၅ရ၄ ခုနှစ်၊ ဩဂုတ်လ ၂၃ရက်နေ့တွင် ဗာဆေးမြို့၌ ဖွားမြင်သည်။ ရာဇာဘိသိက် ခံယူစဥ်အခါက အသက် ၂ဝ မျှရှိပေပြီ။ ဘုရင်မဖြစ်မီ လေးနှစ်ခန့်က ဩစတြီးယန်းဘုရင်မ မရီးယား တရီးဇား၏ သမီးတော်ဖြစ်သူ မာရီအန်တွာနတ်မင်းသမီးနှင့် စုလျားရစ်ပတ် လက်ဆက်ခဲ့သည်။ ( မာရီအန်တွာနတ် ။) လူဝီဘုရင်သည် ဘိုးတော်ဖြစ်သူ ၁၅ ဆက်မြောက် လူဝီဘုရင်၏ အပျော်အပါးများပြားလှသော နန်းတော်တွင်း၌ ကြီးပြင်းလာသည်မှန်သော်လည်း မကောင်းမှုဒုစရိုက်များကို ရှောင်ကြဉ်ခဲ့၍ ကိုယ်ကျင့်တရားနှင့်ပြည့်ဝကာ ဘာသာအယူဝါဒကို ရိုသေကိုင်းရှိုင်းသူဖြစ်၏။ သို့ရာတွင် စိတ်ထား ပျော့ညံ့သူဖြစ်သည့်အလျောက် အရေးရှိက မိဖုရားကိုအားထားကာ မိဖုရား၏ အလိုသို့လိုက်၏။ တိုင်းရေးပြည်မှုတွင် စိတ်မဝင်စားလှဘဲ အမဲလိုက် ရန်သာ စိတ်သန်လေသည်။ ဘုရင်ဖြစ်လာသောအခါ ပြင်သစ်နိုင်ငံ၏ ဖရိုဖရဲဖြစ်နေသော ဘဏ္ဍာရေးအခြေအနေကို ထိန်းသိမ်းတည့်မတ်ပေးရန် ပြင်သစ်နိုင်ငံပြု သုခမိန်တစ်ဦးဖြစ်သူ တားဂိုးအား လွှဲအပ်ခဲ့လေသည်။ တားဂိုး၏ စွမ်းဆောင်မှုကြောင့် တိုင်းပြည်တွင် တိုးတက်တန်သလောက် တိုးတက်ခဲ့၏။ သို့သော် မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်ဆိုသော စကားကဲ့သို့ ကိုယ်ကျိုးလိုလားသူ အမတ်များနှင့် အသုံးအဖြုန်းကြီးသော မိဖုရားကြီးမာရီအန် တွာနတ်တို့သည် တစ်ကျိတ်တည်း ပူးပေါင်း၍ တစ်ဖက်တစ်လမ်း ကြံစည်ခဲ့ကြရာ နောက်ဆုံးတွင် ဘုရင်သည် တားဂိုးအား ရာထူးမှ နုတ်ပယ်လိုက် သည်အထိ ဖြစ်လေသည်။ လုပ်ရည်ကိုင်ရည်ရှိသော တားဂိုးအား ရာထူးမှနုတ်ပယ်လိုက်သည့်နောက်တွင် တိုင်းပြည်အခြေအနေမှာ ဆိုးသည်ထက်ဆိုးလာလေသည်။ ဘဏ္ဍာတော်အဖြုန်းများသဖြင့် အစိုးရလက်ဝယ် ငွေမရှိဖြစ်ခဲ့ရာအခွန် တိုးတက်ကောက်ခံရန် အကြောင်းပေါ်လာတော့၏။ သို့ဖြင့် ၁၇၅နှစ်တိုင်တိုင် မကျင်းပဖြစ်သော စတိတ်ဂျင်နရယ် လွှတ်တော်အစည်းအဝေးကြီးကို ဆင့် ခေါ်၍ ဆွေးနွေးရလေသည်။ စတိတ်ဂျင်နရယ်လွှတ်တော်ကို ၁၇၈၉ ခုနှစ်၊ မေလ ၄ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထိုလွှတ်တော်တွင် မှူးမတ်များ၊ သာသနာ့ဝန်ထမ်းများ နှင့် ဆင်းရဲသားကိုယ်စားလှယ်များ ပါရှိလေသည်။ ထိုသို့ လွှတ်တော်ကို ဆင့်ခေါ်သည်မှစ၍ ပြင်သစ်တော်လှန်ရေး စတင်ဖြစ်ပွားသည်ဟုဆိုရပေမည်။ ( ပြင်သစ်တော်လှန်ရေး ) မိမိတို့ သဘောမတူဘဲ အခွန်များမတိုးရဟု အစည်းအဝေးတွင် ဆင်းရဲသားကိုယ်စားလှယ်များက ကန့်ကွက်ကြသည်။ ထို့ပြင်အုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခြင်း၊ လွှတ်တော်မှန်မှန်စည်းဝေးခြင်း၊ မဲပေးရာတွင် သာတူညီမျှရှိစေခြင်း၊ အခွန်အတုတ် သက်သာစေခြင်း စသည့်အချက်များကို ဆောင်ရွက်ရန် တောင်းဆိုကြသည်။ ထို့ကြောင့် ဘုရင်နှင့် အခွန်မထမ်းကြရသော မှူးမတ်များ၊ သာ သနာ့ဝန်ထမ်းများသည် အခွန်ထမ်းဆင်းရဲသား ကိုယ်စားလှယ်များကို လွှတ်တော်တွင် ပါဝင်ခွင့်မပေးဘဲနေလေသည်။ ဆင်းရဲသား ကိုယ်စားလှယ်တို့ သည် အလျှော့မပေးဘဲ သီးခြားလွှတ်တော်တစ်ခုကို တည်ထောင်ကာ အမျိုးသားလွှတ်တော်အဖြစ် ကြေညာခဲ့လေသည်။ ဘုရင်သည် ထိုသို့ကြေညာသူတို့ကို စစ်တပ်ဖြင့် နှိမ်နင်း၏။ သို့ရာတွင် စစ်သည်တော်တို့သည် ဆင်းရဲသားကိုယ်စားလှယ်များအားမနှိပ်နင်းဘဲ ဘုရင့်အာဏာကို ဖီဆန်ကြလေသည်။ ထိုအခါ လူဝီသည် နိုင်ငံခြားစစ်တပ်တို့၏ အကူအညီဖြင့် နှိမ်နင်းရန် ကြိုးစားပြန်၏။ ထိုအခါ ပါရစ်မြို့နေ ဆင်းရဲသားအပေါင်းတို့သည် မခံမရပ်နိုင်ဖြစ်ပြီးလျှင် ၁၇၈၉ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဗက်စတီးခေါ် နိုင်ငံရေး အကျဉ်းထောင်ကြီးကို အတင်းဝင်စီးလေသည်။ ဗက်စတီးကို စီးမိသောအခါ အကျဉ်းသားများအား လွှတ်ပစ်ကြ၏။ သိုလှောင်ထားသော စစ်လက်နက်များကို သိမ်းယူလိုက်ကြ၏။ သို့ဖြင့် ဘုရင့်နိုင်ငံရေးအာဏာကို တော်လှန်သော ပြည်သူဆင်းရဲသားတို့နှင့် မင်း၊ မှူးမတ်၊ သာသနာဝန်ထမ်းတို့ အာဏာလုသော ပြင်သစ်တော်လှန်ရေးကြီး စတင်ဖြစ်ပွားလေတော့သည်။ ပြည်သူဆင်းရဲသားများသည် အင်အားကြီးမားလာရာ ဆင်းရဲသား ကိုယ်စားလှယ်တို့သည် အမျိုးသားလွှတ်တော်မှတစ်ဆင့် နိုင်ငံကိုအုပ်ချုပ်လေသည်။ ဦးစွာ၌ လူဝီဘုရင်သည် တော်လှန်ရေးသမားများနှင့် တွဲဖက်၍ ဆောင်ရွက်ကာ နိုင်ငံအခြေအနေကို ပြုပြင်ပေးရန် သဘောတူခဲ့၏။ သို့ရာတွင် မိဖုရားကြီး မာရီအန်တွာနတ်နှင့် နန်းတွင်မှူးမတ်များ၏စကားကို နားယောင်မိသဖြင့် ပေးထားသမျှသော ကတိတို့ကို လျစ်လျူရှုခဲ့လေသည်။ ထို့ပြင် ၁၇၉၁ ခုနှစ်တွင် ဩစတြီးယားနိုင်ငံ၏ အကူအညီကို ရယူလိုသဖြင့် ပြင်သစ်နိုင်ငံမှ ထွက်ပြေးရန်ကြံစည်ပြန်သည်။ သို့သော် အထမမြောက်ခဲ့ချေ။ ထိုအပြုအမူတို့ကြောင့် ဘုရင်နှင့် မိဖုရားတို့အား တိုင်းသူပြည်သားတို့က အယုံအကြည် ကင်းလာကြသည်။ မိဖုရားကြီးအား ဩစတြီးယန်းမဟူ၍ပင် ရှုတ်ချခေါ်ကြသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ သာ အုပ်ချုပ်မည့် ဘုရင်အဖြစ်ဖြင့် အုပ်စိုးရန်ဟူသော အခြေခံဥပဒေကို လူဝီပစ်ပယ်မည်ဖြစ်ကြောင်း ပြည်သူတို့သိလာကြသည်။ ထို့ကြောင့် ၁၇၉၁ ခု၊ ဩဂုတ်လ ၁ဝ ရက်နေ့တွင် မင်းမိဖုရားတို့စံမြန်းရာ တျူးလရီးနန်း တော်ကို တိုက်ခိုက်သိမ်းယူလိုက်ကြသည်။ ဥပဒေပြု လွှတ်တေယ်အဖွဲ့သည် ဘုရင့်အားနန်းမှချကာ အကျဉ်းချထားကြောင်း ကြေညာလိုက်သည်။ ထို့နောက် ဘုရင်စနစ် ဖျက်သိမ်းလိုက်ကြောင်း ၁၇၉၂ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပသော လွှတ်တော်ညီလာခံမှ ဆုံးဖြတ်ကြပြီးလျှင် လူဝီအား ရန်သူနိုင်ငံများနှင့် လျှို့ဝှက်စွာ ဆက်သွယ်ခြင်းဖြင့် ပြည်သူအပေါ် သစ္စာဖောက်မှုနှင့် တရားစွဲ ဆိုကာ သေဒဏ်ပေးလိုက်သည်။ ၁၇၉၃ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် လူဝီဘုရင်သည် ပြည်သူပြည်သားတို့က ခေါင်းဖြတ်ဓားစက်အောက် ၌ အဆုံးစီရင်ခြင်းကို ခံယူသွားရ၏။ မိဖုရားကြီး မာရီအန်တွာနတ်နှင့် အခြားများစွာသော မှူးမတ်၊ သာသနာဝန်ထမ်းတို့လည်း ထိုနည်းတူ အဆုံးစီရင်ခြင်း ခံကြရလေသည်။ ထို့နောက် ပြည်သူဆင်းရဲသားကိုယ်စားလှယ် များပါဝင်သော လွှတ်တော်ညီလာခံကလည်း ပြင်သစ်နိုင်ငံကို သမ္မတနိုင်ငံဟူ၍ ကြေညာလိုက်လေသည်။

၁၇ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၇၈၅ - ၁၇၉၅)။ ။ ဘုရင်အမည်သာခံရ၍ အကယ်စင်စစ် မစိုးစံရသော ၁၇ ဆက်မြောက်လူဝီဘုရင်သည် ၁၆ ဆက်မြောက် လူဝီဘုရင်နှင့် မိဖုရားမာရီအတ်တွာနတ်တို့၏ ဒုတိယသားတော်ဖြစ်သည်။ ခရစ် ၁၇၈၅ ခု၊ မတ်လ ၂၇ ရက် နေ့တွင် ဗာဆေးမြို့၌ဖွားမြင်သည်။ ၁၇၈၉ ခုနှစ်၌ နောင်တော်လွန်သဖြင့် နန်းလျာဖြစ်လာသည်။ ၁၇၉၃ ခုနှစ်တွင် တော်လှန်ရေးသမားတို့၏ အဆုံးစီရင်ခြင်းကို လူဝီဘုရင်ခံရသောအခါ အကျဉ်းထောင်တွင်းရှိ မင်းသားကလေး လူဝီချားကို ဘုရင့်ဂိုဏ်းသားများက ဘုရင်အဖြစ် အသိအမှတ်ပြုကြသည်။ အမည်အားဖြင့်သာ ဘုရင်ဖြစ်၍ အကျဉ်းခံမြဲခံနေရသည်။ ဘုရင်ကလေး အသက် ၁ဝ နှစ်အရွယ် ၁၇၉၅ ခုနှစ်၊ ဇွန်လတွင် ဘုရင်ကလေး ကံတော်ကုန်ကြောင်း ကြေညာသည်။ မြု|ပ်နှံရာနေရာ အမှတ်အသားမရှိသဖြင့် အချို့ကဘုရင်ကလေးမသေဘဲ လွတ်မြောက်သွားသည်ဟု ယူဆကြသည်။ နောက် ဗူးဗွန်မင်းဆက် ပြန်လည်အသက်ဝင်လာသောအချိန်တွင် အယောင်ဆောင် ၁၇ ဆက်မြောက် လူဝီဘုရင်များပေါ်လာသည်။

၁၈ ဆက်မြောက် လူဝီဘုရင်(ခရစ် ၁၇၅၅ - ၁၈၂၄)။ ။

ထိုမင်းသည် ၁၆ ဆက်မြောက် လူဝီဘုရင်၏ ညီတော်ဖြစ်၍ ၁၇၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဗာဆေးမြို့၌ဖွားမြင်သည်။ ဘုရင်မဖြစ်မီက 

ကောင့်ဘွဲ့ခံ ပရောဗင့်စားဖြစ်သည်။ ၁၇၈၁ ခုနှစ်အထိ နန်းလျာဖြစ်ခဲ့သည်။ ၁၇၈၉ ခုနှစ်၌ ပြင်သစ်တော်လှန်ရေး ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ပါရစ်မြို့၌ပင် နေရစ်ခဲ့သည်။ ၁၇၉၁ ခုနှစ်၌ ပြင်သစ်နိုင်ငံမှ ရှောင်တိမ်းသွား သည်။ ယင်းသည့်နောက်ပိုင်းတွင် နန်းကို ပြန်လည်ရရှိရန် ကြံစည်သည်။ ၁၇၉၅ ခုနှစ်တွင် ၁၇ ဆက်မြောက် လူဝီဘုရင်ကလေး ကံကုန်သည်တွင် ၁၈ ဆက်မြောက် လူဝီဘုရင်ဘွဲ့ကို ခံယူသည်။ ၁၈၁၄ ခုနှစ်တွင် နပိုလီယန် ဗိုနာပတ်စစ်ရှုံး၍ အဲလဗကျွန်းသို့ ပို့ခြင်းခံရသောအခါ ပြင်သစ်ထီးနန်းကို ၁၈ ဆက်မြောက်လူဝီဘုရင် သိမ်းပိုက်သည်။ ထိုစဉ်အခါက လူဝီဘုရင်သည် အသက်အရွယ်အားဖြင့် ၅၉ ခုနှစ်မျှရှိပေပြီ။ ၁၈၁၅ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် အဲလဗကျွန်းမှ နပိုလီယန်လွတ်မြောက်လာ၍ အလုံးအရင်း စုဆောင်းပြီးသော် ပြင်သစ်ထီးနန်းကို ရက် ၁ဝဝ မျှ ပြန်လည်သိမ်းပိုက်ထားသည့် ကာလအတွင်း လူဝီမှာ ပြည်နှင်ခံရသည်။ ဝါးတာလူးစစ်ပွဲအပြီးတွင်မူ လူဝီသည် ပါရစ်မြို့သို့ ပြန်လည်ရောက်လာကာ မဟာမိတ်တို့က ထီးနန်းအပ်နှင်းသည်ကိုခံရ၏။ ဗူးဗွန်မင်းမျိုး၏ သွေးပါလာသဖြင့် တန်ခိုးအာဏာကို ခုံမင်မက်မောသော စိတ်ဓာတ်ပြင်းထန်လင့်ကစား လူဝီသည် တိုင်းပြည်ကို သက်ညှာစွာ တရားသဖြင့် အုပ်စိုး၏။ သို့ရာတွင် အသစ်ဖွဲ့စည်းသော လွှတ်တော်၌ ဘုရင့်ဂိုဏ်းသားများသည် အင်အားကြီးမားလာကာ တိုင်းပြည်ကိုချုပ်ချယ် လာပြန်သည်။ လူဝီသည် လက်စားချေလိုသော တစ်ယူသန် ဘုရင့်ဂိုဏ်း သားများအား ၁၈၂ဝ ပြည့်နှစ်တိုင်အောင် ဟန့်တားနိုင်ခဲ့သော်လည်း ယင်းသည့်နောက်ပိုင်းတွင်မူ အသက်အရွယ်က ထောက်လာသည့်အပြင် ဘုရင့်ဂိုဏ်းသားများကလည်း အထူများပြားလာသောကြောင့် တစ်ယူသန်သမားတို့ အား လိုက်လျောခဲ့ရလေသည်။ ဘုရင့်ဂိုဏ်းသား တစ်ယူသန်များ၏ ခြယ်လှယ်မှုသည် တော်လှန်ရေးမပေါ်မီကထက်ပင် ဆိုးရွားလာတော့၏။ သို့ဖြင့် လူဝီဘဘုရင်တန်ခိုးအာဏာ ယုတ်လျော့သွားပြီးလျှင် ညီတော် ဒဿမ ချား လက်ထက်တွင် ဗူးဗွန်မင်းဆက် သုန်းသွားလေအောင် လမ်းခင်းပေးခဲ့လေသည်။ ၁၈ ဆက်မြောက် လူဝီဘုရင်သည် ၁၈၂၄ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကံကုန်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)