မာရ်ငါးပါးဟုခေါ်သော သကျမာရ်အောင်စေတီဇိနမာရ်အောင်စေတီရတနာ့မာရ်အောင်စေတီ၊ လောကမာရ်အောင်စေတီ၊ မင်္ဂလာမာရ်အောင်စေတီတော်တို့ အနက် လောကမာရ်အောင်စေတီသည် မြောက်ဦးမြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ရွှေကြာသိမ်ဘုရား၏ အနောက်မြောက်ဘက် ကိုက် ၂၀၀ ခန့်အကွာ၊ နန်းရာကုန်းအနီးမှ အနောက်ဘက်တစ်မိုင်ခန့်အကွာ ကျောက်ရစ်ချောင်းအနီး မြေပြန့်တွင်တည်ရှိသည်။ အောက်ခြေလေးမြှောင့် စတုရန်းလေးထောင့်ပုံ ဖြစ်သည်။ တစ်ဖက် ၇-ပေရှိသည်။ အမြင့် တစ်ရာပေမြင့်သည်။ ပစ္စယံလေးဆင့်သည်လည်း လေးထောင့် စတုရန်းပုံဖြစ်သည်။ အောက်ဆုံးအဆင့် ပစ္စယံတွင် ထောင့်လေးထောင့်၌ ဦးခေါင်းတစ်ခု ခန္ဓာနှစ်ခုရှိသော ပူးမင်းရုပ်များ ရှိသည်။ အရပ်လေးမျက်နှာသို့ မျက်နှာမူထားသော တစ်ဖက် နှစ်ရုပ်စီ ရှစ်ရုပ်ရှိသည်။ ဒုတိယပစ္စယံမှ စတုတ္ထပစ္စယံထိ ထောင့်များတွင် အဝိုင်းစေတီတစ်ဆူကျရှိသည်။ တစ်ဆင့်လျှင်လေးဆူ အားလုံးသုံးဆင့်တွင် ၁၂-ဆူရှိသည်။ ထိုပစ္စယံများ၏ အလယ်ခေါင် တည့်တည့်တွင် အရပ်လေးမျက်နှာ အသီးသီးသို့ လှည့်နေသော မုခ်ဂိတ်ဂူငယ် တစ်ခုစီရှိသည်။ စုစုပေါင်း ၁၂-ခုရှိသည်။ ထိုဂူများထဲတွင် ထိုင်တော်မူ ရုပ်ပွားဆင်းတု တစ်ဆူရှိသည်။ ၎င်းဂူငယ်များ၏ မျက်နှာစာတွင် လောင်ဗန်းပြောက် စေတီတော်ကဲ့သို့ ကျောက်ဆစ် လက်ရာများရှိသည်။ ခေါင်းလောင်းမှောက်အဆင့်မှ စတင်၍ အပေါ်ပိုင်း ဖောင်းရစ် ငှက်ပျောဖူးထီးတော်အထိ စက်ဝိုင်းပုံဖြင့် တက်သွားသည်။ စေတီတော်၏အရှေ့ဘက်တွင် အာရုံခံသိမ်တော်နှင့် တန်ဆောင်းရှိသည်။ ၎င်းတန်ဆောင်းမှ တဆင့် စေတီတော်ဂန္ဓကုဋီတိုက်ထဲသို့ ဝင်ရောက်နိုင်သည်။ ဂန္ဓကုဋီတိုက်ထဲတွင် ဉာဏ်တော် ၁၂ပေရှိ ကျောက်တစ်လုံးတည်းဖြင့် ထုလုပ်ထားသော ထိုင်တော်မူရုပ်ပွားတော် တစ်ဆူရှိသည်။ ဂူ၏မျက်နှာစာတွင် ကျောက်ဆစ် လက်ရာများရှိသည်။ စေတီတော်ကြီးနှင့် သိမ်တော်အား မီးတားတံတိုင်းဖြင့် ကာရံထားသည်။

သမိုင်းကြောင်း ပြင်ဆင်ရန်

ဤစေတီကို အေဒီ(၁၆၅၈) ခုနှစ်တွင် စန္ဒာသုဓမ္မရာဇာဘုရင်မင်းမြတ်သည် ဇိနမာရ်အောင်စေတီရတနာ့မာရ်အောင်စေတီတို့နှင့် အတူ တစ်ပြိုင်တည်းထားခဲ့ခြင်း ဖြစ်သည်။ လောကသုံးပါးဖြစ်သော သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောကတို့မှ မြတ်စွာဘုရားသည် လွတ်မြောက် အောင်မြင်ခြင်းကို အထိမ်းအမှတ်အဖြစ် လောကမာရ်အောင်စေတီဟု အမည်ပေးခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

ရခိုင်မဟာရာဇဝင်ကြီး (ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ))