သက္ကတနှင့်ပါဠိဘာသာ

ရှေးပညာရှင်တို့နှစ်သက်မြတ်နိုးသောဘာသာစကားကြီးနှစ်ရပ် ရှေးခေတ် အိန္ဒိယနိုင်ငံ၌ ထွန်းကားစည်ပင်ခဲ့သော သက္ကတနှင့်ပါဠိဘာသာ၊ စကားလုံးဝေါဟာရ ကြွယ်ဝခြင်း၊ အိန္ဒိယသားတို့မြတ်နိုးသောသက္ကတ ဘာသာသည် ပါဠိဘာသာကိုအထောက်အ ကူပြုသည်။ မာဂဓဘာသာ၊ မူလဘာသာဟုလည်း ခေါ်တွင် သော ပါဠိဘာသာ၊ဗုဒ္ဓရှင်တော်မြတ် ၏တရားအဆီအနှစ်တို့ကိုပါဠိဘာသာ ကျွမ်းကျင်လျှင် ပို၍ အရသာတွေ့နိုင်သည်။

သက္ကတနှင့်ပါဠိဘာသာ။ ။သက္ကတဘာသာဟူသော ပုဒ်၌ သက္ကတသဒ္ဒါသည် သံသဒ္ဒါနှင့်ကတသဒ္ဒါတွဲစပ်၍ ဖြစ်လာသော သဒ္ဒါတစ်ခုဟုယူဆကြသည်။ ထိုကြောင့် ကောင်းစွာပြုလုပ်ထားအပ်သည်ဟု အဓိပ္ပါယ်ပြန်ဆိုကြသည်။ သို့ဖြစ်၍ ပုဒ်မှန်မှာသက္ကတမဟုတ်၊ သင်္ခတသာဖြစ်သင့်သည်ဟု အချို့ပညာရှိ များကဆိုကြလေသည်။ တစ်နည်း·သန္တ+ကတမှ သက္ကတစ်ပုဒ်ဖြစ်လာသည်ဟု ယူဆနိုင်ပေသည်။ ထိုသို့ယူဆရာ၌သူတော်စင် ပညာရှိများ တီထွင်ထားအပ်သည်ဟုအဓိပ္ပါယ်ရသည်။

ဆန်းစကရစ်ဟုလည်းခေါ်သောထိုသက္ကတ ဘာသာသည် ဣန္ဒိယနိုင်ငံသားတို့အမြတ်နိုးဆုံးဖြစ် သောဘာသာဖြစ်သည်။ ယင်းဘာသာကို နတ်တို့ပြောဆို သုံးစွဲသည့် ဘာသာဟုအမွှန်းတင်ကာဒေဝဘာသာဟုပင် ခေါ်ဝေါ်သမုတ်ကြသည်။ ဗုဒ္ဓဝါဒီမြန်မာလူမျိုးတို့သည် ပါဠိဘာသာတတ်ကျွမ်းသူကိုလေးစားကြည်ညိုကြသကဲ့သို့ ဟိန္ဒူလူမျိုးတို့သည်လည်း သက္ကတဘာသာတတ်ကျွမ်းသူ ပဏ္ဍိတ်များကိုအထူးကြည်ညိုဆည်းကပ်လေ့ရှိကြ၏။ ဤသက္ကတဘာသာကို ဂေါတမမြတ်စွာဘုရား မပွင့်မီ ရှေးကျသောအချိန်ကပင် ပုဏ္ဏားပညာရှိ၊ ရသေ့ ပညာရှိတို့သည် သဒ္ဒါနည်းတို့ဖြင့်ကောင်းစွာပြုပြင်၍ထားကြ ကုန်၏။ ထိုသဒ္ဒါနည်းတို့ကိုပြဆိုသော ကျမ်းပေါင်းများစွာ ရှိသည့်အနက် ကြီးကျယ်ခမ်းနားဆုံးဖြစ်သော ကျမ်းကား ပါဏိနိမည်သော ကျမ်းကြီးဖြစ်သည်။ ထိုကျမ်းကိုပါဏိနိ၊ ကာတျာယန၊ ပတဉ္စလိဟူသောပညာရှိ ရသေ့သုံးဦးတို့ပေါင်း စပ်ပြုစုသည်ကိုအကြောင်းပြု၍ တိမုနိဗျာကရဏဟူ၍လည်း ခေါ်ဆိုလေသည်။ ပေါင်းစပ်ပြုစုပုံမှာ ပါဏိနိရသေ့သည် ဆောင်ပုဒ်ဖြစ်သောသုတ်ကိုစီရင်ရေးသားသည်။ ကာတျာယန ရသေ့သည်သုတ်၏ အနက်အဓိပ္ပါယ်ကို ပေါ်လွင်အောင် ဖွင့်ပြသည့်ဝုတ္တိကိုပြုစု၏။ ပတဉ္စလိရသေ့သည်ကား ထိုသုတ်ဝုတ္တိ တို့နှင့်ဆီလျော်လိုက်လျောသည့် ပြယုဂ်ဒါဟရုဏ် ပုံစံသာဓက ပုဒ်တို့ကိုထုတ်နုတ်ဖေါ်ပြရေးသားလေသည်။ ဤပါဏိနိကျမ်းကြီး သည် သက္ကတဘာသာသဒ္ဒါနည်းနာနယတို့ကို စုံစုံလင်လင် ပြဆိုထားသောကျမ်းဖြစ်သဖြင့် သက္ကတလိုက်စားသူတို့အဖို့ အထူးအားထား မီခိုလောက်သော သဒ္ဒါကျမ်းကြီး'ဖြစ်ပေသည်။ ထိုပြင်ကပ္ပဒ္ဒုမ၊ သဒ္ဒတ္ထောမမဟာနိဓိစသော ကျမ်းများသည် သက္ကတဘာသာသုံးအမည်နာမ ဝေါဟာရတို့ကို ပြဆိုသော အဘိဓာန်ကျမ်းမျိုးဖြစ်ကုန်၏။ ရာမသမ္မစသော ကျမ်းတို့ကားဝါကျ ပဗန္ဓတို့၏ဂုဏ်အပြစ်တို့ကို စိစစ် ဝေဖန်ပြသော အလင်္ကာကျမ်းမျိုးတို့တည်း။ ဂါထာဗန္ဓ ဖွဲ့နွဲ့စီကုံးရာ၌ဂိုဏ်း ဂရုလဟုအနေအထားကို ခွဲခြားပြသော ဆန်းကျမ်းတို့ကား ပိင်္ဂလ၊ဝုတ္တရတနာကရစသော ကျမ်းများ ဖြစ်လေကြလေသည်။

ဤသို့သဒ္ဒါနည်း၊ အလင်္ကာနည်း၊ ဆန်းနည်းတို့ဖြင့် ထယ်ဝါခံ့ညားစွာ မားမားမတ်မတ် တည်နေသော ဘာသာကြီးတစ်ရပ်ဖြစ်နေသည့်အလျောက် အိန္ဒိယနိုင်ငံတွင် ထိပ်တန်းသို့ ရောက်ရှိနေသည့်နှင့်အညီရှေးရှေးပညာရှိကြီး များသည် ယင်းဘာသာနှင့်ပင် ဆေးဝါးဘက်ဆိုင်ရာ၊ နက္ခတ်ဗေဒင်ဘက်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာစသော အဖိုးတန် ပညာရပ်များကိုရေးသားပြုစုထားခဲ့ကြပေသည်။ ထိုကြောင့် သူငါကစကြားဖူးနေကြသော ဝိဇ္ဇာခေါ်နှုတ်မှုပညာ ၁၈မျိုးကို ဗသဏုပုရာဏ်စသော သက္ကတကျမ်းစာများ၌လည်းကောင်း၊ သိပ္ပံခေါ်လက်မှုပညာ ၃၂မျိုး၊ ၆၄မျိုးတို့ကို သုကြနီတိစသော သက္ကတကျမ်းစာများ၌လည်းကောင်း အပြည့်အစုံတွေ့ရှိ နိုင်လေသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ထင်ရှားကျော်စောလျက် ရှိနေသော ဗြို့ဟပ်၊ ရာဇမတ္တဏ်စသောဗေဒင်ကျမ်း၊ သုဿုတ၊ သာရကောမုဒိ၊ စသောဆေးကျမ်းများမှာလည်း သက္ကတဘာသာ ကျမ်းများပင် ဖြစ်လေသည်။ များစွာသောဗေဒင်ကျမ်း ဆေးကျမ်းတို့မှာ မြန်မာပြန်ထားသည်တို့ကို တွေ့ရလေသည်။ ယင်းသို့မြန်မာတို့၏ ဆေးပညာဗေဒင်ပညာတို့သည်လည်း သက္ကတကိုများသောအားဖြင့် မှီငြမ်းပြုရ ကြောင်းထင်ရှား လေသည်။

ပါဠိဘာသာပုဒ်ပါဌ်မှန်ကန်ရေးတွင်လည်း သက္ကတ ဘာသာသည်များစွာ အသုံးဝင်လေသည်။ အမြွက်မျှ ရှင်းပြပါဦးအံ့။ ပါဠိဘာသာ၌မမေ့မလျော့ခြင်း အနက်ကို ဟောသောပုဒ်သည် အပမာဒဟုဒွေးဘော် မဲ့နှင့်တစ်မျိုး၊ အပ္ပမာဒဟုဒွေးဘော်နှင့်တစ်မျိုး၊ ဤမူနှစ်မျိုး နှစ်ထွေကွဲပြားလျက် ရှိနေသည်ကိုတွေ့ရှိရာ တွင်မည်သည့် ပါဌ်ကိုအတည်ပြု လက်ခံသင့်သနည်းဟုစိစစ်ပါက သက္ကတ၌မေ့လျော့ခြင်းအနက် ဟောပုဒ်မှာ ပြမာဒဟုအစအက္ခရာ၌သံယုဂ်ပါသည်ကို အထောက်အထားပြု၍ အ+ပ္ပမာဒဟု ဒွေးဘော် သံယုဂ်နှင့် နေသောပါဌ်ကိုသာ အတည်ပြုဆုံးဖြတ်ရလေသည်။ ဤနည်း အတူပင်သုပဋိပန္နော·သုပ္ပဋိ ပန္နောပါဌ်နှစ်ထွေရှိနေရာတို့၌လည်း ပြတိဟုသံယုဂ်နှင့် သက္ကတရှိသည်ကိုထောက်ထား၍ သု+ပ္ပဋိပန္နော ကိုအမှန်ဟု ဆုံးဖြတ်ရပေမည်။ ဤနည်းနှင်နှင် သက္ကတကိုမှီ၍ ဆုံးဖြတ်မှအမှန်သို့ ရောက်နိုင်သော ပါဠိပုဒ်အမြောက်အမြားရှိ သောကြောင့် သက္ကတသည်ပါဠိဘာသာတွင်လည်း များစွာအထေက်အကူ ပေးနိုင်သော ဘာသာဟု ဆိုအပ်လှပေသည်။ ထို့ကြောင့်ပင် ပါဠိသဒ္ဒါကျမ်းကြီးများတွင် ဘုရားဟောပါဠိနှင့်မဆန့်ကျင်သည့် သက္ကတကျမ်းသုံးနည်း နာနယအစီအရင် အမည်နာမများကို အတော်များများယူငင်သုံးစွဲပြသထားကြလေသည်။ ယင်းသို့ သုံးစွဲနိုင်ရန်လည်း 'ပရ သမညာ ပယောဂေ' ဟူသော သုတ်ဖြင့်သီးခြားခွင့်ပြုထားလေသည်။ ဤမျှဖြင့်သက္ကတ ဘာသာ၏နယ်ကျယ်ဝန်းပုံကို သိနိုင်လောက်ပေပြီ။ ပါဠိဘာသာ၏ မူလအခြေတည်ရှိရာဌာနလည်း သက္ကတဘာသာမှာ ကဲ့သို့ပင် ဣန္ဒိယပြည်ဖြစ်သည်။ ဣန္ဒိယပြည်တွင်လည်း မဂဓတိုင်း၌ ပြောဆိုသုံးစွဲသော ဘာသာဖြစ်၍ ယင်းကိုမာဂဓဘာသာ ဟုခေါ်သည်။ ကမ္ဘာပေါ်တွင် ပထမပေါ်သောဘာသာဖြစ်၍ မူလဘာသာ ဟူ၍လည်း ခေါ်သည်။ ထိုမာဂဓ မူလဘာသာကို ကမ္ဘာဦးသူတို့သည် လည်းကောင်း၊ ဗြဟ္မာတို့သည်လည်းကောင်း၊ သူတစ်ပါး စကားကိုမကြားရသော ကလေးသူငယ်တို့သည်လည်းကောင်း၊ မြတ်စွာဘုရားတို့သည်လည်းကောင်း ပြောဆိုသုံးစွဲကြ သည်ဟုကျမ်းဂန်များ၌ပြဆို၏။ ယင်းသို့ကမ္ဘာဦးအခါမှစ၍ အစဉ်အလာသုံးစွဲ၍ လာခဲ့သော ထိုပါဠိဘာသာသည် အပြစ်ဒေါသတို့မှ လွတ်ကင်း၍ သန့်ရှင်းစင်ကြယ်သောဘာသာစကားရင်းဖြစ်၏။ ဘာသာစကားတို့တွင် အချို့အချို့သော ဘာသာစကားတို့၌ အက္ခရာတွေသာ များပြီးအနက် အဓိပ္ပါယ်ကျဉ်းမြောင်းခြင်း၊ အသိခက်သော အနက်အဓိပ္ပါယ်ရှိခြင်း၊ ပြည့်စုံသောဝေါဟာရမရှိခြင်း၊ ဝိသဇ္ဇနီသံများခြင်း၊ နှာခေါင်းသံလွှမ်းမိုးခြင်း၊ မပီပြင်သော အက္ခရာသံရှိခြင်း၊ နှာခေါင်းသံလွှမ်းမိုးခြင်း၊ အသံထွက်ကြမ်း တမ်းခြင်း၊ အက္ခရာဗျည်းအလွန်များခြင်း၊ သို့မဟုတ် အလွန်နည်းပါးခြင်း စသောချွတ်ယွင်းချက်များ အသီးသီးရှိနေ ကြသည်။ ပါဠိဘာသာကား ဤချွတ်ယွင်းချက်မျိုးမှကင်းစင်၍ သဒ္ဒါအားဖြင့်လည်းကောင်း အနက်အားဖြင့်လည်းကောင်း၊ ပြည့်ဝ၍ သာတ္တသဗျဉ္ဇနဂုဏ်နှင့်ပြည့်စုံသော ဘာသာကြီး တစ်ခုဖြစ်ပေသည်။

ယင်းသို့သာတ္တ သဗျဉ္ဇနဂုဏ်နှင့်ပြည့်စုံသောကြောင့် ဘုရားမုခပါဌ် ပရိယတ်ကိုစောင့်ရှောက်နိုင်သော ဘာသာဖြစ်၍ ပါတိရက္ခတိီတိ ပါဠိဟူသော ဝစနတ္တနှင့်အညီပါဠိ ဟူ၍ခေါ်ဆိုရသည်။ ထိုပါဠိဘာသာ၏ အရေးကြီးပုံကို ဝိနည်းဘက် ဆိုင်ရာသို့ရောက်လျှင်အလွန်ထင်ရှား၏။ ထိုစကားမှန်၏။ ရှင်ပြုခြင်း၊ ဥပသမ္ပဒကံဆောင်ခြင်းစသည်တို့ကို အခြား ဘာသာမျိုးဖြင့်ဆောင်ရွက်၍ ထိုကံများအောင်မြင်ပြီးမြောက် နိုင်ကြမည်မဟုတ်ဘဲ ပါဠိဘာသာဖြင့် စည်းကမ်းကျနစွာ ရွတ်ဖတ်ဆောင်ရွက်မှသာ ထိုကံများအောင်မြင်ပြီးမြောက် နိုင်ကြမည်ဖြစ်ပေသည်။ ထိုပြင် ဤကမ္ဘာအတွင်း၌ ပွင့်တော်မူ ကြကုန်သော ကကုသန်အစရှိကုန်သော ဘုရားတို့သည် လည်းကောင်း၊ ရှေးရှေးသောကမ္ဘာတို့၌ ပွင့်တော်မူကြကုန် သောဘုရားတို့သည်လည်းကောင်း၊ ထိုပါဠိဘာသာဖြင့်သာလျှင် ကျွတ်ထိုက်သော ဝေနေယျသတ္တဝါတို့အားတရား ဓမ္မညွန်ပြ ဟောကြားတော်မူကုန်၏။ အကျွန်ုပ်တို့ ဂေါတမမြတ်စွာဘုရားသည်လည်း ဝေနေယျသတ္တဝါတို့အား တရားရေအေး တိုက်ကျွေးဝေငှ ဆုံးမတော်မူသောအခါတို့၌ ထိုပါဠိဘာသာဖြင့်သာလျှင်ဟောကြား ညွှန်ပြဆုံးမတော်မူခဲ့ပေ၏။ နောက်နောင်ပွင့်တော်မူမည့်ဘုရားရှင်တို့သည်လည်း ထို ပါဠိဘာသာဖြင့်သာ တရားဓမ္မညွှန်ပြ ဟောကြားတော် မူမည်ဖြစ်ကုန်၏။ ပိဋကတ်သုံးပုံဖြင့်ရေတွက်အပ်သော ပရိယတ္တိဓမ္မကို သံဂါယနာ တင်တော်မူကြကုန်သော အရှင်မဟာကဿပ အစရှိကုန်သော အရှင်မြတ်တို့သည်လည်း ထိုပါဠိဘာသာဖြင့်သာ သံဂါယနာတင်တော်မူကြကုန်၏။ ပါဠိဘာသာဟူသည်ကျယ်ဝန်းခမ်းနား၍ အလွန်သိမ်မွေ့သောဘာသာရပ်ကြီးတစ်ရပ်ဖြစ်သည်နှင့် အညီ ပုဒ်နေပါဌ်ထားကံကတ္တာားစသည်ပြောင်းလဲတည်ဆောက်ရပုံစသောနည်းနာနယတို့ကိုပြဆိုသော သဒ္ဒါကျမ်းစသောကျမ်းပေါင်း မြောက်မြားစွာကို ရှေးပညာရှိကြီးများရေးသားပြုစုထားတော်မူခဲ့ ကြပေသည်။

ဤပါဠိဘာသာသည် မြန်မာနိုင်ငံသို့ အနော်ရထာ မင်းစော လက်ထက်မတိုင်မီကပင် ရောက်နေသော်လည်း အရှင်အရဟံ၏ကျေးဇူးကြောင့် အနော်ရထာမင်းစော လက်ထက်ကျမှပင် ဖွံ့ဖြိုးတိုးတက်ခဲ့ပေသည်။ ထိုအခါမှစ၍ ဗုဒ္ဓဝါဒီမြန်မာဘုရင်များသည် ပါဠိဘာသာကိုလွန်စွာ အားပေးမြှောက်စား တော်မူခဲ့ကြကုန်၏။ ထို့ကြောင့်ပင် ပုဂံခေတ်ကမြန်မာနိုင်ငံတွင်ပါဠိ ဘာသာကို လူတိုင်းလေ့လာကြသည်။ မိန်းကလေးများပင် ထမင်းချက်ရင်း ရေခပ်ရင်း ပါဠိဘာသာကို လေ့လာလိုက်စား ကြကြောင်း အမှတ်အသားများရှိသည်။ ထိုစဉ်အခါက အချို့မိန်းမများသည်ပင် ပါဠိစာပေများကို သူတစ်ပါးအား ချပို့နိုင်ကြောင်း၊ ကျမ်းဂန် များရေးသားနိုင်ကြောင်းများလည်း မှတ်တမ်းရှိသည်။ ဝိဘတျတ္ထမည်သော သဒ္ဒါငယ်ကျမ်းကား ကျစွာ မင်းကြီး၏သမီးတော်တစ်ပါး ရေးသားသော သဒ္ဒါငယ်ကျမ်းတစ်စောင်ဖြစ်သည်။ ထိုပြင်ကျစွာမင်းကြီးသမီးတော် သံပျင်မင်းသမီး စာပေပို့ချသည်ကို ရဟန်းတော်များပင်လိုက် နာသင်ကြား ကြကြောင်း၊ တပည့်ရဟန်းတစ်ပါး သံပျင်မင်းသမီးကို စုံမက်သဖြင့် မင်းကြီးထံတောင်းဆိုးသည်တွင် ကျမ်းတစ်စောင် တစ်ဖွဲ့ရေးသားနိုင်မှ သမီးတော်နှင့်စုံဖက်နိုင်မည်ဟု ဘုရင်ကြီး အမိန့်ရှိချက်အရနျာသကျမ်း၏ အဖွင့်ဖြစ်သော ဋီကာကျမ်းကို ပါဠိဘာသာဖြင့် ရေးသားဆက်သွင်းလေရာ ဘုရင်ကြီးကျေနပ်နှစ် သိမ့်တော်မူပြီးလျှင် သမီးတော်နှင့်ထိမ်းမြားတော်မူကြောင်း ရာဇဝင်တွင်အဆိုရှိသည်။ ယခုခေတ်တွင်ကား ပါဠိဘာသာကိုဘုန်းတော်ကြီး ကျောင်းများနှင့် တက္ကသိုလ်ကျောင်းများတွင် သာသင်ကြား လေ့လာလျက်ရှိတော့သည်။ ရှေးကလိုအားသွန်ကြိုးပမ်း လူတိုင်းမလေ့လာကြတော့ပေ။ အမှန်စင်စစ်မှာ ဗုဒ္ဓဝါဒီ ပုဂ္ဂိုလ်တိုင်းလေ့လာသင်ယူဖို့သင့်ပေသည်။ အကြောင်းမှာ မြတ်စွာဘုရားဆုံးမ ဟောပြတော်မူချက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ရန် လမ်းအသွယ်သွယ် ပိဋကတ်စာပေထဲမှာပင်ရှိပေသည်။ ပိဋကတ်စာပေဟူသည် ပါဠိဘာသာ၌တည်ဆောက်ထားပေသည်။ မြန်မာဘာသာပြန်ပြန်ပြီး ပိဋကတ် စာပေတွေရှိပါသော်လည်း ပါဠိဘာသာကိုကိုယ်တိုင်ကိုယ်ကျ တတ်သိနားလည်ပြီးသူ တစ်ယောက်ကိုယ် တိုင်လေ့လာသလောက် သဘောမပေါက်နိုင်ပေ။ ထိုပြင် မြန်မာဘာသာအတွင်းသို့လည်း သီလ သမာဓိ ပညာ စသောပါဠိဝေါဟာရများကိုတတ်နိုင် သရွေ့ထည့်သွင်း သုံးနှုန်းစေသဖြင့် ယခုအချိန်အထိပါဠိသည် မြန်မာဘာသာဟုပင် အထင်မှားလောက်အောင်တွင်ကျယ်လျက်ရှိနေပေသည်။ မြန်မာဘာသာဖြင့် ရေးသားပြုစုကြသည့် ကျမ်းစာများတွင် ထိုပါဠိဝေါဟာရတွေကိုပါ ထည့်သွင်း ရေးသားထားလေ့ရှိကြသဖြင့် ပါဠိကိုမကျွမ်းကျင်က မြန်မာဘာသာကို ထိရောက်စွာတတ်မြောက် သည်ဟု ဝန်ခံရန်ခဲယဉ်းပေသည်။

ထိုကြောင့်မြန်မာစာကို ကောင်းစွာတတ်မြောက်ရန် လိုလားသူတိုင်း ပါဠိကိုပါလေ့လာသင့်သည် ဟု ထင်မြင်သဘောရရှိပေသည်။ [၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)