သခင်မြသန်း
နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ၊ လွတ်လပ်ရေးကြိုးပမ်း အားထုတ်မှု၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲ၊ ဆိုရှယ်လစ် ရေးနှင့် ဒီမိုကရေစီရေးစသည့် လှုပ်ရှားမှုအားလုံး ဦးဆောင် ပါဝင်ခဲ့သူ၊ ထို့နောက် စာရေးဆရာတစ်ယောက်အဖြစ် ထင်ရှား ကျော်ကြားခဲ့သူ သခင်မြသန်းကို ၁၉၂၁ ခုနှစ်တွင် ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ်၊ အဖျောက်ရွာ၌ အဖ ဦးအေးရှား၊အမိ ဒေါ်ဖွားစိန်တို့မှ မွေးဖွားခဲ့၏။ ညီအစ်ကို မောင်နှမ ခြောက် ယောက်ရှိသည့်အနက် အကြီးဆုံးသား ဖြစ်သည်။
၁၉၃၈ ခုနှစ်တွင် ၁၃ဝဝ ပြည့်နှစ် အရေးတော်ပုံ မပေါ်ပေါက်မီ ဓနုဖြူအစည်းအရုံးကို သခင်မြသန်းအပါအဝင် လူငယ် ၁ဝ ဦးက စတင် ထူထောင်ခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ ပေါ်ပေါက်လာသည့်အခါ တို့ဗမာအစည်းအရုံး ဌာနချုပ် ခေါင်းဆောင် သခင်သန်းထွန်းနှင့် သခင်လှမောင် တို့က ဓနုဖြူသို့လှမ်းပြီး အသေခံဗိုလ် တောင်းသည့်အခါ သခင်မြသန်းမှ တက်ကြွစွာ စာရင်းပေးခဲ့သည်။ ထိုစဉ်က သခင်မြသန်းမှာ ၁၇ နှစ်သာ ရှိသေး၏။ သခင်သန်းထွန်းနှင့် သခင်လှမောင်တို့၏တာဝန်ပေးချက်အရ ရန်ကုန် အထွေထွေ သပိတ်ကြီးတွင် ပါဝင်ခဲ့သည်။ ၁၃ဝဝ ပြည့် အရေးတော်ပုံ ကြီးတွင် ပါဝင်ခဲ့ပြီးနောက် ဓနုဖြူသို့ ပြန်လာခဲ့သည်။ တို့ဗမာ အစည်းအရုံး ပြန်လည် ထူထောင်သည့်အခါ ဥက္ကဋ္ဌအဖြစ် သခင်ဗသိန်းက ဆောင်ရွက်ပြီး သခင်မြသန်းမှာ အတွင်းရေး မှူး ဖြစ်လာခဲ့၏။ သခင်မြသန်းသည် တို့ဗမာအစည်းအရုံး ကြီး ဌာနချုပ်ခေါင်းဆောင် သခင်များ၏ အနီးကပ် နိုင်ငံရေး ပြုစုပျိုးထောင် လမ်းညွှန်မှုများနှင့်အတူ နိုင်ငံရေးနယ်ပယ်ထဲ တွင် ဘဝကို မြှုပ်နှံခဲ့လေသည်။
၁၉၃၉ ခုနှစ်တွင် ပုဒ်မ ၁ဝ၇ နှင့် အဖမ်းခံရ၏။ ၁၉၄ဝ ပြည့်နှစ်တွင် တို့ဗမာအစည်းအရုံး သာယာဝတီညီလာခံ နှင့် ဇလွန်ညီလာခံတို့တွင် ပါဝင်လှုပ်ရှားခဲ့၏။ ဇလွန်ညီလာခံတွင် 'စစ်မကူရေး'ဆုံးဖြတ်ချက် ထောက်ခံကြောင်း အဆိုတင် သွင်းမှုကြောင့် ဗြိတိသျှအစိုးရက ကာကွယ်ရေး ဥပဒေပုဒ်မ၃၈ နှင့် ထောင်တစ်နှစ်၊ နောက်တစ်မှုဖြစ်သည့် ကာကွယ်ရေး ဥပဒေပုဒ်မ ၃၈-ကအရ ခြောက်လ၊ စုစုပေါင်း ထောင်တစ်နှစ် နှင့်ခြောက်လ ကျခံခဲ့ရသည်။ အင်းစိန်ထောင် ပြောင်းရပြီး ထောင်တွင်း၌ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်နု၊ သခင် သန်းမြိုင်၊ သခင်ခင်အောင်၊ သခင်လေးမောင်၊ သခင်ဖေဌေးတို့ နှင့်အတူ နေခဲ့ရသည်။ ၁၉၄ဝ ပြည့်နှစ်လောက်မှ စ၍ ဆောင်းပါးများ ရေးသားခဲ့၏။ သို့သော် နာမည်မထွက်ခဲ့ပေ။
၁၉၄၂ ခုနှစ်တွင် ဂျပန်များ ဝင်ရောက်လာပြီး မေလ တွင် ထောင်မှလွတ်ခဲ့၏။ ၁၉၄၅ ခုနှစ်၊ ၄၆ ခုနှစ်များတွင် ဗမာပြည် ကွန်မြူနစ်ပါတီ မြင်းခြံခရိုင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၄၈ ခုနှစ်တွင် အဖမ်းခံရ၏။ မန္တလေး ထောင်တွင် နေခဲ့ရ၏။ သခင်မြသန်းသည် သခင်နုဆီမှ ပြဇာတ်စာပေပညာကို အတုခိုး ရယူခဲ့၏။ မန္တလေးထောင်ထဲ တွင် သခင်မြသန်းသည် 'မေတ္တာရွှေရည်'ပြဇာတ် စရေးသား ပြီး ရသစာပေထဲ ခြေလှမ်း စဝင်ခဲ့သည်။ ပြဇာတ်နှင့်ပတ်သက်ပြီး မန္တလေး လူထုသတင်းစာက ဝေဖန်ချီးကျူးခြင်း ခံရ၏။ ၁၉၄၉ ခုနှစ်တွင် ထောင်မှလွတ်၏။ ထိုနှစ်မှာပင် ဒေါ်အမာနှင့် အိမ်ထောင်ကျ၏။ သားသမီးရှစ်ယောက် ထွန်း ကားခဲ့၏။ အကြီးဆုံးသားမှာ စည်သူမြသန်း (စာရေးဆရာ) ဖြစ်သည်။ သခင်မြသန်းသည် မူလပထမက သခင်နိုင်ငံရေးသမား တစ်ယောက်အဖြစ် အင်္ဂလိပ်နယ်ချဲ့ ဆန့်ကျင်ရေး၊ ဂျပန်တော်လှန်ရေးတို့တွင် ပါဝင်ခဲ့၏။ ၁၉၅ဝ ခုနှစ်နောက်ပိုင်း တွင်မှ စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ သို့သော် နိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ခဲ့သည်။
၁၉၅ဝ-၅၂ ခုနှစ်အတွင်း 'မမိုးစွေ'ဝတ္ထုကို ထုတ်ရန် ကြိုးစားနေဆဲမှာ ဆရာသခင်မြသန်းသည် 'စွယ်စုံ'ညနေ သတင်းစာတွင် အယ်ဒီတာအဖြစ် ဝင်လုပ်၏။ အယ်ဒီတာ ဘဝ အစဖြစ်သလို၊ မြန်မာစာပေလောကကို ခြေစုံပစ်ဝင်လိုက် ၏။ ၁၉၅၂ ခုနှစ်တွင် သခင်မြသန်း၏ ပထမဦးဆုံးဝတ္ထုနှင့် အကောင်းဆုံးဝတ္ထုဖြစ်သည့် မမိုးစွေဝတ္ထုကို စာအုပ်ထုတ်ဝေ ခဲ့သည်။ မြေရှင်နှင့်မြေကျွန်တို့၏ လူတန်းစားကွာဟမှုကို မီးမောင်းထိုးပြထားခြင်းနှင့် ဝိရောဓိအသွင်ဆောင်သော လူတန်းစား ပဋိပက္ခကို လှလှပပ ဖော်ကျူးထားသော ဝတ္ထုဖြစ် သည့် မမိုးဆွေဝတ္ထုတွင် စာရေးသူ သခင်မြသန်းသည် လူသားတို့ ကြုံတွေ့ရသော အဖြစ်အပျက်အမျိုးမျိုး၊ ဘဝအမျိုး မျိုးနှင့် ဒုက္ခ-သုခအမျိုးမျိုးကိုလည်း မလွတ်တမ်း ဖော်ကျူး ထားသည်။
၁၉၅၂ ခုနှစ်တွင် ဆရာဦးထင်ဖတ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် စာပြုအဖွဲ့တွင် အထွေထွေအတွင်းရေးမှူး အဖြစ် ခြောက်လ လုပ်ကိုင်ခဲ့သည်။ စွယ်စုံ ညနေသတင်းစာ၊ ပြည်သူ့တပ်ဦးဂျာနယ်၊ ရောင်နီဂျာနယ်၊ မီးပွင့်ဂျာနယ်၊ ပြည် သူ့ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူ လုပ်ကိုင်ခဲ့ သည်။ ၁၉၅၉ ခုနှစ်တွင် ပြည်သူ့ဂျာနယ် အယ်ဒီတာအဖြစ် လုပ်ကိုင်နေစဉ် ပုဒ်မ ၅ နှင့် အဖမ်းခံရ၏။ ကိုကိုးကျွန်းသို့ အပို့ခံရ၏။ ၁၉၆ဝ ပြည့်နှစ်တွင် ပြန်လွတ်၏။ သခင်မြသန်းသည် အပြင်မှာထက် ထောင်ထဲတွင် အနေများသည့် နိုင်ငံရေးသမား၊ စာရေးဆရာတစ်ဦးပင် ဖြစ်သည်။ သခင်မြသန်း၏ ဘဝတစ်လျှောက်လုံး ထောင်တွင်းနှင့် တောတွင်းမှာသာ နေထိုင်ခဲ့ရပြီး ထောင်ထဲမရောက်မီ အချိန်နှင့် ထောင်တွင်း ရှိစဉ်ကာလ (ပါလီမန်ခေတ်)တချို့၌သာ စာအုပ်အများအပြား ရေးသားခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ပြည်သူ့တိုးတက်ရေးပါတီတွင် တစ်ယောက်အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့၌ လှုပ်ရှားပါဝင်ခဲ့သည်။ ၁၉၆၇-၇၂ ခုနှစ်၊ ခြောက်နှစ်အထိ နရသိန်အကျဉ်းသား ဖြစ်ခဲ့ရ၏။ ၁၉၇၃ ခုနှစ် ထောင်မှလွတ်လာ၏။ ထို့နောက် 'ခြားနားခြင်း' လုံးချင်းဝတ္ထု စတင်ရေးသားခဲ့၏။ ကွယ်လွန်ချိန်အထိ လုံးချင်း ၁၄ အုပ် ရေးသားထုတ်ဝေနိုင်ခဲ့၏။ ထောင်မှလွတ်ပြီး ၁၉၇၃ ခုနှစ်တွင် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်၍ ခွဲစိတ်ကုသရာ အောင်မြင်ခဲ့၏။ သခင်မြသန်း ရေးသားထုတ်ဝေခဲ့သည့် 'သံမဏိသူရဲကောင်း'ဝတ္ထုမှာ တိုက်ပွဲမျိုးစုံ၊ ဒုက္ခမျိုးစုံ၊ ယုံကြည်ချက် နှင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ပုံကို ရေးသားထားရာ ဆရာ၏ စာပေမှတ်တိုင်ပင် ဖြစ်၏။
၁၉၇၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင်အူလမ်းကြောင်း တစ်လျှောက် တီဘီပိုးဝင်၍ ဘရင်ဂျီနာ ပြည်တည်နာရောဂါ ဖြင့် သေဆုံး၏။ ၁၉၅၂ ခုနှစ် 'မမိုးစွေ'ဝတ္ထု စတင်ထုတ်ဝေသည်မှ ၁၉၇၆ ခုနှစ် ကွယ်လွန်ချိန်အထိ ပင်ကိုရေး ၅၈ အုပ်၊ ဘာသာပြန် ၁ဝ အုပ်၊ နိုင်ငံရေးကျမ်း လေးအုပ်နှင့် စာပေ သဘောတရားကျမ်းငယ် နှစ်အုပ်၊ စုစုပေါင်း ၇၄အုပ်ရေးသား ထုတ်ဝေနိုင်ခဲ့သည်။ ပင်ကိုရေး ဝတ္ထုအများစုမှာ ရုပ်ရှင်ရိုက်ကူးခြင်း ခံခဲ့ရသည်။ ရုပ်ရှင်အဖြစ် ထင်ရှားသော ဝတ္ထုများမှာ မမိုးစွေ၊ စိုးပိုင်၊ ဦးကလိန်၊ ရေးစီးတစ်ခါရေ သာတစ်လှည့်၊ အပျော်ဆုံးနေ့၊ ငုပ်မိသဲတိုင်၊ ရန်သူ့ကြော့ကွင်း စသည်တို့ ဖြစ်သည်။
ကွယ်လွန်ချိန်တွင် ဇနီးဒေါ်အမာနှင့် သားသမီး ရှစ်ယောက် ကျန်ရစ်ခဲ့၏။
ရေးသားထုတ်ဝေခဲ့သည့်စာအုပ်များ
ပြင်ဆင်ရန်၁။ မမိုးစွေ-(ပဉ္စမအကြိမ်ရှိ)၊ ၂။ ပဋိပက္ခ-(တတိယ အကြိမ်ရှိ)၊ ၃။ ချစ်ရိပ်သာယာ-(ဒုတိယအကြိမ်ရှိ)၊ ၄။ အမျိုးသားရေးဝါဒနှင့် လူမျိုးစုံသွေးစည်းရေးဝါဒ (ဒုတိယ အကြိမ်ရှိ)၊ ၅။ ယနေ့လကျာ် ဆိုရှယ်ဒီမိုကရက်များ-(ဒုတိယ အကြိမ်ရှိ)၊ ၆။ လူ့ဘောင်-(ဒုတိယအကြိမ်ရှိ)၊ ၇။ မေတ္တာ ရွှေရှည်-(ဒုတိယအကြိမ်ရှိ)၊ ၈။ ကြုံရဆုံရဘုံဘဝ-(ဒုတိယ အကြိမ်ရှိ)၊ ၉။ သွေးနဲ့မြေဆီ-(ဒုတိယအကြိမ်ရှိ)၊ ၁ဝ။ သံမဏိသူရဲကောင်း-(တတိယအကြိမ်ရှိ)၊ ၁၁။ ရင်မြေကထုတ်(ပ)အကြိမ်ရှိ၊ ၁၂။ စိုးပိုင် (ဒုတိယအကြိမ်ရှိ)၊ ၁၃။ ဘဝသစ္စာ-(တတိယအကြိမ်ရှိ)၊ ၁၄။ လာလော့ချစ်သူ (ဒုတိယအကြိမ်ရှိ)၊ ၁၅။ မြေအောက်တော်လှန်ရေး (ဒုတိယအကြိမ်)တွင် ဘက် တော်သားစစ်ပွဲ အမည်ဖြင့်ထုတ်)၊ ၁၆။ စစ်သည်တော် (ဒုတိယအကြိမ်တွင် ပြည်သူ့စစ်သည် အမည်ဖြင့်ထုတ်၊၁၇။ ဧရာဝတီ (ဒုတိယအကြိမ်)၊ ၁၈။ ဦးကလိန်(ဒုတိယ)၊ ၁၉။ ဆင်းရဲချမ်းသာ(ဒုတိယ)၊ ၂ဝ။ ရေစီးတစ်ခါရေသာတစ်လှည့် (ဒုတိယ)၊ ၂၁။ ရွှေညာမြေ(ဒုတိယ)၊ ၂၂။ ကိုရွှေမိုး(ဒုတိယ)၊ ၂၃။ ထိပ်ဆုံးကလူ(ဒုတိယ)၊ ၂၄။ သည်မိုးသည်လေ(ဒုတိယ)၊ ၂၅။ မီးလျှံ(ဒုတိယ)၊ ၂၆။ ယမင်းရွှေစင်(ဒုတိယအကြိမ်တွင် ရွှေသားရုပ်သွင် အမည်ဖြင့်ထုတ်)၊ ၂၇။ သိန်းသန်းကုဋေ (ဒုတိယ)၊ ၂၈။ ပျို့မောင်ကြီး(ဒုတိယ)၊ ၂၉။ အပျော်ဆုံးနေ့ (ဒုတိယ)၊ ၃ဝ။ ငုပ်မိသဲတိုင်(တတိယအကြိမ်)၊ ၃၁။ ဆန္ဒ (ဒုတိယ)၊ ၃၂။ ညောင်ညိုစခန်း(ဒုတိယ)၊ ၃၃။ ရန်သူ့ကျော့ ကွင်း(ပ)၊ ၃၄။ နှစ်ကျွန်းပြန်သံမဏိနှစ်ဦး(ပ)၊ ၃၅။ မေတ္တာ ကန်သာထဲဝယ်(ဒုတိယ)၊ ၃၆။ အိပ်မက်နိုင်ငံ(ပထမ)၊ ၃၇။ ပျော်သလိုသာနေ(ဒုတိယ)၊ ၃၈။ မာန်ဟုန်(ဒုတိယ)၊ ၃၉။ ခါတရံဝယ်(ဒုတိယ)၊ ၄ဝ။ သည်နေဝင်လေရာ(ဒုတိယ)၊ ၄၁။ လည်သူစားတမ်း(တတိယ)၊ ၄၂။ လူမိုက်(ဒုတိယ)၊ ၄၃။ တစ်နေ့တွေ့မယ်(ဒုတိယ)၊ ၄၄။ ဧကရီ(ပ)၊ ၄၅။ ပဒေသာခေတ်သို့(ပ)၊ ၄၆။ ပြုံးလို့နေမည်(ဒုတိယ)၊ ၄၇။ အထူးကိစ္စ(ပထမ)၊ ၄၈။ မြိုင်ကြီး(ပထမ)၊ ၄၉။ လူတစ်မျိုး (ပထမ)၊ ၅ဝ။ ကြယ်ပြောင်အောက်ဝယ်(ပထမ)၊ ၅၁။ ရှေ့ သို့တစ်လှမ်း(ပထမ)၊ ၅၂။ အဟောင်းနဲ့အသစ်(ဒုတိယ)၊ ၅၃။ ဥက္ကဋ္ဌမော်နဲ့အတူ ချီတက်ခဲ့စဉ်က(ပထမ)၊ ၅၄။ သာတဲ့ အခါသာပါလိမ့်မည်(ဒုတိယ)၊ ၅၅။ စာနာပါသည်(ဒုတိယ)၊ ၅၆။ ဘဝအတွေ့အကြုံ(ပထမ)၊ ၅၇။ စာပေပြဿနာ(ပထမ)၊ ၅၈။ စာပေနှင့်လူမှုလက်တွေ့(ပထမ)၊ ၅၉။ ခြားနားခြင်း (ပထမ)၊ ၆ဝ။ စိန်ခေါ်ခြင်း(ပထမ)၊ ၆၁။ ခြိမ့်ခြိမ့်သဲသဲ (ပထမ)၊ ၆၂။ ဘယ်သူဆိုးသလဲ(ပထမ)၊ ၆၃။ သူပင်ရှူးရော့ သလား(ပထမ)၊ ၆၄။ ကျွန်တော်လူဆိုး သူလူရိုး(ပထမ)၊ ၆၅။ မိုးနတ်မောင်လား၊ လူကြောင်လား(ပထမ)၊ ၆၆။ သင့် ကိုလိုသည်(ပထမ)၊ ၆၇။ ရောင်နီဦးဆီမျှော်လိုက်သည်(ပထမ)၊ ၆၈။ အနာဂတ်ရောင်ခြည် ထွန်းပြောင်သည်(ပထမ)၊ ၆၉။ ကယ်တင်ရှင်ကစောင်မခြင်း(ပထမ)၊ ၇ဝ။ သားတို့ရုပ်ရည် (ပထမ)၊ ၇၁။ သူ့နာမည်ကိုလူချော(ပထမ)၊ ၇၂။ ဦးသူ တော်နဲ့ကိုသစ္စာ(ပထမ)၊ ၇၃။ ဒို့အမျိုးသားတိုင်းပြည်(တတိယ အကြိမ်)၊ ၇၄။ တကယ့်လူ (သခင်မြသန်း ကွယ်လွန်ပြီးမှ ထွက်သည်တို့ ဖြစ်ကြ၏။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ သုတေသီ ရေး ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ