မြန်မာ့ရှေးရာဇဝင်များ၌ သတ္တဝါကြီးလေးကောင် ဆိုသည်မှာ သမုဒ္ဒရာဇ်မင်းလက်ထက်တွင် ပြည်သူအများကို အန္တရာယ်ပြုသော ငှက်ကြီး၊ ဝက်ကြီး၊ ကျားကြီးနှင့် ရှူးပျံကြီး ဟူသော သတ္တဝါကြီးများကို ရည်ညွှန်းဖော်ပြခြင်းဖြစ်သည်။ ထိုသတ္တဝါကြီးလေးကောင်ပေါ်လာမည့်ကြောင်းကို ဗုဒ္ဓဘုရားရှင် အထင်အရှားရှိစဉ်ကပင် ဗျာဒိတ်ပေးတော်မူခဲ့ကြောင်း ရာဇဝင်ပုံပြင်က ဤသို့ဆိုခဲ့၏။

နောက်ခံ ပြင်ဆင်ရန်

ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က မဇ္ဈိမဒေသမှနေ၍ နောင်ကာလ၌ "ပုဂံပြည်ကြီး"ဟူ၍ ပေါ်ထွန်းလာမည့်ဒေသသို့ ဒေသစာရီကြွချီမူခဲ့စဉ် ဘုရားရှင်သည် တန့်ကြည်တောင်ထိပ်သို့ရောက်သော် ရပ်၍ကြည့်တော်မူရာ တောင်ကမ်းပါးရှိ ပေါက်ပင်ထိပ်ဖျားတွင်နားနေသော ဥဗျိုင်းဖြူနှင့် ကျီးမည်း၊ ပေါက်ပင်ခွကြားတွင် လျှာနှစ်ခွဖြင့်ဖွတ်၊ ပေါက်ပင်ရင်း၌ ဝပ်နေသောဖားငယ် စသည့်သတ္တဝါလေးကောင်ကို တွေ့မြင်တော်မူသောအခါ ဘုရားရှင်က ပြုံးတော်မူ၏ ။ အရှင်အာနန္ဒာက သိလို၍ မေးမြန်းရာ ဘုရားရှင်က သူပရိနိဗ္ဗာန်ပြပြီး (၆၁၅) နှစ်လွန်လျှင် ဤနေရာ၌ တိုင်းပြည်ကြီးတစ်ခုဖြစ်မည်၊ ဗျိုင်းနှင့် ကျီး အပင်ထိပ်၌ နားသောကြောင့် အလှူအတန်း၊ လူဦးရေများပြားမည်၊ ဖွတ်ကောင် သစ်ပင်ခွ၌ ရှိသောကြောင့် ထိုပြည်ရှိသူများသည် စိုက်ပျိုးရေးမလုပ်ဘဲ ကုန်သည်အလုပ်ဖြင့် အသက်မွေးကာ မမှန်သောစကားပြောကြသည်ဖြစ်၍ သစ္စာမှားယွင်းမည်၊ ဖားငယ် ဝပ်သောကြောင့် ဖားကဲ့သို့ ဝမ်းရေးအဆင်ပြေကာ သာယာကြမည်ဟု ပြန်လည်မိန့်ကြားခဲ့သည်။ ထို့အပြင် ထိုပြည်ကို တည်ထောင်သော ဘုရင်လက်ထက်၌ ငှက်ကြီး၊ ဝက်ကြီး၊ ကျားကြီး၊ ရှူးပျံကြီး တို့သည်လည်း မင်းမူဆိုးသွမ်းကြကာ ထိုသတ္တဝါကြီးလေးကောင်ကို နှိမ်နင်းမည့်သူမှာ ဖခင် နေနတ်သား၊ မိခင် နဂါး မှ သက်ဆင်းလာသူက ဖြိုခွင်းသုတ်သင်မည်ဟူ၍လည်း ပြောကြားခဲ့သည်။

သူရဲကောင်း ပျူစောထီး ပြင်ဆင်ရန်

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပျူစောထီး
 
ပျူစောထီးက ရှူးပျံငှက်ကြီးအား ပစ်ခတ်နေပုံကို ပန်းချီဆရာတစ်ဦးက စိတ်မှန်းရေးဆွဲထားပုံ

ပျူစောထီး အသက် (၁၆) သို့ရောက်သောအခါ ဖခင်ဖြစ်သူ နေမင်းသားက အလုံးစုံကို အောင်နိုင်သည့်အစွမ်းရှိသော လေးနှင့်မြားကို ပေးခဲ့သည်။ ထိုလေးမြားကို စမ်းသပ်ချင်သောကြောင့် တောကိုဝင်ခဲ့သည်။ တောသို့မဝင်မီ ၎င်းကို စောင့်ရှောက်သော ပျူအိုလင်မယားက သတင်းစကားအသိပေးခဲ့သည်။ ထိုစကားမှာ အရှေ့အရပ်တွင် ဝက်ကြီးနှင့်နောက်လိုက်ငါးရာ၊ တောင်အရပ်တွင် ကျားကြီးနှင့်နောက်လိုက်ငါးရာ၊ အနောက်ဘက်၌ ငှက်ကြီးနှင့် နောက်လိုက်ငါးရာ၊ မြောက်ဘက်၌ ရှူးပျံကြီးနှင့် နောက်လိုက်ငါးရာတို့ရှိကာ ဘုရင်မင်းမြတ်သည်ပင် ၎င်းတို့ကို ၎င်းတို့နှစ်သက်သော အရာများပေးအပ်နေရသည်မှာ (၁၂) နှစ်ရှိပြီဖြစ်ကြောင်း အသိပေးပြောဆိုခဲ့သည်။ ထို့နောက် ပျူစောထီးက ထိုနေရာများသို့သွား၍ တစ်ကောင်ခြင်းသုတ်သင်ခဲ့သည်။ ရန်သူများ သေဆုံးကြောင်း သီတင်းကြားသောအခါ ဘုရင်လည်း ဝမ်းသာစွာဖြင့် ပျူစောထီးရှိရာသွား၍ ၎င်း၏ မျိုးရိုးအကြောင်း မေးသော် သိရှိသဖြင့် ၎င်း၏သမီးတော် စန္ဒာဒေဝီကိုပေး၍ အိမ်ရှေ့မင်းဖြစ်စေခဲ့သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးကုလား (၂၀၀၆)။ မဟာရာဇဝင်ကြီး (ပထမတွဲ)။ ရာပြည့်စာအုပ်တိုက်။ pp. ၁၃၄-၁၃၆။