လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေ

(၂ဝ၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၉။)

၁၃၇၅ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်)

နိဒါန်း ပြင်ဆင်ရန်

နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်းဆိုင်ရာ အချက်အလက်များကို တိကျမှန်ကန်စွာ ရရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူခြင်း၊ ယင်းသို့ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကောက်ယူခြင်းနှင့် ယင်းစာရင်း ဇယားများကို အခြေခံ၍ နိုင်ငံတော်၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စများတွင် အကျိုးရှိစွာ အသုံးချခြင်းတို့ ပြုနိုင်ရန် ပြည်ထောင်စု လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက် ပြင်ဆင်ရန်

၁။ ဤဥပဒေကို လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေဟု ခေါ်တွင်စေ ရမည်။

၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-


(က)အစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့ကို ဆိုသည်။

(ခ)သန်းခေါင်စာရင်း ဆိုရာတွင် လူ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်း ဆိုင်ရာ အချက်အလက်များ ပါဝင်သည်။

(ဂ)အဆောက်အအုံ ဆိုရာတွင် လူနေထိုင်ရာ နေရာ၊ တိရစ္ဆာန်ထားရာ နေရာ၊ ပစ္စည်းထားရာနေရာနှင့် အလုပ်လုပ်ရာ နေရာတို့ ပါဝင်သည်။

(ဃ)အိမ်ထောင်ဦးစီး ဆိုသည်မှာ ဤဥပဒေပါ ကိစ္စအလို့ငှာ အိမ်ထောင်စု အတွက် ဦးစီးတာဝန်ယူရသူကို ဆိုသည်။

(င)စာရင်းကောက် ဆိုသည်မှာ သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသော စာရင်းကောက် နယ်နိမိတ်အတွင်း တစ်အိမ် တက်ဆင်း သွားရောက်ပြီး ပုံစံပါ မေးခွန်းများကို မေးမြန်း၍ ပုံစံ ရေးသွင်းသူကို လည်းကောင်း၊ ပုံစံနှင့်ရေးသွင်းနည်း ညွှန်ကြားချက်များကို အိမ်ထောင်စုတိုင်းသို့ ကြိုတင်ဝေငှထားပြီး အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စု၏ တာဝန်ရှိသူ အိမ်ထောင်စုဝင်များ ကိုယ်တိုင် အဖြေများကို ရေးသွင်းစေ၍ ယင်းပုံစံများကို ပြန်လည်သိမ်းဆည်းသူကို လည်းကောင်း ဆိုသည်။

(စ)စာရင်းစစ် ဆိုသည်မှာ သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသော ဒေသအတွင်း စာရင်းကောက် များကို ကြီးကြပ် စစ်ဆေးသူကို ဆိုသည်။

(ဆ)ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ဆိုသည်။

(ဇ)ဝန်ကြီး ဆိုသည်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးကို ဆိုသည်။

(ဈ)တာဝန်ရှိသည့် အဖွဲ့အစည်း ဆိုသည်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အား ဦးစီးဌာနကို ဆိုသည်။

အခန်း(၂)သန်းခေါင်စာရင်း ကောက်ယူခွင့် ပြင်ဆင်ရန်

၃။ အစိုးရအဖွဲ့သည်-

(က)မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်စေ၊ တစ်စိတ်တစ်ဒေသတွင် ဖြစ်စေ သန်းခေါင်စာရင်း ကောက်ယူနိုင်သည်။

(ခ)သန်းခေါင်စာရင်း ကောက်ယူရန် ခက်ခဲသော နေရာဒေသများအတွက် ကောက်ယူနိုင်မည့် နည်းလမ်းများကို လေ့လာ သုံးသပ်၍ အသင့်လျော်ဆုံး နည်းဖြင့် ကောက်ယူနိုင်သည်။

၄။ သန်းခေါင်စာရင်း ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရန်အတွက် ကုလသမဂ္ဂ စာရင်းအင်း ကော်မရှင်က ကမ္ဘာတစ်ဝန်း အတည်ပြု သတ်မှတ်ထားသော မူများ၊ အကြံပြုချက်များကို ထည့်သွင်းဆောင်ရွက် ရမည်။

အခန်း(၃)ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ယင်း၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပြင်ဆင်ရန်

၅။ အစိုးရအဖွဲ့သည် ပုဒ်မ ၃ အရ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ကို ဖွဲ့စည်းရမည်။

၆။ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သော ဒုတိယသမ္မတ တစ်ဦးသည် ဗဟို သန်းခေါင်စာရင်းကော်မရှင်၏ နာယကဖြစ်သည်။

၇။ အစိုးရအဖွဲ့သည် အောက်ပါပုဂ္ဂိုလ်များဖြင့် ဗဟိုသန်းခေါင်း စာရင်းကော်မရှင်ကို ဖွဲ့စည်းရမည်-

(က)ပြည်ထောင်စုဝန်ကြီး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန

ဥက္ကဋ္ဌ

(ခ)သက်ဆိုင်ရာ ဝန်ကြီးဌာနမှ

ပြည်ထောင်စုဝန်ကြီးများ

ဒုတိယဥက္ကဋ္ဌ နှစ်ဦး

(ဂ)သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ဆက်စပ် ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများ

အဖွဲ့ဝင်များ


(ဃ)ဒုတိယဝန်ကြီး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန


အတွင်းရေးမှူး

၈။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)သန်းခေါင်စာရင်း ကောက်ယူရန် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်း ကောက်ခြင်း၊ စာရင်းပြုစုခြင်းနှင့် စာရင်း ထုတ်ပြန်ခြင်းတို့ ပါဝင်သော သန်းခေါင်စာရင်း လုပ်ငန်းတစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရန် အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီ ဦးဆောင်မှု ပေးခြင်း၊

(ခ)သန်းခေါင်စာရင်း ကောက်ယူရေးအတွက် တာဝန်ရှိသည့် အဖွဲ့အစည်းက တင်ပြသည့် အသေးစိတ် အစီအစဉ်နှင့် ညွှန်ကြားချက်များကို အတည်ပြုခြင်း၊

(ဂ)သန်းခေါင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(ဃ) ဗဟိုသန်းခေါင်စာရင်း ကော်မတီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင်ရ ဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ သို့မဟုတ် ကျေးရွာ အုပ်စု သန်းခေါင်စာရင်း ကော်မတီများကို ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်း တာဝန်များကို သတ်မှတ်ခြင်း၊

(င)သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအောင်မြင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ခြင်း။

၉။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က)သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် မည်သည့်ရုံး၊ ဌာန၊ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ် လုပ်ငန်းတို့ကို မဆို တာဝန် ပေးအပ်ခြင်း၊

(ခ)သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ အများပြည်သူအား ပညာပေးခြင်း၊ စည်းရုံးခြင်းနှင့် လှုပ်ရှား ဆောင်ရွက်ခြင်း၊

(ဂ)သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရန် စာရင်းစစ်များနှင့် စာရင်းကောက်များကို ခန့်အပ် တာဝန်ပေးခြင်းနှင့် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်း၊

(ဃ)သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

(င)ပုဒ်မခွဲ (ဃ) ပါ ဌာန၊ အဖွဲ့အစည်းများမှ လိုအပ်သော နည်းပညာနှင့် ကူညီထောက်ပံ့မှုများ ရယူ၍ စီမံခန့်ခွဲခြင်း၊ အသုံးပြုခြင်းနှင့် ရန်ပုံငွေ တစ်ရပ် ထူထောင်ခြင်း။

အခန်း(၄)သန်းခေါင်စာရင်း ကောက်ယူခြင်း ပြင်ဆင်ရန်

၁ဝ။ ဝန်ကြီးသည် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန် ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို သန်းခေါင်စာရင်း တာဝန်ခံအဖြစ် ခန့်အပ်ရမည်။

၁၁။ သန်းခေါင်စာရင်း တာဝန်ခံအရာရှိသည်-

(က)သန်းခေါင်စာရင်းမှ ရရှိထားသော အချက်အလက်များကို ဆောလျင်စွာ ထုတ်ပြန် ကြေညာရမည်။

(ခ)မေးခွန်းပုံစံများကို လက်ခံခြင်း၊ စာရင်းဇယားများပြုစုခြင်း၊ အချက်အလက်များ သိမ်းဆည်းခြင်းနှင့် အစီရင်ခံစာများ ပုံနှိပ်ဖြန့်ဝေခြင်းတို့ကို ကြီးကြပ်ရမည်။

(ဂ)ပုဒ်မခွဲ (ခ) အရ ပြုစုထားသော အစီရင်ခံစာများတွင် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၏ ကိုယ်ရေး အကြောင်းအရာကို ဖော်ထုတ်ခြင်း မရှိစေရန် ကာကွယ်ရမည်။

၁၂။ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင်-

(က)သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များသည် တာဝန်ကျရာဒေသ၌ အဆောက်အအုံ များ အတွင်းသို့ သတ်မှတ်ချိန် အတွင်း ဝင်ရောက်ခွင့်နှင့် အဆောက်အအုံများတွင် လိုအပ်သည့် အမှတ်အသား များကို ပြုလုပ်ခွင့်ရှိသည်။

(ခ)စာရင်းကောက်က သတ်မှတ်ထားသော ဒေသအတွင်းရှိ ပြည်သူများအား သတ်မှတ်ထားသော မေးခွန်းများ မေးမြန်းခြင်းနှင့် သတ်မှတ်ထားသော စာရင်းပုံစံများတွင် ဖြည့်သွင်းစေခြင်းများ ဆောင်ရွက်ရာ၌ မေးခွန်း မေးမြန်းခြင်း ခံရသူသည် မှန်ကန်စွာ ဖြေဆိုရန်နှင့် ဖြေကြားချက်များကို စာရင်းပုံစံများတွင် မှန်ကန်စွာ ဖြည့်သွင်းရန် တာဝန်ရှိသည်။

(ဂ)မေးခွန်းကို ဖြေဆိုသူသည် အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စု၏ တာဝန်ရှိသူ အိမ်ထောင်စုဝင် ဖြစ်ရမည်။

၁၃။ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သန်းခေါင်စာရင်း ကောက်ယူရန် အလို့ငှာ စာရင်းစစ်များနှင့် စာရင်းကောက်များကို ခန့်အပ် တာဝန်ပေးရာတွင် သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများမှ အောက်ပါပုဂ္ဂိုလ်များနှင့် ညှိနှိုင်း၍ စာရင်းစစ်များနှင့် စာရင်းကောက်များ အဖြစ် ခန့်အပ် တာဝန်ပေးနိုင်သည်-

(က)တပ်ရင်းတပ်ဖွဲ့ ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းထောင်၊ ဆေးရုံ၊ စက်ရုံ၊ အလုပ်ရုံများ၏ တာဝန်ရှိသူ၊

(ခ)လူမှုရေး၊ ဘာသာရေးနှင့် ပညာရေးဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ တာဝန်ရှိသူ၊

(ဂ)ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာ၊ တည်းခိုခန်း၊ စုပေါင်းအိမ်ရာ၊ စုပေါင်းပိုင် အဆောက်အအုံ၊ အဆောင်၊ အသင်းအဖွဲ့ပိုင် အဆောက်အအုံ စသည်တို့၏ တာဝန်ခံ သို့မဟုတ် မန်နေဂျာ၊

(ဃ)စီးပွားရေးလုပ်ငန်းများ၏ တာဝန်ခံ သို့မဟုတ် မန်နေဂျာ။

အခန်း(၅)တားမြစ်ချက်များ ပြင်ဆင်ရန်

၁၄။ သန်းခေါင်စာရင်း ကောက်ယူထားသော အချက်အလက်များနှင့် စပ်လျဉ်းသည့် စာရွက်စာတမ်းနှင့် စာအုပ်များကို သန်းခေါင်စာရင်း ကောက်ယူရန် တာဝန်ရှိသူမှအပ မည်သူမျှ စစ်ဆေးခြင်း သို့မဟုတ် ကူးယူသိမ်းဆည်းခြင်း မပြုရ။

၁၅။ ဤဥပဒေအရ သန်းခေါင်စာရင်း ကောက်ယူသည့် အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စမှတစ်ပါး အခြား မည်သည့် ကိစ္စအတွက်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုရ။

၁၆။ မည်သူမျှ-

(က)ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က) အရ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့၊ စာရင်းစစ်များနှင့် စာရင်းကောက်များက သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းအတွက် အဆောက်အအုံ အတွင်းသို့ သတ်မှတ်ချိန်အတွင်း ဝင်ရောက်ခြင်းနှင့် အဆောက်အအုံများတွင် လိုအပ်သည့် အမှတ်အသားများ ပြုလုပ်ခြင်းကို နှောင့်ယှက်ခြင်း သို့မဟုတ် ဟန့်တားခြင်း မပြုရ။

(ခ)ပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ) အရ မေးမြန်းသော မေးခွန်းများ ဖြေဆိုရန်နှင့် သတ်မှတ်ထားသော မေးခွန်းပုံစံတွင် ဖြည့်သွင်းရန် ငြင်းဆိုခြင်း၊ သိလျက် နှင့်မှားယွင်းစွာ ဖြေဆိုခြင်း သို့မဟုတ် မှားယွင်းစွာ ဖြည့်သွင်းခြင်း မပြုရ။

(ဂ)သန်းခေါင်စာရင်း ကောက်ယူသည့်အခါ မမှန်မကန် ဖြေဆိုစေရန် မေးခွန်းဖြေဆိုမည့်သူအား တိုက်တွန်းခြင်း၊ ခြိမ်းခြောက်ခြင်း သို့မဟုတ် သွေးဆောင် ဖြားယောင်းခြင်း မပြုရ။

၁၇။ မည်သည့် စာရင်းစစ် သို့မဟုတ် စာရင်းကောက်မျှ-

(က)သန်းခေါင်စာရင်း ကောက်ယူရေးနှင့် စပ်လျဉ်းသည့် ပေးအပ်သော လုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ငြင်းဆိုခြင်း သို့မဟုတ် ပျက်ကွက်ခြင်း မရှိရ။

(ခ)သန်းခေါင်စာရင်း ကောက်ယူရာတွင် သတ်မှတ်ထားသော မေးခွန်းပုံစံတွင် မပါဝင်သော မေးခွန်းကို မေးမြန်းခြင်း မပြုရ။

(ဂ)သန်းခေါင်စာရင်း ကောက်ယူရာတွင် သိရှိရသော တစ်ဦးတစ်ယောက်၏ ကိုယ်ရေး အကြောင်းအရာကို ထုတ်ဖော်ခြင်း မပြုရ။

၁၈။ မည်သူမျှ စာရင်းကောက်အဖြစ် အယောင်ဆောင်ခြင်း မပြုရ။

အခန်း(၆)ပြစ်မှုနှင့် ပြစ်ဒဏ်များ ပြင်ဆင်ရန်

၁၉။ မည်သူမဆို ပုဒ်မ ၁၄၊ ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၆ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

၂ဝ။ မည်သည့် စာရင်းစစ် သို့မဟုတ် စာရင်းကောက်မဆို ပုဒ်မ ၁၇ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၂၁။ မည်သူမဆို ပုဒ်မ ၁၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်ငါးသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။

အခန်း(၇)အထွေထွေ ပြင်ဆင်ရန်

၂၂။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော အကူအညီပေးနိုင်စွမ်းရှိသူတိုင်းသည် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းတွင် ကူညီ ဆောင်ရွက်ရန် တာဝန်ရှိသည်။

၂၃။ ဤဥပဒေအရ ဖွဲ့စည်းသော ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင် စာရင်း ကော်မတီတို့သည် ဤဥပဒေမပြဋ္ဌာန်းမီ အစိုးရအဖွဲ့က ဖွဲ့စည်းခဲ့သော ဗဟိုသန်းခေါင် စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်း ကော်မတီတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်ခံ ဆောင်ရွက်ရမည်။

၂၄။ ဗဟို သန်းခေါင်စာရင်း ကော်မရှင်အဖွဲ့ဝင်၊ ဗဟိုသန်းခေါင်စာရင်း ကော်မတီဝင်၊ သန်းခေါင်စာရင်း ကော်မတီအဆင့်ဆင့်၏ ကော်မတီဝင်၊ စာရင်းစစ်၊ စာရင်းကောက်နှင့် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် တာဝန်ပေးအပ်ခြင်းခံရသော ပုဂ္ဂိုလ် များကို တာဝန် ထမ်းဆောင်ချိန်တွင် ပြည်သူ့ဝန်ထမ်းအဖြစ် သတ်မှတ်သည်။

၂၅။ အစိုးရအဖွဲ့သည် သန်းခေါင်စာရင်း ကောက်ယူရန်လိုအပ်သော ရုံးဝန်ထမ်း အဖွဲ့များကို ဖွဲ့စည်းပေးနိုင်သည်။

၂၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-

(က)ဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။

(ခ)ဝန်ကြီးဌာနနှင့် ဗဟို သန်းခေါင်စာရင်း ကော်မရှင်တို့သည် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၂၇။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။

(ပုံ) သိန်းစိန်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်[၁]

ကိုးကား ပြင်ဆင်ရန်

  1. http://www.president-office.gov.mm/hluttaw/law/2013/07/31/id-3932[လင့်ခ်သေ]