ဒေါ်သိန်းရှင်သည် ပထမဆုံး မြန်မာ ကာတွန်းဆရာမ ဖြစ်သည်။ ရယ်ရွှင်ဖွယ်ဖြစ်အောင် အချိုးအစားပြောင်းလဲ၍ ရေးဆွဲထားသော ကာတွန်းကို အမျိုးသားများသာ ရေးဆွဲလေ့ရှိသော်လည်း အမျိုးသားများနှင့် ပခုံးချင်းယှဉ်၍ ရေးဆွဲခဲ့သော မြန်မာ့ ပထမဆုံးကာတွန်းဆရာမမှာ ဒေါ်သိန်းရှင် ဖြစ်သည်။ ဒေါ်သိန်းရှင်ကို ၁၉၀၆−ခုနှစ်တွင် တနင်္သာရီတိုင်းထားဝယ်မြို့၌ အဖ မီးပုံးပျံ ဦးကျော်ရင်နှင့် အမိ ဒေါ်မမတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း ဆယ်ယောက်အနက် တတိယသမီး ဖြစ်သည်။ စာရေးဆရာ ထားဝယ်ကျော်မင်းနှင့် ကာတွန်းဆရာ ကျော်ဆန်း(က.ဆ)သည် အစ်ကိုများဖြစ်သည်။

ဒေါ်သိန်းရှင်
ပထမဆုံး မြန်မာ ကာတွန်းဆရာမ ဒေါ်သိန်းရှင်
မွေးဖွား၁၉၀၆
တနင်္သာရီတိုင်းထားဝယ်မြို့
ကွယ်လွန်၁၉၆၆ (အသက် ၅၉–၆၀)
ထားဝယ်မြို့
ကျော်ကြားမှုအရင်းခံပထမဆုံး မြန်မာ ကာတွန်းဆရာမ
မိဘ(များ)မီးပုံးပျံ ဦးကျော်ရင်၊ ဒေါ်မမ

ဒေါ်သိန်းရှင်သည် ထားဝယ်မြို့တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်ယူနီဗာစီတီ ကောလိပ်သို့ တက်ရောက်ပညာ ဆည်းပူးခဲ့သည်။ ပညာသင်ယူနေစဉ် ၁၉၂၉-ခုနှစ်ထုတ် ကောလိပ်မဂ္ဂဇင်းတွင် ကာတွန်းများ စတင်ရေးဆွဲခဲ့သည်။ ၁၉၃၀-ပြည့်နှစ်ထုတ် ကောလိပ်မဂ္ဂဇင်းများ၌လည်း ဒေါ်သိန်းရှင်၏ ကာတွန်းများ ပါရှိသည်။

ထိုစဉ် ကာတွန်းဆရာကြီးဦးဟိန်စွန်းလည်း ကောလိပ်၌ ပညာသင်ယူဆဲဖြစ်ရာ ကောလိပ်စက္ကတေရီ အဖြစ်လုပ်ဆောင်ရင်း ကောလိပ်မဂ္ဂဇင်း၌ ကာတွန်းများ ရေးဆွဲဖြစ်ခဲ့သည်။ အဆိုပါ ကောလိပ်မဂ္ဂဇင်းတွင် ပါဝင်သော ကာတွန်းများမှာ ကျောင်းတွင်းရေးရာများသာ ဖြစ်သည်။ ကျောင်းသားများက ကျောင်းသူများကို ခနဲ့၍ ကာတွန်းပုံများ ရေးကြသည်။ ဤတွင် ဒေါ်သိန်းရှင်က ကျောင်းသားများကို ပြန်ခနဲ့သော ကာတွန်းများကို ရေးဆွဲခဲ့သည်။

ဒေါ်သိန်းရှင်သည် အိုင်အေ (ဥပဇာဝိဇ္ဇာ) အထက်တန်းထိ ပညာသင်ယူပြီးနောက် နေရှင်နယ်ကျောင်း၌ ဆရာမအဖြစ် အမှုထမ်းခဲ့သည်။ ဖခင်ဖြစ်သူ ဦးကျော်ရင်သည် အစိုးရအထက်တန်းကျောင်းမှ ပုံဆွဲဆရာအဖြစ် အငြိမ်းစားယူပြီးသောအခါ ဒေါ်သိန်းရှင်သည် အစိုးရအထက်တန်းကျောင်းသို့ ပြောင်း၍ ပုံဆွဲဆရာမအဖြစ် အမှုထမ်းခဲ့သည်။ သို့ဖြင့် ဒေါ်သိန်းရှင်သည် ပထမအမျိုးသမီး ကာတွန်းလက်ရာရှင် ဖြစ်သည့်အပြင် အစောဆုံး အမျိုးသမီး ပုံဆွဲဆရာလည်း ဖြစ်သည်။

ကျောင်းများ၌ ပုံဆွဲသင် ဆရာများသည် တပည့်များအား မြန်မာ့ရိုးရာ ဒီဇိုင်း၊ လူပုံ၊ ရှူမျှော်ခင်းပုံ၊ အရာဝတ္ထုပုံနှင့် နီးဝေးမြင် စနစ်များကို သင်ကြားပြသခဲ့ကြသည်။ ဒေါ်သိန်းရှင်လည်း ပုံဆွဲအရည်အသွေး ပြည့်ဝသည့်အလျောက် ပုံဆွဲဆရာမအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။

ဖခင် မီးပုံးပျံဦးကျော်ရင်သည်လည်း ထားဝယ်မြို့အနောက်ဘက် (၇)မိုင်ခန့် အကွာရှိ ပန်းဒလဲရွာ ဇာတိဖြစ်ပြီး ငယ်စဉ်က ရွာဘုန်းတော်ကြီး ကျောင်း၌ ပညာသင်ကြားခဲ့သည်။ ထိုစဉ်က ကျောင်းနေဘက်သား ဆရာကျော်နှင့် အထူးဘားကျွမ်း အတတ်ကိုပါ လေ့လာလိုက်စားခဲ့သည်။ ဦးကျော်ရင်သည် ဘားကျွမ်းပညာကို သာမက နပန်း၊ အလေးမ၊ ပြေးခုန်ပစ် စသည့်အားကစားဘက်၌လည်း ထူးချွန်သည်။ ၁၉၂၉-ခုနှစ်မှစ၍ မီးပုံးပျံစီးခဲ့သဖြင့် မီးပုံးပျံဦးကျော်ရင်ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ဘားကျွမ်းဆရာကျော်မှာ ဘားမယ်ကြွေ ၏ ဆရာရင်းဖြစ်သည်။ ဒေါ်သိန်းရှင်လည်း ငယ်စဉ်ကပင် ဘားကျွမ်းအတတ်တွင် စိတ်ဝင်စားခဲ့သည့်အလျောက် မယ်ကြွေနှင့်အတူ လေ့ကျင့်သင်ကြားခဲ့ရာ ကြိုးတန်းလျှောက်ခြင်း နှင့် အခြားဘားကစားနည်းမျိုးစုံကိုပါ ကစားနိုင်ခဲ့သည်။

ကာတွန်းဆရာမ ဒေါ်သိန်းရှင်သည် ၁၉၆၆-ခုနှစ်၊ အသက် (၆၀)အရွယ်တွင် ထားဝယ်မြို့၌ပင် ကွယ်လွန်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်

  1. သန်းဝင်းလှိုင် (ဇန်နဝါရီ ၂၀၁၂)။ သမိုင်းတစ်ကွေ့မှ အကျော်ဇေယျ အမျိုးသမီးများ