ရှင်သူရိယဝံသ

(သဲအင်းဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်သူရိယဝံသ (၁၁၂၅ - ၁၂၀၁) သည် သဲအင်းဆရာတော်ဟု ကုန်းဘောင်လက်ထက်တွင် ထင်ရှားခဲ့သည့် သာသနာပိုင်ဆရာတော်တစ်ပါး ဖြစ်သည်။[၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၂၅ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်တွင် ပုခန်းမြို့၊ သဲအင်းရွာတွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ဦးအောင်စံ၊ ရှင်ပုံ တို့ ဖြစ်သည်။ ဆရာတော်၏ ငယ်မည်မှာ ဦးကြောင် ဖြစ်သည်။

ငယ်စဉ်အခါက အစ်ကိုတော်စပ်သူ ရှင်စန္ဒိထေရ်နှင့်အတူ အင်းဝမြို့တော် ဘုံကျော်တိုက် စရစ်ဆရာတော်၊ မိုးထိတိုက် ထန်းတပင်ဆရာတော်တို့ထံတွင် ပညာသင်ကြားခဲ့ပြီး သူရိယဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။

၂၅ နှစ်အရွယ်တွင် ဗားကရာဆရာတော်ကြီးထံတွင် ဆည်းကပ်၍ ရဟန်းပြုခဲ့သည်။ ၁၁၆၁ ခုနှစ်မှစ၍ သဲအင်းရွာ၌ ကျောင်းတိုက်တည်၍ စာပေများ ပို့ချခဲ့သည်။ ၁၁၈၁ ခုနှစ် ဘကြီးတော်လက်ထက် ရွှေမြို့တော်သို့ ရောက်ခဲ့သည်။ ထို့နောက် အိမ်ရှေ့မင်း (သာယာဝတီမင်း) က ကိုးကွယ်တော်မူခဲ့သည်။

ဆရာတော်သည် ၁၁၈၂ ခုနှစ်တွင် သဒ္ဓမ္မဝံသာဘိ သီရိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရခဲ့ပြီး အင်းဝမြို့အနောက်ဘက် သဲအင်းကျောင်းတိုက်ကို အလှူခံကာ သီတင်းသုံးတော်မူခဲ့သည်။ ၁၁၉၁ ခုနှစ်တွင် သာသနာပိုင်အဖြစ် အပ်နှင်းခြင်းခံရသည်။ သူရိယဝံသာဘိသီရိပဝရာလင်္ကာရဓမ္မေသနာပတိမဟာဓမ္မရာဇဓိရာဇဂုရုတံဆိပ်တော်ကိုလည်း ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း ပြင်ဆင်ရန်

ဆရာတော်သည် ၁၂၀၁ ခုနှစ်၊ သီတင်းကျွတ်လဆုတ် ၁၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ ပြင်ဆင်ရန်

ဆရာတော်သည် အောက်ပါကျမ်းတို့ကို ပြုစုခဲ့သည်။

၁။ ဝီထိလက်ရိုးကျမ်း၊

၂။ ပဋ္ဌာန်းသုံးချက်စု၊ ပစ္စည်းပြိုင်ရာသီစုကျမ်း၊

၃။ ယမိုက်ဆယ်ကျမ်းအရကောက်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၃၊ ၅၄။