သံပျင်မင်းသမီး

ပညာရှိသံပျင်မင်းသမီး

သံပျင်မင်းသမီးသည် သက္ကရာဇ် ၅၃၆ခုနှစ် ပုဂံမြို့၌နန်းတက်တော်မူသော နရပတိစည်သူမင်း၏ အစွန်အဖျားဖြစ်သော သမီးတော်တစ်ပါး ဖြစ်သည်။ နရပတိစည်သူ မင်းကြီးလက်ထက် ကျမ်းဂန်သင်မြောက်ကျနပြီးသောပုဂ္ဂိုလ်တစ်ဦး သည် မင်းကြီး၏အမြိတ်အစွန်းမင်းသမီး ၌တပ်မက်၍မကျန်းမမာ ရပ်တည်ရာမရအောင်ဖြစ်နေသည်ကို မင်းကြီးသိသဖြင့်အခိုင်အခန့်သုံးဆောင် လောက်သောကျမ်းတစ်စောင်ရေးနိုင်လျှင် ပေးစားမည်ဟုအမိန့်ရှိသောကြောင့် ဉာာသ်ကျမ်း၏အဖွင့်ဋီကာကို ပြု၍ မင်းကြီးထံဆက်၏။ မင်းကြီးလည်းကျမ်းကို နှစ်သက်တော်မူသဖြင် လူထွက်စေပြီးလျှင် မင်းသမီး နှင့်ထိမ်းမြားကာမြေတိုင်းသံပျင်အရာကိုပေးသောကြောင့် သံပျင်အမတ်ဟုထင်ရှားသည်။ မင်းသမီးလည်းသံပျင်မင်းသမီးဟု တွင်၍ကျမ်းလည်းသံပျင်ဋီကာဟူ၍တွင်သည်။

ဤကားသာသနာ လင်္ကာရစာတမ်း စ သော ရှေးစာဟောင်းစာတမ်းများ၌ရေးသားဖော်ပြချက်ဖြစ်သည်။ နှုတ်ဖြင့်အစဉ်အလာတစ်ဖန်ဤသို့ပြောလေ့ရှိပြန်သည်။ သက္ကရာဇ် ၅၉၆ခုနှစ်တွင်နန်းတက်တော်မူ သောကျစွာမင်းကြီး လက်ထက်တွင်မှ သံပျင်ဋီကာပေါ်ပေါက်လာသည်ဟုဆိုသည်။ ကျစွာမင်းကြီးသည် ပိဋကတ်သုံးပုံကို ကိုးခေါက်ပြန်၍သင် ကြားသဖြင့်တတ်မြောက်လှသောကြောင့် ရဟန်းသံဃာများကိုပင် တစ်နေ့လျှင်ခုနစ်ကြိမ်စာသင်ကြားပို့ချပေးသည်ဟုဆိုသည်။

ကျစွာမင်းကြီးသာမဟုတ်၊ သမီးတော်တစ်ပါးလည်း ခမည်းတော်နည်းတူ ပိဋကတ်တတ်မြောက်လှသောကြောင့် ရဟန်းသံဃာများကိုတစ်နေ့ခုနှစ်ကြိမ် ပင်သင်ကြားပြသပို့ချရသည်ဟုဆို၏။ စာပို့ချရာ၌မူ ထိုရဟန်းသံဃာတို့မမြင်စေလိုသောကြောင့် မင်းသမီး လည်းအကာအရံအတွင်းမှနေ၍စာပို့ချရလေသည်။ တစ်ခါသော်ကျမ်းဂန်တတ်ရဟန်းတစ်ပါးသည် မင်းသမီး၏ အဆင်းအင်္ဂါလက္ခဏာကိုမြင်လိုလှသော ကြောင့်ပို့ချသောစာတွင်ဟိံဇာလေ ဟေဟေးလားဟူသောတံငါသည်တို့ကွန်ကြိုးဆွဲရာတွင် ဆိုသောသီ ချင်းကိုရေးထဲ့၍ထား၏။ စာပို့ချပြီနောက်ဤပါဠိ ကျန်ပါသေးသည်ဟု ရဟန်းကဆို၏။ မင်းသမီးလည်းကျွန်ုပ်စာတွင်မရှိဟုဆို၏။ ရဟန်းက ကြည့်လှည့်ပါ ဆိုလျှင်မင်းသမီးလာ၍ရဟန်း၏စာကို ယူငင်ကြည့်ရှုလိုက်ပြီးသော် အဟိံ၊ ယုတ်မာသောတံငါတို့သည်။ ဇာလေ၊ ကွန်တို့ကို။ ဟေဟေးလား၊ ဆွဲကြငင်ကြကုန်၏။ ဟူ၍စကားနှင့်လျော်အောင် အနက်သမ္ဗာန်ပြီးသည်၏အဆုံး၌ ဝင်၍သွားလေ၏။

ရဟန်းလည်းမင်းသမီးကိုမြင်ရသည်မှစ၍ တပ်မက်မောခြင်းပြင်းစွာဖြစ်ပြီးသော်ရပ်တည်ရာမရဖြစ် ခဲ့၏။ အကြောင်းကို ခမည်းတော်ကျစွာမင်းကြီး သိတော်မူလေလျှင်ခေါ်တော်မူ၍ ငါ့သမီးကိုလိုလျှင် ကျမ်းဂန်ပြုလေဦးဟု မိန့်တော်မူလိုက်၏။ ရဟန်းလည်း ကျမ်းဂန်တတ်မြောက်ပြီးဖြစ်သောကြောင့် ကစ္စည်းသဒ္ဒါကျမ်းကိုဖွင့်ဆိုသောဉာသ်ကျမ်းကိုအဖွင့်ဋီကာကျမ်းကိုစီရင်၏။ မင်းကြီးလည်း ကျမ်းကို နှစ်သက်တော်မူသဖြင့် မြေတိုင်းသံပျင်အရာကိုပေး၍ သမီးတော်နှင့်ဆောင်နှင်း၏။ သံပျင်အမတ်ဟု တွင်ဘိ၏။ မင်းသမီးလည်း သံပျင်မင်းသမီးဟုတွင်ပေ၏။ ဋီကာကျမ်းသည်လည်းသံပျင်ဋှီကာ ဟု ယခုတိုင်ထင်ရှားလျက်ရှိလေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)