ဟင်နရီဘုရင်များ(ပြင်သစ်) ပြင်ဆင်ရန်

ပြင်သစ်ပြည့်ရှင် ဘုရင်လေးပါးတို့သည် ဟင်နရီအမည်ဖြင့် ပြင်သစ် ထီးနန်းကို သိမ်းပိုက်စံမြန်းခဲ့ကြ၏။ ထိုဘုရင် လေးပါးအနက် ပထမ ဟင်နရီဘုရင်(ခရစ် ၁ဝဝ၈-၁ဝ၆ဝ) သည် ရောဗတ်ဘုရင်နှင့် မိဖုရား ကွန်စတန့်တို့မှ ဖွားမြင် သော သားတော်ဖြစ်၍ ၁ဝ၃၁ ခုနှစ်တွင် ဖခည်းတော်၏ အရိုက်အရာ ပြင်သစ်ထီနန်းကို ဆက်ခံခဲ့လေသည်။

ဟင်နရီလက်ထက်တွင် ကံကျွေးချစံနစ်သည် ပြင်သစ်နိုင်ငံ၌ အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ သူ၏ နန်းသက်တ လျှောက်လုံးလောက်တွင် ဟင်နရီသည် သစ္စာခံနယ်စား များ၏ ထောင်ထားထကြွမှုတို့ကို နှိမ်နင်း တိုက်ခိုက်နေခဲ့ ရ၏။ အထူးသဖြင့် နော်မန်ဒီနယ်စား ဝီလျံနှင့် အကြိတ်အနယ် တိုက်ခိုက်ခဲဲ့ရလေ သည်။ ဝီလျံကား နောင်တွင် အင်္ဂလန်ပြည်ရှင်ဝီလျံ-၁၁ကွန်ကားရားဘုရင် ဖြစ်လာလေသည်။

၁ဝ၅၉ ခုနှစ်တွင် သားတော်အကြီးဆုံး ဖိလစ်အားအရံ ဘုရင်အဖြစ်ဖြင့် ဘိသိက်မြောက်ခဲ့ပြီးနောက် ၁ဝ၆ဝ ပြည့် နှစ်တွင် ဟင်နရီဘုရင် ကံကုန်လေသည်။

ဒုတိယဟင်နရီဘုရင်(ခရစ် ၁၅၁၉-၁၅၅၉)။ ။ ဒုတိယဟင်နရီ ကား ပြင်သစ်ပြည့်ရှင် ပထမ ဖရန်စစ်ဘုရင်နှင့် ကလော့မိဖုရား တို့မှ ဖွားမြင်သော ဒုတိယသားတော် ဖြစ်၏။ ၁၅၃၃ ခုနှစ်တွင် ခမည်းတော်ဘုရင်ကြီးသည် သူ့အား ကက်သင်းဒါမဲဒီချီနှင့် စုံဖက်ပေးခဲ့လေသည်။၁၅၃၆ခုနှစ်တွင် နောင်တော် ဖရန်စစ်မင်းသား ကွယ်လွန်သဖြင့် ဒေါဖင်ခေါ် အိမ်ရှေ့မင်းသား ဖြစ်လာလေသည်။ ဟင်နရီသည် ၁၅၄၇ ခုနှစ်တွင် နန်းတက်ခဲ့၍ သူသည် ရောမကက်သလစ်ဂိုဏ်းဝင်တစ်ဦး ဖြစ်သည့်အတိုင်း ပရိုတက် စတတန့် ဂိုဏ်းဝင်များအား သူ၏ ဖခင် လက်ထက်ကထက် ပိုမို၍ ည|ဉ်းပမ်းနှိပ်စက်ခဲ့လေသည်။ ထို အပြုအမူတို့ကြောင့် သူနတ်ရွာစံပြီးသည့်နောက်၌ အယူဝါဒစစ်ပွဲများ ဖြစ်ပွားခဲ့ရလေသည်။ ဟင်နရီသည် ကိုယ်လက် ကြံ့ခိုင်ကာသန်စွမ်းသူတယောက် ဖြစ်ပြီးလျှင်သူ၏ဖခင်ကဲ့သို့ပင်အကြမ်းအတမ်း ကစားခုန်စား မှုများ၌ ဝါသနာပါသည်။ သို့သော် ဖော်ရွှေသော အမူအရာ ကင်းလျက် အပြောအဆို ရင့်သီးလှသည်။ သူ၏လက် ထက်တွင် ဘုရင့်ဩဇာသည် ယခင်ခေတ်အခါများထက် စူးရှနိုင်ခဲ့၏။

၁၅၅၉ ခုနှစ်တွင် ကျင်းပသော စီးချင်းတိုက်ပွဲ၌ အမတ် ကြီးတစ်ဦးနှင့်ယှဉ်ပြိုင်ကာ လှံကစားရာတွင် တဘက်လူ၏ လှံသွားကျိုးသည်သံခမောက်မျက်စိပေါက်မှထိုးဝင်ကာ သူ၏ဦးနှောက်ကို ထိုးဖောက်သွားသဖြင့် နတ်ရွာစံ ရလေသည်။ သူ၏သားတော်များအနက် ဘုရင်ဖြစ်လာ သူများမှာ ဒုတိယ ဖရန်စစ်၊ နဝမချားနှင့် တတိယ ဟင်နရီတို့ ဖြစ်ကြသည်။

တတိယဟင်နရီဘုရင်(ခရစ် ၁၅၅၁-၁၅၈၉)။ ။ ပြင်သစ်ပြည့်ရှင် တတိယဟင်နရီဘုရင်သည် ဒုတိယ ဟင်နရီနှင့် ကက်သရင်းဒါမဲဒီချီတို့၏ တတိယသား တော် ဖြစ်သည်။ ၁၅၅၁ ခုနှစ် စက်တင်ဘာလ ၁၉ ရက် နေ့တွင် ဖွားမြင်ခဲ့၍ မယ်တော် ကက်သရင်း မိဖုရားကြီး၏ အချစ်တော် သားတပါး ဖြစ်သည်။ ၁၅၇၂ ခုနှစ် စိန့်ဗာတောလမျူးနေ့ လူသတ်ပွဲကြီးဖြစ် မြောက်ရန် ဟင်နရီသည် မယ်တော် ကက်သရင်းအား အထူး ကူညီခဲ့၏။ ၁၅၃၇ ခုနှစ်တွင် ပိုလန်ဘုရင် ဖြစ်လာစေရန် မယ်တော် ကက်သရင်းက ဆောင်ကြဉ်း ပေးခဲ့လေသည်။ ဟင်နရီသည် ပိုလန်၌ မပျော်ပိုက်ရ ကား နောင်တော် နဝမချား ကွယ်လွန်၍ ပြင်သစ် ထီးနန်းကို သိမ်းပိုက်လိုက်သည့် ၁၅၄၇ ခုနှစ်တွင် ပိုလန်လူမျိုးတို့အား အသိပင်မပေးဘဲ ပိုလန်မှ ပြင်သစ် နိုင်ငံသို့ ပြန်ခဲ့လေသည်။

ဟင်နရီသည် ဘုရင့်အဂ‡ါနှင့် မညီ၊ ပျင်းရိပေါ့တန်သည့် အပြင် အကျင့်သိက္ခာ ဖောက်လွဲဖောက်ပြန်လည်း ရှိသဖြင့် ဟျူးဂျနိုးဂိုဏ်းဝင်များကိုသာမက ကက်သလစ်ဂိုဏ်းဝင် များကိုပါ မကျေမနပ် ဖြစ်စေခဲ့လေသည်။ သူ၏ နန်းသက်ကား ပြည်တွင်းစစ်နှင့် ပြွမ်းနေခဲ့၏။ ၁၅၈၉ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့၌ ဟင်နရီသည် အယူဝါဒ ရေးတွင် အယူသည်းသူတစ်ဦး၏ လုပ်ကြံမှုကြောင့် ကံကုန်ခဲ့လေသည်။

စတုတ္ထဟင်နရီ(ခရစ် ၁၅၅၃-၁၆၁ဝ)။ ။ ဗူးဗွန်မင်းဆက်မှ ပြင်သစ်နိုင်ငံကို ပထမဦးစွာ စိုးမိုး အုပ်ချုပ်သော ဘုရင်မှာ စတုတ္ထဟင်နရီဘုရင် ဖြစ်၏။ ဟင်နရီသည် ဗူးဗွန် အဆက် အနွယ်တစ်ဦးဖြစ်သော အန်ထော်နီနှင့် နာဗားဘုရင်မ ဇန်းဒလ ဗတ်၏ သားတော်ဖြစ်၍ ၁၅၅၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် ဖွားမြင်ခဲ့သည်။ ( ဗူးဗွန်မင်းဆက်။)

မျိုးရိုးအားဖြင့် ပရိုတက်စတန့်ဂိုဏ်းဝင် ဖြစ်၏။ ငယ်စဉ်ကပါရစ် မြို့ရှိ ဘုရင့်နန်းတော်သို့ ပညာတော်သင် သွားခဲ့ရလေသည်။ မယ်တော် နာဗားဘုရင်မကြီးသည် ဟင်နရီ ၁၆ နှစ်သား အရွယ်သို့ ရောက်သောအခါ ပရိုတက်စတန့် စစ်ခေါင်းဆောင်ကြီး၏ လက်အောက်တွင် ဟင်နရီအား စစ်မှုထမ်းစေလေသည်။

၁၅၇၂ ခုနှစ်တွင် မယ်တော် ဘုရင်မကြီး ကွယ်လွန်သဖြင့် ဟင်နရီသည် နာဗားဘုရင် ဖြစ်လာသည်။ ထိုနှစ်၌ပင် ဟင်နရီ သည် ပြင်သစ်ဘုရင် နဝမချား၏ နှမတော် မာဂရက်နှင့် လက်ဆက်ခဲ့သည်။ ၁၅၇၂ ခုနှစ် စိန့်ဗာတော လမျူးနေ့ လူသတ်ပွဲကြီး ပေါ်ပေါက်လာသောအခါ ဟင်နရီသည် သူသက်ဝင် ယုံကြည်သောပရိုတက်စတန့် အယူဝါဒကို စွန့်လွှတ်လိုက်ပြီဟူသော ဥပါယ်တံမျည်း ကြောင့် အသက်ချမ်းသာရာ ရခဲ့လေသည်။ သို့ရာတွင် လေးနှစ်မျှ အကျဉ်းချထားခြင်း ခံခဲ့ရသေးသည်။ ၁၅၇၆ ခုနှစ် တွင် အကျဉ်းမှ လွတ်မြောက်လာသောအခါ ဟျူးဂျနိုးခေါ် ပရိုတက်စတန့်တို့၏ အရေးကို ရှေ့ ဆောင်ရှေ့ရွက် ပြုလုပ်ပြန်လေသည်။ ( ဟျူးဂျနိုး။)

၁၅၈၉ ခုနှစ်တွင် တတိယ ဟင်နရီဘုရင် လုပ်ကြံခြင်း ခံရသောအခါ ဟင်နရီသည် ပြင်သစ်ထီးနန်းကို စတုတ္ထ ဟင်နရီအဖြစ် ဆက်ခံရလေသည်။ သို့ရာတွင် ပြည်တွင်းရှိ ကက်သလစ်ဂိုဏ်းနှင့်တကွ စပိန်နိုင်ငံတို့၏ ရန်ကို ၁ဝ နှစ်တိုင်တိုင် တိုက်ခိုက် နှိမ်နင်းပြီးမှသာလျှင် ပြင်သစ် နိုင်ငံအလုံးကို ထိရောက်စွာ စိုးမိုး အုပ်ချုပ်နိုင်ခဲ့လေသည်။ ဟင်နရီဘုရင်သည် မိမိဩဇာ ပိုမို စူးရှစေရန် ရည်သန် လျက် ပြည်သူပြည်သား အများကိုးကွယ်သည့် လက်သ လစ်ဂိုဏ်းဘက်သို့ ၁၅၉၃ ခုနှစ်တွင် ကူးပြောင်းခဲ့၏။ သို့သော် ဟင်နရီသည် ယခင်က သူခေါင်းဆောင်ခဲ့သော ဟျူးဂျနိုးမျာကိုလည်း သတိမမေ့ဘဲ ကက်သလစ်များနှင့် အတူ တိုင်းရေး ပြည်မှု ဆောင်ရွက်ရာတွင် တူညီသော အခွင့်အရေးကု ပေးခဲ့လေသည်။ ၁၅၈၉ ခုနှစ်တွင် နန်း အမိန့်တော် ပြန်တမ်းကို ထုတ်ပြန်ကာ ဟျူးဂျနိုများအား လွတ်လပ်စွာ ကိုးကွယ်နိုင်မှု အခွင့်အရေးကို ပေးခဲ့လေ သည်။

စတုတ္ထဟင်နရီ လက်ထက်၌ ပြင်သစ် အမျိုးသားများ သည် စည်းလုံး ညီညွတ်ခဲ့၏။ လမ်းသစ်များဖွင့်၍ လမ်းပန်းသာယာ သဖြင့် ကုန်စည်ကူးသန်းရောင်း ဝယ်ရေး စည်ကားခဲ့၏။ ဘဏ္ဍာရေး ပြုပြင်မှုများကို စီမံ ဆောင်ရွက်ပေးခဲ့သဖြင့် တိုင်းသူပြည်သားများ သက်သာချောင်ချိခဲ့ကြ၏။ ထိုသို့ တိုင်းပြည် စည်ပင် သာယာစေရန် စီမံဆောင်ရွက်ရာတွင် ဟင်နရီအား များစွာ အထောက်အပံ့ ဖြစ်စေသော ပုဂ္ဂိုလ် တစ်ဦးမှာ ဆာလီနယ်စား ဖြစ်သည်။ စတုတ္ထဟင်နရီသည် ပြင်သစ်သမိုင်းတွင် ပြည်သူပြည်သား တို့၏ လေးစားကြည်ညိုခြင်းကို အခံရဆုံးသော ဘုရင် တပါး ဖြစ်၏။ သို့သော် အယူဝါဒဆိုင်ရာ အကျိတ်အခဲ မကျေနိုင်သူ တစ်ဦး၏ ဓားချက်ဖြင့် ၁၆၁ဝ ပြည့်နှစ် မေလ ၁၄ ရက်နေ့ တွင် ကံကုန်ရလေတော့သည်။ ထီးနန်းကို သားတော် ၁၃ ဆက်မြောက် လူဝီက ဆက်ခံစိုးစံလေသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)