ဟီဗြူဘာသာနှင့်စာပေ

ဟီဗြူဘာသာနှင့်စာပေပြင်ဆင်

ဟီဗြူဘာသာစကားသည် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၂ဝဝဝ ခန့်က ပယ်လက်စတိုင်နိုင်ငံတွင် ပြောဆိုသော ဘာသာစကားဖြစ်၍ အလွန်ရှေးကျသောဘာ သာစကားတစ်ရပ်ဖြစ်သည်။ မူလဖြစ်သော ဆီမစ်တစ်ဘာသာမှ ဖြာထွက်လာသည့် ဘာသာစကားလည်းဖြစ်၏။ ဆီမစ်တစ်ဘာသာတွင် မြောက်ပိုင်းဆီမစ်တစ်ဘာသာနှင့် တောင်ပိုင်းဆီမစ်တစ် ဘာသာဟူ၍ ဘာသာစကား အကိုင်းနှစ်ကိုင်းခွဲထွက်ခဲ့ရာ ဟီဗြူဘာသာ၊ ဖီနီရှန်းဘာသာ၊ အာရေးမစ် ဘာသာ၊ အဆီးရီးယန်းဘာသာတို့သည် မြောက်ပိုင်းဆီမစ်တစ်ဘာသာ၌ ပါဝင်၍၊ အာရဗစ်ဘာသာ နှင့်အီသီအိုးပစ်ဘာသာတို့သည် တောင်ပိုင်းဆီမစ်တစ်ဘာသာ၌ ပါဝင်သည်။ ဟီဗြူဘာသာစကားသည် ဖီနီရှန်းဘာသာစကားနှင့် အလွန်နီးစပ်သည်။

ဟီဗြူဘာသာတွင် စကားလုံးတို့သည် များသောအားဖြင့်တို၍ အသံထွက်လေးသည်။ အဓိပ္ပါယ် သက်ရောက်ပုံလည်းကျယ်ဝန်းသည်။ ထို့ကြောင့် ကဗျာုစီကုံးရန်အတွက်သော်လည်းကောင်း၊ တရားစာရွတ် ဆိုရန်အတွက်သော်လည်းကောင်း၊ အထူးပင်သင့်လျော်ပေသည်။ သဒ္ဒါနည်းနျင့် ဝါကျဖွဲ့ပုံတို့မှာ မခဲယဉ်းချေ။ သို့ရာတွင် နာမဝိသေသစကားလုံးနှင့် ကြိယာဝိသေသ စကားလုံးဟူ၍မရှိသောကြောင့် လူတစ်ဦးတစ်ယောက်၏ စိတ်ကူးစိတ်သန်းကိုဖော်ပြရာ၌ အခက်အခဲရှိသည်။ သို့ဖြစ်၍ယခုခေတ် ဟီဗြူဘာသာစကားသုံးစွဲသူတို့က အခြားဘာသာမှ စကားလုံးများကိုယူ၍ဖြစ်စေ၊ စကားလုံးသစ်များကိုတီထွင် ယူ၍ဖြစ်စေ၊ ထိုချွတ်ယွင်းချက်ကို ဖြည့်စွက်ခဲ့ကြသည်။

မူလအစက ဟီဗြူဘာသာတွင် ဗျည်းအက္ခရာများသာ ရှိ၍ သရအက္ခရာများမရှိချေ။ ခရစ်နှစ် အစပိုင်းတွင်မှ ဗျည်းအောက်နား၌ သရသံပြလက္ခဏာကို ထည့်သွင်း သုံးလာကြသည်။ ဟီဗြူစာကို ဖတ်သည့်အခါ လက်ယာဘက်မှ လက်ဝဲဘက်သို့ဖတ်ရသည်။ စာအုပ်ကိုဖတ်ရာ၌လည်း နောက်ကျော ဘက်မှရှေ့သို့ပြန်ဖတ်ရသည်။

ဟီဗြူဘာသာစကား တိုးပွားလာခြင်းကို ခေတ်သုံးခေတ်ပိုင်းခြား၍ ဖေါ်ပြနိုင်သည်။ ပထမခေတ်သည် တိုင်းတစ်ပါးမင်းတို့က ယဟူဒီလူမျိုးများကို ပယ်လက်စတိုင် နိုင်ငံမှ အဦးဆုံးကြိမ်ဖမ်းဆီးထုတ် ဆောင်မသွားမီခေတ် ဖြစ်သည်။ ထိုခေတ်တွင်ဓမ္မဟောင်းကျမ်းရှိ စာစောင်များစွာ တို့ကို ရေးသားခဲ့ကြသည်။ ဗက်ဗီလုံးနီးယန်းဘာသာ၊ အီဂျစ်ရှန်းဘာသာ၊ ပါးရှန်းဘာသာ၊ အာရေးမစ်ဘာသာတို့မှ အချို့သောစကားလုံးနျင့် စာလုံးပုံစံတို့ကိုဟီဗြူဘာသာ၌ ထည့်သွင်းရေးသားခဲ့ကြသည်။

ဒုတိယခေတ်သည် ယဟူဒီတို့ပယ်လက်စတိုင်နိုင်ငံမှ ထွက်ခွာသွားရပြီးနောက်ပိုင်းဖြစ်သည်။ ထိုခေတ်အတွင်း ဓမ္မဟောင်းကျမ်းနှင့် အယူဝါဒဆိုင်ရာစာပေများကို ပြုစုပြီးသည်။ ယဟူဒီလူမျိုးတို့သည် အာရေးမစ် ဘာသာစကားကို နေ့စဉ်ပြောဆို၍ စာပေရေးသားရာ၌လည်း အာရေးမစ်ဘာသာ ကိုပို၍သုံးစွဲလာကြသည်။ ဓမ္မဟောင်းကျမ်းတွင် ဒန်းနယဲကျမ်း၊ အိဇရ (ဧဇရ)ကျမ်းနှင့် ဂျရမိုင်းယား (ယေရမိ)ကျမ်းသုံးစောင်မှ အချို့သော အခန်းများကို အာရေးမစ်ဘာသာဖြင့်ရေး၍ ကျန်တစ်အုပ် လုံးကိုမူ ဟီဗြူဘာသာဖြင့်ရေးသည်။

တတိယခေတ်သည် ခရစ်တော်ပေါ်ပြီးနောက်ပိုင်းဖြစ်၍ ဟီဗြူဘာသာဖြင့် စာကြီးပေကြီးများ ပေါ်ထွက်လာသောခေတ် ဖြစ်သည်။ အေဒီ ၅ဝဝ ပြည့်နှစ်ခန့်တွင် တယ်လမတ်ခေါ် ဓမ္မသတ်ကျမ်းတစောင် အထင်အရှားပေါ်ထွက်ခဲ့သည်။ ထိုကျမ်းတွင် အပိုင်းနှစ်ပိုင်းပါရှိရာ ပထမပိုင်းကို မစ်ရှနာဟုခေါ်၍ ဒုတိယပိုင်းကို ဂင်းမာရာဟုခေါ်သည်။ မစ်ရှနာသည် ဓမ္မဟောင်းကျမ်းဦးပိုင်းတွင် ဖော်ပြပါရှိသော ယဟူဒီတို့အတွက် တရားဥပဒေဖြတ်ထုံးများကို စံနစ်တကျ ဖေါ်ပြသည့်ကျမ်းဖြစ်၍ ဟီဗြူဘာသာဖြင့်ရေးထားသည်။ ဂင်းမာရာသည် မစ်ရှနာတွင်ပါရှိသော တရားဥပဒေများကိုရှင်း လင်းဖေါ်ပြသည့်ဋီကာပင်ဖြစ်၍ အာရေးမစ်ဘာသာဖြင့် ရေးထားသည်။ တယ်လမတ်ကျမ်းသည် ဥရောပတိုက်၊ အာရှတိုက်၊ အာဖရိကတိုက်ရှိ နိုင်ငံအသီးသီးသို့ အနှံအပြားရောက်ရှိ နေထိုင်ကြသော ယဟူဒီတို့၏ စာပေအဖြစ်ဖြင့်လည်းကောင်း၊ အယူဝါဒကျမ်းအဖြစ် လည်းကောင်း၊ တည်တံ့လျက်ရှိခဲ့ပေသည်။ ထို့ကြောင့် ယဟူဒီလူမျိုးတို့သည် အရပ်ရပ်တွင် အကွဲကွဲအပြားပြား နေထိုင်ကြရစေကာမူ စာပေအားဖြင့် လည်းကောင်း၊ အယူဝါဒကျမ်းအဖြစ်လည်းကောင်း တစ်စည်းတစ်လုံးတည်း ရှိကြသည်။ ယဟူဒီတို့၏ကျောင်းများ၌ဟီဗြူစာသင် ပေးကြသည်။ ဥရောပတိုက်တွင် အသိပညာတိမ်ကောသော အမှောင်ခေတ်၌ပင် လျှင်ယဟူဒီတို့သည်ဟီဗြူစာပေကို မတိမ်မြုပ်ရအောင် ထိန်းသိမ်းခဲ့ကြသည်။

အလယ်ခေတ်အတွင်းက ဟီဗြူဘာသာစကားပြေနှင့် ကဗျာလင်္ကာအရေးအသားအချို့ပေါ် ထွန်းလာသည်။ ထိုခေတ်စာရေးဆရာများအနက် ဂျူဒါဟာလေဗီဆိုသူသည် ထင်ရှားသည်။ သို့ရာတွင်ထိုစာပေတို့သည် များသောအားဖြင့် ကျမ်းစာ၏လျှို့ဝှက်သော အနက်အဓိပ္ပါယ်ကိုဖွင့်ပြချက် မျှသာဖြစ်သည်။

၁၈၅ဝ ပြည့်နှစ်ခန့်ကစ၍ ဟီဗြူဘာသာတွင် ခေတ်စာပေဟူ၍ပေါ်ထွက်လာသည်။ ရှေးအခါကတည်းက ယဟူဒီလူမျိုးတို့သည် မိမိတို့ရောက်ရှိရာတိုင်းပြည်တွင် သုံးစွဲသောဘာသာစကားကို အတုယူ၍ ရေးသားလေ့ ရှိခဲ့ကြသည်။ မိမိတို့စာပေတွင် နာမဝိသေသန၊ ကြိယာ ဝိသေသနစကားလုံး သစ်များကိုထပ်ဖြည့်ခဲ့ကြသည်။ ပထမရာစုနှစ်အတွင်းက ယဟူဒီတို့စစ်ပွဲသမိုင်း ကိုပြုစုခဲ့သူ ဂျိုးဇက်ဖပ်သည်ထိုစာအုပ်ကို ရှေးဦးစွာ အာရေးမစ်ဘာသာဖြင့် ရေး၍၊ နောင်တွင်လူအများဖတ်ရှုနိုင်သော ဂရိဘာသာဖြင့် ရေးခဲ့သည်။ ဂျာမနီနိုင်ငံတွင်နေထိုင်ကြသော ယဟူဒီလူမျိုးတို့သည် ဂျာမန်ဘာသာစကားကိုပြောဆိုသုံးစွဲ၍ စာရေးသောအခါ၌မူကား ဂျာမန်ဘာသာကိုဟီဗြူအက္ခရာဖြင့်ရေး ကြသည်။ ယဟူဒီတို့သည် ဂျာမနီနိုင်ငံမှ နှင်ထုတ်ခြင်းခံရသောအခါ ဥရောပအရှေ့ဘက်နိုင်ငံများသို့ သွားရောက်နေထိုင်ကြလေသည်။ ထိုအခါ ဟီဗြူဘာသာစကားတွင် ဆလဗစကားလုံးများဝင်၍ရော ပေါင်းလာသည်။ ယင်းသို့အားဖြင့် ဂျာမန်ဘာသာစကားမှ ပေါက်ပွားလာ၍ ဟီဗြူစကားလုံးနှင့်ဆ လဗစကားလုံးများ ပါဝင်သော ယစ်ဒစ်ဘာသာစကားကို ယဟူဒီတို့ပြောဆို သုံးစွဲကြသည်။


ယခုအခါအဇ္ဇရီယယ်နိုင်ငံတွင် ဟီဗြူဘာသာစကားကို နေ့စဉ်ပြောဆိုသုံးစွဲ၍ ကျောင်းများ၌ လည်း ထိုဘာသာဖြင့် သင်ကြားလျက်ရှိသည်။ ထိုကြောင့်ဟီဗြူစာပေသည် ဖွံ့ဖြိုး တိုးတက်လာသည်။ ဂျရူးဆလမ်းတက္ကသိုလ်တွင် သိပ္ပံပညာရပ်ကို ဟီဗြူဘာသာဖြင့်ပင် သင်ကြားပို့ချ လျက်ရှိသည်။ အဇ္ဇရီယယ်ရှိ စာရေးဆရာတို့ကလည်း နိုင်ငံသမိုင်း၊ သိပ္ပံပညာ၊ကဗျာ၊စာပေဝေဖန်ချက်၊ ဒဿနိကဗေဒ စာမွန်၊ ကာလပေါ်ဝတ္တုတိုရှည်၊ သတင်းစာစသည်တို့ကို ရေးသားထုတ်ဝေလျက်ရှိကြသည်။ အဇ္ဇရီယယ် မျိုးချစ်စာရေးဆရာ ရှမျူယယ်ယူဆက်အဂ္ဂနွန်သည် ၁၉၆၆ ခုနှစ်စာပေဆိုင်ရာနိုဘယ်ဆုကို ဆွတ်ခူးခဲ့သည်။

[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)