အယ် ဟူစိန်အိဘ် အလီ အိဘ် အဘီ သွာလိဘ် (အင်္ဂလိပ်: Al-Ḥusayn ibn Ali ibn Abi Talib; အာရပ်: الحسين ابن علي ابن أبي طالب‎; ၁၀ အောက်တိုဘာ ၆၂၅ – ၁၀ အောက်တိုဘာ ၆၈၀) (ရှာဘန် ၃ ရက်၊ ဟီဂျရီခုနှစ် ၄ – ၁၀ Muharram AH ၆၁) သည် အစ္စလာမ် နဗီ (အာရပ်: نَـبِي‎, တမန်တော်) မိုဟာမက် ၏ မြေး နှင့် အလီ (ပထမဆုံး ရှီယာ အေမာမ် နှင့်ဆွန်နီ အစ္စလာမ် ၏ စတုတ္ထမြောက် Rashid caliph) နှင့် Fatimah (မိုဟာမက်၏ သမီး) တို့၏ သား ဖြစ်သည်။ သူသည် အစ္စလာမ်ဘာသာတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ရှာဘာန် ၁၅ ရက် ဟီဂျရီခုနှစ် ၄ တွင် မဒီနာမြို့တော်တွင် ဖွားမြင်တော်မူခဲ့သည်။ ဟီဂျရီ ၆၁မိုဟရမ်လ ၁၀ ရက်နေ့တွင် ကရ်ဘလာစစ်ပွဲ၌ (မတရားလုပ်ကြံခြင်းခံရပြီး) ရှဟီးဒ် ဖြစ်တော်မူခဲ့သည်။ ထို့အတွက်ကြောင့်လည်း ရှီအာတို့သည် သူ့အား ရှဟီးဒ်ခေါင်းဆောင် (အစ္စလာမ့်အာဇာနည်ခေါင်းဆောင်) ဟု ခေါ်ခဲ့ကြသည်။ သူ၏ ကွန်နီယသ် (သားသမီးကို အစွဲပြု၍ ခေါ်သောအမည်) မှာ အဘာအဘ်ဒုလ္လာဟ် ဖြစ်ပြီး သူ၏ဖခည်းမည်းတော်သည် အလီ(အ.စ)နှင့် မယ်တော်မှာ ဖှါတေမာ(စ.အ) ဖြစ်သည်။ ထို့အပြင် သူသည် တမန်တော်မြတ်ကြီးမိုဟမ္မဒ်အိဘ်နေအဘ်ဒုလ္လာဟ်(ဆွ)၏ မြေးတော်လည်းဖြစ်ပေသည်။ သူ၏သားတော် စဂျ်ဂျားဒ် သည် ရှီအာတို့၏ စတုထ္ထမြောက် အေမာမ်(ခေါင်းဆောင်) ဖြစ်သည်။ မြောက်မြားစွာသော မွစ်လင်(မ)တို့သည် သူ့အား တမန်တော်မြတ်ကြီး(ဆွ)၏မြေးတော်ဖြစ်သည့်အတွက်နှင့် သူသည် အစ္စလာမ့်လမ်းစဉ်တွင် ကိုယ်ကျိုးစွန့် မိမိ၏အသက်ကို စတေးခဲ့သည့်အတွက် အရိုအသေပြုအလေးထားကြလေသည်။

ဟူစိန်အိဘ်အလီ
မွတ်ဆလင်များ၏ အေမာမ်
အေမာမ် ဟူစိန်အိဘ်အလီ ဗိမာန်
ဇာတိ အမည်الحسين ابن علي
မွေးဖွား(625-10-10)၁၀ အောက်တိုဘာ၊ ၀၆၂၅[၁]
မဒီနာမြို့Hijaz
ကွယ်လွန်၁၀ အောက်တိုဘာ၊ ၀၆၈၀(680-10-10) (အသက် ၅၅)
(10 Muharram AH 61)
ကရ်ဘလာမြို့Umayyad section of Mesopotamia
သေဆုံးရခြင်း အကြောင်းရင်းကရ်ဘလာ တိုက်ပွဲတွင် ခေါင်းဖြတ်ခံခဲ့ရ
ထာဝရ နားခိုရာနေရာအီရတ်နိုင်ငံ၊ ကရ်ဘလာမြို့ရှိ သူ၏ ဂူဗိမာန်
32°36′59″N 44°1′56.29″E / 32.61639°N 44.0323028°E / 32.61639; 44.0323028
ဌာနေMedinah, Hejaz
ကျော်ကြားမှုအရင်းခံအစ္စလာမ် တမန်တော် မိုဟာမက်၏ မြေး၊ ကရ်ဘလာ တိုက်ပွဲ၊ ရှီယာ အေမာမ်
ဘွဲ့
အချိန်ကာလAC ၆၇၀–၆၈၀
ရှေ့လူ(As Shi'ite Imam) Hasan ibn Ali
နောက်လူ(As Shi'ite Imam) Ali Zayn al-Abidin
ပြိုင်ဖက်(များ)Yazid ibn Muawiyah
အိမ်ထောင်ဖက်(များ)Shahr Banu bint Yazdegerd III (last Sassanid Emperor of Persia)
Umme Rubāb
Umme Laylā
သားသမီး[၇]
မိဘများ
  • Ali (ဖခင်)
  • Fatimah (မိခင်)

ဟိုစိုင်း(န)(အ.စ)သည် မိမိသက်တော်(၇)နှစ်အရွယ်အထိ ဘိုးတော်မိုဟမ္မဒ်(ဆွ)နှင့်အတူဖြတ်သန်းခဲ့လေသည်။ ဘိုးတော်မိုဟမ္မဒ်(ဆွ) သူနှင့် သူ၏အစ်ကိုဖြစ်သူ ဟစန်-နေ-မွဂျ်သဘာ(အ.စ)အားအလွန်ပင် ချစ်ခင်နှစ်သက်တော်မူသည်နှင့် ပတ်သက်ပြီး ရေဝါယသ်တော်များ(အဆိုအမိန့်များ)ရှိထားပြီး ယင်းအဆိုအမိန့်များအတွင်းမှ တစ်ခုသည် ဟစန်နှင့်ဟိုစိုင်း(န)သည် ဂျန္နသ်(သုခဘုံ)လူရွယ်များ၏ခေါင်းဆောင်ဖြစ်ပေသည် ဟု ဖြစ်သည်။ ထို့အပြင် အခြားထူးခြားသော အဖြစ်အပျက်များအတွင်းမှ တစ်ခုသည် မိုဘာဟေလာ(ခရစ်ယာန်ဘုန်းတော်ကြီးများနှင့်ထိပ်တိုက်တွေ့ယှဉ်ပြိုင်ခြင်း)၌ ထိုမြေးတော်နှစ်ပါးကို ကျမ်းတော်မြတ်ကုရ်အာန် မုက္ခပတ်တော်တွင်ပါရှိသည့် (ابناءنا) ဟူသောနေရာတွင် ခေါ်ဆောင်သွားခဲ့သည်။ ဟိုစိုင်းန်(အ.စ)သည် လူရွယ်ဘဝတွင်သွဘ်ရစ်တာန်ဒေသကို အောင်နိုင်ရာတွင်လည်းကောင်း အွစ်မားန်းအိမ်ကို ခုခံကာကွယ်ပေးခဲ့ရာတွင်လည်းကောင်း ပါဝင်ကူညီခဲ့သည်ဟု များစွာသော သူတို့က ယုံကြည်လက်ခံထားကြသည်။ ဖခမည်းတော် တိုင်းပြည်အုပ်ချုပ်စဉ်ကာလများတွင် သူသည် ဖခမည်းတော်ဘက်နေ၍ မှ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့လေသည်။ မိုအာဝေယာသည် အလီ(အ.စ)နှင့်အပေါင်းအပါများအား လူအများရှေ့မှောက်တွင် ထင်ထင်ပေါ်ပေါ် လာအ်နသ် လုပ်ခဲ့လေသည်။ ထိုသို့လာအ်နသ်လုပ်ခြင်းခံရသူတို့အတွင်း ဟိုစိုင်း(န)(အ.စ)သည် တစ်ပါးအပါအဝင်ဖြစ်ပေသည်။ သိုစိုင်း(န)(အ.စ)သည်မိမိ၏ နောင်တော် ဟစန်အိဘ်နေအလီ(အ.စ)အုပ်ချုပ်နေစဉ်ကာလာများအတွင်း၌ နောင်တော်သည် မိုအာဝေယာနှင့် ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုထားသဖြင့် ထိုစာချုပ်အပေါ် သစ္စာရှိစွာ နေခဲ့သည်။ မိုအာဝေယာနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ချေ။ မိုအာဝေယာအုပ်ချုပ်နေစဉ်ကာလအတွင်းဟိုစိုင်း(န)(အ.စ)သည် အဓိကလုပ်ဆောင်ချက်နှစ်ခုကိုလုပ်ဆောင်ခဲ့ပြီး ထိုအရာနှစ်ခုသည် သမိုင်းတွင်စေခဲ့သည်။ ပထမတစ်ခုမှာ ဘနီအိုမိုင်ယာ မျိုးနွယ်စုအတွင်းမှ အချို့သူတို့သည် မြေအချို့ကို မိမိတို့ပိုင်ဆိုင်ကြောင်း ပြောဆိုလာချိန်တွင် ၎င်းတို့ဆန့်ကျင်ဘက်၌ မားမားမတ်မတ်ရပ်တည်ခဲ့သည်။ ဒုတိယတစ်ခုမှာ မိုအာဝေယာသည် မိမိ၏သားယဇီးဒ်ကို အိမ်ရှေ့မင်းသားရာထူးခန့်အပ်လိုက်ချိန်တွင်လည်း အစ္စလာမ်တွင် အိမ်ရှေ့မင်းသားခန့်အပ်ခြင်းသည် သာသနာ၌မရှိ အသစ်တီထွင်ခြင်း(ဘိဒ်အသ်)ဖြစ်သည့်အတွက် ထိုသို့ ခန့်အပ်မှုကို ဆန့်ကျင်ခဲ့လေသည်။

ဟီဂျရီ(၆၀)ခုနှစ်တွင် မိုအာဝေယာသေဆုံးသွားပြီးနောက် မဒီနာမြို့ဝန်သည်ယဇီးဒ်၏အမိန့်ဖြင့် ဟိုစိုင်း(န)(အ.စ)အားအစိုးရနန်းတော်သို့ ဆင့်ခေါ်၍ အတင်းအကျပ် ဘိုင်အသ်ပြု သစ္စာခံခိုင်းစေခဲ့သည်။ သို့သော် ဟိုစိုင်း(န)(အ.စ)သည် ယဇီးဒ်နှင့် သစ္စာမခံခဲ့ချေ။၎င်းအပြင် မိမိ၏မိသားစုများနှင့် မက္ကာသို့ သွားခဲ့ပြီး ထိုမြို့၌လေးလတိုင်တိုင်နေထိုင်ခဲ့သည်။ ကူဖှာမြို့ပတ်ဝန်းကျင်တွင်နေထိုင်ကြသောသူအများစုသည် ရှီအာများဖြစ်ကြပြီး ၎င်းသူတို့သည် မိုအာဝေယာသေဆုံးသွားမှုအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ကြသည်။ ထိုသူတို့သည် ဟိုစိုင်း(န)(အ.စ)အား စာများရေး၍ ဘနီအိုမိုင်ယာ အုပ်ချုပ်မှုအား မလိုလားကြောင်း ဆန္ဒများဖော်ထုတ်ခဲ့ကြသည်။ ထို့ကြောင့် ဟိုစိုင်း(န)(အ.စ)သည် မိမိ၏ဦးရီးတော်၏သားဖြစ်သူမွစ်လင်(မ)အိဘ်နေအကီးလ်အား ထိုဒေသသို့စေလွှတ်ခဲ့သည်။ ထို့နောက်မွစ်လင်(မ)အိဘ်နေအကီးလ်သည် ကူဖှာမြို့၏ဗလီဝတ်ကျောင်းတော်ရှိ စင်မြင့်(မင်န်ဘရ်)ပေါ်တွင် လူတို့အားလမ်းမှန်ကို ညွှန်ပြပေးခဲ့လေသည်။ ထိုသို့သော အခြေအနေနှင့်ပတ်သက်ပြီး ယဇီးဒ်ထံသို့ အစီရင်ခံမှုများရောက်ရှိသွားခဲ့လေသည့်အခါ ယဇီးဒ်သည် အိုဘိုင်ဒွလ္လာဟ် အိဘ်နေဇေယားဒ်အား ကူဖှာမြို့စားအဖြစ်ခန့်အပ်၍ ကူဖှာမြို့သို့အလျှင်အမြန်သွားရောက်ကာ မတည်ငြိမ်မှုများကို ရှင်းလင်းရန် အမိန့်ပေးခဲ့လေသည်။ ထို့နောက် အိုဘိုင်ဒွလ္လာဟ် အိဘ်နေဇေယားဒ်သည် ဟိုစိုင်း(န)(အ.စ)နှင့် သစ္စာခံထားသူများအား ပြင်းပြင်းထန်ထန်လက်တုံ့ပြန်ခဲ့ပြီး မွစ်လင်(မ)အိဘ်နေအကီးလ်အား ဦးခေါင်းဖြတ်အဆုံးစီရင်ခဲ့သည်။ ဟိုစိုင်း(န)(အ.စ)သည် ကူဖှာတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များကို မသိခဲ့ချေ။ ထို့ကြောင့် ဇီလ်ဟဂျ်ဂျာ (၈)ရက်နေ့(သို့) (၁၀)ရက်နေ့တွင် ကူဖှာမြို့သို့ ခရီးဆက်ရန် အသင့်ပြင်ခဲ့လေသည်။ ဤသို့ ခရီးဆက်ရန် ဆုံးဖြတ်လိုက်ခြင်းမှာ မွစ်လင်(မ)အိဘ်နေအကီးလ် ရှဟီးဒ်မဖြစ်မီ အချိန်၌ ကူဖှာမြို့၏အခြေအနေကောင်းမွန်ကြောင်း ရေးသားပေးပို့ခဲ့သော စာကြောင့်ပင် ဖြစ်လေသည်။

အိုဘိုင်ဒွလ္လာဟ်အိဘ်နေဇေယားဒ်သည် မိမိ၏စစ်တပ်ကို ဟေဂျားဇ်မှကူဖှာသို့ သွားရာ လမ်းတစ်လျှောက်လုံး၌ အပြည့်တပ်ဆွဲထားလေသည်။ မည်သူကိုမျှ ထိုလမ်း၏အပြင်ထွက်ခွခွင့်မပြုခဲ့သလို ထိုလမ်းအတွင်းသို့ဝင်ခွင့်လည်းမပြုခဲ့ပါ။ သိုစိုင်း(န)(အ.စ)သည် ကူဖှာသို့သွားနေစဉ် လမ်းခရီး၌ စာပို့သမားနှင့် ဆုံမက်ခဲ့ပြီး မိမိစေလွှတ်ခဲ့သော မွစ်လင်(မ)အိဘ်နေအကီးလ် လုပ်ကြံခံရမှုသတင်းကို ရရှိခဲ့သည်။ ထိုအခါ ဟိုစိုင်း(န)(အ.စ)သည် ဟေဂျားဇ်မှ မိမိနှင့်အတူပါလာသောသူတို့အား မိမိနှင့် လမ်းခွဲလိုက လမ်းခွဲနိုင်ကြောင်း မိန့်ကြားခဲ့ပေမဲ့ မည်သူတစ်ဦးတစ်ယောက်မျှ လမ်းခွဲသွားခဲ့ခြင်းမရှိပါ။ ထိုသို့ခရီးဆက်လာစဉ် လမ်းခုလပ်တွင် ဟူရ်အိဘ်နေယဇီးဒ်ရေယာဟီး၏ တပ်ဖွဲ့နှင့် ထိပ်တိုက် တွေ့ခဲ့ပြီး ထိုတပ်ဖွဲ့သည် ဟိုစိုင်း(န)(အ.စ)အား ရှေ့မဆက်ရန် တားဆီးပိတ်ပင်ခဲ့သည်။ ဟိုစိုင်း(န)(အ.စ)နှင့် အပေါင်းအပါများကို စစ်မဖြစ်ပဲအသက်ရှင်လျှက် အိဘ်နေဇေယားဒ်ထံခေါ်ဆောင်လာရန်အတွက် ဟူရ်အိဘ်နေယဇီးဒ်ရေယာဟီးအား အမိန့်ပေးထားသည့်အတွက် သူသည်ဟိုစိုင်း(န)(အ.စ)အား အမိန့်အတိုင်း အိဘ်နေဇေယားဒ်ထံခေါ်ဆောင်သွားရန် ကြိုးစားခဲ့ပေမဲ့ ဟိုစိုင်း(န)(အ.စ)ဘက်မှ ငြင်းဆန်ခဲ့သည်။ ထို့နောက် ဟိုစိုင်း(န)(အ.စ)သည် နိုင်နဝါဒေသလက်အောက်ရှိ ကရ်ဘလာမည်သော နေရာတွင် စခန်းချခဲ့လေသည်။ မိုဟရမ်လ (၃)ရက်နေ့တွင် အိုမရ်အိဘ်နေစအ်ဒ်အိဘ်နေအဘီဝကားဒ် ဦးဆောင်သော စစ်သည်(၄၀၀၀)ရှိ တပ်ကြီးသည် ကရ်ဘလာ သို့ ဝင်ရောက်လာခဲ့သည်။ အိုဘိုင်ဒွလ္လာဟ် အိဘ်နေဇေယားဒ်သည် ၎င်းအား အီရန်နိုင်ငံရှိ " ရိုင်းယ်"မြို့ကို အပိုင်စားပေးမည်ဟု ကတိပေးထားခဲ့သည့်အတွက် လောဘစိတ်ဖြင့် အိဘ်နေဇေယားဒ်၏အမိန့်ကို နာခံခဲ့ခြင်းဖြစ်ပေသည်။ ထို့အပြင် သူသည် အိဘ်နေဇေယားဒ် စိတ်ဆိုး၍ မိမိအားကြိမ်းမောင်းမှုကို မလိုလားသဖြင့် ဟိုစိုင်း(န)(အ.စ)၏ငြိမ်းချမ်းမှုဆောင်သော အကြံပြုမိန့်ကြားချက်များကို လက်မခံခဲ့ပေ။

မိုဟရမ်လ(၁၀)ရက်နေ့နံနက်တွင် ဟိုစိုင်း(န)(အ.စ)သည် မိမိ၏စစ်သည်များအတွင်း မြင်းစီးသူ(၃၀)ဦးနှင့် ခြေကျင်လျှောက်စစ်သည်(၄၂)ဦးအား အသင့်ပြင်ခဲ့လေသည်။ ဟိုစိုင်း(န)(အ.စ)သည် မိမိစီးနင်းတော်၌ စီးနင်းလျှက် အိဘ်နေစအ်ဒ် စစ်တပ်ကြီး၏ရှေ့မှောက်တွင် မိန့်ခွန်းပေး၍ မိမိ၏အရိုက်အရာကို မီးမောင်းထိုးပြခဲ့လေသည်။ သို့သော် အိဘ်နေစအ်ဒ်ဘက်မှ ယဇီးဒ်နှင့်ဘိုင်အသ်ပြုသစ္စာခံရန်သာ ထပ်မံပြောဆိုခဲ့လေသည်။ ထိုအခါ ဟိုစိုင်း(န)(အ.စ)မှလည်း မည်သို့သောအခါမျှ ၎င်း၏ရှေ့မှောက်တွင် ကျေးကျွန်တစ်ဦးကဲ့သို့ ဦးညွှတ်မည်မဟုတ်ကြောင်းမိန့်ကြားခဲ့လေသည်။ ထို့နောက် အိဘ်နေဇေယားဒ်ဘက်မှ စစ်ပွဲကို အစပြုခဲ့ပြီး ၎င်း၏တပ်များသည် ဟူစိန်အိဘ်အလီ(အ.စ)၏ တဲနန်းများကို မီးဖြင့်ရှို့ခဲ့ကြသည်။ ထိုနေ့ မွန်းလွဲပိုင်း(ဇိုဟိုရ်)ပြီးချိန်တွင် ဟူစိန်အိဘ်အလီ(အ.စ)၏ စစ်သည်များသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခံခဲ့ရပြီး ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ကြရသည်။ သူစိန်အိဘ်အလီ(အ.စ)၏ ဘက်မှ တစ်ဦးပြီးတစ်ဦးအလျင်အမြန် ကျဆုံးလျက် ရှိနေခဲ့ပြီး ဘနီဟာရှင်(မ)အမျိုးသားစစ်သည်များသည် ထွက်ပြေးတိမ်းရှောင်ရန် အခွင့်အလမ်းများသာခဲ့သော်လည်းထွက်မပြေးခဲ့ကြပေ။၎င်းသူတို့သည်လည်း ကျဆုံးလျက် ရှိနေခဲ့၏။ သူစိန်အိဘ်အလီ(အ.စ)သည် ရွပ်ရွပ်ချွံချွံတိုက်ခိုက်လျက် ရှိခဲ့သည်။ ယာကူဘီသမိုင်းကျမ်းနှင့် အခြားသော ရှီအာသမိုင်းကျမ်းတို့၏အဆိုအရ ဟူစိန်အိဘ်အလီ(အ.စ)သည် မြောက်မြားစွာသောရန်သူတို့ကို သတ်ခဲ့သည် ဟုဖြစ်ပေသည်။ နောက်ဆုံးတွင် ဟူစိန်အိဘ်အလီ(အ.စ)၏ ဦးခေါင်းနှင့် လက်မောင်းတို့တွင် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပြီး မြေပြင်ပေါ်သို့မျက်နှာနှင့်ကျခဲ့သည်။ ထိုသို့အနေအထားတွင် စေနားန်အိဘ်နေအနစ်အိဘ်နေနခ်အီသည် သူ့အား ဓားဖြင့် ထပ်မံခုတ်ပြီး ဦးခေါင်းနှင့်ကိုယ်တစ်ခြားစီပြုလုပ်ခဲ့သည်။ ထိုသို့ဖြင့် စစ်ပွဲအဆုံးသတ်သွားခဲ့သည်။ ထိုအခါ အိဘ်နေဇေယားဒ်တပ်များသည် လုယက်မှုများကို စတင်ပြုလုပ်လေတော့သည်။ အိဘ်နေစအ်ဒ်၏စစ်သည်များ စစ်မြေပြင်ကို စွန့်ခွာသွားသောအချိန်တွင် အလ်ကာဇရီယာ ရွာ၌နေထိုင်ကြသော အစဒ်မျိုးနွယ်စုဝင်တို့သည် ဟူစိန်အိဘ်အလီ(အ.စ)၏အလောင်းတော်နှင့် ကျန်အာဇာနည်အလောင်းတော်များအား ထိုစစ်မြေပြင်၌ပင် မြှုပ်နှံခဲ့ကြသည်။ သို့သော် ဟူစိန်အိဘ်အလီ(အ.စ)၏ဦးခေါင်းတော်နှင့် ကျန်ဘနီဟာရှင်မျိုးနွယ်စုဝင် အာဇာနည်များ၏ဦးခေါင်းတော်များကို ကရ်ဘလာမှ ကူဖှာ ၊ ကူဖှာမှ ရှာမ်မြို့သို့ ယူဆောင်သွားခဲ့ကြသည်။

ရှီအာတို့သည် ကရ်ဘလာအဖြစ်အပျက်အပေါ်နှစ်ပတ်လည်တိုင်း ဝမ်းနည်းခြင်းအခမ်းအနားများကို ကျင်းပလေ့ရှိနေကြသည်။ သို့သော် ကရ်ဘလာဖြစ်စဉ်သည် စစ်မှန်သောမွစ်လင်(မ)များ၏နက်ရှိုင်းလှသောနှလုံးသားအတွင်းထိထိုးဖေါက်ဝင်ရောက်နေရာယူမှုသည် အောက်မေ့ဖွယ်ရာအခမ်းအနားများကျင်းပသည်ထက်ပင် ကြီမားေသည်။ သိုစိုင်း(န)အိဘ်နေအလီ(အ.စ)သည် မိမိ၏လိုအင်ဆန္ဒများပြည့်ဝစေရန်အတွက် မိမိနှင့်မိမိ၏မိသားစုဝင်တို့၏အသက်ကို စတေးခဲ့ခြင်းမဟုတ်ခဲ့ပေ။ သူသည် မိုအာဝေယာနှင့် ပြေငြိမ်းရေးစာချုပ်ကို ချိုးဖေါက်မှုမပြုခဲ့ပေမဲ့ ထိုစာချုပ်နှင့်ဆန့်ကျင်၍ ယဇီးဒ်ဘက်မှ သစ္စာခံခိုင်းစေမှုကို ဆန့်ကျင်ခဲ့သည်။ သူသည် မိမိဖခမည်းတော်ကဲ့သို့ အဲဟ်လေဘိုင်းသ်(တမန်တော်မြတ်(ဆွ)၏အနွယ်ဝင်များ)သည် တမန်တော်မြတ်(ဆွ)၏နောက်လိုက်(အွမ္မသ်)သားများအပေါ် အုပ်ချုပ်လမ်းညွှန်ရန်အတွက် အရှင်မြတ်ဘက်မှ ရွေးချယ်စေလွှတ်ခဲ့သည် ဖြစ်ကြောင်းကို အပြည့်အဝယုံကြည်ထားသည်။ ထို့ကြောင့် ကူဖှာမြို့သားတို့ဘက်မှ ရေးသားခဲ့သော စာများရောက်ရှိလာသည်နှင့် တပြိုင်နက် မိမိတာဝန်ကြေပွန်စေရန်အလို့ငှာ ကူဖှာသို့ သွားရန် အသင့်ဖြစ်နေခဲ့သည်။ ကရ်ဘလာတွင် ဘနီအိုမိုင်ယာဘက်မှ တခဏအတွင်းထိုသို့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုများကြောင့် ဘနီအိုမိုင်ယာတို့၏ ရက်စက်ရုတ်မာမှုများသည် သမိုင်း၌တွင်သွားစေခဲ့သလို ကရ်ဘလာ စစ်ပွဲပြီးနောက် ရှီအာတို့အားလှုပ်ရှားမှုများ ပြုလုပ်ရန် တွန်းပို့ပေးခဲ့လေသည်။

အစွဲပြု၍ခေါ်သောအမည်နှင့် ဘွဲ့တော်များ ပြင်ဆင်ရန်

ရှိရှိသမျှသောသမိုင်းကျမ်းရင်းမြစ်များတွင် ဟိုစိုင်း(န)အိဘ်နေအလီ(အ.စ)၏ အစွဲပြု၍ခေါ်သော အမည်(ကွန်နီယသ်)မှာ အဘူအဘ်ဒုလ္လာဟ် ဖြစ်ပြီး အထူးပုဂ္ဂိုလ်များက သူ့အား အဘူအလီဟုလည်းခေါ်ခဲ့ကြသည်ဟု ဖော်ပြထားလေသည်။ ဟိုစိုင်း(န)(အ.စ)ထံတော်တွင် ဘွဲ့တော်များစွာရှိပြီး နောင်တော်ဟစန်(အ.စ)၏ဘွဲ့တော်များအတိုင်းပင်ဖြစ်လေသည်။ သို့သော် သူ့ထံတွင်အခြားဘွဲ့တော်များလည်းရှိနေသေးသည်။၎င်းတို့မှာ ဇကီး၊ဝဖီး၊ဆိုင်ယိဒ်၊ မိုဘာရက်၊နာဖေ့အ်၊ အဒ်ဒလီးလ် အလာ ဇားသိလ္လာဟ်၊ ရရှီးဒ်၊ အသ်သားဘေ့အို အလာ မရ်ဒွာသီလ္လာဟ် တို့ဖြစ်သည်။ အိဘ်နေသွလ်ဟာသည်ဟိုစိုင်း(န)(အ.စ)၏အကျော်ကြားဆုံးသော ဘွဲ့တော်ကို ဇကီး ဟု ယူဆထားပြီး ယင်းဘွဲ့တော်များအတွင်းမှ အရေးပါဆုံးနှင့် အဓိကအကျဆုံးသော ဘွဲ့တော်သည် ဆိုင်ယေဒိရှ်ရှဘားဘေအဲဟ်လီလ်ဂျန်နာဟ် ဖြစ်သည်ဟု ယုံကြည်ထားသည်။ ရှီအာတို့၏အေမာမ်များထံမှ ဆင့်ပြန်ထားသော အချို့ရေဝါယသ်(အဆိုအမိန့်)များတွင် ဟိုစိုင်း(န)(အ.စ)အား ရှဟီးဒ်(သို့) ဆိုင်ယီဒိုရှ်ရှိုဟဒါ ဟု ဖော်ပြထားလေသည်။ ဟီဂျရီလေးရာစုနှစ်နှင့်၎င်းနောက်ပိုင်း၌ ရေးသားခဲ့သော သမိုင်းများနှင့် စာအရေးအသားများတွင် ဟိုစိုင်း(န)(အ.စ)သည် သူ့၌ အုပ်ချုပ်မှုထီးနန်းမရှိခဲ့ပေမဲ့ သူအားအမီးရွလ်မို့အ်မေနီးန်း ဟု တမ်းတခဲ့ကြသည်။

​သောင်ရားသ်ကျမ်းတွင် သူ၏အမည်မှာ ရှဘီးရ်ဖြစ်ပြီး ခရစ်ယာန်တို့၏ ဘိုင်ဘလ်ကျမ်းတွင် လာရှိထားသည်မှာ မူဆာနဗီ(အ.စ)၏ညီတော် ဟာရူန်း(အ.စ)သည် အရှင်မြတ်ဘက်မှ အလီ(အ.စ)၏ သားတော်များအတွက် ရွေးချယ်ပေးခဲ့သော အမည်များကို သင်ယူပြီး မိမိ၏သားတော်နှစ်ပါးကို ပေးခဲ့သည်။

ဟိုစိုင်း(န)(အ.စ)၏ထကြွတော်လှန်မှုနှင့် သူ၏ကြမ္မာတရား သမိုင်းကြောင်းပြုစုရန် ရင်းမြစ်များ ပြင်ဆင်ရန်

ထိုရင်းမြစ်များအတွင်း ဂျာမဏီနိုင်ငံ ဘာလင်မြို့ရှိပြတိုက်၌ရှိသော လက်ရေးဖြင့်ရေးသားထားသော သမိုင်းကျမ်းတဆူ ဖြစ်သည့် အဘူမိုခန်နဖ် ကျမ်းသည် ရင်းမြစ်များအတွင်း ပိုမိုခိုင်လုံမှုရှိသည်။ ထိုသမိုင်းကြောင်းနှင့်ပတ်သက်ပြီး အရေးပါသော ရင်းမြစ်ကျမ်းများမှာ သဘရီနှင့် ဘေလာဇရီတို့ဖြစ်သည်။ ထိုသမိုင်းကြောင်းနှင့်ပတ်သက်ပြီး သွဘရီ၏ရေဝါယသ်များသည် သုံးမျိုးသုံးစားရှိပေသည်။

  1. အဘူမိုခန်နဖ်(၁၅၇ ဟီဂျရီနှင့် အေဒီ ၇၇၄ တွင်သေဆုံး)ကျမ်းတွင်ပါရှိသော ရေဝါယသ်တော်များသည် ကရ်ဘလာတွင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သူများထံမှ ဆင့်ပြန်ထားသည့် အကြောင်းအရာများကို ထည့်သွင်းရေးသားထားလေသည်။
  2. မြောက်မြားစွာသော ရေဝါယသ်တော်များကို ဟိုရှာမ်းအိဘ်နေမိုဟမ္မဒ်ကလ်ဘီ ထံမှ ဆင့်ပြန်ထားခဲ့ပြီး ၎င်းသည်လည်း မိမိ၏ဆရာဖြစ်သူ အဘူမိုခန်နဖ် ထံမှ ဆင့်ပြန်ခဲ့ခြင်းဖြစ်သည်။
  3. အခြားသော ဟဒီးစ်(ဩဝါဒ)ဆင့်ပြန်သူများထံမှ ဆင့်ပြန်ထားသော ရေဝါယသ်တော်များသည် များသောအားဖြင့် အဓိကအချက်များကို ဖော်ပြထားခြင်းမရှိပါ။

ဘေလာဇရီသည် သွဘရီ၏ ရင်းမြစ်များမှ ယူပြီး အကျဉ်းချုံးပြီး ထိုရေဝါယသ်များသည် အရေးပါသောရေဝါယသ်တော်များဖြစ်ကြောင်းမီးမောင်းထိုးပြထားသည်။ ၎င်းတို့နှစ်ဦးအပြင် အခြားသော ရေဝါယသ်တော်များသည်လည်းရှိထားပေသည်။Laura Veccia Vaglieri (အီတလီနိုင်ငံပညာရှင်တစ်ပါး)မှ ဤသို့ယုံကြည်ထားသည်မှာ သမိုင်းရေးသားပြုစုကြသော သမိုင်းသုသေတီများဖြစ်သည့် ဒေန်းဝရီ ၊ယာကူဘီ နှင့် အိဘ်နေ အဘ်ရဘီဟာဟ် စသဖြင့် တို့သည် ကျွန်ုပ်တို့အား တိကျခိုင်မာသော သမိုင်းများကို တင်ပြပေးခြင်းမဟုတ်ပေ။ ထို့အပြင် ၎င်းသူတို့သည် အဘူမိုခန်နိဖ်ထံမှ ဆင်ပြန်၍ ကျွန်ုပ်အတွက် တင်ပြပေးခြင်းဖြစ်ပေသည်။ ရှီအာတို့သည် မိမိတို့အမြင်၌ မှန်ကန်သည်ဟူသောရေဝါယသ်တော်များကိုသာ စစ်မှန်သော ရေဝါယသ်တော်များအဖြစ်သတ်မှတ်ကြပြီး ထိုသို့စစ်မှန်သောရေဝါယသ်တော်များသည် များသောအားဖြင့် ရှေးခ်မိုဖီးဒ်အားရင်းမြစ်ခံသည်။ အခြားကျန်ရေဝါယသ်တော်များကို ဖန်တီးထားသော ရေဝါယသ်များဟုတ်မဟုတ်စမ်းစစ်ပြီးမှ လက်ခံကြသည်။ ကရ်ဘလာသမိုင်းကြောင်းနှင့်ပတ်သက်ပြီး ဟီဂျရီ ၇ ရာစုနှစ် ၊ အေဒီ ၁၃ ရာစုနှစ်များတွင် လုပ်ကြံဖန်တီးထားသော ရေဝါယသ်မြောက်မြားစွာပေါ်လာခဲ့သည်။ဥပမာအနေဖြင့် ဖော်ပြရလျှင် စစ်မြေပြင်၌ အေမာမ်ဟိုစိုင်း(န)(အ.စ)သည် တစ်ဦးတည်းကျန်ရစ်ခဲ့သော အချိန်တွင် မြောက်မြားစွာသော သူတို့ကို သတ်ခဲ့သည် (သို့) သူသည် စစ်မြေပြင်၌ ခြင်္သေ့တစ်ကောင်ကဲ့သို့ မိမိကိုယ်မိမိခုခံကာကွယ်ခဲ့သည် စသဖြင့်တို့ဖြစ်သည်။ ဤသို့မဟုတ်မမှန်သောရေဝါယသ်တော်များကို အိဘ်နေကစီးရ် မှ ဖန်တီးခဲ့သည်။ ထို့သို့သောလုပ်ရပ်နှင့်ပတ်သက်ပြီး အများ၏ထိုးနှက်ပြောဆိုမှုများကိုလည်း ၎င်းခံခဲ့ရသည်။

ကလေးဘဝ ပြင်ဆင်ရန်

မိုဟမ္မဒ်ဟာအေရီရေးသားခဲ့သည်မှာ -အေမာမ်ဟိုစိုင်း(န)ဖွားမြင်တော်မူသော ခုနှစ်ကို ဟီဂျရီ(၃)ခု(သို့) (၄)ခု (သို့)(၅)ခုနှင့် ဖွားမြင်တော်မူသောနေ့ကို အများက ရှာအ်ဘာန်လ(၃)ရက်ဟု ဆိုထားကြသလို ရဘီအွလ်အောင်ဝဲလ်လအဆုံးနှင့် ရှာအ်ဘာန်လအစအပြင် ရှာအ်ဘာန်လ(၅)ရက်နေ့ဟု ဆိုထားကြလေသည်။ ဖွားမြင်တော်မူသည့်နေ့နှင့် အချိန်အား ကြာသပတေးနေ့နှင့် နေဝင်ချိန်ဟု ရေးသားထားကြသည်။ မြေးတော်နှစ်ပါးအကြား ဖွားမြင်တော်မူသည့်ကာလ ကွာဟချိန်မှာ အချို့က (၆)လနှင့်(၁၀)ရက်၊အချို့က (၁၀)လနှင့်(၂၂)ရက်ဟု ဆိုထားကြသည်။ သို့သော် မာဒလွန်းဂ်ဆိုသူက အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ဟီဂျရီ(၄)ခုနှစ် ရှာအ်ဘာန်(၅)ရက်၊ အေဒီ(၆၂၆)ခုနှစ် ဇန်နဝါရီလ (၁၀)ရက်နေ့တွင်ဖွားမြင်သည်ဟု မြောက်မြားစွာသော ရေဝါယသ်တော်များကို သက်သေပေး၍ ဆိုထားလေသည်။ သူ၏မွေးနေ့နှင့်ပတ်သက်ပြီး ဟီဂျရီ(၆)ခုနှစ် ဂျမာဒိလ်အောင်ဝလ်လ၊ အေဒီ(၆၂၇)ခုနှစ် အောက်တိုဘာလဆန်းဟု ဖော်ပြထားလေသည်။

ဖွားမြင်တော်မူသောအချိန်တွင် အဘိုးတော်သည် အေမာမ်ဟစန်(န)ဖွားမြင်တော်မူသောနေ့တွင် ပြုကျင့်ခဲ့သည့်အတိုင်း အေမာမ်ဟိုစိုင်း(န)(အ.စ)ဖွားမြင်တော်မူချိန်တွင်လည်း အဇာန်ပေးခြင်းနှင့်အကီကာပြုလုပ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ ထို့နောက် အဘ္ဘာစ်အိဘ်နေအဘ်ဒုလ်မွသ်လိဘ်၏ဇနီးဖြစ်သူ အွမ်မေဖှဇ်လ်ထံသို့ နို့ချိုတိုက်ကျွေးရန် ပို့သခဲ့သည်။ သခင်မသည် မိမိ၏သားအရင်းဖြစ်သူ ကစမ်အိဘ်နေအဘ္ဘားစ်နှင့်အတူ အေမာမ်ဟိုစိုင်း(န)(အ.စ)အား နို့ချိုတိုက်ကျွေးခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးသည် နို့ဆို့ဘက်ညီအစ်ကိုများဖြစ်သွားခဲ့ကြသည်။ သို့သော် ကိုလိုင်နီမည်သော ပညာရှင်ကြီးမှ အေမာမ်ဟိုစိုင်း(န)(အ.စ)သည် မိခင်ဖှာသေမာထံမှလွဲ၍အခြားမည်သူတစ်ဦးတစ်ယောက်ထံ၌ နို့ချိုသောက်ခဲ့ခြင်းမရှိပါဟု ဆင့်ပြန်ထားလေသည်။ အဘိုးတော်မိုဟမ္မဒ်သည် မြေးတော်အား ရှဘီးရ်၊ဟိုစိုင်း(န)ဟု မည့်ခေါ်ခဲ့သည်။ ထိုအမည်နာမတော်များသည် ဟာရူန်(အ.စ)၏သားတော်အငယ်၏အမည်ဖြစ်ပေသည်။ အလီ(အ.စ)သည် မိမိသားတော်အမည်ကို ဟရ်ဘ် ဟုပေးလိုခဲ့သော်လည်း တမန်တော်မြတ်ကြီး(ဆွ)သည် မြေးတော်အား အမည်ပေးခဲ့သထားအတွက် သားတော်၏ထိုအမည်များကို နှစ်သက်ခဲ့လေသည်။ အခြားရေဝါယသ်တော်များတွင် ဟဘရှာတွင် ရှိနေခဲ့သော ဂျာအ်ဖရ်သွယားရ်၏ အမည်နာမတော်အတိုင်း အစပိုင်း၌ ဂျာအ်ဖရ်ဟု အေမာမ်ဟိုစိုင်းအားပေးခဲ့ကြပေမဲ့ တမန်တော်မိုဟမ္မဒ်သည် မြေးတော်အား ဟိုစိုင်း(န)ဟူ၍သာပေးခဲ့သည်ဟုဖော်ပြထားလေသည်။ ရှီအာတို့က ဟိုစိုင်း(န)ဟူသောနာမတော်သည် အလ္လာဟိုအရှင်မြတ်ဘက်မှ ပေးခဲ့ခြင်းဖြစ်ပြီး ထိုအမည်သာလျှင် ကနဦးမှ ပေးခဲ့ခြင်းဖြစ်ကြောင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဟစန်နှင့်ဟိုစိုင်း(န)ဟူသော နာမတော်နှစ်ခုသည် ဂျန္နသ်သုခဘုံမှ နာမတော်များဖြစ်ပြီး အစ္စလာမ်မတိုင်မီ အာရဗ်တို့အကြား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးခဲ့ခြင်းမရှိဟု ရေဝါယသ်တော်များတွင် ဖော်ပြထားလေသည်။

အေမာမ်ဟိုစိုင်း(န)(အ.စ)သည် ဖွားမြင်တော်မူပြီးချိန်မှစ၍ ပထမ(၇)နှစ်သည် အဖိုးတော်မိုဟမ္မဒ်(ဆွ)၏လက်ပေါ်တွင် ကြီးပြင်းလာခဲ့သည်။ မိုဟမ္မဒ်(ဆွ)သည် မွစ်လင်(မ)တို့၏တမန်တော်ဖြစ်သလို သူ၏အဖိုးတော်ဖြစ်သည်။ မိုဟမ္မဒ်(ဆွ)သည် အေမာမ်ဟိုစိုင်း(န)(အ.စ) သက်တော်(၇)နှစ်အရွယ်၌ပင် တမလွန်သို့ပျံလွန်တော်မူခဲ့သည်။ ထို့အတွက်ကြောင့် အေမာမ်ဟိုစိုင်း(န)(အ.စ) သည် အဘိုးတော်နှင့်နေခဲ့ရသည့်သက်တမ်းအလွန်နည်းပါးခဲ့သည်။ အဘိုးတော်မိုဟမ္မဒ်(ဆွ)သည် မြေးတော်ဟစန်-နေ-မွဂျ်သဘာနှင့် ဟိုစိုင်း(န)(အ.စ)တို့ကို အလွန်မှပင်ချစ်ခင်နှစ်သက်ကြောင်းအား ရေဝါယသ်တော်များတွင် ဖော်ပြထားမှုများကို တွေ့မြင်နေရပေသည်။ဥပမာအနေဖြင့်တင်ပြရလျှင် (မည်သူမဆို သူနှစ်ဦးအား ချစ်ခင်နှစ်သက်ပါက ထိုသူသည်ကျွန်ုပ်အားချစ်ခင်နှစ်သက်ခြင်းပင်ဖြစ်ပြီး အကြင်သူသည် သူနှစ်ဦးအား မုန်းတီးပါက ထိုသူသည် ကျွန်ုပ်အား မုန်းတီးခြင်းပင်ဖြစ်ချေသည်။ ဟစန်နှင့်ဟိုစိုင်န်သည် ဂျန္နသ်သုခဘုံ လူငယ်များ၏ခေါင်းဆောင်ဖြစ်သည်။ ရှီအာတို့သည် ဒုတိယ ဟဒီးတော်ကို ပိုမိုအလေးထားကြပြီး ထိုဟဒီးစ်တော်အရ အေမာမ်ဟစန်(အ.စ)နှင့်အေမာမ်ဟိုစိုင်း(န)(အ.စ) တို့၏ အေမာမသ်သည် စစ်မှန်သော အေမာမသ်ဖြစ်ကြောင်း သက်သေပေးထားကြသည်။ အဘိုးတော်မိုဟမ္မဒ်သည် မြေးတော်နှစ်ပါးကို တစ်ခါတစ်ရံ မိမိ၏ပေါင်ပေါ်၌ ပွေ့ထိုင်ထားသလို တစ်ခါတစ်ရံ မိမိ၏ပခုံးပေါ်တွင် တင်ထားလေ့ရှိသည်။ အဘိုးတော် ဝတ်ပြုချိန်များတွင် စဂျ်ဒါဟ် အနေအထားတွင် မိမိ၏ကျောခုံးပေါ်သို့ တက်လျက် ရှိနေခဲ့ပါလျှင်လည်း ထိုစဂျ်ဒါအနေအထားအတိုင်း အချိန်ကြာမြင့်စွာ နေခဲ့လေ့ရှိသည်။ တမန်တော်မြတ်ကြီး(ဆွ)သည် တစ်ခါတစ်ရံ မြေးတော်နှစ်ပါးအား ပေါင်ပေါ်တွင် တင်ထားလျှက် လူတို့အကြားမိန့်ခွန်းများ ပြောလေ့ရှိခဲ့သည်။ အေမာမ်ဟစန်(အ.စ)သည် မြေးတော်အကြီးဖြစ်သည့်အတွက် အေမာမ်ဟိုစိုင်း(န)(အ.စ) ကဲ့သို့ အဘိုးတော်မှ အလေးပေးမှုများရှိခဲ့သလို အဘိုးတော်နှင့် အချိန်ကာလများစွာ အတူနေခဲ့ရသည်။ မြေးတော်နှစ်ပါးလုံးသည် အဘိုးတော်နှင့် အလွန်ပင် ရုပ်ရည်အသွင်လက္ခဏာများ တူခဲ့ပေမဲ့ အေမာမ်ဟစန်(အ.စ) အဘိုးတော်မိုဟမ္မဒ်(ဆွ)နှင့် ပို၍တူလေသည်။ မြေးတော်နှစ်ပါးငယ်စဉ်ဘဝတွင် ဖြစ်ပျက်ခဲ့သော အဓိကအကြောင်းအရာအဖြစ်အပျက်များမှာ မိုဘာဟေလာ ဖြစ်စဉ်ပင် ဖြစ်လေသည်။ ထိုနှစ်ပါးသည် ကျမ်းတော်မြတ်ကုရ်အာန် မိုဘာဟေလာအာယသ်တော်၏ «ابناءَنا» ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ဆောင်သူများသာလျှင်ဖြစ်ပေသည်။

ရေဝါယသ်တော်တစ်ခုအရ အေမာမ်ဟိုစိုင်း(န)(အ.စ)သည် အိုမရ်အုပ်ချုပ်နေစဉ်ကာလအတွင်း၌ ၎င်းမှ တမန်တော်မြတ်ကြီး(ဆွ)၏ မင်ဘရ် (တရားဟောစင်မြင့်)ပေါ်ထိုင်လျှက် ဟောပြောနေစဉ် အေမာမ်ဟိုစိုင်း(န)(အ.စ)ရောက်ရှိလာပြီး တမန်တော်မြတ်ကြီး(ဆွ)၏ မင်ဘရ်ပေါ်ထိုင်သည့်အတွက် စောဒကတက်ခဲ့သည့်အခါ အိုမရ်သည် မိမိ၏ဟောပြောမှုကို တဝက်နှင့်ပင်ရပ်တန့်၍ မင်ဘရ်မှဆင်းခဲ့သည်။ အိုမရ်သည် မိမိအုပ်ချုပ်နေစဉ်ကာလအတွင်း အေမာမ်ဟစန်နှင့်အေမာမ်ဟိုစိုင်း(န)(အ.စ)တို့သည် တမန်တော်မြတ်ကြီး(ဆွ)မြေးတော်များဖြစ်သည့်အတွက် အေမာမ်အလီ(အ.စ)နှင့် ဘဒဲရ်တိုက်ပွဲတွင်ပါဝင်သူများအားလုံးကို တိုင်းပြည်ဘဏ္ဍာမှ အကျိုးခံစားခွင့်များရရှိသကဲ့သို့ အခွင့်အရေးရှိခဲ့လေသည်။ အချို့သော သမိုင်းကျမ်းများ၏ ရေးသားဖော်ပြချက်များအရ အေမာမ်ဟစန်နှင့်အေမာမ်ဟိုစိုင်း(န)(အ.စ)တို့သည် ဟီဂျရီသက္ကရဦဇ် ၂၉ ခုနှစ် သွဘရီစ်တာန် ကိုအောင်နိုင်မှု့၌ ပါဝင်ခဲ့ကြလေသည်။.

အေမာမ်ဟိုစိုင်းန်(အ.စ)သည် အွစ်မာန်းလက်ထက်၌ တမန်တော်မြတ်ကြီး(ဆွ)၏ဆွဟာဘာတစ်ဦးဖြစ်သူ အဘူဇရ် ဂဖာရီအား ပြည်နှင်ဒဏ်ပေးခဲ့သည့်အချိန်တွင် မိမိသည် ဖခမည်းတော်အလီ(အ.စ)နှင့်နောင်တော် အေမာမ်ဟစန်(အ.စ)တို့နှင့်အတူ  အဘူဇရ်ဂဖာရီ အားလမ်းညွှန်ပေးခဲ့သည်။ မာဒလူးန်ဂ်ဆိုသူသည် ကျမ်းတစ်ခုတွင်ရေးသားထားသည်မှာ  အွစ်မာန်၏အိမ်အား ပြည်သူများမှ ဝိုင်းရံထားသည့်အချိန်တွင် အေမာမ်ဟစန်(အ.စ)သည် တမန်တော်မြတ်ကြီး(ဆွ)ဆွဟာဘာတို့၏သားများနှင့်အတူ အွစ်မာန်းအား ကာကွယ်ရန်အတွက် သွားရောက်ခဲ့လေသည်။ ထိုအခါ အွစ်မာန်သည် စစ်သည်ထပ်မံစေလွှတ်ပေးရန်အတွက်  အလီ(အ.စ)ထံတောင်းဆိုလာသောအခါ အေမာမ်အလီ(အ.စ)သည် အေမာမ်ဟိုစိုင်း(န)(အ.စ)အား ထပ်မံစေလွှတ်ခဲ့သည်။ ထို့နောက်အွစ်မားန်သည် အေမာမ်ဟိုစိုင်း(န)အား မိမိကိုယ်မိမိ သူပုန်ထသူများလက်မှ ကာကွယ်နိုင်သည်ဟု ပြောဆို၍ အေမာမ်ဟိုစိုင်း(န)(အ.စ)အပြင်သို့ သွားရောက်စေခဲ့သည်။ ထိုအတိုင်းတဘက်မှလည်း မရ်ဝါန်အိဘ်နေဟကမ်က  အွစ်မာန်းအပေါ်တော်လှန်ပုန်ကန်ရန်အတွက် အလီ(အ.စ)သည် လူတို့အား လိုက်လံ သွေးထိုးလှု့ဆော်နေသည်ဟု ဝါဒဖြန့်လျက် ရှိနေခဲ့သည်။ အမှန်မှာတော့ အလီ(အ,စ)သည် ဤသို့ပြုလုပ်ခဲ့ခြင်းမရှိပဲ အွစ်မာန်းကို ကာကွယ်ရန်အတွက်ပင် မိမိ၏သားတော်နှစ်ပါးကို စေလွှတ်ခဲ့လေသည်။ မိုဟမ္မဒ် အေမားဒ် ဟာအေရီရေးသားခဲ့သည်မှာ အေမာမ်ဟစန်(အ.စ)နှင့် အေမာမ်ဟိုစိုင်း(န)(အစ)တို့သည် အွစ်မာန်းကိုအား ခုခံကာကွယ်ပေးရင်း ဒဏ်ရာများပင်ရခဲ့ကြသည်ဟု ဖြစ်သည်။

အေမာမ်အလီ(အ.စ)အုပ်ချုပ်စဉ်ကာလ

အေမာမ်အလီ(အ.စ) အုပ်ချုပ်နေစဉ် ကာလ၌ ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)သည် ဖခင်နှင့်အတူ စစ်ပွဲတိုင်းတွင် ဖခင်ဘက်မှပါဝင်ဆင်နွှဲခဲ့သည်။

ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)သည် စစ်ဖီးန်တိုက်ပွဲတွင် မိမိတို့၏ရဲဘော်များအကြား ရဲရဲတောက်မိန့်ခွန်းတစ်ခုကို မြွက်ကြားခဲ့သည်။ ခမည်းတော်အုပ်ချုပ်စဉ်ကာလ၌ မိမိသည် နောင်တော်ဟစန်(အ.စ)ပြီးနောက် ဇကားလိုက်လံသိမ်းဆည်းကောက်ခံရာတွင် ဦးရှောင်နေရာ၌ တာဝန်ယူထမ်းရွက်ခဲ့သည်။ အလီ(အ.စ)အုပ်ချုပ်ရေးတွင် အေမာမ်အလီ(အ.စ)နှင့်အတူ အမြဲအနီးကပ်ဆုံးနေထိုင်ခဲ့သော ဘနီဟာရှင်မျိုးနွယ်မှသူတို့သည် သားတော်ဟစန်(အ.စ)၊သားတော်ဟိုစိုင်းန်(အ.စ) ၊သားတော်မိုဟမ္မဒ်ဟနဖီးယာဟ်နှင့် အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ် တို့ဖြစ်လေသည်။ မာအ်ဝီယာမှ လာနသ်(အရှင်မြတ်၏ဂရုဏာတော်မှကင်းဝေးပါစေဟု)ပို့သ ကျိန်စာတိုက်ခဲ့သောသူများအတွင်း အေမာမ်ဟိုစိုင်းန်(အ.စ)သည်လည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။ အေမာမ်အလီ(အ.စ)ဓားခုတ်ခံရမှုကြောင့် ရှဟီးဒ်ဖြစ်(အသက်ဆုံးရှုံး)ချိန်၌ ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)သည် မဒါအင်န် ဆိုသည့်ဒေသတွင် တာဝန်ဖြင့် ရောက်ရှိနေခဲ့သည်။ နောင်တော် အေမာမ်ဟစန်(အ.စ)၏ ပေးပိုစာရသည်နှင့်တပြိုင်နက် ဖခမည်းတော်၏ဈာပနအခမ်းအနားအမှီ အပြေးရောက်လာခဲ့သည်။

ဟစန်အိဘ်နေအလီ(အ.စ)အုပ်ချုပ်စဉ်ကာလ

အေမာမ်ဟိုစိုင်းန်(အ.စ)သည် မာအ်ဝေယာနှင့် ပြေငြိမ်းရေးစာချုပ်ဆိုရန်သဘောမတူလိုခဲ့ပေမဲ့ နောင်တော် ဟစန်(အ.စ)၏အမိန့်တော်ကို နာခံပြီး ထိုသို့စာချုပ်ချုပ်ဆိုရာတွင် ဆန့်ကျင်ဘက်မပြုခဲ့ပေ။ ထိုသို့စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်းတွင် ကူဖာမြို့သားတို့သည် မာအ်ဝေယာတပ်အား အနောက်ဘက်မှ အလစ်ဝင်ရောက်တိုက်ခိုက်ရန် အေမာမ်ဟိုစိုင်းန်(အ.စ)အားအကြံပြုလာသည့်အခါ အေမာမ်ဟိုစိုင်းန်(အ.စ)ထိုအကြံပြုချက်ကိုလုံးဝ လက်မခံခဲ့ပေ။ ထို့အပြင် မိန့်ကြားတော်မူသည်မှာ မာအ်ဝေယာသက်ရှိထင်ရှားရှိနေသရွေ့ကာလပတ်လုံး ထိုစာချုပ်အပေါ် ကျွန်ုပ်တို့အားလုံးသစ္စာကတိ တည်မြဲရမည်။ သို့သော် မာအ်ဝေယာ သေဆုံးသွားခဲ့သည့်အခါ တစ်မျိုးတစ်မည် ပြန်လည် တွေးတောကြံဆကြမည် ဟုဖြစ်သည်။ ထို့နောက် အေမာမ်ဟိုစိုင်းန်(အ.စ)သည် နောင်တော်ဟစန်(အ.စ)နှင့် အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ်တို့နှင့်အတူ ကူဖှာမှ မဒီနာသို့ထွက်ခွာလာခဲ့သည်။

မာအ်ဝေယာအိဘ်နေအဘီစိုဖေယာန်အုပ်ချုပ်စဉ်ကာလ

အေမာမ်ဟိုစိုင်းန်(အ.စ)သည် မာအ်ဝေယာ၏ ခေတ်ကာလတွင် မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ပေ။ သမိုင်းက သက်သေပေးနေသည်မှာ အေမာမ်အလီ(အ.စ)ရှီအာ(နောက်လိုက်)များအတွင်းမှ ဟွဂျ်ရ်အိဘ်နေအိုဒိုင်းယ်ဆိုသူသည် မာအ်ဝေယာအားတော်လှန်ရန်အတွက် အေမာမ်ဟိုစိုင်းန်(အ.စ)ထံအကြိမ်ကြိမ်လာရောက်၍ ပြောကြားခဲ့သည်။ သို့သော် ဘေလာဇရီ ၏ရေးသားချက်အရ အေမာမ်ဟိုစိုင်းန်(အ.စ)သည် မာအ်ဝေယာအသက်ရှိစဉ်ကာလတလျှောက်လုံး မည်သည့်လှုပ်ရှားမှုမှလုပ်မည် မဟုတ်ကြောင်း နှင့် ဤသို့မိန့်ဆိုရသည့်အဓိပ္ပာယ်မှာ အသင်တို့အမြဲတမ်းအသင့်ရှိကြပါလေ ယခုတစ်စုံတစ်ရာ မပြောဆိုလေနှင့် ဟုဆိုလိုခြင်းဖြစ်သည်ဟု ပြန်လည်မိန့်ကြားတော်မူခဲ့လေသည်။"မိုဟမ္မဒ်အေမားဒ်ဟာအေရီဆိုသည်မှ ရေးသားခဲ့သည်မှာ -နောင်တော်ဟစန်(အ.စ)လက်ထက်၌ပင် မာအ်ဝေယာနှင့်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုပြီ(၁၀)နှစ်ကြာသည်အထိ အေမာမ်ဟိုစိုင်းန်(အ.စ)သည် အေမာမ်ဟစန်(အ.စ)နှင့် ခံယူချက်၌လည်းကောင်း ကြံဆမှုများ၌လည်းကောင်း အတွေးအခေါ်ပိုင်း၌လည်းကောင်း တူညီမှု:ရှိခဲ့သည်။ မည်မျှပင် မာအ်ဝေယာနှင့် စာချုပ်ချုပ်မှုကို မလိုလားခဲ့ပါစေ။ ထိုသို့စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း၌လည်း မာအ်ဝေယာနှင့် သစ္စာခံယူမှု(ဘိုင်အသ်ပြုလုပ်မှု)အလျဉ်းမရှိခဲ့ပေ။ သို့သော် စာချုပ်ပါ အချက်အလက်များအပေါ်ကတိသစ္စာတည်ခဲ့သည်။ မိုဟမ္မဒ်ဘာကိရ်မှ ရေဝါယသ်တစ်ခုကို ဆင့်ပြန်ထားသည်မှာ အေမာမ်ဟစန်နှင့်အေမာမ်ဟိုစိုင်န်း(အ.စ)တို့သည် မာအ်ဝေယာဘက်မှ ခန့်အပ်ထားသော မဒီနာမြို့စား မရ်ဝါန်အိဘ်နေဟကမ်၏နောက်တွင် နမားဇ်ဝတ်ပြုခဲ့သည်ဟု ဖြစ်သည်။ သို့သော် ဆယိဒ် မိုဟမ္မဒ်အေမားဒီ ဟာအေရီသည် ရှီအာတို့၏ရင်းမြစ်ကျမ်းများတွင် ရေးသားထားသော အထောက်အထားများအတွင်းမှ ဟွရ်အာမိုလီ၏ အပြစ်ရှိသူတို့၏နောက်တွင် နမားဇ်ဝတ်ပြုခြင်းသည် မပိုင်ကြောင်း ဟုပြောကြားချက်ကို သက်သေပြု၍လည်းကောင်း သမိုင်းကျမ်းများတွင်ပါသော အေမာမ်ဟိုစိုင်းန်(အ.စ)သည် မရ်ဝါန်အား ပြင်းပြင်းထန်ထန်ဆက်ဆံပုံများကို သက်သေထား၍ အထက်ပါ ရေဝါယသ်သည် မမှန်ကန်ကြောင်း ကိုထောက်ပြထားလေသည်။ ထိုကာများအတွင်း၌ပင် အေမာမ်ဟိုစိုင်းန်(အ.စ)သည် အဘူမရ်ရာဟ်အိဘ်နေမစ်အူးဒ်စကဖီး၏သမီးတော် လိုင်လားနှင့် ထိမ်းမြားမှုပြုခဲ့သည်။ ထိုမှ အလီအက္ကဘရ်(အ.စ)ကို ဖွားမြင်တော်မူခဲ့သည်။ အဘူမရ်ရာဟ်သည် အမဝီမျိုးနွယ်စုတို့နှင့် မဟာမိတ်ဖွဲ့ထားသဖြင့် အေမာမ်ဟိုစိုင်းန်(အ.စ)ထံသို့ ငွေကြေးဥစ္စာများ မာအ်ဝေယာဘက်မှ အမြဲပို့သလေ့ရှိသည်ဟု ရေးသားကြသည်။၎င်းအပြင် အိဘ်နေစအ်ဒ်သည် မိမိကျမ်းတွင်ရေးသားထားသည်မှာ မာအ်ဝေယာသည် ဒီရ်ဟမ်(ရွှေဒင်္ဂါး)၃၀၀၀၀၀ ကို အေမာမ်ဟိုစိုင်းန်(အ.စ)လက်ဆောင်အဖြစ်ပေးပို့ခဲ့သည်။(ဤသို့ရေးသားမှုများသည် အလျဉ်းခိုင်လုံမှုမရှိနိုင်ပါ စစ်မှန်သော သမိုင်းကျမ်းများကိုလေ့လာကြည့်မည်ဆိုပါက ရှင်းလင်းစွာသိနားလည်နိုင်မည်ဖြစ်သည်) အဘယ်ကြောင့်ဆိုသော် မာအ်ဝေယာသည် အလီ(အ.စ)အား အမြဲတမ်း (လာအ်နသ်ပို့သ)ကျိန်ဆဲလေ့ရှိခဲ့သည်။ ရှီအာများကိုဖမ်းဆီးအကျဉ်းချလေ့ရှိခဲ့သည်။ မရ်ဝါန်အိဘ်နေဟကမ်မှလည်း မဒီနာမြို့အတွင်း ဘနီအိုမိုင်ယာနှင့်ဘနီဟာရှင်မ် မျိုးနွယ်စုနှစ်စုအကြားပြေလည်မှုရရှိရန်ကြိုးစားသူအားလုံး ရပ်တန်းကရပ်ရန်အမိန့်ထုတ်ပြန်ခဲ့လေသည်။ ထို့အပြင်မရ်ဝါန်အိဘ်နေဟကမ်သည် မာအ်ဝေယာ၏အမိန့်အရ ယဇီးဒ်နှင့်အဘ်ဒုလ္လာဟ်အိဘ်နေဂျာအ်ဖရ်၏သမီး အွမ္မေကွလ်စူမ်သခင်မ(အေမာမ်ဟိုစိုင်းန်(အ.စ)၏တူမတော်)အားထိမ်းမြားပေးပါရန် ကမ်းလှမ်းလာသည့်အခါ အေမာမ်ဟိုင်စိုင်းန်(အ.စ)ငြင်းဆိုခဲ့ပြီးနောက် အွမ္မေကွလ်စူမ်သခင်မအား မိုဟမ္မဒ်အိဘ်နေအဘီဘက်ရ်၏သားတော် ကာစင်မ် နှင့်ထိမ်းမြားပေးလိုက်လေသည်။ ထို့အပြင် မရ်ဝါန်သည် မဒီနာမြို့အတွင်း ပေါ်ပေါ်ထင်ထင် အလီ(အ.စ)အပေါ် လာအ်နသ်ပို့သခဲ့သည့်အခါ ၎င်းအပေါ် အေမာမ်ဟိုစိုင်းန်(အ.စ)သည်လွန်စွာမှပင် အမျက်ဒေါသထွက်ခဲ့ပြီး ပြန်လည်တုံ့ပြန်မှုများပြုလုပ်ခဲ့ပြီးနောက် တမန်တော်မြတ်ကြီး(ဆွ)ခေတ်ကာလ၌ ပြည်နှင်ဒဏ်ပေးခြင်းခံခဲ့ရသော မရ်ဝါန်နှင့် ၎င်း၏ဖခင်ဖြစ်သူ ဟကမ်တို့အား လာအ်နသ်ပို့သခဲ့လေသည်။

အေမာမ်ဟစန်(အ.စ)အဆိပ်ပေးခြင်းခံရခဲ့ပြီးအိပ်ယာအတွင်း၌ နာမကျန်းဖြစ်နေခဲ့စဉ် အေမာမ်ဟစန်သည် မာအ်ဝေယာလုပ်ကြံခိုင်းခဲ့ကြောင်း မိမိညီတော်အေမာမ်ဟိုစိုင်း(အ.စ)အား မပြောခဲ့ပေ။ ထိုအချိန်များတွင် အေမာမ်ဟစန်(အ.စ)သည် မိမိလောကကြီးကို နုတ်ဆက်သွားခဲ့သည်ရှိသော်မိမိအား ဘိုးတော်မိုဟမ္မဒ(ဆွ)၏ နဘေးတွင် မိမိအား မြှုပ်နှံရန်မှာကြားတော်မူခဲ့လေသည်။ ထိုသို့ မြှုပ်နှံမည့်ကိစ္စအပေါ် ဆန့်ကျင်ဘက်ပြုလုပ်သူများပေါ်ထွက်လာခဲ့ပြီး သွေးစီးယိုမှုအနေအထားများဖြစ်လာခဲ့မည်ဆိုလျှင် ထိုမိမိအား မိခင်ဖှာတေမာ(စ.အ)၏ နဘေး၌သာ မြှုပ်နှံရန် ထပ်မံပြောဆိုမှာကြားခဲ့လေသည်။ သို့သော် မရ်ဝါန်အိဘ်နေဟကမ်သည် အိုင်ယေရှာ၏ သွေးထိုးမှုဖြင့် အေမာမ်ဟစန်(အ.စ)အား တမန်တော်မြတ်ကြီး(ဆွ)အုပ်ဂူဘေးတွင် မြှုပ်နှံရန်စီစဉ်မှုကို ဟန့်တားခဲ့ပြီးနောက် အေမာမ်ဟစန်(အ.စ)၏ ရုပ်ကလာပ်တော်ကိုပင် မြှားများဖြင့်ပစ်ခတ်ခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည့် အကြောင်းအရင်းမှာ အွစ်မာန်သေဆုံးသွားစဉ်က ၎င်းသူအား ဘကီးဟ်သင်္ချိုင်းတွင် မြှုပ်နှံခွင့်မပေးခဲ့သည့်အတွက်ကြောင့် ဤသို့မြှားများဖြင့် ပစ်ခတ်၍ လက်စားချေတားဆီးခြင်းဖြစ်ပေသည်။ ထိုအခါ အေမာမ်ဟိုစိုင်းန်(အ.စ)သည် ကိုရိုင်းရှ်တို့၏ ဟလ်ဖွလ်ဖိုစူးလ် ကတိစာချုပ်အရ ဘနီဟာရှင်မ်၏ အခွင့်အရေးများကို ဘနီအိုမိုင်ယာထံမှ တောင်းခံခဲ့လေသည်။ နောက်ဆုံးတွင် မိုဟမ္မဒ်အိဘ်နေဟနဖီယာနှင့် အခြားသူတို့သည် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့်တိုင်ပင်ပြီး အေမာမ်ဟစန်မှာကြားထားသည့်အတိုင်း မိမိခင်၏ဂူဗိမ္မာန်ဘေးတွင် မြှုပ်နှံရန် စီစဉ်ခဲ့ကြသည်။ ထိုနောက်ပိုင်းမှစ၍ ကူဖှာမြို့ရှိ ရှီအာတို့သည် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့် စတင်သစ္စာခံကြလေတော့သည်။၎င်းတို့သည် ဂျိုအ်ဒါအိဘ်နေဟိုဘိုင်ရာအိဘ်နေ အဘီဝဟဘ် မခ်ဇူမီ၏သားများနှင့်အတူ စိုလိုင်မားန်းအိဘ်နေစိုရဒ်ခဇာအီ၏အိမ်တွင် တွေ့ဆုံတိုင်ပင်ကြပြီးနောက် အေမာမ်ဟိုစိုင်းန်(အ.စ)ထံ စာတစ်စောင်စတင်ပို့သခဲ့ကြပြီး အေမာမ်ဟစန်(အ.စ)ရှဟီးဒ်ဖြစ်သွားခဲ့သည့်အပေါ်ဝမ်းနည်းကြောင်းကိုပါ တပါတည်းရေးခဲ့ကြသည်။ ထို့နောက် ၎င်းသူတို့သည် ယင်းစာအတွင်း၌ပင် ရေးသားခဲ့ကြသည်မှာ အေမာမ်ဟိုစိုင်းန်(အ.စ)အပေါ် မိမိတို့သစ္စာရှိကြောင်း ၊ ယဇီးဒ်နှင့်မာအ်ဝေယာအပေါ်အလွန်ပင်ရွံရှာကြောင်း နှင့် အေမာမ်ဟိုစိုင်းန်(အ.စ)ထံသို့လာရောက်ပူးပေါင်းလိုကြောင်း စသဖြင့်တို့ဖြစ်သည်။ ထို့နောက်အေမာမ်ဟိုစိုင်းန်(အ.စ)သည် အေမာမ်ဟစန်(အ.စ)နှင့် မာအ်ဝေယာတို့ချုပ်ဆိုခဲ့သော စာချုပ်ကို မချိုးဖေါက်ရန်နှင့် မိမိတို့၏ စိတ်ခံစားချက်များအတိုင်း မပြုလုပ်ကြရန် အပြင် အကယ်၍ ကျွန်ုပ်သည် မာအ်ဝေယာ သေဆုံးပြီးနောက်ပိုင်း အသက်ထင်ရှားရှိခဲ့မည်ဆိုပါက မိမိလုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြန်လည် စာရေးသားပေးပို့ခဲ့လေသည်။

တတိယမြောက်ခလီဖာ အွစ်မာန်း၏သားဖြစ်သူ အမရ်သည် မဒီနာမြို့၌ အေမာမ်ဟိုစိုင်းန်(အ.စ)နှင့် များစွာသောရှီအာတို့နှင့် တွေ့ဆုံနေမှုများကို မရ်ဝါန်အား သတိပေးခဲ့သည်။ မရ်ဝါန်သည်လည်း ထိုအကြောင်းအရာများနှင့်ပတ်သက်၍ မာအ်ဝေယာထံသို့ စာရေးအကြောင်းကြားခဲ့သည်။ ထိုသို့ဖြင့် မာအ်ဝေယာသည် မဒီနာမြို့တွင် အေမာမ်ဟိုစိုင်းန်(အ.စ)နှင့် လူအများသွားလာနေမှုများကို သိရှိခဲ့ရသည်။ သို့သော် ထိုအကြောင်းအရာများအပေါ် မာအ်ဝေယာဘက်မှ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိခဲ့ပါ။ သို့သော်လည်းကောင်းမှ ဤသို့ပြောကြားခဲ့သည်မှာ -မည်သည့်အခါတွင်မဆို မစ်ဂျိဒ်ဒွန်နဗဝီအတွင်း လူအုပ်စုကြီးကိုတွေ့ခဲ့ရပြီး ၎င်းတို့အကြား၌ အကျိုးမရှိသော စကားများပြောခြင်းမရှိခဲ့ပါက ထိုအုပ်စုသည် ဟိုစိုင်းန်အိဘ်နေအလီ(အ.စ)၏ အုပ်စုသာလျှင်ဖြစ်မည်ကို သိထားပါလေ။ ထို့အပြင် မာအ်ဝေယာသည် မဒီနာမြို့စား မရ်ဝါန်အိဘ်နေဟကမ်အား မှာကြားခဲ့သည်မှာ ဟိုစိုင်း(အ.စ)အား မည်သို့မျှတုံ့ပြန်ခြင်းမပြုရန်ဖြစ်သည်။  အေမားဒီဟာအေရီရေးသားထားသည်မှာ- အေမာမ်ဟိုစိုင်း(အ.စ)သည် ဘနီအိုမိုင်ယာတို့နှင့်ပတ်သက်လာပါက အေမာမ်ဟစန်(အ.စ)ထက်ပို၍ ပြင်းပြလေသည်။ တနေ့သောအခါတွင် မရ်ဝါန်သည် သခင်မကြီးဖှာတေမာ(စ.အ)အား စော်ကားသော စကားပြောခဲ့ပြီး အေမာမ်အလီ(အ.စ)ကို ဆဲဆိုရိုင်းပြခဲ့သည့်အတွက် အေမာမ်ဟိုစိုင်န်(အ.စ)သည် ၎င်းသူအပေါ် ပြင်းပြင်းထန်ထန်ပြန်လည်တုံ့ပြန်ခဲ့သည်။ သို့သော် အေမာဒီဟာအေရီသည် ရှီအာတို့အတွင်းရှိ အေမာမသ်(ခေါင်းဆောင်မှု) ၏အဓီပ္ပါယ်နှင့် သမိုင်းကြောင်းကို ကိုးကား၍ အေမာမ်ဟစန်နှင့်အေမာမ်ဟိုစိုင်းန်(အ.စ)တို့သည် လမ်းကြောင်းတစ်ခုအပေါ်၌သာ လျှောက်လှမ်းခဲ့ကြသည်ဟု ဖော်ပြထားသည်။ ထိုအကြောင်းအရာအပေါ်၌ သက်သေထူရန်အတွက် အေမာမ်ဟစန်(အ.စ)၏ဈာပနကိစ္စဆောင်ရွက်မှုနှင့် အေမာမ်ဟိုစိုင်းန်(အ.စ)သည် မိမိ၏နောင်တော်ဟစန်(အ.စ)၏မှားကြားချက်များကို လိုက်နာမှုများကို အထောက်အထားပေး၍ တင်ပြထားလေသည်။ တနေ့သောအခါတွင် မရ်ဝါန်အိဘ်နေဟကမ်သည် ပြင်းထန်သော စာတစ်စောင်ရေးသား၍ အစ္စလာမ့်အွမ္မသ် (လူထု)အကြား သွေးမခွဲရန် သတိပေးခဲ့သည်။ အေမာမ်ဟိုစိုင်းန်(အ.စ)ဘက်မှလည်း ထိုစာနှင့်ပတ်သက်ပြီး ပြင်းထန်စွာပြန်လည်တုံ့ပြန်ခဲ့လေသည်။ ထို့နောက်  မာအ်ဝေယာသည် ဇေယားဒ်အိဘ်နေအဘီးဟ် ဆိုသူအား ၎င်း၏မိခင်သည် မိမိ၏ဖခင်အဘူဆိုဖေယားန်နှင့် ကာမဂုဏ်ကျူးလွန်ခဲ့သည့်အပေါ် ညီအစ်ကို ဖြစ်ကြောင်း ကြေညာခဲ့မှုနှင့်ပတ်သက်ပြီး အေမာမ်ဟိုစိုင်းန်(အ.စ)သည် မာအ်ဝေယာထံစာရေးသား၍ ရှုံ့ချပြောဆိုခဲ့လေသည်။၎င်းအပြင် ဟွဂျ်ရ်အိဘ်နေအိုဒိုင်းယ်ကို သတ်ဖြတ်ခဲ့မှုနှင့်ပတ်သက်၍လည်း မအ်ဝေယာအား ဆန့်ကျင်ပြောဆိုခဲ့သည်။ သို့သော် မာအ်ဝေယာသည် ထိုသို့ရေးသားလာသောစာကို လုံးဝအရေးမစိုက်ခဲ့ပေ။ သို့ပေမဲ့လည်း မာအ်ဝေယာသည် မိမိ၏ဝန်ကြီးများကို ထိုကိစ္စနှင့်ပတ်သက်ပြီး ပြောဆိုသတင်းပေးခဲ့သော်လည်း အေမာမ်ဟိုစိုင်းန်(အ.စ)အား မိမိဘက်မှ ပြန်လည်တုံ့ပြန်မှုများမပြုလုပ်ခဲ့ပါ။ မာအ်ဝေယာအုပ်ချုပ်စဉ်ကာလအတွင်း အေမာမ်ဟိုစိုင်းန်(အ.စ)၏ သမိုင်းတွင်စေခဲ့သော လုပ်ဆောင်ချက်နှစ်ချက်ရှိခဲ့သည်။ ပထမတစ်ချက်မှာ ဘနီအိုမိုင်ယာမျိုးနွယ်စုအတွင်းမှ အချို့သော အကြီးအကဲတို့သည် ၎င်းတို့မပိုင်ဆိုင်သော မြေနေရာများကို အတင်းအဓမ္မသိမ်းပိုက်ဖို့ရန် ပြုလုပ်သောအခါတွင်လည်းကောင်းဒုတိယတစ်ချက်မှာ မာအ်ဝေယာသည် ယဇီးဒ်အား အိမ်ရှေ့မင်းသားရာထူးခန့်အပ်လိုက်သည့်အခါတွင်လည်းကောင်းဖြစ်သည်။ ထိုအချက်နှစ်ချက်လုံးတွင် အေမာမ်ဟိုစိုင်န်း(အ.စ)သည် ထိုလုပ်ရပ်များအပေါ်မားမားမတ်မတ်ရပ်ကာ ဆန့်ကျင်ခဲ့သည်။ ယဇီးဒ်အားအိမ်ရှေ့ရာထူးခန့်အပ်လိုက်သည့်အခါတွင် ထိုသို့ခန့်အပ်မှုသည် အေမာမ်ဟစန်(အ.စ)နှင့် ချုပ်ဆိုထားသော စာချုပ်နှင့်ဆန့်ကျင်နေသလို အိုမရ်အားခလီဖှာတင်မြှောက်ချိန်တွင် အသုံးပြုခဲ့သော နည်းလမ်းနှင့်လည်း ဆန့်ကျင်နေကြောင်း ထောက်ပြ၍ အေမာမ်ဟိုစိုင်န်(အ.စ)သည် အချို့သောသာဝကြီးများ၏သားများနှင့်အတူ မာအ်ဝေယာမှု ထိုသို့ ပြုလုပ်ခြင်းကို ကန့်ကွက်ခဲ့ကြလေသည်။ အေမာမ်ဟိုစိုင်န်(အ.စ)သည် အေမာမ်ဟစန်(အ.စ)ရှီဟီးဒ်ဖြစ်သွားပြီးနောက်ပိုင်း အိဘ်နေအဘ္ဘားစ်ကဲ့သို့ အသက်ကြီးသူတစ်ဦးရှိနေလင့်ကစား ဘနီဟာရှင်တို့အကြား အားထားရသည့်သူ တစ်ဦးဖြစ်လာခဲ့သည်။ မည်သည့်ကိစ္စမဆို အေမာမ်ဟိုစိုင်န်(အ.စ)နှင့် လာရောက်တိုင်ပင်ဆွေးနွေးလေ့ရှိခဲ့ကြသည်။

မာအ်ဝေယာသည် ယဇီးဒ် အပေါ်ဘိုင်အသ်(သစ္စာ)ခံယူကြရန် ဆော်ဩနေသော အချိန်တွင် အေမာမ်ဟိုစိုင်းန်(အ.စ) ထိုကိစ္စအပေါ်ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး မာအ်ဝေယာအား ရှုံ့ချခဲ့သူတစ်ဦးဖြစ်လေသည်။ မာအ်ဝေယာပေးပို့ခဲ့သော လက်ဆောင်များကို အေမာမ်ဟိုစိုင်းန်(အ.စ)မှ လက်ခံယူလျက် ရှိခဲ့သည်ဟုအချို့အရေးအသားများတွင် ရေသားထားမှုကို ဆယိဒ်မိုဟမ္မဒ် အေမာဒီဟာအေရီက ငြင်းဆိုထားသည်။ အေမာမ်ဟိုစိုင်းန်(အ,စ)သည် ၎င်းမှပေးပို့ခဲ့သော လက်ဆောင်များကို မည်သို့သောအခါတွင်မျှ လက်ခံခဲ့ခြင်းမရှိခဲ့ပါ ဟု ၎င်းမှ ယုံကြည်ထားသည်။ မာအ်ဝေယာသည် ယဇီးဒ်အားမှာကြားခဲ့သည်မှာ - အေမာမ်ဟိုစိုင်းန်(အ.စ)ဆက်ဆံသည့်အခါ အတတ်နိုင်ဆုံး သိမ်မွေ့စွာဆက်ဆံရန်နှင့် သူ့အား မည်သို့သောအခါမျှ ဘိုင်အသ်ခံရယူရန်အတွက် အတင်းအကျပ် မလုပ်ရန်ဖြစ်သည်။

     (၁) အလီယေမွရ်သဒွါ،(အ.စ) အေဒီ ၆၃၂ မှ ၆၆၁ (၂၉)နှစ်    

 (၂) ဟစန်နေမွဂျ်သဘာ (အ.စ)အေ၁မှ ၆၇၀ (၉)နှစ်

     (၃)ဟိုစိုင်းန်နေရှဟီးဒ်အေဒီ၆၇၀ မှ ၆၈၀ (၁၀)နှစ်

     (၄) လီ အစ်စဂျားဒ်(အေဒီ၆၈၀မှ၇၁၂)(၃၂)နှစ်    

 (၅) မိုဟမ္မဒ်ဘာကိရ် (အေဒီ ၇၁၂မှ ၇၃၂)(၂၀)နှစ်    

 (၆) ဂျာအ်ဖရ် ဆွာဒိက် (အေဒီ ၇၃၂မှ ၇၆၅)(၃၃)နှစ်   

  (၇) မူစလ် ကာဇင်းမ် (အေဒီ ၇၆၅ မှ ၇၉၉) (၃၄)နှစ်    

 (၈) အလီ ရေဇာ (အေဒီ ၇၉၉ မှ ၈၁၈)(၁၈)နှစ်    

 (၉) မိုဟမ္မတကီ (အေဒီ ၈၁၈မှ ၈၃၅) (၁၈)နှစ်   

  (၁၀) အလီနကီ (အေဒီ ၈၃၅မှ ၈၆၈)(၃၃)နှစ်    

 (၁၁) ဟစန်အစ်ကရီ (အေဒီ ၈၆၈ မျ ၈၇၄)(၇)နှစ်    

 (၁၂) ဟွဂျ်ဂျသ်သေမဲဟ်ဒီ (၈၇၄ မှ ယနေ့ထိ)

ကိုးကား ပြင်ဆင်ရန်

  1. Shabbar၊ S.M.R. (1997)။ Story of the Holy Ka’aba။ Muhammadi Trust of Great Britain23 May 2017 တွင် ပြန်စစ်ပြီး
  2. "An Attempt To Trace the Origin of the Rituals of Āshurā¸" (1 January 1993). Die Welt des Islams 33 (2): 161–181. doi:10.1163/157006093X00063. Retrieved on 19 July 2016. 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ ၃.၆ ၃.၇ al-Qarashi၊ Baqir Shareef (2007)။ The life of Imam Husain။ Qum: Ansariyan Publications။ p. 58။
  4. Tirmidhi, Vol. II, p. 221 ; تاريخ الخلفاء، ص189 [History of the Caliphs]
  5. A Brief History of The Fourteen Infallibles။ Qum: Ansariyan Publications။ 2004။ p. 95။
  6. Kitab al-Irshad။ p. 198။
  7. S. Manzoor Rizvi။ The Sunshine Bookbooks.google.comISBN 1312600942