[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ ပုဗ္ဗာရုံကျောင်းတိုက် မိဂါရမာတုပါသာဒကျောင်းတော်၌ ဘုရားရှင်ကမေးမြန်းတော်မူသဖြင့် “ဗြာဟ္မဏများသည် မိမိတို့ကိုတွေ့မြင်လျှင် “ဗြာဟ္မဏောဝ သေဋ္ဌော ဝဏ္ဏော” အစရှိသောစကားတို့ကို ပြောဆိုကြပြီး ဆဲရေးခြင်း ဆယ်ပါးတို့ဖြင့် ဆဲရေးကြပါကြောင်း” လျှောက်ထားကြသော ကုဋေလေးဆယ် (သိန်းပေါင်းလေးထောင်) ဥစ္စာဓနပေါများကြွယ်ဝသော ဗြာဟ္မဏလူမျိုး ဝေဒပါရဂူများ ဖြစ်ကြသော “ဝါသေဋ္ဌ” နှင့် “ဘာရဒွါဇ” သာမဏေနှစ်ပါးအား ဟောကြားတော်မူသည့်သုတ်။

ဤသုတ်၌ -ဗြာဟ္မဏများသည် ရှေးအခါလောက၌ ဖြစ်ပေါ်ခဲ့သော အမျိုး အနွယ် အကျင့်တို့ကို မသိမမြင်ကြခြင်းကြောင့် ဤသို့ပြောဆိုကြပုံ၊ ဗြာဟ္မဏလူမျိုးများသည် ဗြဟ္မာ၏ခံတွင်းမှ မွေးဖွားသူများမဟုတ်ကြောင်းကို မျက်မြင်အနေဖြင့် သိနိုင်ကြောင်း၊ ညစ်နွမ်းမှု၊ စင်ကြယ်မှုနှင့်စပ်၍ မည်သည့်အမျိုးမဆို ဒုစရိုက်ဆယ်ပါး အကုသိုလ်တရားတို့ကြောင့် ညစ်နွမ်းယုတ်ညံ့ကြပြီး သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့ကြောင့်သာ ဖြူစင်မြင့်မြတ်သူတို့ဖြစ်ရကြောင်း၊

ရဟန္တာပုဂ္ဂိုလ်သည်သာ အမျိုးလေးပါးတို့ထက် မြင့်မြတ်သူဖြစ်ကြောင်း၊ ထိုသို့ မြင့်မြတ်ခြင်းသည် (အရိယ) ဓမ္မကြောင့်သာဖြစ်ကြောင်း၊ ထို့ကြောင့် (အရိယ) ဓမ္မသည်သာ လောကတွင်အမြင့်မြတ်ဆုံးဖြစ်ကြောင်း၊ သာကီဝင်မင်းတို့သည် ကောသလဘုရင်ကို အရိုအသေပြုကြရ၊ ရှိခိုးကြရ လက်အုပ်ချီကြရသော်လည်း ကောသလဘုရင်က သာကီဝင်မင်းမျိုးဖြစ်သော ဘုရားရှင်အား အရိုအသေပြုခြင်း၊ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်းတို့ကိုပြုခြင်းသည် အမျိုးဇာတ်ကြောင့်မဟုတ် (အရိယ) ဓမ္မကြောင့်သာဖြစ်ကြောင်း၊ ထို့ကြောင့် (အရိယ) ဓမ္မသည်သာ လောက၌ အမြင့်မြတ်ဆုံးဖြစ်သည်။

ဇာတ်၊ အနွယ်၊ အမည်၊ လူမျိုးအသီးသီးမှထွက်၍ ရဟန်းပြုကြသော သင်တို့သည် “သကျပုတ္တိယသမဏ” ဟု ဝန်ခံနေကြကြောင်း၊ အရိယာပုဂ္ဂိုလ်များ၏ ဘုရားရှင် အပေါ်၌ ယုံကြည်မှုသဒ္ဓါတရားကို မည်သည့်ပုဂ္ဂိုလ်မှ မဖျက်ဆီးနိုင်၊ လောကဓာတ်ကြီး ပျက်စီးချိန်၌ သတ္တဝါတို့ အာဘဿရာဗြဟ္မာဘုံ၌ ရောက်ရှိနေကြပုံ၊ လောကဓာတ်ကြီး ပြန်လည်တည်ရှိပြီးချိန်၌ရှိသော ကမ္ဘာဦးလူသားများ၏ အခြေအနေ၊ ရသပထဝီ (မြေဆီ) ဖြစ်ပေါ်လာပုံ၊ လနေတို့ဖြစ် ပေါ်လာပုံ၊ မြေဆီလွှာဖြစ်ပေါ်လာပုံ၊ (နွယ်ချို) ပဒါလတာ နွယ်ဖြစ်ပေါ်လာပုံ၊ ဖွဲအခွံမပါသော သလေးဆန်များဖြစ်ပေါ်လာပုံ၊ ယောက်ျား မိန်းမ ဖြစ်ပေါ်လာပုံ၊ မေထုန်အကျင့်ဖြစ်ပေါ်လာပုံ၊ သလေးဆန်၌ ဖွဲအခွံများ ဖုံးအုပ်လာပုံ၊ သလေးခင်း ခွဲဝေယူကြပုံ၊ အဒိန္နာဒါန (ခိုးမှု) ဖြစ်ပေါ်လာပုံ၊ မဟာသမ္မတမင်း ဖြစ်ပေါ်လာပုံ၊ ဗြာဟ္မဏအဖွဲ့အစည်း၊ ကုန်သည်အဖွဲ့ အစည်း၊ ဆင်းရဲသား အဖွဲ့အစည်း၊ သမဏအဖွဲ့အစည်းများ ဖြစ်ပေါ်လာပုံ၊ ထို့တွင် သမဏအဖွဲ့ အစည်းသည် မထင်ရှားဘဲ ကျန်အဖွဲ့ အစည်းများသာ “အမျိုးလေးပါး” အဖြစ် ထင်ရှားလာပုံ၊ ဒုစရိုက်တရားကျင့်သူ များသည် အပါယ်လေးပါး၌ဖြစ်၍ သုစရိုတ်တရားကျင့်သူများသည် နတ်ပြည်၌ဖြစ်ကြ ရပုံ၊ ဒုစရိုက်၊ သုစရိုတ်တရား နှစ်ပါးလုံးကျင့်သူသည် သုခ၊ ဒုက္ခ နှစ်မျိုးခံစားရပုံ၊ ဗောဓိပက္ခိယတရားကိုပွားများလျှင် မျက်မှောက်ဘဝမှာပင် နိဗ္ဗာန်ရရှိနိုင်ပုံ အမျိုးလေးပါးတို့တွင် မင်းမျိုးသာအမြတ်ဆုံး၊ နတ်၊ လူအပေါင်းတို့တွင် ဝိဇ္ဇာ စရဏနှင့် ပြည့်စုံသော သူသာ အမြတ်ဆုံးဖြစ်ပုံကို ဟောကြားတော်မူပါသည်။

အဋ္ဌကထာ၌ -ဝိသာခါအကြောင်း အကျဉ်းချုပ်၊ ပုဗ္ဗာရုံကျောင်းတိုက်ကြီး အကြောင်း၊ အမျိုးသမီးတို့တွင် ဝိသာခါ၊ အမျိုးသားတို့တွင် အနာထပိဏ် သူဌေးတို့နှစ်ဦးသာ ဥစ္စာများစွာတို့ကို စွန့်လွှတ်လှူဒါန်းကြပုံ၊ ပုဗ္ဗာရုံကျောင်းတိုက်ကြီးနှင့် ဇေတဝန် ကျောင်းတိုက်ကြီးတို့တည်နေပုံ၊ ဝါသေဋ္ဌနှင့် ဘာရဒွါဇသာမဏေတို့ အကြောင်း၊ လနေ တို့အကြောင်း၊ ဣတ္ထိလိင်နှင့် ပုရိသလိင်တို့ဖြစ်ပုံ၊ ကုသိုလ်၊ အကုသိုလ်ကံများအကြောင်း၊ ဝါသေဌနှင့် ဘာရဒွါဇသာမဏေတို့ အဂ္ဂညသုတ်ကို ဆင်ခြင်ကြသဖြင့် ပဋိသမ္ဘိဒါလေးပါး နှင့်တကွ ရဟန္တာဖြစ်ကြပုံတို့ကို ဖွင့်ဆိုထားပါသည်။

ဋီကာ၌ ဣတ္ထိလိင်နှင့် ပုရိသလိင်တို့ ဖြစ်ပေါ်ပုံနှင့် ကုသိုလ်၊ အကုသိုလ်ကံ အကြောင်းတို့ကို ဖွင့်ဆိုထားပါသည်။ [၂]


ခတ္တိယ၊ ဗြာဟ္မဏ၊ ဝေဿ၊ သုဒ္ဒဟူသော အမျိုးလေးပါးတွင် ဗြာဟ္မဏတို့က သူတို့သာလျှင် အမြတ်ဆုံးဟု ယုံကြည်ကြလေသည်။ ဘုရားမြတ်စွာက လူမျိုးရေးတွင် မွန်မြတ်သော အမူအကျင့်သာလျှင် အမြတ်ဆုံးဖြစ်ကြောင်း ရှင်းလင်းဖော်ပြရုံမျှမက မှန်ကန်ခြင်း၊ တရားမျှတခြင်းသည်သာလျှင် အမြတ်ဆုံး အမျိုးစဉ်၊ အနွယ်စဉ်ဖြစ်ကြောင်း ဤအဂ္ဂညသုတ်တွင် ထင်ရှားစေသည်။[၃]

ကိုးကား ပြင်ဆင်ရန်

  1. -ဒီ၊၃၊၆၆-၈၁။ ဒီ၊မြန်၊၃။၇၁-၈၆။ ဒီ၊ဋ္ဌ၊၃၊၄၃-၅၆။ ဒီ၊ဋီ၊၃၊၃၆-၅၁။ -ဒီဃနိကာယ၊ ပါထိကဝဂ္ဂ၊ စတုတ္ထသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
  3. ပါဠိစာပေသမိုင်း။ ဒေါ်အုန်း မဟာဝိဇ္ဇာ။ ဒုကြိမ်၊ ဇန်နဝါရီလ ၁၉၈၁။ သာသနာရေးဦးစီးဌာန။ ရန်ကုန်။