ပိုးမွှားတိရစ္ဆာန်တို့ကို သတ်ဖြတ်ဖျက်ဆီးမည့်ရန်သူများ ရှိသကဲ့သို့၊ ကမ္ဘာပေါ်တွင် ပေါက်ရောက်လေသမျှအပင်တို့တွင်လည်း ရန်သူများ ဝိုင်းရံလျက်ရှိသည်။ ထိုကြောင့်အပင်တိုင်းရှင်သန် ကြီးထွားစေရန် တနည်းနည်းဖြင့် ရန်သူကို ကာကွယ်ကြရလေသည်။ အပင်များကို အညွန်တုံးစေမည့် ရန်သူတို့မှာ စားကျက်များတွင် လှည့်လည်စားသောက်နေကြသော တိရစ္ဆာန်များအပြင် အပင်ကို အားကုန်ရိနွမ်းစေမည့် အပင်ဖျက်ပိုးမွှားတို့နှင့် မှိုတက်ရောဂါများ ဖြစ်ကြသည်။


အတွေ့ရအမြင်ရများသော အပင်တို့၏ အကာအကွယ်များမှာ အပင်ကို၌ ဖြစ်ပေါ်နေသည့် ဂုဏ်အင်္ဂါအခြင်းအရာများပင် ဖြစ်ပေသည်။ အပင်အချို့တို့တွင် ဆူးများရှိသဖြင့် ရန်သူများ မထိဝံ့၊ မစားဝံကြချေ။ အချို့၌ ဆိုးရွားသော အနံ့အသက်များ ရှိ၍ ရန်သူများ မနှစ်သက်ကြ။ ထို့ပြင် အချို့အပင်များ၌ အဆိပ်ဓာတ်များ ပါရှိကြသဖြင့် ရန်သူများ ရှောင်ရှားသွားကြ သည်။

မြေပြင်ပေါ်၌ ပေါက်လျက်ရှိသော အပင်တို့တွင် အဆိပ်ပင် များ ရောပြွမ်းလျက်ရှိရာ အချို့တို့တွင် အခက်အရွက်တို့၌ အဆိပ်ပါ၍၊ အချို့တို့မှာမူ အမြစ်များ၌ဖြစ်စေ၊ အသီးများ၌ ဖြစ်စေ အဆိပ်အတောက် ရှိကြသည်။ အဆိပ်အတောက် ရှိသောအပင်နှင့် အဆိပ်ကင်းသောအပင်ဟူ၍ သီးခြားကဏ္ဍ သတ်မှတ်ထား၍ မရနိုင်ချေ။ ပုံစံပြရလျှင် လူတို့သည် ခရမ်း ချဉ်သီးကို အာဟာရဓာတ်ဖြစ်စေသည့် အသီးအနေဖြင့် စားသုံး လျက် ရှိသော်လည်း ခရမ်းချဉ်ပင်နှင့် အလွန်နီးစပ်သော ဗောင် လောင်ညိုအပင်မျိုးမှာမူ အလွန်အဆိပ်ပြင်းသည်။ အာလူးပင် သည်လည်း အဆိပ်ပါသည့် အထက်ပါအပင်အမျိုးထဲမှဖြစ်၍ အစိမ်းရောင်ရှိသောအညှောက်ပေါက်ပြီး အာလူးသီးအရင့်များကို အစိမ်းစားလျှင် အဆိပ်ဖြစ်တတ်သည်။ ထိုကြောင့် အပင်တပင် ကို အဆိပ် မရှိဟု ဆိုရသော်လည်း ထိုအပင်၌ပါသော အဆိပ် ကို ပြင်းလာအောင် စုဆောင်းလိုက်မည်ဆိုက လူနှင့်တိရစ္ဆာန် များကို သေစေနိုင်၏။

ခြံဥယျာဉ်များတွင် တန်ဆာဆင်ထားသော အလှစိုက်ပန်းပင် အချို့တို့၏ အကိုင်းအခက်အရွက်များ၊ အမြစ်များနှင့် အစေ့များ တွင် အဆိပ်ပါရှိလေသည်။ အဆိပ်ပြင်းသည့် ဗောင်လောင်ညို ပင်မှ စားချင့်စဖွယ် ကြက်သွေးရောင် အသီးကလေးများသီး သဖြင့် မသိနားမလည်သော ကလေးသူငယ်များက ဆွတ်ခူးစား မိမည်ကို အထူးစိုးရိမ်ရလေသည်။ အဆိပ်ပြင်းသော မှိုပွင့်များ ကို စားကောင်းသည်ဟု ထင်မှတ်၍ ချက်ပြုတ်စားသောက်မိ သဖြင့် သေသူများလည်း ရှိဖူးပြီဖြစ်၏။

ဆီမီးတောက်ပင်မျိုးမှ များစွာသောအပင်တို့၏အမြစ်၌ အဆိပ်ရှိသည်။ မြောက်ကမ္ဘာလုံးခြမ်းရှိ တောင်ထူထပ်သည့် အပိုင်းများတွင် ဆီမီးတောက်ပင်များ အရိုင်းပေါက်လျက် ရှိသည်။ ဆီမီးတောက်ပင်များကိုလည်း အခြားပန်းပင်များကဲ့သို့ ဥယျာဉ်ခြံများ၌ စိုက်ပျိုးထားတတ်ကြသည်။ ယင်းဆီမီးတောက် ပင်များကို ဥယျာဉ်ခြံများ၌ အလှစိုက်ပျိုး၍ အပင်များကို ခွဲစိုက်သည့်အခါ အမြစ်အစအနတို့ကို အမှုမဲ့အမှတ်မဲ့ မြေ ပေါ်တွင် မကျန်ရစ်ခဲ့စေရန် သတိပြုအပ်သည်။ အကြောင်း ဆိုသော် ဆီမီးတောက်ပင်၏ အမြစ်များသည် အဆိပ်ရှိ၍ ဒန့်သလွန်မြစ်နှင့် အလွန်ဆင်သဖြင့် ယိုးမှားသုံးစွဲမိမည်ကို စိုးရိမ်ရသည်။ အိန္ဒိယနိုင်ငံတွင် ဆီမီးတောက်ပင် တစ်မျိုး၏ အမြစ်မှာ အလွန်ပြင်းသော အဆိပ်ကို ထုတ်ယူကြသည်။ လူတို့ မွေးမြူထားသည့် ကျွဲ၊ နွားတိရစ္ဆာန်တို့သည် စားကျက် များတွင် အရိုင်းပေါက်နေသည့် အဆိပ်ပင် များကို စားမိသဖြင့် ရောဂါရတတ်ကြသည်။ တိရစ္ဆာန်စားကျက်များတွင် အမြင့်ခြောက်ပေကျော်ထိရှိသော နွားစားမုန်လာပင်မျိုးမှာ ကျွဲ နွားတို့စားကောင်းသည့် အပင်မျိုးဖြစ်သော်လည်း နွားစား မုန်လာပင်နှင့် များစွာတူသည့် ဟင်းမလော့ခေါ်အပင်တစ်မျိုး မှာ အလွန်အဆိပ်ပြင်းလေသည်။ ထိုဟင်းမလော့ပင်မှ ထုတ်ယူ ရရှိသော အဆိပ်ဖြင့် ဂရိလူမျိုး ဒဿနိကဗေဒပညာရှင် ဆိုကရေးတီးကို အဆုံးစီရင်ခဲ့ဖူးသည်။ နွားစားမုန်လာပင်နှင့် ဟင်းမလော့ပင်ကို ခွဲခြား သိရှိနိုင် ရန်မှာ နွားစားမုန်လာပင်၏ပင်စည်တွင် အမွေးအမှင်ထူ၍ အရွက်များသည် အောက်သို့ ကုပ်ကျနေ၏။ ဟင်းမလော့ပင်၌မူ အရွက်နှင့်ပင်စည်တို့မှာ ချောမွတ်နေသည့်အပြင် ပင်စည်၌ ခရမ်းရောင်အပြောက်များ ရှိသည်။


အချို့အပင်များသည် ထိရုံမျှနှင့် အသားအရေ ယားယံလာ စေခြင်း၊ ဖူးရောင်စေခြင်း စသည်တို့ ဖြစ်ပေါ် လာစေနိုင်၏။ ဖက်ယားပင်ကို အများတွေ့ဖူးကြမည်ဖြစ်သည်။ ဖက်ယားပင်ကို ထိမိလျှင် အရွက်များတွင် ရှိသောအဆိပ်ဆူးများ စူးသဖြင့် ထိခိုက်မိသည့်နေရာ၌ ယားယံလာမည်ဖြစ်သည်။ ထိုဖက်ယား ပင်ထက် အဆိပ်ပြင်းသောအပင်မှာ ဆူးမတ်ပင်မျိုးထဲမှဖြစ်၍ ဤအပင်မျိုးကို ထိမိလျှင် မခံမရပ်နိုင်အောင် ယားယံလာခြင်း နှင့် ထိမိသည့်နေရာတွင် ဖူးရောင်ခြင်းတို့ကို ဖြစ်စေနိုင်၏။ အမေရိကန်ပြည်ထောင်စုတွင် အနှံ့အပြား ပေါက်ရောက်လျက် ရှိသော အဆိပ်ရှိ တိုက်ကပ်နွယ်ပင်မှာ ဆူးမတ်ပင်မျိုးတွင် အထင်ရှားဆုံး ဖြစ်သည်။ ဥယျာဉ်ခြံများ၌ စိုက်ပျိုးထားလေ့ ရှိသော ဆတ်ချိုဆူးမတ်ပင်မျိုးကို ကိုင်တွယ်မိလျှင် လက်တွင် ဆူးများ စူးဝင်နေတတ်သည်။ ထို့ကြောင့် အမွေးအမှင်ရှိသော အရွက်များကို အမှတ်တမဲ့ မကိုင်တွယ်သင့်ချေ။ စူးဝင်သော အမွေးအမှင်တို့ကြောင့် အင်ပြင်များဖြစ်ပေါ်လာတတ်သည်။ ရှားစောင်းပင်မျိုးမှထွက်သော နို့ရည် ထိမိလျှင်လည်း ယားနာ များ ဖြစ်ပေါ်လာတတ်သည်။

ကမ္ဘာပေါ်ရှိ တောတွင်းကျကျ အရပ်များ၌ နေထိုင်ကြသော လူရိုင်းတို့ အသုံးပြုသည့် ဆိပ်လူးမြား အတွက် အဆိပ်ရည်ကို များသောအားဖြင့် အဆိပ်ပင်များမှ ထုတ်ယူရရှိကြသည်။ လူရိုင်းတို့သည် မြွေဆိုးများနှင့် အခြားအဆိပ်ရှိသောသတ္တဝါ များမှလည်း လိုအပ်သော အဆိပ်ရည်ကို ရရှိကြသည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)