အတ္ထင်္ဂတသိက္ခာပုဒ်
အမှု—နေဝင်အောင် ဩဝါဒပေးမှု။
အမှုသည်—အရှင်စူဠပန်။
ရှင်စူဠပန်၏ နေဝင်အောင်ဩဝါဒပေးမှု
ပြင်ဆင်ရန်သမ္မုတိရသော ထေရ်တို့သည် တလှည့်စီ ဘိက္ခုနီတို့အား ဩဝါဒပေးကြကုန်၏၊ အရှင်စူဠပန်၏အလှည့်ကျသောအခါ “ဂရုဓမ်ပါဠိကို နှုတ်တက်ရကြရဲ့လား” ဟုမေး၍ “ရကြပါ၏”ဟု လျှောက်လျှင် “ဤဂရုဓမ်ပါဠိသည်ပင် ဩဝါဒဖြစ်သည်”ဟု မိန့်တော်မူပြီးလျှင်...
“အဓိစေတသော အပ္ပမဇ္ဇာ,
မုနိနော မောနပထေသု သိက္ခတော၊
သောကာ နဘဝန္တိ တာဒိနော,
ဥပသန္တဿ သဒါသတိမတော”။ ။
ဟု ဤဂါထာကို ရွတ်ဆိုပြီးသောအခါ ပြန်လွှတ်လေ့ရှိ၏၊ နောက်တလှည့်ကျသည့်အခါ၌ကား ဘိက္ခုနီတို့က “ယနေ့တော့ ဩဝါဒပြည့်စုံတော့မှာ မဟုတ်ပါဘူး, အရှင်စူဠပန်က သူရွတ်နေကျ ဥဒါန်းဂါထာကလေးကို ရွတ်ပါလိမ့်မယ်”ဟု စောစောကပင် နိမိတ်ဖတ်နှင့်ကြလေ၏။ အရှင်စူဠပန်အထံ ရောက်သောအခါလည်း သူတို့နိမိတ်ဖတ်ထားသည့်အတိုင်းပင် ဖြစ်ရကား-“ကဲ-မပြောလား, ဟိုဥဒါန်းကလေး ရွတ်ပါလိမ့်မယ်လို့”ဟု သူတို့ချင်း တိုးတိုးပြောသံကို ရှင်စူဠပန်ကြား၍ ကောင်းကင်သို့တက်ပြီးလျှင် တန်ခိုး အမျိုးမျိုးပြကာ ထိုဥဒါန်းကိုလည်း ရွတ်၏၊ အခြားတရားတော်ကိုလည်း များစွာဟော၏၊ ဤနည်းအားဖြင့် နေဝင်သည့်တိုင်အောင် ဩဝါဒပေးပြီးမှ ပြန်လွှတ်လိုက်လေသည်။[၁]
လူများကဲ့ရဲ့ခံရဖို့
ပြင်ဆင်ရန်ဘိက္ခုနီတို့၏ ကျောင်းကား မြို့တွင်း၏ အစွန်အဖျား၌ တည်ရှိ၏၊ ထိုဘိက္ခုနီများ ပြန်သွားချိန်ဝယ် မြို့တံခါးပိတ်နှင့်ပြီ ဖြစ်၍ မြို့ပြင်ဘက်၌ တညလုံးနေကြရပြီးလျှင် တံခါးဖွင့်မှ စောစောကြီး မြို့တွင်းသို့ ဝင်သွားကြလေရာ “ဒီဘိက္ခုနီတွေ အဗြဟ္မစရိယကို ကျင့်ကြတယ်, ကျောင်းတိုက်ထည်း၌ ရဟန်းတို့နှင့် အတူအိပ်ပြီး ယခုမှ စောစောဝင်လာ ကြတယ်”ဟု လူတို့ကဲ့ရဲ့ကြသည်ကို ဘုရားရှင်ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
သိက္ခာပုဒ်
ပြင်ဆင်ရန်သမ္မတောပိ စေ ဘိက္ခု အတ္ထင်္ဂတေ သူရိယေ ဘိက္ခုနိယော ဩဝဒေယျ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
ပြင်ဆင်ရန်သမုတ်အပ်သူလည်းဖြစ်သော ရဟန်းသည် နေဝင်သည့် တိုင်အောင် ဘိက္ခုနီတို့ကို ဆုံးမအံ့၊ ပါစိတ်အာပတ်သင့်၏။ [၁]
ဂါထာနက်
ပြင်ဆင်ရန်အဓိစေတသော = စိတ်များထိပ်ခေါင်, ဂုဏ်ရောင်လျှံဖိတ်, အရဟတ္တဖိုလ်စိတ်လည်း ရှိပေထသော၊ အပ္ပမဇ္ဇတော = ကုသိုလ်ဓမ္မ မပြတ် ရအောင်, နိစ္စစွဲ၍, မမေ့သူလည်း ဖြစ်ပေထသော၊ မောနပထေသု = အရဟတ္တဖိုလ်ဉာဏ်, လမ်းကြောင်းမှန်သည့်, ဗောဓိပက္ခိယတရား, သုံးဆယ် ခုနစ်ပါးတို့၌၊ သိက္ခတော = ကောင်းစွာအသင့်, သဒ္ဓါပွင့်၍, ပြုကျင့်အားထုတ် သူလည်းဖြစ်ပေထသော၊ တာဒိနော = လောကဓမ်လှိုင်း, လေမုန်တိုင်းကြောင့် ရုပ်ဆိုင်းမတုန်, တာဒိဂုဏ်နှင့်လည်း ပြည့်စုံပေထသော၊ ဥပသန္တဿ = ကိလေသာဟူ, မီးပူခပ်သိမ်း, ဧငြိမ်းပြီးသူလည်း ဖြစ်ပေထသော၊ သဒါသတိမတော = ခါခါမလပ်, အရပ်ရပ်ဝယ်, နှံ့စပ်ပေသည့်, သတိရှိသူလည်းဖြစ်ပေထသော၊ မုနိနော = ယခုနောင်ခါ, ၂-ဖြာလောက, ကျနသိမြင်, အရှင်ရဟန္တာ ပုဂ္ဂိုလ်အား၊ သောကာ = မုန်းသူနှင့်တွဲ, ချစ်သူကွဲကြောင့်, ဝမ်းနဲခြင်းဟူ, အတွင်းပူတို့သည်၊ နဘဝန္တိ = တရံတဆစ်မျှ မဖြစ်ကြတော့ကုန်။ [၁]