နိုင်ငံတော်: တည်းဖြတ်မှု မူကွဲများ

"နိုင်ငံတော်ဟူသ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၄:၅၆၊ ၁၀ ဒီဇင်ဘာ ၂၀၁၁ ရက်နေ့က မူ

နိုင်ငံတော်ဟူသော အခေါ်အဝေါ်နှင့် ထိုစကားလုံးနှင့်တွဲ၍ပါလာသော လူတို့၏စိတ်တွင်းမှ ခံစားချက်၊ခံယူချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ မိုးပေါ်မှကျလာသည်မဟုတ်ပဲ အုပ်ချုပ်သူလူတန်းစားများမှ ဆယ်စုနှစ်၊ရာစုနှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လာခဲ့သော အရာတခုဖြစ်သည်။ လူအများအား နိုင်ငံတော်ဟူသော ဝေါဟာရအောက်တွင် တစည်းတလုံးထဲဖြစ်စေရေးအတွက် ပြောဆိုသောဘာသာစကားကို တတ်နိုင်သမျှတခုတည်းဖြစ်စေခြင်း၊ လူမျိုးစုနွယ်များ အသွယ်သွယ်ဖြစ်နေသည်ကို တတ်နိုင်သမျှ ကွဲပြားမှုနည်းအောင်ပြုလုပ်ခြင်းများမှာ အခြေခံကျသော နိုင်ငံတော်ယုံကြည်ချက်တခုဖြစ်လာစေရေးနည်းလမ်းများဖြစ်ပြီး အုပ်ချုပ်သူများက ထိုပန်းတိုင်များသို့ရောက်ရှိရေးအတွက် အနုနည်းရော အကြမ်းနည်းပါ နည်းမျိုးစုံသုံးခဲ့ကြသည်။ ဥပမာအားဖြင့် အာဖရိကတွင်ရှိသော ဇူလူးတို့မှာ သာမန်လူအများထင်ထားသကဲ့သို့ လူမျိုးစုတခုမဟုတ်ပဲ ရှာကာ(Shaka)ဟူသော ခေါင်းဆောင်တဦးက လွန်ခဲ့သောရာစုနှစ်နှစ်ခုလောက်စတင်၍ မျိုးနွယ်စုငယ်အများအပြားကို တစုတစည်းထဲဖြစ်အောင် ကြိုးစားထားမှုမှ ဖြစ်ပေါ်လာသောရလဒ်ပင်ဖြစ်သည်။ ပြင်သစ်နိုင်ငံသည်လည်း ထွေပြားနေသောလူမျိုးစုများကို ပါရီမြို့တော်မှ အုပ်ချုပ်သူလူတန်းစားက တစုတစည်းတည်းဖြစ်အောင် ကြိုးပမ်းလာကြရာမှ လက်ရှိအခြေအနေတွင် ပြင်သစ်နိုင်ငံရှိသာမန်လူအများစု၏ စိတ်အတွင်း၌ ပြင်သစ်နိုင်ငံသားဟူသော ခံယူချက်၊အဓိပ္ပာယ်ဖွင့်ဆိုချက်များများဖြစ်ပေါ်လာစေခဲ့ခြင်းဖြစ်သည်။ ဆိုလိုရင်းမှာ နိုင်ငံအသီးသီး၌ဖြစ်ပေါ်နေသော မည်သည့်နိုင်ငံ၏ နိုင်ငံသားဟူသော ခံယူချက်များမှာ အစကတည်းက အလိုလိုတည်ရှိနေသည်မဟုတ်ပဲ လူသားများက လိုသလိုဖန်တီးယူထားသော ခံယူချက်များသာဖြစ်သည်ဟူလို။ ထိုအချက်ကို အများဆုံးမျက်ကွယ်ပြုသောသူများမှာ အမျိုးသားရေးဝါဒီများဖြစ်ပြီး ထိုသူတို့၏ ခံယူချက်များအလွန်အကျွံ ဖြစ်လာသောအခါ သူတို့ယုံကြည်မှုတည်ဆောက်ထားသော နိုင်ငံတနိုင်ငံ နိုင်ငံသားတခု၊လူမျိုးတမျိုးဟူသော ခံယူချက်၏ အကြောင်းပြချက်ဖြင့် ဖိနှိပ်မှုခံရသော လူမျိုးစုငယ်များကလည်း သူတို့ကဲ့သို့ပင် အမျိုးသားရေးအမြင်များ တန်ပြန်ခံယူကာ အစဦးက နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ပြိုကွဲပြီး နိုင်ငံတော်ငယ်များအစိတ်စိတ်ကွဲနိုင်မည့် အန္တာရာယ်ရှိလာနိုင်၏။

ထိုကဲ့သို့သော နိုင်ငံတခုအတွင်း၌ နိုင်ငံတော်တခုတည်းဟူသော ခံယူချက်ဖြစ်လာစေရေး အတွက် ထိုနိုင်ငံဟုခေါ်တွင်သော လူမျိုးစုများတခုထက်ပို၍ရှိနေနိုင်သော နယ်နမိတ်တခုအတွင်း၌ရှိနေသောလူအများနှင့် သဟဇာတဖြစ်အောင် နှစ်ပေါင်းများစွာ ပုံမှန်ထိန်းသိမ်းစောင့်ရှောက်ထားသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခု(Political Institution)ရှိရန်လိုအပ်၏။ ထိုကဲ့သို့ နိုင်ငံဖွဲ့စည်းပုံအဆောက်အအုံသည် ထိပ်ဆုံးမှ အုပ်ချုပ်သူခေါင်းဆောင်တဦးတည်း၏ တွေးခေါ်ကြံစည်ပုံ၊ အကောင်အထည်တခုတည်းအပေါ်တွင် တည်မှီမနေသင့်ပဲ ခေါင်းဆောင်သူကွယ်လွန်သွားသော်လည်း ကျန်ရှိနေသောစနစ်ကို လူအများက ဆက်လက်လိုက်နာနေစေရန် လိုအပ်၏။ ယူဂိုဆလားဗီးယားခေါင်းဆောင်ကြီး ဂျိုးဇစ်တီးတိုး(Josip Tito)သည် သူ၏နိုင်ငံကို တည်ဆောက်ရာတွင် အမှီအခိုကင်းသော နိုင်ငံအုပ်ချုပ်ဖွဲ့စည်းပုံစနစ်တခုကို ပြုစုပျိုးထောင်ခြင်းထက် သူ၏အတွေးအခေါ်နှင့် ထင်မြင်ယူဆများကို အခြေပြုကာ နိုင်ငံကို သူ၏အယူအဆအားစမ်းသပ်သည့် ပုံစံမျိုးဖြင့် အုပ်ချုပ်ခဲ့သောကြောင့် သူသေဆုံးပြီးသည့် နောက်ပိုင်းဆယ်စုနှစ်တခုကျော်ရုံသာရှိသေးသော ကာလပြီးသည့်နောက် အစိတ်စိတ်အမွှာမွှာကွဲလိုက်သည့် နိုင်ငံများမှာ ဆိုဗီယက်ပြည်ထောင်စုကွဲပုံနှင့် သူမသာကိုယ်မသာရှိလှသည်။ ကွဲပြားသွားသော ဖြစ်စဉ်များအတွင်းဖြစ်ပေါ်ခဲ့သော သွေးချောင်းစီးမှုများမှာလည်း ကြောက်ခမန်းလိလိရှိလှသည်။ လျို့ဝှက်ကူးယူအသံဖမ်းထားသော တိတ်ခွေများမှအစပြု၍ ဖြစ်ပွားခဲ့သော ဝါတားဂိတ်အရှုပ်တော်ပုံ(watergate scandal)တွင် အဓိကစွပ်စွဲခံရကာ နာမည်ပျက်၍ နုတ်ထွက်ခဲ့ရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်လက်ထက်ရှိ အမေရိကန်ပြည်ထောင်စုတွင် နစ်ဆင်နုတ်ထွက်ပြီးနောက် တက်လာသော သမ္မတ ဂျွန်ဆင်သည် ရွေးကောက်ပွဲနိုင်၍တက်လာသောသမ္မတမဟုတ်သောလည်း လွှတ်တော်များအတည်ပြုသမ္မတသာဖြစ်သော ဂျွန်ဆင်ကို နိုင်ငံသာများက အထူးတလည်ကန့်ကွက်မနေပဲ လက်ခံလိုက်ကြပြီး အမေရိကန်ပြည်ထောင်စုကြီးမှာလည်း မပြိုကွဲသွားခဲ့ပါ။ ယူဂိုဆလပ်မှ တီးတိုး၏အခြေအနေနှင့် ယှဉ်ပြရခြင်းမှာ သိပ်မဆိုင်သလိုရှိသော်လည်း ထိုအမေရိကန်ပြည်ထောင်စုတွင် ကြုံရသောအခြေအနေကိုကြည့်ခြင်းအားဖြင့် လူပုဂ္ဂိုလ်အပေါ်မူတည်မှမရှိပဲ နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့သော အမေရိကန်၏ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည့် သမ္မတထက် ပို၍အရှိန်အဝါကြီးနေဆဲဖြစ်ပြီး နစ်ဆင်ပြုတ်သွားသော်လည်း တရားဥပဒေစိုးမိုးမှုယိုင်ဆင်းမသွားပဲ ဆက်လက်သြဇာရှိနေဆဖြစ်သည်ကိုကြည့်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအဆောက်အအုံရေရှည်ခိုင်မြဲစေရေးမှာ ခေါင်းဆောင်ကောင်းရှိရေးထက် ပို၍အရေးကြီးကြောင်းသိနိုင်ပါသည်။

နိုင်ငံတနိုင်ငံတွင် ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တခုတည်ဆောက်ရာတွင် ကွဲပြားမှုရှိနိုင်သော လူမျိုးစုများရှိသည့် နယ်မြေအစုစုကို နိုင်နင်းစွာအုပ်ချုပ်နိုင်ရေး အရေးကြီးသည့်အလျောက် ၄င်းကိုအခြေခံ၍ ကွဲပြားသော အုပ်ချုပ်သောပုံစံနှစ်ခုရှိ၏။ အများရင်းနှီးကြားဖူးပြီးသားဖြစ်သော ပြည်ထောင်စုစနစ်(unitary system)နှင့် ဖက်ဒရယ်စနစ်(federal system)တို့ဖြစ်ကြသည်။ ပြည်ထောင်စုစနစ်တွင် မြို့တော်မှ တိုက်ရိုက်အုပ်ချုပ်သည်ကများပြီး ဒေသငယ်များမှာ ကိုယ်ပိုင်စီမံပိုင်ခွင့်(autonomy)အနည်းငယ် သို့မဟုတ် လုံးဝမရလေ့မရှိပဲ ဖက်ဒရယ်စနစ်အတွင်းတွင်ရှိသော ပြည်နယ်အစိုးရများမှာမူ အတိုင်းအတာတခုအထိ ကိုယ်ပိုင်နိုင်ငံရေးဘဝတခုရရှိပြီး ဗဟိုမှ ဥပဒေလမ်းကြောင်းအရ ပယ်ဖျက်ခွင့်၊ပြုပြင်ပြောင်းလဲပိုင်ခွင့်များမရှိသော လုပ်ပိုင်ခွင့်များကို ရရှိထားသော ဒေသခံအစိုးရငယ်များရှိ၏။ တရုတ်၊ဆွီဒင်၊ပြင်သစ်နှင့် ဂျပန်စသည့် နိုင်ငံများမှာပြည်ထောင်စုစနစ်ကျင့်သုံးသော နိုင်ငံများဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ဆွစ်ဇလန်၊ဘရာဇီးနှင့် ဂျာမဏီနိုင်ငံများမှာ ဖက်ဒရယ်စနစ်ကျင့်သုံးသောနိုင်ငံများဖြစ်ကြသည်။