ဗုဒ္ဓဂါယာ: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၄၉ -
 
ဗုဒ္ဓဘာသာ ဝင်တို့ အထွဋ် အမြတ် ထားရာ အိန္ဒိယ နိုင်ငံ ဗုဒ္ဓ ဂါယာက မဟာဗောဓိ စေတီနှင့်အနီး တဝိုက်တွင်ဗုံး ပေါက်ကွဲအကြမ်းဖက်မှုများ ဖြစ်ခဲ့ ပြီး နောက်တနေ့၂၀၁၃ ခုနစ်၊ ဇူလိုင်လ( ၈ )ရက်နေ့တွင် ဂါယာက ဈေးဆိုင်တွေ အားလုံး ပိတ်ထား ခဲ့ကြ ပါသည်။
 
 
==ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူးခရီးစဉ်မှတ်တမ်း==
 
၁၃၇၅ ခု ၊ တပေါင်းလဆန်း ၁၂ ရက်၊ (12.3.2014) ဗုဒ္ဓဟူးနေ့။ မိမိတို့ မိသားစုအပါအဝင် မဟာတိုးဗုဒ္ဓဂယာဘုရားဖူးအဖွဲ့နှင့် လိုက်ပါကြမည့် နယ်ပေါင်းစုံမှပုဂ္ဂိုလ်များ ရန်ကုန်အပြည်ပြည််ဆိုင်ရာလေဆိပ်သို့ နံနက်(၁၁)နာရီအရောက် သွားကြသည်။ မိမိအပါအဝင် ရဟန်း(၃)ပါးနှင့် လူပုဂ္ဂိုလ်(၁၆)ဦးဖြစ်သည်။ နေ့လယ်(၁၂) နာရီတွင် လေယာဉ်စထွက်မည်ဖြစ်၍ မဟာတိုးကုမ္ပဏီမှ မိမိအပါအဝင် ရဟန်း(၃)ပါးကို လေဆိပ်အနီးရှိ ထမင်းဆိုင်တွင် နေ့ဆွမ်းကပ်သည်။ လေဆိပ်တွင်စောင့်နေစဉ် ရာပြည့်သုခ၊ မဇ္စျိမအလင်း စသော ဘုရားဖူးအဖွဲ့များနှင့်လည်း ဆုံမိကြ သည်။ လေယာဉ်ထွက်ချိန် မွန်းလွဲ(၁)နာရီသို့ ပြောင်းသွားသည်။ လေယာဉ်ပေါ်တွင် မိမိနှင့် ဗုဒ္ဓဂယာမြန်မာကျောင်း ဆရာတော်ကြီး ဦးဉာဏိန္ဒတို့ ထိုင်ခုံချင်းကပ်လျက် အတူထိုင်ရသည်။ ဆရာတော်ကြီးသည် သံဃမဟာနာယက အစည်းအဝေးအတွက် ကြွလာရခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်လေဆိပ်မှ ဂယာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းချိန် (၂)နာရီ(၁၀)မိနစ် ကြာမြင့်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်ခါနီးတွင် ဗုဒ္ဓဂယာဆရာတော်ကြီးက ဒုက္ကရစရိယာတောင်နှင့် နေရဥ္ဇရာမြစ်ကို ပြသသဖြင့် ဖူးမြော်ခွင့်ရသည်။
ဘုရားရှင်အဆူဆူပွင့်တော်မူရာ အတုမဲ့အောင်မြေရှိ မဟာဗောဓိစေတီ
လေဆိပ်တွင် လူစုံအောင်စောင့်ပြီးနောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားကြသည်။ ဂိုက်လုပ်သူ ကိုကျော်အောင်က မနက်ဖြန်နံနက်ကျမှ မဟာဗောဓိစေတီတော်ကို အေးအေးဆေးဆေးလာဖူးကြမည်၊ ယခုခေတ္တ ဝင်ဖူးမည်ဟု ပြောသည်။ မိမိတို့အဖွဲ့များ မဟာဗောဓိစေတီတော်သို့ ဝင်ရောက်ဖူးမြော်ကြသည်။ (2013)ခု ဇူလိုင်လ၌ မဟာဗောဓိပင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအထူးတင်းကြပ်ထားသည်။ ယခင်ကလို ဝင်ချင်သည့် နေရာမှ ဝင်လို့မရတော့။ လူနှစ်ရပ်ခန့်ရှိ အုတ်တံတိုင်းကြီးများဖြင့် ကာရံထားပြီး ဝင်ပေါက်နှင့်ထွက်ပေါက်ကို သီးသန့်ခွဲခြား ထားသည်။ အမျိုးသားနှင့် အမျိုးသမီးကိုလည်း ခွဲခြားထားသည်။ စစ်ဆေးရေးဂိတ်နှစ်ဆင့်၌ စစ်ဆေးရေး ကိရိယာများဖြင့် အစစ်ဆေးခံပြီးမှသာ ဝင်ခွင့်ပြုသည်။ ဖုန်းများလုံးဝယူဆောင်ခွင့်မပြု။ ကင်မရာများလည်း ရူပီငွေ(၁၀၀)ပေးမှသာ ယူဆောင်ခွင့်ပြုသည်။
မဟာဗောဓိရုပ်ပွားတော်၊ ဗောဓိပင်နှင့်ရွှေပလ္လင်တော်တို့ကို ဖူးမြော်၍ စရိယာပိဋကပါဠိတော်လာ ပါရမီ(၁၀)ပါး ဂါထာများနှင့် ဇိနာလင်္ကာရကျမ်းလာ ဘုရားအဖြစ်သို့ရောက်ရှိပုံဂါထာများကို ရွတ်ဆို၍ ရှိခိုးပူဇော်သည်။ ပြီးနောက် မြန်မာကျောင်းသို့ သွားကြသည်။ ညနေပိုင်း၌ မဟာဗောဓိစေတီတော်ကို နောက်တစ်ကြိမ်ထပ်ဖူးကြသည်။ ပြည်ပ ဘုရားဖူးအဖွဲ့များသာမက ပြည်တွင်းဘုရားဖူးအဖွဲ့လည်း အတော်များများလာကြသည်။ ယခင်အခေါက်များက အိန္ဒိယ နိုင်ငံသားဘုရားဖူးများကို သိပ်မတွေ့ရ။ ယခု အတော်များများလာကြသည်ကိုတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အတိုင်းတိုင်းအပြည်ပြည်မှ လာရောက်ဖူးမြော်ကြသော ဘုရားဖူးများဖြင့် နေ့ညမစဲ အမြဲစည်ကားနေခြင်းကလည်း ပူဇော် အထူးကို ခံယူတော်မူထိုက်သော အရဟံဂုဏ်တော်ကို ပေါ်လွင်ထင်ရှားစေသည်။ လူပုဂ္ဂိုလ်များသာမက နတ်ဗြဟ္မာများ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီများလည်း အမြဲလာရောက်ဖူးမြော်ကြလိမ့်မည်ဟု ယုံကြည်မိပါ၏။
(13.3.2014) နံနက်စာစားပြီး သုဇာတာ ဃနာနို့ဆွမ်းကပ်လှူသောနေရာသို့ သွားရောက်ဖူးမြော်ကြသည်။ သုဇာတာသူဌေးသမီးက ဃနာနို့ဆွမ်းကပ်လှူနေပုံကို ထုလုပ်ထားသည်။ ရုပ်ပွားတော်နှင့် ဦးခေါင်းတော်အရွယ်အစားတို့ ညီညွတ်မှုမရှိ၊ ဦးခေါင်းတော်က သေးနေသည်။ ဦးခေါင်းတော်များ ရိုက်ချိုးဖျက်ဆီးခြင်းခံရ၍ အသစ်ပြန်ပြုပြင်ထား ခြင်းဖြစ်ကြောင်း သိရသည်။ ဤနေရာ၌ သုဇာတာသူဌေးသမီးသည် သားဆုပန်ရာ ဆုတောင်းပြည့်သဖြင့် ရုက္ခစိုးနတ်ကို နှစ်စဉ်ဃနာနို့ဆွမ်း လာရောက်ပူဇော်ခြင်းဖြစ်သည်။ ညောင်ပင်အောက်၌ တရားအားထုတ်နေသော ဘုရားအလောင်း တော်ကို ရုက္ခစိုးနတ်ဟု မှတ်ထင်ပြီး ရွှေခွက်နှင့်တကွ ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းသည်။ အလောင်းတော်က ဘုဉ်းပေးပြီးနောက် ရွှေခွက်ကို နေရဥ္ဇရာမြစ်အတွင်းသို့ အဓိဋ္ဌာန်ပြု၍ မျှောသည်။ ရွှေခွက်မျှောသောနေရာ အထိမ်း အမှတ်အဖြစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နေရဥ္ဇရာမြစ်အနီး၌ တည်ထားသည်။ မြစ်ဟုဆိုသော်လည်း နွေရာသီတွင်ရေမရှိ၊ မိုးတွင်းကျမှသာ ကမ်းပြည့်ကမ်းလျှံ ရေစီးဆင်းသည်ဟု သိရ၏။ တောင်မှမြောက်သို့ စီးဆင်းနေသောမြစ်ဖြစ်သည်။ ကာဠနဂါး၏ ဘုံဗိမာန်ကား ဤမြစ်အောက်တွင် ရှိပေလိမ့်မည်။
ဃနာနို့ဆွမ်းကပ်လှူသောနေရာကို ဖူးမြော်ပြီးနောက် သေနာနိဂုံးရှိ သုဇာတာသူဌေးသမီးအိမ်ရာ၌ တည်ထား သောစေတီကြီးကို သွားရောက်ဖူးမြော်ကြသည်။ ဘုရားရှင်အား ကပ်လှူမည့်ဆွမ်းကို ချက်ပြုတ်ရာနေရာဖြစ်သောကြောင့် အသောကမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်ကြောင်း ဂိုက်ဆရာတော်က ရှင်းပြသည်။ ယခင်က မြေကြီးကုန်းမျှသာ ဖြစ်သော်လည်း (2002)ခုနှစ်နောက်ပို်င်းတွင် ပြန်လည်တူးဖော်ခဲ့ရာ စေတီတော်ကြီး ပြန်လည်ပေါ်ထွက်လာသည်။ မိမိ၏စိတ်အာရုံတွင် ဃနာနို့ဆွမ်းချက်ရာ၌ နတ်ဗြဟ္မာများ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပုံကို မှန်းဆကြည်ညိုမိသည်။ ဘုရားဖြစ်မည့်နေ့တွင် ဘုဉ်းပေးရသောဆွမ်းဖြစ်၍ အခြားသောဆွမ်းများထက် အကျိုးအာနိသင် ကြီးမားကြောင်း ဟောကြားတော်မူခဲ့သည်ကိုလည်း အမှတ်ရမိသည်။ လှူဒါန်းခွင့်ရသော သုဇာတာသူဌေးသမီးသည်လည်း အရတော်ပါ ပေစွ။ ကုသိုလ်ကံထူးပါပေစွ။ နှစ်ပေါင်း(၂၆၀၀)ကျော်ပြီဖြစ်သော်လည်း သုဇာတာ၏အမည်ကား ယနေ့တိုင်အောင် မဟာဗောဓိနယ်မြေတစ်ခွင်၌ ထင်ရှားသောအမည်နာမအဖြစ် နေရာတိုင်းတွင် တွေ့နေရဆဲပင်။
သုဇာတာအိမ်ရာမှအပြန် သုဒ္ဓိယမြက်ထမ်းသမားက ဘုရားအလောင်းတော်အားမြက်ရှစ်ဆုပ်လှူဒါန်းသောနေရာ ကို ဝင်ရောက်ဖူးမြော်ကြသည်။ ကားလမ်းနံဘေးရှိ အဆောက်အဦးငယ်တစ်ခုတွင် မြက်ရှစ်ဆုပ် လှူဒါန်းနေပုံထုလုပ် ထားပြီး ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ဆိုင်းဘုတ်ဖြင့်ရေးသားမှတ်တမ်းတင်ထားသည်။
၎င်းနောက် မဟာဗောဓိစေတီတော်သို့သွား၍ သင်္ကန်းကပ်လှူကြသည်။ ဂိုက်ဆရာတော်က အလောင်းတော် သည် ဗောဓိပင်နှင့် ရွှေပလ္လင်တော်တွင် မာရ်(၅)ပါးကို အောင်မြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်ရှိပုံ၊ ဗောဓိပင်ရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင် ပထမသတ္တာဟအဖြစ်စံနေတော်မူပုံ၊ ဒုတိယသတ္တာဟအဖြစ် ဗောဓိပင်နှင့် ရွှေပလ္လင်တော်ကို မမှိတ်သောမျက်စိဖြင့်ရှုစား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ တတိယသတ္တာဟအဖြစ် ရတနာစင်္ကြ ံ တော်ကို ဖန်ဆင်း၍ (၇)ရက်တိုင်တိုင် စင်္ကြ ံကြွ၍ စံနေတော်မူပုံ၊ စတုတ္ထသတ္တာဟအဖြစ် အဘိဓမ္မာ(၇)ကျမ်းကို ဆင်ခြင် တော်မူ၍ (၇)ရက်တိုင်တိုင် ရတနာဃရစံအိမ်တော်တွင် စံနေတော်မူပုံ၊ ပဥ္စမသတ္တာဟအဖြစ် ဆိတ်ကျောင်းညောင်ပင် ရင်းတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ ဆဋ္ဌမသတ္တာဟအဖြစ် မုစလိန္ဒာရေအိုင် အနီးတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ သတ္တမသတ္တာဟအဖြစ် ရာဇာယတနလင်းလွန်းပင် အရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ တို့ကို ရှင်းလင်းပြသည်။ သတ္တဋ္ဌာနတွင် လှည့်လည် ဖူးမြော်ကြပြီးနောက် အချိန်စောနေသေး၍ မြန်မာကျောင်းသို့ မပြန်သေးဘဲ ဗောဓိပင်အောက်တွင် နေခဲ့သည်။
မဟာဗောဓိဌာနကား ဘုရားရှင်အဆူဆူတို့၏ အတုမဲ့အောင်မြေဖြစ်၏။ သံသရာနှင့်ချီ၍ ကြာခဲ့သော ကိလေသာတို့ကို အနုသယဓာတ်ပါမကျန်အောင် အကြွင်းမဲ့ခြေမှုန်းပစ်ရာ ဌာနကြီးဖြစ်၏။ ကိလေသာဟူသမျှ မြူမျှ မကျန်အောင် ခြေမှုန်းနိုင်သဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်ခွင့်မရတော့ဘဲ သံသရာခရီး ပြီးဆုံးသွားတော့၏။ ဘုရားရှင်အဆူဆူတို့ ကိလေသာရန်သူကို အောင်မြင်ရာဌာန ဖြစ်၍ ကမ္ဘာတည်သောအချိန်တွင် ပထမဦးဆုံးတည်လာပြီး ကမ္ဘာပျက်သောအခါ၌လည်း နောက်ဆုံးအချိန်မှ ပျက်ရ၏။ ကမ္ဘာတည်ကာစအချိန်က ကြာရေကန်ကြီးရှိပြီး ဘုရားတစ်ဆူပွင့်မည့်ကမ္ဘာဖြစ်ပါက ကြာတစ်ပွင့် ပွင့်လာစမြဲဖြစ်၏။ ဤမျှထူးမြတ်လှသော နေရာဌာနကို ဖူးမြော်ခွင့်ရကြသူအပေါင်းတို့သည်လည်း ကုသိုလ်ကံထူးလှပါပေသည်။ မိမိသည် မဟာဗောဓိပင်အောက်၌ထိုင်၍ ရတနသုတ်၌လာသော ဂေါတမဘုရားအလောင်းတော် ဒီပင်္ကရာမြတ်စွာဘုရား အထံ တော်၌ ဗျာဒိတ်ခံယူပုံ၊ ပါရမီ(၁၀)ပါး၊ စွန့်ခြင်းကြီး(၅)ပါး၊ စရိယ(၃)ပါးတို့ကို ဖြည့်ကျင့်ပုံ၊ ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူပုံတို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီး နေ့လယ်စာ စားချိန်အမီ မြန်မာကျောင်း သို့ ပြန်ခဲ့သည်။
မူလအစီအစဉ်အရ ဗုဒ္ဓဂယာတွင် (၂)ညအိပ်ပြီးမှ မိဂဒါဝုန်သို့ ခရီးဆက်ရန်ဖြစ်သော်လည်း (16)(17)ရက်များ သည် ကုလားသင်္ကြန်(Holy ပွဲတော်)ဖြစ်၍ ကားလမ်းများ ပိတ်ဆို့နေမည်စိုး၍ သင်္ကြန်ရက်တွင်း သင်္ကဿသို့ အရောက် သွားရန် ဂိုက်လုပ်သူ ကိုကျော်အောင်က စီစဉ်သည်။ သင်္ကဿကဲ့သို့ ခေါင်သောနေရာတွင်သာ နေရထိုင်ရ အဆင်ပြေနိုင်သဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ အပြန်မှသာ ဂယာတွင် (၂)ညအိပ်ရန် အစီအစဉ်ပြောင်းလိုက်ရသည်။
တရားဦးဟောတော်မူရာ မိဂဒါဝုန်
နေ့လယ်စားစားပြီးနောက် ဗာရာဏသီသို့ ခရီးဆက်ကြသည်။ ဗာရာဏသီသို့မရောက်မီ ဂင်္ဂါမြစ်ကို ဖြတ်ကျော် ခဲ့ရသည်။ ဗာရာဏသီမြို့သည် စည်ကားသောမြို့ဖြစ်၍ မြန်မာကျောင်းသို့ ရုတ်တရက်မရောက်နိုင်။ မိုးချုပ်မှ ဆေးဝင်္ကပါ မြန်မာကျောင်းသို့ ရောက်ရှိသည်။ မူလကျောင်းဆောင်ကြီးအပြင် ဘုရားဖူးများအတွက် တည်းခိုဆောင်ကြီးကိုလည်း အသစ်ဆောက်လုပ်ထားသည်။ ကျောင်းဆောင်အသစ် ဆောက်လုပ်ထားသည်မှာ ခေတ်မီအဆင့်မြင့်သည်။ အခန်းနံပါတ် ကဒ်ပြားထည့်မှ အခန်းတွင် မီးလင်းသည်။ တည်းခိုခဲ့သမျှတွင် ဤတစ်နေရာသာ အဆင့်မြင့်မြင့် တည်ဆောက်ထားသည် ကို တွေ့ရသည်။ ကျောင်းထိုင်ဆရာတော်က မိဂဒါဝုန်သမိုင်း၊ အိန္ဒိယဗုဒ္ဓဘာသာသမိုင်းနှင့် ဆေးဝင်္ကပါမြန်မာကျောင်း သမိုင်းတို့ကို အကျယ်တဝင့် ရှင်းပြသည်။ ဘာသာအယူဝါဒ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ မတူညီသော အိန္ဒိယတွင် အခက် အခဲမျိုးစုံအကြား၌ သာသနာပြုနေရကြောင်းနှင့် ဤကျောင်းတော်ကြီးကို အမှုအမျိုးမျိုးရင်ဆိုင်လျက် ဒေါ်လာ(၆)သန်း အကုန်အကျခံကာ ထိန်းသိမ်းစောင့်ရှောက်နေရကြောင်း မိန့်ကြားသည်။ မြန်မာကျောင်းသည် ဗာရာဏသီမြို့တွင်း၌ တည်ဆောက်ထားသော ကျောင်းဖြစ်၍ မိဂဒါဝုန်နှင့် (၇)မိုင်ဝေးကွာကြောင်း သိရသည်။ သို့ဖြစ်၍ ညပိုင်းတွင် အပြင် ထွက်၍ ဖူးမြော်လေ့လာစရာမရှိ။ တစ်ညတာပြီးကြရတော့သည်။
(14.3.2014) နံနက်စာ စားပြီးနောက် တရားဦးဓမ္မစကြာဟောတော်မူရာ ဣသိပတနမိဂဒါဝုန်သို့ သွားကြသည်။ မိဂဒါဝုန်သို့ အဝင်တွင် လမ်းဘေး၌ ချောက်ခဏ္ဍီစေတီကို ဝင်ဖူးကြသည်။ ဘုရားရှင်ကို ပဥ္စဝဂ္ဂီငါးပါးက ခရီးဦးကြိုပြုရာ ဌာနဖြစ်သည်။ အသောကမင်းကြီးက ထိုနေရာ၌ စေတီတည်ခဲ့သည်။ ဘာသာခြားမဂိုဘုရင် အက္ကဘာမင်းက သူ့ခမည်းတော် စစ်ရှုံးစဉ်အခါတွင် ပုန်းအောင်းခဲ့သောနေရာဟုဆိုကာ ထိုစေတီအပေါ်၌ မျှော်စင်တည်ဆောက်လိုက်လေ သည်။ သမိုင်းဝင်ဌာနဖြစ်၍ စနစ်တကျထိန်းသိမ်းထားသည်။ ၎င်းနောက် မိဂဒါဝုန်ရှိ ဓမ္မစကြာတရားဟောတော်မူရာ ဓမ္မရာဇိကစေတီနေရာတွင် ဓမ္မစကြာသုတ်တော်ကို စုပေါင်းရွတ်ဆို ကြသည်။ မိမိကမူ သုတ္တနိပါတ်ပါဠိတော်၌လာသော ဟေမဝတသုတ်နှင့် နာလကသုတ်ကိုပါ ရွတ်ဆိုပူဇော်သည်။
ဓမ္မစကြာတရားတော်ကို ဘုရားရှင်ထံမှ နာကြားခဲ့ရသော သာတာဂိရနတ်စစ်သူကြီးက သူငယ်ချင်းဖြစ်သူ ဟေမဝတနတ်စစ်သူကြီးထံသွား၍ ဘုရားရှင်ကိုဖူးမြော်ရန် ဖိတ်ခေါ်သောအခါ ဟေမဝတက ဘုရားစင်စစ်ဟုတ်၊မဟုတ် စစ်တမ်းထုတ်သည်။ အားရကျေနပ်မှုရှိသဖြင့် ဘုရားရှင်ကိုဖူးမြော်၍ တရားနာယူကာ သောတာပန်များ ဖြစ်သွားကြသည်။ ယင်းနတ်စစ်သူကြီး(၂)ဦးတို့ အပြန်အလှန်အမေးအဖြေပြု၍ ဘုရားစစ်တမ်းထုတ်ပုံနှင့် ဘုရားရှင်ထံမှ အာယတန(၆)ပါး နှင့် ပတ်သက်သောဖြေကြားချက်များကို မှတ်တမ်းတင်ထားသည်က ဟေမဝတသုတ် ဖြစ်၏။
နာလကသုတ်ကမူ ဘုရားအလောင်းတော် မွေးဖွားပြီးနောက် တန်ခိုးရှင် ဒေဝီလရသေ့ကြီးက ဤမင်းသားငယ် သည် မုချအမှန် ဘုရားဖြစ်လိမ့်မည်ဟု ဟောကိန်းထုတ်ပြီးနောက် သူကိုယ်တိုင်ကမူ ဘုရားပွင့်သည့်အချိန်တိုင်အောင် အသက်ရှည်တော့မည် မဟုတ်သဖြင့် တူဖြစ်သူ နာလကအား ဘုရားပွင့်လျှင် နည်းခံအားထုတ်ခွင့်ရအောင် လမ်းညွန် ခဲ့သည်။ ဘုရားပွင့်လာသောအခါ မိဂဒါဝုန်သို့ လိုက်လာပြီး မောနေယျအကျင့်တရားကို ဟောကြားပါရန် လျှောက်ထား ချက်အရ ဘုရားရှင်က ခက်ခဲပြင်းထန်သော မောနေယျအကျင့်တရားကို ဟောပြသောသုတ်ဖြစ်သည်။ ထိုနှစ်သုတ်လုံး မိဂဒါဝုန်၌ ဟောခဲ့သည်ဖြစ်၍ အမှတ်တရ ရွတ်ဆိုပူဇော်ခဲ့သည်။
၎င်းနောက် နန္ဒိယသူဌေးကြီး ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လှည့်လည်ဖူူးမြော်ကြသည်။ အလွန်ကြီးမားသော ကျောင်းတော်ကြီးဖြစ်ပြီး အလျားပေ(၂၀၀)ခန့် ရှိသည်။ အုတ်နံရံထုကြီးမှာ (၁၀)ပေခန့်ရှိသည်။ အသောကမင်းကြီးက ပြန်လည်ပြုပြင်ခဲ့ခြင်းဖြစ်သည်။ တရုတ်ရဟန်းတော်ဟူယင်ဆန် ဘုရားဖူးလာသောခေတ်က ပေ(၂၀၀)ခန့်မြင့်သော (၇)ထပ်တိုက်ကျောင်းကြီးအဖြစ် မြင်တွေ့ခဲ့ရသည်ဟု မှတ်တမ်းတင်ထားသည်။ နန္ဒိယကျောင်း တော်ကြီး ကို ဖူးမြော်ရသောအခါ ဓမ္မပဒပါဠိတော်မှ “စိရပ္ပဝါသိံ ပုရိသံ၊ ဒူရတော သောတ္ထိ မာဂတံ” အစရှိသော ဂါထာကိုလည်း အမှတ်ရမိသည်။ ကျောင်းရေစက်ချအပြီး မသေမီကတည်းက တာဝတိံသာနတ်ပြည်၌ ဘုံဗိမာန် ပေါ်ပေါက်နေသည်ကို အရှင်မဟာမောဂ္ဂလာန်က မြင်တွေ့ခဲ့ရသဖြင့် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က “နှစ်ပေါင်းများစွာ ကွဲကွာနေသော ရပ်ဝေးခရီးမှ ချမ်းသာစွာ ပြန်ရောက်လာသူကို ဆွေမျိုးအပေါင်းက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသကဲ့သို့ ကောင်းမှုရှင်ကိုလည်း တမလွန်ဘဝမှ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏” ဟုဟောတော်မူသည်။
နန္ဒိယကျောင်းတော်ရာကို ဖူးမြော်ပြီးနောက် အသောကကျောက်စာတိုင် အကျိုးအပဲ့များကို လေ့လာကြသည်။ တစ်ချိန်က သံဃာတော်များ သီတင်းသုံးစဉ် သံဃာညီညွတ်ရေးအတွက် စိုက်ထူခဲ့ခြင်းဖြစ်သည်။ သံဃာသင်းခွဲခြင်း မပြုရ။ ပြုလုပ်လျှင် အဝတ်ဖြူလဲစေ၍ ကျောင်းတိုက်မှ နှင်ထုတ်ခြင်းခံရမည်ဟု အမိန့်ထုတ်ထားခြင်းဖြစ်သည်။
၎င်းနောက် ဂေါဝိန္ဒစန္ဒရမင်း၏ မိဖုရားကြီး ကုမာရဒေဝီ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်းတော်ရာကို လေ့လာကြသည်။ ကျောင်း၌သီတင်းသုံးသော ဘိက္ခုနီများ မိဂသမ္မတာမြစ်အတွင်းသို့ ရေချိုးဆင်းရန် မြေအောက်လမ်း ဖောက်လုပ်ထားသည်။
ကုမာရဒေဝီကျောင်းတော်ကို လေ့လာပြီးနောက် ဘုရားရှင်ပထမဦးဆုံး ဝါဆိုဝါကပ်သီတင်းသုံးတော်မူခဲ့ရာ မူလဂန္ဓကုဋီကို ဖူးမြော်ကြသည်။ နန္ဒိယကျောင်းတော်၏ အစိတ်အပိုင်းနေရာတစ်ခုဖြစ်သည်။ ပထမဆုံးဝါဆိုတော်မူခဲ့ သောနေရာကို ဗဟိုပြု၍ နန္ဒိယသူဌေးကြီးက ကျောင်းတော်ကြီးဆောက်လုပ်ခဲ့ခြင်း ဖြစ်နိုင်စရာရှိ၏။ ဤနေရာ၌ ဘုရားရှင်သည် ပဥ္စဝဂ္ဂီ(၅)ပါး၊ ဗာရာဏသီမြို့မှ ယသသူဌေးသားအမှူးပြုသော အပေါင်းအပါ (၅၅)ပါး၊ စုစုပေါင်း ရဟန္တာ (၆၀)နှင့်အတူ သီတင်းသုံးတော်မူ၍ ဝါဆိုတော်မူခဲ့သည်။ ဝါကျွတ်တော်မူသောအခါ ရဟန္တာ (၆)ကျိပ်ကို နေရာအနှံ့ အပြားသို့ သာသနာပြုခရီး စေလွှတ်တော်မူသည်။ ဘုရားရှင်က ရဟန်းတို့အား “လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးစီးပွားအတွက် ခရီးလှည့်လည်ကြ။ အစအလယ်အဆုံး ကောင်းခြင်းသုံးဖြာနှင့် ပြည့်စုံသော စင်ကြယ်မြင့်မြတ်သည့် တရားတော်ကို ဟောပြောကြ။ တစ်နေရာသို့ (၂)ပါးအတူ မသွားကြနှင့်” ဟု သာသနာပြု စေလွှတ်တော်မူပုံကို အာရုံပြု၍ “စရထ ဘိက္ခဝေ စာရိကံ၊ ဗဟုဇနဟိတာယ ဗဟုဇနသုခါယ” အစရှိသော ပါဠိကို ရွတ်ဆိုပူဇော်ခဲ့သည်။
နန္ဒိယကျောင်းတော်ရာနှင့် ကပ်လျက် ဘုရားရှင်တရားဟောတော်မူရာ ပလ္လင်တော်ကြီးကို အင်္ဂတေအမိုးဖြင့် မိုး၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ပရိသတ်(၄)ပါးတို့ကို နေ့စဉ်တရားဟောရာ ပလ္လင်တော်ဖြစ်သည်။ ယသသူဌေးသား ကိုလည်း ဤနေရာ၌ တရားဟော၍ အကျွတ်တရားရစေတော်မူခဲ့သည်။ ပလ္လင်တော်ကြီးကို ဖူးမြော်ပြီးနောက် အနတ္တလက္ခဏာသုတ်ကို ဟောကြားရာနေရာရှိ ဓမ္မေခစေတီတော်ကြီးကို ဖူးမြော်၍ အနတ္တလက္ခဏာသုတ်ကို စုပေါင်း ရွတ်ဆိုပူဇော်ကြသည်။
နေနှင့်လတို့ မဖြစ်ပေါ်သေးသမျှ ကာလပတ်လုံး စကြဝဠာတစ်ခွင်၌ မှောင်အတိကျနေသကဲ့သို့ ဘုရားရှင်မပွင့် ပေါ်သေးသမျှကာလပတ်လုံး သစ္စာတရားအလင်းရောင် ထွန်းပြောင်ခွင့်မရဘဲ မှောင်အတိကျနေသည်။ ကဿပမြတ်စွာ ဘုရား၏ သာသနာတော် ကွယ်ပသည့်အချိန်မှစ၍ သစ္စာ(၄)ပါးနှင့် အနတ္တတရားကို မည်သည့်ပုဂ္ဂိုလ်ကမျှ ထုတ်ဖော် ဟောပြနိုင်စွမ်းမရှိခဲ့။ ပစ္စေကဗုဒ္ဓါအပါး(၅၀၀)တို့ တစ်ပြိုင်နက်တည်း ပေါ်ထွန်းသည့် အချိန်အခါမျိုး၌ပင် ကမ္ဘာလောက အတွင်း၌ သစ္စာတရားအလင်းရောင် ထွန်းပြောင်နိုင်ခြင်းမရှိခဲ့။ ဘုရားရှင်ပွင့်တော်မူသော အခါမှသာလျှင် သစ္စာတရား အလင်းရောင် ထွန်းပြောင်လာတော့သည်။ သစ္စာတရားကို ဟောပြတော်မူရာ မိဂဒါဝုန်သည်လည်း သာသနာတော်၌ အရေးပါသော ထိပ်တန်းနေရာဌာနတစ်ခုဖြစ်လာတော့သည်။
မိဂဒါဝုန်၌ လှည့်လည်ဖူးမြော်ပြီးနောက် သီရိလင်္ကာနိုင်ငံသား အနာဂါရိကဓမ္မပါလ တည်ထားခဲ့သော မူလဂန္ဓ ကုဋီကျောင်းဆောင်သစ်သို့ သွားရောက်ဖူးမြော်ကြသည်။ မိဂဒါဝုန်ကို ပြန်လည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးစားခဲ့သူ ဖြစ်၍ ဘုရားဖူးသွားသူများ မမေ့အပ်သောပုဂ္ဂိုလ်ဖြစ်သည်။ ဂန္ဓကုဋီကျောင်းဆောင်၏ မြေအောက်ခန်းတွင် ဓာတ်တော် များကို လုံခြံုစွာထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ်တန်ဆောင်မုန်းလပြည့်နေ့တိုင်း ထုတ်ဆောင်၍ အပူဇော်ခံလေ့ ရှိသည်။ မိမိတို့အဖွဲ့ နေ့လယ်စာစားချိန်အမီ ဆေးဝင်္ကပါမြန်မာကျောင်းသို့ ပြန််ခဲ့ကြသည်။
မဟာသတိပဋ္ဌာနသုတ် ဟောတော်မူရာဌာနီ ကုရုတိုင်း (နယူးဒေလီ)
နေ့လယ်စာစားပြီးနောက် အိန္ဒိယနိုင်ငံ၏ မြို့တော်ဖြစ်သော နယူးဒေလီသို့ ခရီးဆက်ကြသည်။ မိဂဒါဝုန်နှင့် မိုင်(၅၀၀)ခန့် ကွာဝေးသည်ဟု သိရသည်။ နေ့(၁၂)နာရီမှစ၍ တစ်နေ့လုံး တစ်ညလုံး ကားစီးကြရသည်။ လမ်းတွင် ဂင်္ဂါမြစ်နှင့် ယမုံနာမြစ်တို့ ပေါင်းဆုံသောနေရာကို ပြသသည်။ လမ်းခရီးတွင် ခေတ္တမျှသာရပ်နားပြီး နောက်တစ်နေ့နံနက် မိုးလင်းချိန်တွင် နယူးဒေလီမြို့သို့ရောက်ရှိသည်။
(15.3.2014) နံနက်ခင်းတွင် နယူးဒေလီမြို့တွင်း၌ လှည့်လည်လေ့လာကြသည်။ ကြီးကျယ်လှသောမြို့ကြီးဖြစ်၍ သွားစရာနေရာများပြားသည်။ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီးဂန္ဒီကို မီးသင်္ဂြိုဟ်သောနေရာ၊ သမ္မတအိမ်တော်၊ လွှတ်တော် ခန်းမ၊ အင်ဒရာဂန္ဒီပြတိုက်၊ ဘာသာပေါင်းစုံဝတ်ပြုနိုင်ရန် ကြာပွင့်ပုံဆောက်လုပ်ထားသော Lotus Temple၊ အိန္ဒိယဂိတ် တို့ကို လေ့လာကြသည်။ ၎င်းနောက် မဟာသတိပဋ္ဌာနသုတ်ကို ဟောတော်မူရာ တောင်ကုန်းသို့ သွားရောက် ဖူးမြော်ကြသည်။ နယူးဒေလီမြို့လယ်ခေါင်တွင် ဥယျာဉ်တစ်ခုအဖြစ်ဖြင့် တည်ရှိနေပြီးအလယ်တွင် ကျောက်ဆောင် ကျောက်တုံးကြီးများ ရှိသည်။ အသောကမင်းကြီး လက်ထက်ကတည်းက အသိအမှတ်ပြုခဲ့သော နေရာဖြစ်ကြောင်း ဆိုင်းဘုတ်ရေးထိုးထားသည်။ ဤနေရာ၌ ဘုရားရှင်သည် မဂ်ဖိုလ်နိဗ္ဗာန် ရရေးအတွက် တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်သည့် မဟာသတိပဋ္ဌာန်တရားတော်ကို ဟောကြားတော်မူပုံကို အာရုံပြု၍ “ ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ဝိသုဒ္ဓိယာ” အစရှိသော မဟာသတိပဋ္ဌာနသုတ်လာ ပါဠိများဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်။
၎င်းနောက် မိမိတို့အဖွဲ့ တည်းခိုကြမည့် တည်းခိုခန်းသို့ သွားကြသည်။ တစ်နေ့လုံးတစ်ညလုံး ကားစီးလာခဲ့ရ၍ နေ့လယ်စာစားပြီးနောက် အနားယူကြသည်။ ညနေပိုင်းတွင် စျေးသို့သွား၍ စျေးဝယ်ကြသည်။ ညပိုင်းတွင် အခြားသို့ သွားစရာ၊ ဖူးမြော်လေ့လာစရာ မရှိတော့၍ မိမိတို့တည်းခိုရမည့်အခန်း၌သာ အနားယူကြရတော့သည်။ ဤနယူးဒေလီမြို့ နေရာဒေသသည် ဘုရားရှင်လက်ထက်တော်မတိုင်မီကတည်းက ကုရုတိုင်း၊ ကမ္မာသဒမ္မနိဂုံး အမည်တွင်ခဲ့သည်။ အလောင်းတော်မဟာသုတမင်းဘဝက လူသားစား ပေါရိသာဒကို ဆုံးမရာ နေရာဒေသလည်းဖြစ်သည်။ ဘုရားရှင် လက်ထက်တော်က သတိပဋ္ဌာန်တရားကို ဤနယ်မြေရှိ ပုဂ္ဂိုလ်အသီးသီးသည် ထင်းခွေရေခပ်ရင်းနှင့်ပင် လက်တွေ့ ကျင့်သုံးခဲ့ကြသော ဓမ္မနယ်မြေကြီးဖြစ်ပြီး အရိယာပုဂ္ဂိုလ်အမြောက်အမြား ပေါ်ထွက်ခဲ့ကြသည်။ မာဂဏ္ဍီယသုတ်၊ မဟာနိဒါနသုတ် အစရှိသော လေးနက်သည့် သုတ္တန်ဒေသနာတော်များကို ဟောကြားခဲ့ရာ နေရာဒေသလည်းဖြစ်သည်။ ယနေ့အချိန်တွင် သတိပဋ္ဌာန်တရားဆိုသည်ကို ကြားဖူးနားဝပင် ရှိကြမည်မဟုတ်။ စိတ်ဓာတ်စင်ကြယ်စေရေး၊ စိုးရိမ် ပူဆွေးမှုကင်းစင်စေရေး၊ ကိုယ်စိတ်ဆင်းရဲ ကင်းစင်စေရေး၊ မဂ်ဖိုလ်နိဗ္ဗာန် ရစေရေးအတွက် တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်သည့် သတိပဋ္ဌာန်တရားတော်နှင့် လွဲချော်နေကြရသည်။ ချမ်းသာသုခရဖို့ရန် ကောင်းကင်ဘုံသို့ မျှော်မှန်း၍ ဆုတောင်းရုံမှတပါး အကျင့်စရဏတရားကို အားကိုးရကောင်းမှန်း မသိကြ။ ကျောက်ခဲကို ဆီကြိတ်၍ မရနိုင်သကဲ့သို့ မှန်ကန်မှုမရှိသော လမ်းစဉ်သည်လည်း ပန်းတိုင်သို့ရောက်အောင်ပို့ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။
(16.3.2014) နံနက်စာစားပြီး သင်္ကဿမြို့သို့ ခရီးဆက်ကြရသည်။ လမ်းခရီးတွင် အာဂရာမြို့သို့ ဝင်၍ နေ့လယ်စာစားပြီး ကမ္ဘာ့အံ့ဖွယ်(၇)သွယ်တွင် တစ်ခုအပါအဝင်ဖြစ်သော တပ်ဂျ်မဟာအဆောက်အအုံသို့ သွားကြ သည်။ ပြီးနောက် ခရီးဆက်ကြသည်။ လမ်းတစ်လျှောက်ရှိမြ်ို့များတွင် ကုလားသင်္ကြန်ဆင်နွှဲနေသည်။ တစ်ဦးနှင့်တစ်ဦး ဆေးရောင်စုံမှုန့်များဖြင့် ပက်ကြဲကြသည်။ လမ်းဘေးတွင်လည်း ဆေးရောင်စုံမှုန့်ရောင်းချသော စျေးသည်များကို တွေ့ရသည်။ ဟိန္ဒူဘာသာဝင်များ၏ အယူအဆနှင့် ရည်ရွယ်ချက်ကို မသိရသော်လည်း မြန်မာသင်္ကြန်နှင့် များစွာ ကွဲပြားခြားနားသည်။ မြန်မာသင်္ကြန်က အညစ်အကြေးစင်ကြယ်အောင် ရေစင်ရေအေးဖြင့် သွန်းလောင်းပေးခြင်းဖြစ်ပြီး ၎င်းတို့၏သင်္ကြန်ကမူ ဆေးမှုန့်ဖြင့် ပက်ကြဲသဖြင့် အရုပ်ဆိုးအကျည်းတန်မှုကို ဖြစ်စေသည်။ သင်္ကြန်ပွဲတော် ဆင်နွှဲနေ သဖြင့် မြို့ကြီးများတွင် ကားကို ဖြည်းဖြည်းမောင်းရသည်။
မြို့ကြီးများမှ ခွဲထွက်လာပြီးနောက် သင်္ကဿသို့သွားသော ကားလမ်းမှာ လမ်းကျဉ်းသဖြင့် ခရီးဖင့်သည်။ အနီးနားတွင် ကျေးရွာများနှင့်လယ်ကွင်းများသာရှိသည်။ မိုးချုပ်မှသာ သင်္ကဿနဂိုရ်မြန်မာဘုန်းတော်ကြီးကျောင်းသို့ ရောက်သည်။ မြန်မာကျောင်းအနီးတွင် ဗုဒ္ဓဘာသာနိုင်ငံများမှ ဘုန်းတော်ကြီးကျောင်းများရှိသော်လည်း အလွန်ခေါင်သော ဒေသဖြစ်သည်။ ညအချိန်မတော်မှ ရောက်လာသော ဘုရားဖူးကားများကို ကျောင်းတွင်းသို့ ဝင်ခွင့်မပြု။ နေရာဒေသ၏ အခြေအနေအရ ဤသို့စည်းကမ်းသတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။ မိမိတို့အဖွဲ့နှင့်အတူ အခြားဘုရားဖူးအဖွဲ့များလည်း ရောက်လာကြသည်။ ဒါနဘုရားဖူးအဖွဲ့ခေါင်းဆောင် ရွှေမြင်တင်ဦးညိုနှင့်လည်း ဆုံကြသည်။ (၉၁)ကြိမ်မြောက် ရောက်လာခြင်းဖြစ်ကြောင်းနှင့် ဘုရားဌာပနာပိတ်ပွဲအတွက် လာရခြင်းဖြစ်ကြောင်းပြောသည်။
ဘုန်းတော်ကြီးကျောင်းမြေကို အသစ်တိုးချဲ့ထားပြီး စေတီတစ်ဆူတည်နေသည်။ ဘုရားရှင်တာဝတိံသာမှ ဆင်းသက်တော်မူရာ အထိမ်းအမှတ်အဖြစ် ဒေဝေါရောဟနအစလစေတီတော် တည်နေခြင်းဖြစ်သည်။ ကမ္ဘာလုံးပုံစေတီ တော်ပေါ်၌ရပ်တော်မူ ရုပ်ပွားတော် တည်ထားသည်။ ဌာပနာပိတ်ပွဲပြုလုပ်ပြီးသည်မှာ ရက်ပိုင်းမျှသာ ရှိသေးသည်။ မြန်မာမှုလက်ရာဖြင့် တည်ဆောက်ရန် မြန်မာဗိသုကာပညာရှင်များ ရောက်ရှိနေကြသည်။
 
ဘုရားရှင်တာဝတိံသာမှဆင်းသက်ရာ အဝိဇဟိတဌာန သင်္ကဿ
(17.3.2014) နံနက်စာစားပြီးနောက် ဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်ရာ အစလစေတီတော် သို့ သွားရောက်ဖူးမြော်ကြသည်။ သီတင်းကျွတ်လပြည့် မီးထွန်းပွဲတော် စတင်ပေါ်ပေါက်သောနေရာ ဖြစ်သည်။ တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံလပတ်လုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူပြီးနောက် လူ့ပြည်သို့ စောင်းတန်း သုံးသွယ်ဖြင့် ပြန်လည်ဆင်းသက်တော်မူပုံ၊ လောကတစ်ခွင်ကို တိုးလျှိုပေါက်မြင်တွေ့နိုင်အောင် လောကဝိဝရဏ တန်ခိုးပြတော်မူပုံတို့ကို အာရုံပြုကြည်ညိုပူဇော်ကြသည်။ မဟာတိုးအဖွဲ့မှ ပဋ္ဌာန်းပစ္စယနိဒ္ဒေသ ရွတ်ဆိုပူဇော်ကြသည်။ မိမိလည်း တာဝတိံသာမှ ဆင်းသက် လာသော ဘုရားရှင်ကို ရှင်သာရိပုတ္တရာက မေးလျှောက်၍ ပြန်လည်ဖြေကြား တော်မူသော သုတ္တနိပါတ်လာ “သာရိပုတ္တသုတ်” ကို ရွတ်ဆိုပူဇော်ခဲ့သည်။
အစလစေတီတော်ကို အသောကမင်းကြီးက စတင်တည်ထားခဲ့ပြီး ဗြာဟ္မဏဘုရင်များလက်ထက်တွင် ဖျက်ဆီး ခံရသည်ဟု သိရသည်။ ဘုရားရှင်တာဝတိံသာမှဆင်းသက်ရာ အဝိဇဟိတဌာန ဖြစ်၍ သာသနာတော် ထွန်းကားစဉ်က ဤနေရာတွင် စေတီပုထိုးကျောင်းကန်များ၊ အရိယာသူတော်စင်များ၊ ပရိသတ်လေးပါးတို့ဖြင့် ကြက်ပျံမကျ စည်ကား ခဲ့ပေလိမ့်မည်။ ယခုမူစေတီပျက်မျှသာကျန်ခဲ့ပြီး အသောကမင်းကြီး စိုက်ထူထားခဲ့သော ကျောက်စာတိုင်၏ ထိပ်ပိုင်း ဆင်ရုပ်မျှသာ မြင်တွေ့ရတော့၏။ ယင်းဆင်ရုပ်သည်ပင်လျှင် နှာမောင်းမရှိတော့ပေ။ အနီးနားရှိ ညောင်ပင်အောက်တွင် နတ်သားနှစ်ဦးက ထီးမိုးပေးထားပုံ ဘုရားရုပ်ပွားတော်ငယ်တစ်ဆူကို အုတ်တိုက်ငယ်တစ်ခု၌ ပူဇော်ထားသည်ကိုသာ တွေ့ခဲ့ရ၏။ အနီးနားတစ်ဝိုက်တွင် လယ်ကွင်းများချည်းသာ တွေ့ရ၏။
အရှင်သာရိပုတ္တရာက လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာကို အဘိဓမ္မာတရားသင်ကြားပို့ချပေးသော နေရာကို မေးမြန်းကြည့်သောအခါ ဂိုက်လုပ်သူကိုကျော်အောင်က ၎င်းနေရာသို့ ကားဖြင့်သွား၍မရနိုင်ကြောင်း၊ လယ်ကွင်းထဲတွင် ခြေကျင်လျှောက်သွားမှသာ ရောက်နိုင်ကြောင်း၊ ရွှံ့ဗွက်များ၊ နွားချေးများကြားမှ သွားရမည်ဖြစ်ကြောင်း၊ အဝေးမှသာ အာရုံပြုပါရန်ပြောသဖြင့် ကားပေါ်မှသာ အာရုံပြုလိုက်ရတော့သည်။ ကျောင်းသို့ပြန်၍ နေ့ဆွမ်း စားပြီးနောက် ခေတ္တ အနားယူကြသည်။ ညနေပိုင်းတွင် စေတီတော်ကို ထပ်မံဖူးမြော်လိုသော်လည်း ကုလားသင်္ကြန် (အိန္ဒိယ Holy ပွဲတော်) ရက်လည်းဖြစ်၊ သွားရမည့်နေရာမှာ လူပြတ်သောနေရာလည်းဖြစ်၍ မသွားပါနှင့်ဟု တားကြ၍ ကျောင်းမှသာ အာရုံပြုရ တော့သည်။
သင်္ကဿမြို့သည်ကား ဘုရားရှင် တာဝတိံသာမှ ခမ်းနားကြီးကျယ်စွာ ဆင်းသက်တော်မူရာဌာနလည်းဖြစ်၊ မည်သည့်ဘာသာတရားမှာမှမရှိသည့် ခမ်းနားကြီးကျယ်လှသော အဘိဓမ္မာတရားတော် စတင်ပေါ်ပေါက်သောနေရာ လည်းဖြစ်၍ သာသနာ့သမိုင်းတွင် ထိပ်တန်းနေရာဌာနတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ သမိုင်းရုပ်ကြွင်း အနည်းငယ်မျှသာ ကျန်ရစ်တော့သည်ကို သံဝေဂယူမိပါသည်။ သမိုင်းဝင်နေရာဌာနအချို့ ကွယ်ပျောက်ခဲ့ရသော်လည်း ယခုခေတ်မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှ ဗုဒ္ဓဘာသာကျောင်းအသစ်များ ဆောက်လုပ်၍ သာသနာတော်ကို ပြန်လည်ပြုစု ပျိုးထောင်နေကြသည်ကိုကား အထူးဝမ်းမြောက်မိပါသည်။ ဝေးလံသီခေါင်၍ လူသူလေးပါး အဆက်ပြတ် သော ယခုလိုနေရာမျိုးတွင် ကြိုးစားပမ်းစား သာသနာပြုနေကြသော ဆရာတော်သံဃာတော်များကို ချီးလည်းချီးကျူးမိ၊ အထူးလည်း ကြည်ညိုမိပါ၏။
 
တရားရေအေးအမြိုက်ဆေးကို အများဆုံးထုတ်ဖော်ဟောရာ အဝိဇဟိတဌာနီ သာဝတ္ထိပြည်
ယနေ့သည် အိန္ဒိယHolyပွဲတော်ဖြစ်သဖြင့် မြို့ပေါ်တွင် ကားများအလွန်များပြား၍ လမ်းကြပ်လှသောကြောင့်သာ သင်္ကဿလိုခေါင်သောမြို့၌ တစ်နေကုန်နားနေရခြင်းဖြစ်သည်။ အဖွဲ့သားများ ညနေစာစားပြီးသောအခါ သာဝတ္ထိသို့ ခရီးဆက်ကြသည်။ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၏မြို့တော် လက္ခနောင်းမြို့ကို ည(၁၂)နာရီခန့်တွင် ဖြတ်ကျော်ခဲ့ကြသည်။ မြစ်ကြီးငါးစင်းတွင် အပါအဝင်ဖြစ်သော သရဘူမြစ် ကိုလည်း ဖြတ်ကျော်ခဲ့ကြသည်။ သင်္ကဿ မှ သာဝတ္ထိ သို့ ခရီးမိုင် (၂၈၀) ရှိသည်။ တစ်ညလုံးကားစီးပြီး မိုးလင်းခါနီးတွင် သာဝတ္ထိရွှေမြို့တော်ကြီးသို့ ရောက်ရှိသည်။ သာဝတ္ထိမြန်မာ ကျောင်းသစ်ကြီးတွင် တည်းခိုကြသည်။
(18.3.2014) နံနက်စာစားပြီးနောက် ဘုရားရှင် ရေမီးအစုံတန်ခိုးပြာဋိဟာ ပြတော်မူရာဖြစ်သော သရက်ဖြူ ပင်ကုန်းစေတီတော်သို့ သွားရောက်ဖူးမြော်ကြသည်။ ယခင်က မြေကြီးကုန်းမျှသာဖြစ်သော်လည်း ယခု တူးဖော်မှုများ အရ စေတီတော်ကြီး ပေါ်ထွက်လာပြီကို ဖူးတွေ့ခဲ့ရသည်။ “ကဏ္ဍမ္ဗမူလေ ပရဟိတကရော ယော မုနိန္ဒော နိသိန္နော” အစရှိသော ဂါထာဖြင့် ရွတ်ဆိုပူဇော်၍ ဘုရားရှင် ရေမီးအစုံ တန်ခိုးပြတော်မူပုံကို အာရုံပြုကာ ရှိခိုးကန်တော့ကြသည်။
၎င်းနောက် သာဝတ္ထိမြို့တွင်းသို့ သွားရောက်ကြသည်။ ကောသလမင်း၏နန်းတော်ရာကို အထင်အရှား မတွေ့ရ တော့ပါ။ အရှင်အင်္ဂုလိမာလစေတီနှင့် သုဒတ္တ(အနာထပိဏ်)စေတီတို့ကိုသာ ဖူးတွေ့ရသည်။ ဘုရားရှင်လက်ထက်တော် က နေ့စဉ် သံဃာတော်များနှင့်အတူ ဆွမ်းခံကြွခဲ့သော၊ အရိယာသူတော်စင်များ ပေါများလှသော သာဝတ္ထိ ရွှေမြို့တော် ကြီးသည် ယနေ့အချိန်တွင် သစ်ပင်ချံုနွယ်များ ဖုံးလွှမ်းလျှက် သင်္ခါရသဘာဝကို ပြသနေလေပြီ။ ကောသလမင်းနှင့် မလ္လိကာမိဖုရား၊ ဝိသာခါ၊ အနာထပိဏ် အစရှိသော မြတ်ဗုဒ္ဓ၏ တပည့်သာဝက မြောက်မြားစွာတို့ နေထိုင်ရာ မြို့တော်ကြီးလည်းဖြစ်၊ ဘုရားရှင်(၂၅)ဝါတိုင်တိုင် သီတင်းသုံးတော်မူခဲ့ရာလည်းဖြစ်သော သာသနာတော် အတွက် အချက်အချာအကျဆုံးမြို့တော်ကြီးကို ကြည့်ရှုလေ့လာ၍ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဖြစ်တတ်သော သင်္ခါရသဘာဝကို သံဝေဂတရား ပွားများခဲ့မိတော့သည်။
သာဝတ္ထိမြို့တွင်း၌ လေ့လာခဲ့ပြီးနောက် ဇေတဝန်ကျောင်းတော်သို့ သွားရောက်ဖူးမြော်ကြပါသည်။ ဇေတဝန် ကျောင်းတော်၏အနီးတွင် ထိုင်းနိုင်ငံမှ လာရောက်တည်ထားသော ဗုဒ္ဓရုပ်ပွားတော်ကြီးနှင့် ကမ္မဌာန်းကျောင်းတော်ကြီးကို ဖူးတွေ့ခဲ့ရသည်။ အလွန်ခမ်းနားထည်ဝါပြီး ဗုဒ္ဓဝင်ဌာနနှင့် ထိုက်တန်ဆီလျော်သော တည်ထားမှုကို မြင်တွေ့ရသဖြင့် အထူး ဝမ်းမြောက်မိသည်။ ဇေတဝန်ကျောင်းတော်သို့ဝင်ရန် တစ်ဦးလျှင်(၅) ရူပီဖြင့် လက်မှတ်ဝယ်ယူကြရသည်။ ကျောင်းတော်ပရဝုဏ်အတွင်း၌ နိုင်ငံတကာမှ ဘုရားဖူးအဖွဲ့များ စည်ကားလှသည်။ မြန်မာဘုရားဖူးအဖွဲ့များလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဖူးနေကြသည်ကို တွေ့ရသည်။ ဘုရားရှင်လက်ထက်တော်က သာဝတ္ထိမြို့သူမြို့သားများသည် ဤကဲ့သို့ ကြိတ်ကြိတ်တိုးနေအောင် ဘုရားရှင်ကို နေ့စဉ်လာရောက် ဖူးမြော်ကြပေလိမ့်မည်ဟု မှန်းဆကြည့်မိသည်။
ဂိုက်ဆရာတော်မှ ဇေတဝန်ကျောင်းတော်၏သမိုင်းကို ရှင်းလင်းပြသည်။ အနာထပိဏ်သူဌေးကြီး သာဝတ္ထိမှ ရာဇဂြိုဟ်သို့ ကုန်အရောင်းအဝယ်သွားရင်း ဘုရားရှင်ကို ဖူးတွေ့ခဲ့ရပုံ၊ ကျောင်းတော်ဆောက်လုပ်ရန် ဇေတမင်းသားထံမှ မြေဝယ်ရာတွင် ရွှေဒင်္ဂါးပြားများ အပြည့်ခင်း၍ ဝယ်ယူခဲ့ရပုံ၊ နံ့သာကျောင်းဆောင်( ဂန္ဓကုဋီ )ကို အလယ်မှထား၍ ခံတက်ပင်ကျောင်းဆောင်( ကရေရီကုဋီ )နှင့် ကြို့ပင်ကျောင်းတော်( ကောသမ္ဗကကုဋီ )တို့ကို ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ ထင်းရှူးကျောင်းဆောင်( သလဠာဂါရကုဋီ )ကိုမူ ကောလသမင်းက ဆောက်လုပ်လှူဒါန်းခဲ့ပုံ၊ အာနန္ဒာဗောဓိပင်ကို ဘုရားရှင်၏ ကိုယ်စားအဖြစ် စိုက်ပျိုးပူဇော်ခဲ့ကြပုံ၊ အာနန္ဒာဗောဓိပင်ကို အလယ်၌ထား၍ ကျောင်းမြေဧရိယာ မြောက်ဘက်ခြမ်းကို အနာထပိဏ်သူဌေးက လှူဒါန်းပြီး တောင်ဘက်ခြမ်းကို ကောသလမင်းက လှူဒါန်းခဲ့ပုံတို့ကို ရှင်းလင်းပြသည်။
ကျောင်းတော်အတွင်း၌ ဂန္ဓကုဋီကို အဓိကထား၍ ဖူးမြော်ကြပြီး၊ ကျောင်းတော်ရာများကို လှည့်လည် ဖူးမြော်ကြသည်။ မြောက်ဘက်ဆုံးမှ ကရေရီကုဋီ၊ ၎င်းနောက် ဂန္ဓကုဋီ၊ ကောသမ္ဗကကုဋီ၊ အာနန္ဒာဗောဓိပင်၊ သွေးပြည်တို့စိုရွှဲလျှက် အပုပ်နံ့ထွက်နေသော ပူတိဂတ္တတိဿမထေရ်ကို ဘုရားရှင်ကိုယ်တော်တိုင် မရွံမရှာ ကြင်နာစွာ ပြုစုခဲ့သောနေရာတွင် တည်ထားသောစေတီ၊ သလဠာဂါရကုဋီတို့ကို အစဉ်အတိုင်းဖူးတွေ့ရသည်။ အနောက် ဘက်ခြမ်း၌ ရဟန္တာစေတီများ၊ ရှင်သီဝလီကျောင်းဆောင်နှင့် ကျောင်းတော်ရာများကို ဖူးတွေ့ရသည်။ အရှေ့ဘက်ခြမ်း၌ တရားဟောဓမ္မာရုံတော်ကြီးနှင့် ဘုရားရှင် နေ့စဉ်တရားဟောတော်မူရာ ပလ္လင်တော်၊ ဘုရားရှင်အသုံးပြုခဲ့သော ရေတွင်း၊ ဘုရားရှင်၏ စင်္ကြန်တော်စေတီတို့ကို ဖူးတွေ့ရသည်။
ထိုင်းဘုရားဖူးအဖွဲ့များကလည်း သဒ္ဓါတရားထက်သန်စွာ ရွတ်ဆိုပူဇော်ကြသည်။ ထိုင်းသံဃာများထဲမှ ဆရာတော်ကြီးတစ်ပါးက မိမိတို့အဖွဲ့ကို “ဘယ်က လာဖူးကြတာလဲ” ဟု မြန်မာသံပီပီသသဖြင့် မေးမြန်းပြီး သူငယ်စဉ်က မော်လမြိုင်မြို့၌ နေခဲ့ဖူးကြောင်း၊ ယခုတော့ မြန်မာစကားကို အနည်းအကျဉ်းမျှသာ ပြောနိုင်တော့ကြောင်း၊ ထိုင်းသံဃာ (၁၀၁)ပါး အတူတကွ ဘုရားဖူးလာကြခြင်းဖြစ်ကြောင်း၊ လမ်းစရိတ်ကို ထိုင်းအစိုးရက ထောက်ပ့ံခြင်းဖြစ်ကြောင်း ပြောပြသည်။ ထိုင်းသံဃာတော်များ သပိတ်ပိုက်၍ တန်းစီဆွမ်းခံကြ၍ ထိုင်းဘုရားဖူးအဖွဲ့များက လောင်းလှူကြသည်ကို မြင်တွေ့ရသည်မှာလည်း အလွန်ကြည်နူးဖွယ်ကောင်းလှသည်။ မြန်မာဘုရားဖူးအဖွဲ့များ ကျောင်းသို့ပြန်၍ နေ့လယ်စာ စားပြီးနောက် ခေတ္တအနားယူကြသည်။ ညနေ(၃)နာရီခန့်တွင် ဇေတဝန်ကျောင်းတော်သို့ ထပ်မံဖူးမြော်လိုသူများကို အဖော်စပ်၍ လမ်းလျှောက်သွားကာ ဖူးမြော်ကြသည်။ လမ်းတလျှောက်တွင် နိုင်ငံတကာမှ ကျောင်းတော်များ လာရောက် တည်ဆောက်ထားကြသည်ကို တွေ့ရသည်။ မြန်မာကျောင်းမှ ဇေတဝန်ကျောင်းတော်သို့ (၁၅)မိနစ်ခန့် လမ်းလျှောက် ရသည်။
ဇေတဝန်ကျောင်းတော်သို့ ဝင်ရောက်ဖူးမြော်ကာ ဂန္ဓကုဋီအနီး သစ်ပင်ရိပ်တွင် တရားထိုင်ကြ၊ ဘုရားရှိခိုးကြ၊ ရွတ်ဆိုပူဇော်ကြသည်။ မိမိ၏ စိတ်အာရုံတွင် ဘုရားရှင်သည် ကရေရီကုဋီ ၌ ဘုရားခုနှစ်ဆူတို့၏ ဗုဒ္ဓဝင်ကို ဘာဏဝါရ ပေါင်း (၁၂၆)ခုဖြင့် တန်ဆာဆင်လျှက် သုတ္တန္တရာဇာ ဟု အမည်တွင်သော “မဟာပဒါန”သုတ် ကို ဟောကြားတော်မူပုံကို သတိရမိသည်။ ဂန္ဓကုဋီ၌ လူပရိသတ်၊ ရဟန်းပရိသတ်တို့ကို နေ့ပိုင်း၌ အဖူးမြော်ခံကာ တရားဓမ္မဟောပြတော်မူပုံ၊ ညပိုင်း၌ နတ်ဗြဟ္မာတို့၏ အဖူးမြော်ခံကာ တရားဓမ္မဟောကြားတော်မူပုံ၊ နေ့စဉ်မပြတ် ဗုဒ္ဓကိစ္စ(၅)ပါးကို ဆောင်ရွက် တော်မူပုံ၊ ဆွမ်းခံမှအပြန် ခြေတော်ဆေးရင်း သံဃာတော်တို့အား ဒုလ္လဘတရား(၅)ပါးကို ဟောကြားတော်မူပုံ၊ စင်္ကြန်ကြွ တော်မူပုံတို့ကို မြင်ယောင်မိသည်။ “သက္ကပ ဉှ”သုတ်နိဒါန်းအရ သလဠာဂါရကုဋီ၌ သီတင်းသုံးစဉ် သိကြားမင်း လာရောက်ဖူးမြော်ရာတွင် ဉာဏ်မရင့်ကျက်သေးကြောင်းသိတော်မူ၍ ဖူးတွေ့မခံသေးဘဲ သမာပတ်ဝင်စားတော်မူနေပုံ၊ ရာဇဂြိုဟ်မြို့ရောက်မှသာ အဖူးမြော်ခံပုံ စသည်တို့ကို အတွေးနယ်ချဲ့ကာ ဗုဒ္ဓါနုဿတိဘာဝနာ ပွားနေမိသည်။ ၎င်းနောက် ဘုရားရှင် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေစဉ် ဟောကြားတော်မူခဲ့သော ဥဒါန်းဂါထာများကို အသင့်ယူဆောင်လာသောစာအုပ်ဖြင့် ရွတ်ဆိုပူဇော်ခဲ့သည်။ ယခုအကြိမ် ဇေတဝန်ကျောင်းတော်ကို အားပါးတရ အချိန် ကြာကြာ ဖူးမြော်ခွင့် ရခဲ့သည်။
ညနေ(၅)နာရီကျော်လာပြီဖြစ်၍ သာဝတ္ထိမြန်မာကျောင်းသို့ ပြန်ခဲ့ကြသည်။ လမ်းတွင် ဂျိန်းဘာသာဝင်တို့၏ ဘုရားကျောင်းသို့ ခေတ္တဝင်ရောက်လေ့လာကြသည်။ အဝတ်မဝတ်သော ဂျိန်းဘုရားရုပ်ထုများကို အစီအစဉ်တကျ ထားရှိသည်။ ဂျိန်းဘုန်းကြီးကိုမူ မတွေ့ခဲ့ရ၊ ဂျိန်းဘုန်းကြီး ဓာတ်ပုံများကိုသာ တွေ့ခဲ့ရသည်။ ဓာတ်ပုံတွင် အဝတ်မဝတ် ထားသော်လည်း မျက်မှန်တပ်ထားသည်ကို တွေ့ရသည်။ ခန္ဓာကိုယ်၏ လိုအပ်ချက်အရ ဝတ်ဆင်ရမည့် အဝတ်သင်္ကန်း ဝတ်သည်ကိုပင် အပြစ်တစ်ခုအဖြစ် လက်ခံထားကြသော ဂျိန်းဘာသာဝင်များက မျက်မှန်တပ်ဆင်မှုကိုတော့ မည်သို့ လက်ခံခွင့်ပြုထားကြသည်ကို မသိရ။ “ဂျိန်းဘုရား မဟာဝီရ ”သာ ရှိနေသေးပါလျှင် မျက်မှန်တပ်ဆင်မှုကိုပင် ကိလေသာ မကင်းစင်သေးသူတို့၏အကျင့်ဟု သတ်မှတ်လေမည်လားမသိ။
ဇေတဝန်ကျောင်းတော်မှ အပြန်တွင် သာဝတ္ထိမြန်မာကျောင်းဆရာတော်အား စုပေါင်းကန်တော့ကြသည်။ ဆရာတော်က ပဥ္စဂ္ဂပုဏ္ဏားကြီးအကြောင်းကို ဟောပြရင်း ဂျိန်းဘာသာအကြောင်းကိုပါ ရှင်းလင်းပြသည်။ ဗုဒ္ဓနှင့်ခေတ်ပြိုင် နိဂဏ္ဌ္ဌနာဋပုတ္တ ဟု အမည်တွင်သော မဟာဝီရ ဆိုသူက တည်ထောင်ခဲ့သော အယူဝါဒဖြစ်ကြောင်း၊ အဝတ်လုံးဝမဝတ်ဘဲ ထမင်းစားရာ၌ပင် ခွက်ဖြင့်ထည့်မစားဘဲ လက်ခုပ်ထဲထည့်၍စားကြကြောင်း၊ ယောကျ်ားအင်္ဂါကို တုတ်၊ ဓါးစသည်တို့ဖြင့် ညှဉ်းဆဲနိုင်မှသာ ရဟန်းဟု အသိအမှတ်ပြုကြောင်း၊ အိန္ဒိယတစ်နိုင်ငံလုံး၌ ဂျိန်းရဟန်းများ တစ်ရာကျော်မျှသာရှိကြောင်း၊ ၎င်းတို့ကို ကိုးကွယ်သူများမှာ သန်းနှင့်ချီ၍ရှိကြောင်း၊ ၎င်းတို့က အခြားဘာသာဝင်များကို ဆွဲဆောင်စည်းရုံးတတ် ကြောင်း၊ ဂျိန်းဘာသာကိုးကွယ်ကြသူများသည် ကုန်သည်များ၊ သူဌေးများဖြစ်ကြကြောင်း အကျယ်တဝင့် မိန့်ကြားတော် မူသည်။ ဆရာတော်က ဂျိန်းဘာသာဝင်တို့၏ ကျမ်းစာများကိုလေ့လာကြည့်ရာတွင် ဗုဒ္ဓအဘိဓမ္မာ၏ အနှစ်ချုပ်ဖြစ်သော အဘိဓမ္မတ္ထသင်္ဂဟ (သင်္ဂြိုဟ်)ကျမ်း ကို ၎င်းတို့ဘာသာ၏ ကျမ်းစာအဖြစ် ကူးယူထည့်သွင်းထားသည်ကို တွေ့ရကြောင်း မိန့်တော်မူသည်။ ဤကဲ့သို့ဖြစ်ရပ်များသည် နောင်တစ်ချိန်တွင် အငြင်းပွားစရာဖြစ်လာနိုင်သဖြင့် အထူးသတိပြုသင့်၏။ ဘာသာခြားများသည် ဗုဒ္ဓဘာသာနှင့်သက်ဆိုင်သောနေရာဌာနများကို အပိုင်စီးခြင်း၊ ကောင်းသောအကျင့်တရားများကို အတုခိုးခြင်း၊ ဗုဒ္ဓဘာသာကျမ်းစာများကို ကူးယူ၍ ၎င်းတို့ဘာသာ၏ ကိုယ်ပိုင်တရားဖြစ်လေဟန် ဝါဒဖြန့်ခြင်း စသည်တို့ ကို ပြုလုပ်တတ်ကြ၏။ ရှေးခေတ်ပုဏ္ဏားများက ဗုဒ္ဓကျမ်းစာများမှ အဆီအနှစ်တို့ကို ထုတ်ယူ၍ ၎င်းတို့၏ ကျမ်းစာများ ထဲသို့ ကူးယူထည့်သွင်းကာ “ဗုဒ္ဓသည်ပင်လျှင် ငါတို့ဝါဒကို မှီငြမ်းပြုခဲ့ရသည်၊ ဗုဒ္ဓ၌ ကိုယ်ပိုင်တရား ဘာမျှမရှိ” ဟု စွပ်စွဲခဲ့သော ဖြစ်ရပ်များ ရှိခဲ့ကြသည်။
ဂျိန်းဘာသာကလည်း နောင်တစ်ချိန်တွင် ဤသို့သောစကားမျိုး ပြောမလာဟု မဆိုနိုင်ပေ။ အဘိဓမ္မတ္ထသင်္ဂဟ သင်္ဂြိုဟ်ကျမ်းကို ဂျိန်းဘာသာ၏ ကျမ်းစာအဖြစ် ကူးယူထည့်သွင်းထားခြင်းဖြင့် ၎င်းတို့ဘာသာအတွက် အလွန်ခိုင်မာပြီး စနစ်ကျနက်နဲသိမ်မွေ့သော သဘောတရားများကို ရရှိပိုင်ဆိုင်ကာ အဆင့်အတန်းမြင့်သော ဘာသာတရားတစ်ခုအဖြစ် မြှင့်တင်နိုင်မည်မှာမလွဲပေ။ ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာနှစ်ခုလုံးက ဖန်ဆင်းရှင်ထာဝရဘုရားကို ငြင်းပယ်ကြသည်။ ကံနှင့်ကံ၏အကျိုးကို လက်ခံပြီး ဘဝသံသရာအယူအဆကိုလည်း လက်ခံကြသည်။ သံသရာမှ ထွက်မြောက်ရေးအတွက် အကျင့်တရားသည် အဓိကကျသည်ဟု အသိအမှတ်ပြုကြသည်။ ယင်းသို့ ဗုဒ္ဓဘာသာနှင့်တူညီသော အချက်အလက် များကို လက်ခံထားသည့် ဂျိန်းဘာသာအနေနှင့် အနတ္တတရားမှတပါး ဗုဒ္ဓအဘိဓမ္မာသဘောတရားများကို ဆန့်ကျင်ကြ လိမ့်မည်မဟုတ်ပေ။ သို့အတွက်ကြောင့်လည်း ဗုဒ္ဓအဘိဓမ္မာသဘောတရားများကို ကူးယူထားကြသည်ဟု ထင်၏။ ဗုဒ္ဓတရားတော်ကို ကြိုက်နှစ်သက်သူ မည်သည့်ဘာသာဝင်မဆို လိုက်နာကျင့်သုံးခွင့်ရှိပါ၏။ ဗုဒ္ဓဘာသာဝင်များ ကလည်း ဝမ်းမြောက်ကြည်ဖြူကြပါ၏။ သို့သော် မလိမ့်တပတ်ဖြင့် ကူးယူထားပြီးခါမှ ပိုင်ရှင်ကိုသူခိုးဟု စွပ်စွဲခြင်းမျိုးကား မဖြစ်သင့်ပါပေ။
ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်၏ သမိုင်းရုပ်ကြွင်း အတိတ်ပုံရိပ်
သာဝတ္ထိရွှေမြို့တော်တွင် တစ်ညအိပ်ကြပြီး နောက်တစ်နေ့ (19.3.2014) နံနက်စာစားအပြီးတွင် (၁၃၉)မိုင် ဝေးကွာသော နီပေါနိုင်ငံ လုမ္ဗိနီ သို့ ခရီးဆက်ကြသည်။ လမ်းခရီးတွင် နှစ်နိုင်ငံနယ်စပ်မြို့ဖြစ်သော ဆိုနောလီ မြန်မာကျောင်း၌ နေ့ဆွမ်းစားကြသည်။ ၎င်းနောက် နှစ်နိုင်ငံနယ်စပ်ဂိတ်တွင် အချိန်ကြာနေပြီးမှ နီပေါသို့ ဝင်ခွင့်ရသည်။ နီပေါသို့ စဝင်ကတည်းက မြန်မာရုပ်ရည်နှင့်တူသူ အသားဖြူသူများကို တွေ့ရသည်။ လမ်းဆုံတိုင်းမှာလည်း ဗုဒ္ဓရုပ်ပွား တော်များကို ထားရှိကြသည်။ အိန္ဒိယနိုင်ငံ၌ ဤကဲ့သို့ မတွေ့ရ။ နီပေါနိုင်ငံသည် ကမ္ဘာ့တစ်ခုတည်းသော ဟိန္ဒူနိုင်ငံဖြစ် သော်လည်း ဗုဒ္ဓဘုရားရှင်ကို ၎င်းတို့၏နိုင်ငံသားအဖြစ် ဂုဏ်ယူကြသည်ဟု ထင်မိပါ၏။
မိမိတို့ဘုရားဖူးအဖွဲ့သည် ရှေးဦးစွာ ကပိလဝတ်နန်းတော်ရာသို့ သွားရောက်လေ့လာကြသည်။ အနောက်ဖက် ဂိတ်တံခါးဟောင်းနေရာအနီးရှိ ဆိုင်းဘုတ်တွင် ခရစ်တော်မပေါ်မီ B.C (၈)ရာစု အထောက်အထားများကို တူးဖော်တွေ့ရှိ သည်ဟု ရေးထားသည်။ (၂၀၀၂)ခုနှစ် ဘုရားဖူးလာရောက်စဉ်က လုမ္ဗိနီဆရာတော် ရှင်းလင်းပြခဲ့သည်ကို မှတ်သားထား မိသည်။ ရှေးဟောင်းသုတေတန၏ တူးဖော်တွေ့ရှိချက်များအရ ကပိလဝတ်မြို့၏ ကျံုးအကျယ် (၂၂)ပေ၊ မြို့ရိုးအမြင့် (၂၅)ပေ ရှိခဲ့ပြီး အရှေ့မှအနောက်(၂၃၀၀)ပေ၊ တောင်မှမြောက် (၁၇၀၀)ပေခန့် ရှိကြောင်း၊ အနောက်ဘက်မြို့တံခါးကို တူးဖော်ရာတွင် ဂိတ်စောင့်တံခါးမှူးများ၏နေရာ၊ မြို့ရိုးပေါ်သို့တက်သောလှေကား၊ လေးမြားစသောလက်နက်များ ထားသောနေရာတို့ကို တွေ့ရှိရကြောင်း၊ ကျံုးတံတားကိုလည်း ဖြုတ်နိုင်၊တပ်နိုင်အောင် အရှင်ပြုလုပ်ထားသည်ကို တူးဖော်တွေ့ရှိရသော ချွန်းများ၊ ချိတ်များအရ သိရှိရကြောင်း၊ အနောက်ဘက်ဝင်ပေါက်အနီးတွင် စျေးဆိုင်များ တည်ရှိခဲ့ သော အထောက်အထားများတွေ့ရပြီး ပေါက်တူးများနှင့် အာဖဂန်နစ္စတန်လက်ရာ ပစ္စည်းများကိုပါ တွေ့ရှိရကြောင်း၊ မြို့တွင်းရှိအချို့အိမ်များသည် မြို့ရိုးနှင့်ကပ်လျက် မြို့ရိုးကို အိမ်နံရံအဖြစ် ဆောက်လုပ်ခဲ့သော အထောက်အထားများ တွေ့ရကြောင်း၊ နန်းဆောင်များကို တူးဖော်စဉ်က ငွေဒင်္ဂါးနှင့် ကြေဒင်္ဂါးပြားများကို တွေ့ရကြောင်း၊ အချို့အဆောင် များတွင် အမျိုးသမီးများ၏ လည်ဆွဲပုတီးများတွေ့ရှိရသဖြင့် အပျိုတော်ဆောင်ဖြစ်နိုင်သည်ဟု ယူဆကြကြောင်း၊ အချို့အဆောင်များ၌ တွေ့ရှိရသော လူအရိုးစုများသည် (၇)ပေခန့်ရှည်ကြောင်း၊ ဘုရင့်ရေကန်(ရာဇပေါက္ခရဏီ)နှင့် မိဖုရားများ၏ရေကန်များ၊ ရေတွင်းများ၊ အုတ်ကန်များ တူးဖော်တွေ့ရှိရကြောင်း၊ သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာ တို့၏ အရိုးစေတီများကိုလည်း တူးဖော်တွေ့ရှိရကြောင်း မှတ်သားခဲ့ရသည်။
သိဒ္ဓတ္ထမင်းသား တောထွက်တော်မူရာ မင်္ဂလာတံခါးသည် လယ်ကွင်းအစပ်နားတွင် တည်ရှိသည်။ (၂၀၀၂)ခုနှစ် တွင် ဘုရားဖူးလာရောက်ခဲ့စဉ်က မင်္ဂလာတံခါးမှ လယ်ကွင်းဘက်သို့ လှမ်းကြည့်လိုက်လျှင် စေတီငယ်တစ်ဆူကို ဖူးတွေ့ ရသည်။ လုမ္ဗိနီဆရာတော်က ထိုစေတီသည် ကဏ္ဍကစေတီဖြစ်ကြောင်း အမိန့်ရှိခဲ့ပါသည်။ ဇာတကအဋ္ဌကထာအရ အလောင်းတော်သည် ကဏ္ဍကမြင်းကိုစီး၍ မင်္ဂလာတံခါးမှ ထွက်တော်မူလာရာ ဤနေရာအရောက်တွင် ဘိုးလောင်းတော်၊ ဘေးလောင်းတော် သကျသာကီဝင်မင်းအဆက်ဆက်တို့ နန်းစံခဲ့ရာ ကပိလဝတ်မြို့တော်ကြီးကို ပြန်လှည့်ကြည့်လိုစိတ် ဖြစ်ပေါ်လာသဖြင့် ကဏ္ဍကမြင်းကို ပြန်အလှည့်တွင် တည်ထားသောစေတီဖြစ်သဖြင့် “ကဏ္ဍကနိဝတ္တနစေတီ” အမည်တွင်ကြောင်း မိန်ဆိုခဲ့ပါသည်။ မိမိ ဒုတိယအကြိမ်အဖြစ် (၂၀၁၂)ခုနှစ်တွင် လာရောက်ဖူးမြော်သောအခါ၌ ထိုစေတီ မရှိတော့ပါ။ (၂၀၁၂)ခု ဘုရားဖူးအဖွဲ့၏ ဂိုက်လုပ်သူ ကိုအာကာကလည်း ယခင်က ဤနေရာတွင် စေတီတစ်ဆူရှိပါလျက် ယခုမတွေ့ရတော့ပုံကို အားမလိုအားမရ ပြောပါသည်။ အဋ္ဌကထာဆရာမြတ်များကိုယ်တိုင် အသိအမှတ်ပြုခဲ့ကြရပြီး အလောင်းတော်၏တောထွက်မှုနှင့် ဆက်စပ်နေသည့် သမိုင်းအထောက်အထားတစ်ခု မကြာမီကမှ ပျောက်ပျက်ဆုံးရှုံး ခဲ့ရသည်ကို ရင်ထုမနာဖြစ်မိပါသည်။
မိမိတို့ဘုရားဖူးအဖွဲ့ ကပိလဝတ်အောင်မြေနေရာအပါအဝင် နန်းတော်ရာများကို လှည့်လည်ကြည့်ရှုကြသည်။ ကပိလဝတ်မြို့တော်သည် အစဉ်အဆက် လက်ခံခဲ့ကြသော သမိုင်းကြောင်းအရ မြန်မာလူမျိုးသမိုင်းနှင့် ဆက်စပ်မှုရှိသော နေရာလည်းဖြစ်၊ အလောင်းတော်ငယ်စဉ်မှစ၍ ပျော်စံခဲ့ရာ၊ ကြီးပြင်းခဲ့ရာနေရာဌာနလည်းဖြစ်၊ ဘုရားဖြစ်တော်မူပြီးနောက် ကြွရောက်တော်မူခဲ့ရာ နေရာလည်းဖြစ်သဖြင့် ဘုရားဖူးအဖွဲ့များ၏စိတ်တွင် ကြည်ညိုသဒ္ဓါစိတ်မျှသာမကဘဲ ဆွေမျိုးများရှိရာအရပ်သို့ သွားရောက်ရသလို ရွှင်လန်းတက်ကြွနေပုံရသည်။ ကပိလဝတ်မြို့နန်းတော်ရာ၌ ခေတ္တမျှသာ ဝင်ရောက်လေ့လာခဲ့ရသော်လည်း မိမိ်၏စိတ်အစဉ်တွင် အတွေးများ တစ်သီတစ်တန်းကြီး ပေါ်လာသည်။ ဗုဒ္ဓသာသနာ တော်၏ တန်ဖိုးကိုသိပါသော်လည်း သာသနာတော်နှင့် ဆုံဆည်းခွင့်မရသဖြင့် ငိုကြွေးရှာသော စျာန်အဘိညာဉ်ရ တန်ခိုးရှင် ဒေဝီလရသေ့ကြီး၊ မိတဆိုးလေးဖြစ်ရရှာသော အလောင်းတော်ကို ဘာတစ်ခုမျှ လိုလေသေးမရှိအောင် ဖခင်တစ်ဦး၏ မေတ္တာဖြင့် အပြည့်အဝစောင့်ရှောက်ချီးမြှောက်ခဲ့သော သုဒ္ဓေါဒနမင်းကြီး၊ မိမိ၏သားအရင်းဖြစ်သော နန္ဒမင်းသားကိုပင် အထိန်းတော်များလက်သို့ လွှဲအပ်ကာ ကိုယ်တိုင်ကမူ မိတဆိုးဖြစ်ရရှာသော အလောင်းတော်အား နို့ချိုတိုက်ကျွေးကာ ပြုစုစောင့်ရှောက်ခဲ့သော မိထွေးတော် မဟာပဇာပတိဂေါတမီတို့၏ အကြောင်းအရာများကို စဉ်းစားမိသည်။
သုခုမာလသုတ်၊ မာဂဏ္ဍီယသုတ်တို့တွင် ဘုရားရှင်ကိုယ်တော်တိုင် ပြန်လည်ဟောပြခဲ့သော အလောင်းတော် ဘဝက ထီးနန်းစိုးစံခဲ့ပုံများနှင့် နိမိတ်ကြီးလေးပါးမြင်တော်မူပြီး တောထွက်တော်မူပုံတို့ကို မြင်ယောင်မိသည်။ ဘုရားဖြစ် တော်မူပြီးနောက် ကပိလဝတ်နေပြည်တော်သို့ ပထမဦးဆုံးပြန်လည်ကြွတော်မူသောအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီး က အလောင်းတော် တောထွက်၍တရားရှာနေစဉ် အချို့သောနတ်များက အလောင်းတော်သေပြီဟု ပြောဆိုသည်ကို မယုံကြည်ခဲ့ကြောင်း ပြန်လည်လျှောက်ထားသဖြင့် “မဟာဓမ္မပါလဇာတ်တော်”ကို ဟောကြားတော်မူပုံ၊ တောထွက် သွားသော အလောင်းတော်အပေါ်၌ သစ္စာရှိသော ယသောဓရာဒေဝီကို အကြောင်းပြု၍ “စန္ဒကိန္နရီဇာတ်တော်”ကို ဟောကြားတော်မူခဲ့ပုံ စသည်တို့ကို အတွေးအာရုံရောက်နေမိသည်။
ကပိလဝတ်နန်းတော်ရာကို လေ့လာကြပြီးနောက် နိဂြောဓာရုံကျောင်းတော်ရာ သို့ သွားရောက်ဖူးမြော်ကြသည်။ ကျောင်းတော်ရာကို ယခင်ကထက်ပို၍ ထိန်းသိမ်းစောင့်ရှောက်မှုပြုလုပ်ထားသည်ကို တွေ့ခဲ့ရသည်။ ပင်မကျောင်းဆောင် ၏ အောက်ခြေကို အင်္ဂတေပန်းများဖြင့် အနုစိတ်ပုံဖော်ထားသည်။ ပင်မကျောင်းဆောင်၏ အနီးနားတစ်ဝိုက်တွင် ကျောင်းဆောင်ငယ်များ၊ စေတီရာများနှင့် ရေကန်ရှိသည်။ သိဒ္ဓတ္ထမင်းသားသည် ထီးနန်းစည်းစိမ်အားလုံးကိုစွန့်ခွာ၊ တောထွက်တရားကျင့်ကာ ဘုရားအဖြစ်သို့ရောက်တော်မူပြီးနောက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး၏ ပင့်လျှောက်ချက် အရ သံဃာနှစ်သောင်းခြံရံလျက် ရာဇဂြိုဟ်မှ ကပိလဝတ်သို့ ကြွတော်မူခဲ့သည်။ သက်တော်ငယ်သော ဘုရားရှင်ကို အသက်ကြီးသော ဆွေတော်မျိုးတော်များက ဦးမချသဖြင့် ပေါက္ခရဝဿမိုးရွာစေကာ ဦးနှိမ်ချစေခဲ့သည်။ ပေါက္ခရဝဿ မိုးရွာခြင်းကို အကြောင်းပြု၍ “ဝေဿန္တရာဇာတ်တော်” ကို ဟောကြားတော်မူခဲ့သည်။ ကြီးကျယ်မြင့်မြတ်သော ဘုရားရှင်၏ တန်ခိုးတော်ကို ဖူးမြင်ရသော အရှင်သာရိပုတ္တရာက ဘုရားအဖြစ်သို့ရောက်အောင် မည်ကဲ့သို့ ဖြည့်ကျင့် ဆည်းပူးအားထုတ်ခဲ့ရပါသနည်းဟု မေးမြန်းလျှောက်ထားခဲ့သည်။ ထိုအခါ ဒီပင်္ကရာမြတ်စွာဘုရား လက်ထက်တော်မှစ၍ ကမ္ဘာပေါင်း လေးအသချေင်္နှင့်တစ်သိန်းတိုင်အောင် “ဥစ္စာ၊ အသက်၊ ခြေလက်အင်္ဂါ၊ မေတ္တာကြီးမားသမီးသားနှင့် သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် (၅)သွယ်အစု အလွန်ခဲယဉ်းသောအမှု” တို့ဖြင့် ပါရမီဖြည့်ကျင့်ခဲ့ ကြောင်းကို “ဗုဒ္ဓဝင်”ပါဠိတော်အဖြစ် ဟောကြားတော်မူခဲ့ပုံ၊ မည်သည့်ဘဝ၌ မည်သည့်ပါရမီကို အဓိကထား၍ ပါရမီဆယ်ပါးအား စွမ်းစွမ်းတမံ ဖြည့်ကျင့်ခဲ့ရသည်ဟု “စရိယာပိဋက” ပါဠိတော်ကို ဟောကြားတော်မူပုံတို့ကို ဗုဒ္ဓါနုဿတိဘာဝနာပွား၍ ရှိခိုးပူဇော်ခဲ့သည်။
“ ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ၊
လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေးလို့ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာသာသနာတွက်မို့၊ ငါပါ အသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်” ဟူသော မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘဝအဓိဋ္ဌာန်ကဗျာလေးကို သတိရမိသေး၏။
ညီတော်နန္ဒမင်းသားကို သပိတ်ကိုင်စေကာ နိဂြောဓာရုံကျောင်းတော်သို့ခေါ်ဆောင်သွားပြီး ရဟန်းပြုပေးတော်မူ ပုံနှင့် သားတော်ရာဟုလာကို ရှင်သာမဏေပြုပေးတော်မူပုံတို့ကိုလည်း မြင်ယောင်မိသည်။ ကပိလဝတ်ပြည်၊ နိဂြောဓာရုံကျောင်း၌ ဘုရားရှင်သည် တစ်ဆယ့်ငါးကြိမ်မြောက်(ပန္နရသမဝါ) တစ်ဝါသာ ဝါကပ်သီတင်းသုံးတော်မူခဲ့သည်။
မိမိတို့အဖွဲ့သည် နိဂြောဓာရုံကျောင်းတော်ရာကို လေ့လာဖူးမြော်ကြပြီးနောက် လုမ္ဗိနီမြန်မာရွှေကျောင်းတော် ကြီး၌ တစ်ညအိပ်ကြသည်။ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ဆောက်လုပ်ထားသော ကျောင်းတော်ကြီးဖြစ်၍ စေတီ၊ သိမ်၊ ဓမ္မာရုံ၊ နှစ်ထပ်တည်းခိုဆောင်ကြီး၊ ရေကန်တို့ဖြင့် ခမ်းနားထည်ဝါနေပါသည်။ ကပိလဝတ်ပြည် မဟာဝုန်တော၌ ဘုရားရှင်သည် ရဟန္တာငါးရာနှင့်အတူ သီတင်းသုံးစဉ် စကြဝဠာတိုက်တစ်သောင်းမှ ဖူးမြော်ရန်စည်းဝေး ရောက်လာကြသော နတ်ဗြဟ္မာအပေါင်းအား မဟာသမယသုတ်ဟောကြားတော်မူသည်ကို အာရုံပြုကာ မဟာသမယသုတ် ကိုရွတ်ဆိုပူဇော်ခဲ့သည်။
သမိုင်းသက်သေ၊ အတိတ်ခြေရာ၊ စိတ်ဖြေရာ
နောက်တစ်နေ့ (20.3.2014)တွင် နံနက်စာစားပြီးနောက် လုမ္ဗိနီဆရာတော်ဦးဆောင်၍ ဘုရားအလောင်း ဖွားမြင်တော်မူရာ လုမ္ဗိနီဥယျာဉ်သို့ သွားရောက်ခဲ့သည်။ ဆရာတော်က ငြိမ်းချမ်းရေးမီးရှူးတိုင်အကြောင်းကို ရှင်းပြသည်။ ငြိမ်းချမ်းရေးတူးမြောင်းကို အလယ်ဗဟိုပြု၍ အရှေ့ဘက်ခြမ်းတွင် ထေရဝါဒဘုန်းတော်ကြီးကျောင်းများနှင့် အနောက် ဘက်တွင် မဟာယာနဘုန်းတော်ကြီးကျောင်းများကို အစီအစဉ်တကျထားရှိပုံနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ အစီအစဉ်ဖြင့် အလောင်းတော်ဖွားမြင်တော်မူရာ ဧရိယာကြီးတစ်ခုလုံးကို တူးမြောင်းဖြင့် ဝန်းပတ်ရံထားပုံ တို့ကိုလည်း ရှင်းပြသည်။ ဆရာတော်က မိမိတို့အဖွဲ့ကို မယ်တော်မာယာကျောင်းဆောင်ကြီးအတွင်းသို့ ခေါ်ဆောင် သွားသည်။ အလောင်းတော်ဖွားမြင်တော်မူရာ၌ရှိနေသော ခြေတော်ရာ၊ အသောကမင်းကြီး တည်ထားခဲ့သော ဓာတ်တော်တိုက်၊ ကျောင်းတော်ရာနှင့် မကြာသေးမီက တူးဖော်မှုပြုလုပ်ထေားသောနေရာတို့ကို လိုက်လံပြသသည်။ အတွင်း၌ ဓာတ်ပုံရိုက်ခွင့်မရပါ။ အသောကမင်းကြီး၏ ကောင်းမှုဖြစ်သော ကျောင်းတော်ရာအုတ်မြစ်များကို ပြိုမကျစေရန် သံဘောင်များဖြင့် ထိန်းထားပြီး ဘုရားဖူးများ လှည့်လည်ဖူးမြော်နိုင်စေရန် သစ်သားစင်္ကြန် ပြုလုပ်ပေးထားသည်။
ဆရာတော်က ကပိလဝတ်နှင့် ဒေဝဒဟတို့၏ သမိုင်းကြောင်း၊ အလောင်းတော်ဖွားမြင်တော်မူပုံ၊ ဖွားမြင် တော်မူရာ လုမ္ဗိနီဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပုံနှင့် မကြာသေးမီကမှ တူးဖော်တွေ့ရှိရသော အကြောင်းအရာတို့ ကို အသေးစိတ်ရှင်းပြတော်မူပါသည်။ မြို့နန်းအသစ် တည်ထောင်ရန် မြေနေရာရှာဖွေလာကြသော မင်းသား၊ မင်းသမီး များကို ကပိလရသေ့ကြီးက ၎င်း၏ကျောင်းနေရာသည် အောင်မြေဖြစ်သောကြောင့် ထိုနေရာ၌ နန်းသစ်တည်စေခဲ့ပြီး ကပိလရသေ့ကြီး၏ မြေနေရာ၌ တည်ထားသောမြို့ဖြစ်၍ ကပိလဝတ္ထုမြို့ဟု အမည်တွင်ခဲ့သည်။ နောင်အခါ၌ ကပိလဝတ်မြို့မှ သကျသာကီဝင်များက ၎င်းတို့ရေချိုးသွားရာ မင်္ဂလာရေကန်အနီး၌ မြို့နန်းအသစ် တည်ဆောက် ခဲ့သည်။ မင်းညီမင်းသားများ ပျော်ရွှင်ကြသော ရေကန်၏အနီး၌ တည်ထားသောကြောင့် ဒေဝဒဟမြို့ဟု အမည်တွင် ခဲ့သည်။ လုမ္ဗိနီဥယျာဉ်သည် ဒေဝဒဟကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည်။ ပါဠိစာပေ၌ ဒေဝဒဟပြည့်ရှင် အဥ္ဇနမင်း၏ မိဖုရားကြီး (သက္ကတစာပေ ဗုဒ္ဓစရိတကျမ်းအရ ရူပဒေဝီ ဟုအမည်တွင်သော) မဟာယသောဓရာဒေဝီ ၏ ဆန္ဒအရ ပြုလုပ်ဖန်းတီးပေးထားသောဥယျာဉ်ဖြစ်သဖြင့် ရူပဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့သည်။ ကာလရွေ့လျောလာသောအခါ ရူပံဒေဝီဥယျာဉ်ဟု အမည်တွင်ခဲ့ပြီး ယနေ့တိုင် လုမ္ဗိနီဥယျာဉ်တည်ရှိရာခရိုင်သည် ရုမ္မီဒေယီခရိုင်ဟု အမည်တွင်ဆဲဖြစ်၏။ ရူပဒေဝီမှ ရူပံဒေဝီ၊ ရူပံဒေဝီမှ ရုမ္မီ၊ ရုမ္မီ မှ ရုမ္ဗိနီ၊ ရုမ္ဗိနီမှ လုမ္ဗိနီဟု အဆင့်ဆင့် ပြောင်းလဲခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
ကပိလဝတ်နှင့် ဒေဝဒဟမြို့တို့သည် ရှေးခေတ်အိန္ဒိယနိုင်ငံ၏ မြောက်ပိုင်းလမ်းမကြီးပေါ်တွင် တည်ရှိသည်။ ၎င်းမြောက်ပိုင်းလမ်းမကြီး(ဥတ္တရာပထ)သည် ရာဇဂြိုဟ်မှ ဝေသာလီ၊ ဒေဝဒဟ၊ လုမ္ဗိနီနှင့် ကပိလဝတ်တို့ မှတစ်ဆင့် ပါကစ္စတန်အထိ ရောက်ရှိသည်။ ဆရာတော်သည် ကပိလဝတ်မြို့၊ ဒေဝဒဟမြို့နှင့် လုမ္ဗိနီဥယျာဉ်တို့၏ အကြောင်းကို အကျယ်တဝင့် ရှင်းပြပြီးနောက် အောက်ပါအတိုင်း ဆက်လက် ရှင်းပြပါသည် -
အလောင်းတော်ကိုဖွားမြင်တော်မူရာ နေရာဌာနရှိ အင်ကြင်းပင်ကြီးသည် ပါဠိစာပေ၌ မင်္ဂလသာလဟု အမည်တွင်ပြီး လူအများက အမြတ်တနိုးပူဇော်ကြရာ သစ်ပင်ကြီးဖြစ်သည်။ မယ်တော်သည် အင်ကြင်းဥယျာဉ်အတွင်းသို့ ရောက်သောအခါ ၎င်းအင်ကြင်းပင်ကြီး၏ အကိုင်းကို ကိုင်ကြည့်လိုစိတ် ဖြစ်ပေါ်လာပြီး အင်ကြင်းကိုင်းက အလို အလျောက် ကွေးညွတ်ကျလာသဖြင့် ကိုင်ထားစဉ်မှာပင် အလောင်းတော်ကို ဖွားမြင်ခဲ့သည်။ အလောင်းတော်သည် တရားဟောပလ္လင်ပေါ်မှ ဆင်းသက်လာသော ဓမ္မကထိကကဲ့သို့ မယ်တော်၏ဝမ်းမှ ချမ်းသာစွာ ဖွားမြင်ခဲ့သည်။ ကောင်းကင်မှ ရေပူရေအေးနှစ်သွယ်တို့ စီးဆင်းလာပြီး အလောင်းတော်နှင့်မယ်တော်တို့ကို သွန်းလောင်းပေးခဲ့သည်။ အလောင်းတော်ကို ဗြဟ္မာကြီးများ၊ နတ်မင်းကြီးများနှင့် မင်းချင်းယောကျ်ားတို့က အဆင့်ဆင့် လွှဲပြောင်းခံယူကြသည်။ အလောင်းတော်သည် မြောက်အရပ်သို့ ခုနှစ်လှမ်းလှမ်းကာ “အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ” (ငါသည် လောက၌ အမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံးသောသူ ဖြစ်သည်) ဟူသော စကားကြီးသုံးခွန်းဖြင့် ကြွေးကြော်ခဲ့သည်။
ရေပူရေအေးနှစ်သွယ်စီးဆင်း၍ အလောင်းတော်အား သွန်းလောင်းရာမှ ဖြစ်ပေါ်လာသည့် ရေကန်ကိုလည်း လုမ္ဗိနီဥယျာဉ်တွင် တွေ့မြင်နိုင်သည်။ အသောကမင်းကြီး နန်းစံသက်(၂၀)တွင် လုမ္ဗိနီသို့ ဘုရားဖူးရောက်ခဲ့ကြောင်းကို ကျောက်စာတိုင် ရေးထိုးထားခဲ့သည်။ မူလက ကျောက်စာတိုင်ထိပ်တွင် မြင်းရုပ်ရှိသော်လည်း ယခုအခါ မြင်းရုပ်ကို ရှာမတွေ့တော့ဘဲ အောက်ခံခုံဖြစ်သော ကြာမှောက်ပုံကိုသာ တွေ့ရတော့သည်။ ဘုရားအလောင်းတော် မြေပြင်ပေါ်သို့ ပထမဆုံး ခြေချသောနေရာကို အုတ်ဖြင့်ဝန်းရံကာ အသောကမင်းကြီးက ဓာတ်တော်တိုက် ပြုလုပ်ခဲ့သည်။ ယခုခေတ်၌ ထိုနေရာတွင် ကျည်ကာမှန်ဖြင့် အုပ်ထားပြီး Marker stone ဟုခေါ်သော အမှတ်အသားပြ ကျောက်တုံးရှိသည်။ (၇၀)မီတာရှည်သော ထိုကျောက်တုံးပေါ်၌ အလောင်းတော်၏ ခြေတော်ရာရှိသည်။ ထိုခြေတော်ရာကို အသောကမင်းကြီး က ထည့်သွင်း၍ ဓာတ်တော်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လုမ္ဗိနီ၌ သာသနာပြုကြွရောက်သီတင်းသုံးတော်မူကြသော သံဃာတော်များအတွက် အသောကမင်းကြီးက ကျောင်းတော်နှင့်ရေတွင်းတို့ကို လှူဒါန်းခဲ့ပြီး ယနေ့တိုင် ရေကန်၏ အရှေ့ဘက်တွင် တည်ရှိနေသေးသည်။ အချို့က ယခုမြင်တွေ့နေရသော ကျောက်စာတိုင်နေရာကို အလောင်းတော် ဖွားမြင်သောနေရာဟု ထင်နေကြပြီး ခြေခုနှစ်လှမ်း လှမ်းပုံ စေတီငယ်များကိုလည်း ထိုနေရာ၌ အလောင်းတော် ခြေခုနှစ်လှမ်း လှမ်းသည်နေရာဟု မှတ်ထင်နေကြသည်၊ အမှန်မှာမူ ဖွားတော်မူရာနှင့် ခြေခုနှစ်လှမ်း လှမ်းတော်မူရာ နေရာသည် မယ်တော်မာယာကျောင်းဆောင်၏ အတွင်းပိုင်း၌ တည်ရှိပြီး ပြင်ပ၌ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထား ခြင်းသာဖြစ်ကြောင်းကို ရှင်းပြတော်မူပါသည်။
သမိုင်းအထောက်အထား၊ မြောက်များလှစွာ၊ သင်္ခါရပုံရိပ်လွှာ
ဆရာတော်က ဆက်လက်၍ လုမ္ဗိနီပြန်လည်တွေ့ရှိပုံကို အောက်ပါအတိုင်း ရှင်းလင်းပြခဲ့ပါသည်- အသောကမင်းကြီး၏ ကျောင်းဆောင်များသည် နောက်ပိုင်းတွင် ထိန်းသိမ်းစောင့်ရှောက်သူမရှိ၍ ပြိုကျပျက်စီးခဲ့သည်။ ရှေးခေတ်တရုတ်ရဟန်းတော်များ၏ မှတ်တမ်းကို အခြေခံ၍ (၁၈၉၆)ခုတွင် လုမ္ဗိနီရှာဖွေရေးအစီအစဉ် စတင်ခဲ့သည်။ မြေပေါ်၌(၁၀)ပေပေါ်ထွက်နေသော ကျောက်စာတိုင်ကြီးကို စတင်တွေ့ရှိရာမှ လုမ္ဗိနီဟု အသိအမှတ်ပြုနိုင်ခဲ့သည်။ လုမ္ဗိနီရှာဖွေတွေ့ရှိမှုမှတစ်ဆင့် ကပ္ပိလဝတ်နှင့် ဒေဝဒဟတို့ကို (၁၈၉၆)ခုနှစ်နောက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။ လုမ္ဗိနီ၌ (၁၈၉၉)တွင် ကျောင်းတော်နေရာရှိ တောင်ကုန်းကို ဖြိုချတူးဖော်ရာမှ အလောင်းတော်သိဒ္ဓတ္ထမင်းသားပုံကို တူးဖော်တွေ့ရှိခဲ့ရသည်။ (၁၉၃၂)မှ (၁၉၄၀)အတွင်း ထပ်မံတူးဖော်ရင်း မာယာဒေဝီကျောင်းဆောင်ကို တည်ထားခဲ့သည်။ (၁၉၆၇)ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်ရောက်လာခဲ့သည်။ ယခုငြိမ်းချမ်းရေးမီးရှုးတိုင် ပြုလုပ်ထားသော နေရာ၌ ရွာတည်၍ လူအများက လယ်လုပ်စားနေကြပြီး သစ်ပင်များကိုခုတ်လှဲပစ်သဖြင့် အင်ကြင်းတော မရှိတော့ ကြောင်းနှင့် မာယာဒေဝီကျောင်းဆောင်ရှိ မွေးဖွားဟန်ရုပ်ထုကိုလည်း ဒေသခံလူများက ကြက်သွေး၊ ငှက်သွေး စသည် တို့ဖြင့် ပူဇော်နေကြသည်ကို ဦးသန့် တွေ့မြင်ခဲ့ရသည်။ ၎င်းအပြင် မယ်တော်ပုံကိုသာ အဓိကထား ကိုးကွယ်နေကြ သောကြာင့် ဘုရားလောင်းမွေးဖွားမှု အခန်းကဏ္ဍကွယ်ပျောက်နေသည်ကို ဦးသန့်က သိမြင်ခဲ့ဖြင့် ဤနေရာကို နိုင်ငံတကာဘုရားဖူသွားလာရေး နေရာဌာနတစ်ခုအဖြစ် ဖန်တီးပေးမည်ဟု ဘုရင်မဟိန္ဒရာထံ မေတ္တာရပ်ခံပေးခဲ့သည်။ ဘုရင်မဟိန္ဒရာ၏ သဘောတူညီမှုအရ (၁၉၇၀)တွင် လုမ္ဗိနီဖွ့ံဖြိုးရေးအဖွဲ့ကို နိုင်ငံပေါင်း(၁၃)နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ကုလသမဂ္ဂက ဒေါ်လာ(၁)သန်း ထောက်ပံ့ခဲ့ပြီး ရွာများရွှေ့ပြောင်းခြင်း၊ မြေနေရာအစားထိုးပေးခြင်း၊ ဝင်းထရံခတ်ခြင်း၊ သစ်ပင်များပြန်စိုက်ခြင်း၊ ငြိမ်းချမ်းရေးတူးမြောင်း တူးဖော်ခြင်း၊ စာကြည့်တိုက်များ၊ ပြတိုက်များ ဆောက်လုပ်ခြင်းတို့ကို (၁၉၈၀)နောက်ပိုင်းမှစ၍ ယနေ့အထိ ဆောင်ရွက်နေကြသည်။ (၁၉၉၀)၌ ဂျပန်အဖွဲ့က မာယာဒေဝီကျောင်းဆောင် ဟောင်းကိုဖျက်၍ မြေအောက်ရှိ အသောကကျောင်းဆောင်ဟောင်းကို ရှာဖွေခဲ့သည်။ ဓာတ်တော်တိုက်နေရာကို (၁၉၉၆) တွင် ပြန်လည်တွေ့ရှိခဲ့ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းရန် ယခုပုံစံအတိုင်း တည်ဆောက်ခဲ့ပြီး (၂၀၀၃)ခုနှစ်၊ မေလ တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သော(၂)နှစ်ခန့်က ဓာတ်တော်တိုက်အနီးရှိတွင်းကို တူးဖော်ကြည့်ရာ သစ်မြစ်ရုပ်ကြွင်းများ တွေ့ရှိရသဖြင့် ဓာတ်ခွဲစမ်းသပ်ကြည့်သောအခါ အလောင်းတော်မဖွားမြင်မီ နှစ်ပေါင်း(၇၀၀)ခန့်ကတည်းက ပေါက်ရောက်ခဲ့သော သစ်ပင်ဟုအဖြေထွက်သည်။ သစ်မြစ်၏ ဘေးပတ်ဝန်းကျင်ကို တူးဖော်ကြည့်ရာတွင် မြေသားများ ပြောင်ချောတင်းမာ နေပြီး ၎င်းသစ်ပင်ကို လူအများက လှည့်ပတ်ဝိုင်းကာ ပူဇော်ခဲ့သော အထောက်အထားကို တွေ့ရသည်။ သို့ဖြစ်၍ ဗုဒ္ဓစာပေလာ လူအများပူဇော်ကြရာ မင်္ဂလသာလဟူသောစကားနှင့် ကိုက်ညီနေပေသည်။ အဆောက်အဦး၏ ထောင့်လေးထောင့်ကို တူးဖော်ကြည့်ရာ သစ်သားတိုင်စိုက်ထူထားခဲ့သော ရုပ်ကြွင်းများကို တွေ့ရသည်။ မူလက အလောင်းတော်ဖွားတော်မူရာ သစ်ပင်ကို အလယ်မှထား၍ စောင်းတန်းလေးခုကို သစ်သားဖြင့် တည်ဆောက်ခဲ့ပြီး နောက်ပိုင်းတွင်မှ အသောကမင်းကြီးက အုတ်ဖြင့် အစားထိုးတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းအပြင် ယခုတူးဖော် တွေ့ရှိချက်များအရ ကမ္ဘာ့ပညာရှင်အများစု၏ ယခင်အယူအဆဖြစ်သော ဗုဒ္ဓဖွားတော်မူရာ သက္ကရာဇ် (BC - ၅၆၃)မှ ရှေ့သို့ ရာစုနှစ်တစ်ခု တိုးနိုင်သည်ဟု ဆုံးဖြတ် ခဲ့ကြသည်။ ဗုဒ္ဓဝါဒသမိုင်းအစဉ်အလာအရ အရှေ့တိုင်းသားများ လက်ခံခဲ့ကြသော ဗုဒ္ဓဖွားတော်မူရာနှစ် (BC - ၆၂၃) ကို အနောက်တိုင်း ပညာရှင်များက နှစ်ခြောက်ဆယ်ခန့် နောက်ကျ၍ ယူဆခဲ့ကြသော်လည်း ယခုတူးဖော် တွေ့ရှိချက်များအရ အနောက်တိုင်းပညာရှင်များ၏ အယူအဆထက် အရှေ့တိုင်းပညာရှင်များ၏ အယူအဆက အဖြေမှန် နှင့်ပိုမိုနီးစပ်နေ ကြောင်းကို တွေ့ရှိရပေသည်။ ဆရာတော်၏ အထက်ပါ ရှင်းလင်းပြချက်များမှာ လွန်စွာ စိတ်ဝင်စား ဖွယ်ရာဖြစ်ပြီး သမိုင်းကြောင်းအမြင်ဖြင့်လည်း တန်ဖိုးရှိလှသဖြင့် အစမှအဆုံးတိုင်အောင် မှတ်တမ်းတင်ခဲ့ပါသည်။
ဆရာတော်ရှင်းလင်းပြပြီးနောက် မိမိတို့ ဘုရားဖူးအဖွဲ့ မယ်တော်မာယာကျောင်းဆောင်အတွင်း၌ လှည့်လည် ဖူးမြော်ကြပြီး အသောကကျောက်စာတိုင်၊ စေတီငယ်များ၊ ရေပူရေအေးစီးဆင်းရာကန်နှင့် အနီးနားတစ်ဝိုက်ရှိ နေရာဌာနများသို့ လှည့်လည်ဖူးမြော်ကြသည်။ မိမိလည်း “အစ္ဆရိယအဗ္ဘုတ”သုတ်၌ ဟောတော်မူသော အလောင်းတော် ဖွားမြင်တော်မူပုံအကြောင်းအရာတို့ကို အာရုံပြုကာ သီလက္ခန်အဋ္ဌကထာ၌လာသော “မုဟုတ္တဇာတောဝ ဂဝမ္ပတီယထာ၊ သမေဟိ ပါဒေဟိ ဖုသီ ဝသုန္ဓရံ” အစရှိသော ဂါထာများနှင့် “အဂ္ဂေါဟမသ္မိ လောကဿ” အစရှိသော စကားတော်များကို ရွတ်ဆိုပူဇော်ခဲ့သည်။ (မယ်တော်မာယာကျောင်းဆောင်တွင်း တူးဖော်တွေ့ရှိချက်များကို ကမ္ဘာ့အင်တာနက်စွယ်စုံကျမ်း wikipedia စာမျက်နှာတွင်လည်း အသေးစိတ် ဖတ်ရှုလေ့လာနိုင်ပါသည်။ http://en.wikipedia.org/wiki/Maya_Devi_Temple,_Lumbini)
 
ပရိနိဗ္ဗာန်စံတော်မူရာ ကုသိနာရုံ
မိမိတို့အဖွဲ့ နေ့လယ်စာစားပြီးနောက် ဖွားတော်မူရာလုမ္ဗိနီမှ ပရိနိဗ္ဗာန်စံတော်မူရာကုသိနာရုံသို့ ခရီးဆက်ခဲ့ ကြသည်။ ခရီးမိုင် (၈၇)မိုင်မျှသာဝေး၍ ညနေလေးနာရီခန့်တွင် ကုသိနာရုံမြန်မာကျောင်းသို့ ရောက်ရှိသည်။ မဟာ ပရိနိဗ္ဗာန်ရုပ်ပွားတော်တန်ဆောင်းလည်း မပိတ်သေးသဖြင့် သွားရောက်ဖူးမြော်ကြသည်။ နောက်တစ်နေ့ (21.3.2014) တွင် နံနက်စာစားပြီးနောက် ဘုရားရှင်၏ ရုပ်ကလာပ်တော် တေဇောဓာတ်လောင်ကျွမ်းရာ အင်္ဂါရစေတီတော်သို့ ရှေးဦးစွာ သွားရောက်ဖူးမြော်ကြသည်။ မိမိ၏စိတ်၌ မဟာပရိနိဗ္ဗာနသုတ်လာ ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို ပရိနိဗ္ဗာန် ပြုတော်မူရာ အင်ကြင်းတောမှ မလ္လာမင်းတို့၏ မကိုဋ်ထုံးဖွဲ့ရာဌာနဖြစ်စော မကုဋဗန္ဓနစေတီသို့ ပင့်ဆောင်ကြပုံ၊ နတ်တို့က လမ်းတစ်လျှောက်လုံး ဒူးဆစ်မြုပ်မျှ မန္ဒာရဝနတ်ပန်းတို့ဖြင့် ဖြန့်ကျဲ၍ ပူဇော်ကြပုံ၊ အရှင်မဟာကဿပ မကြွ လာမီ မီးသင်္ဂြိုဟ်၍ မရပုံ၊ အရှင်မဟာကဿပ ကြွလာတော်မူပြီးမှ တေဇောဓာတ်လောင်ကျွမ်းပုံတို့ကို အတွေးအာရုံ ရောက်နေမိသည်။ နတ်တို့၏တန်ခိုးဖြင့် စန္ဒကူးနံ့သာထင်းပုံမှ ဟုန်းခနဲမီးထတောက်ချိန်တွင် အရှင်အာနန္ဒာ၏ ရင်ထဲ၊ နှလုံးသားထဲတွင် ဘယ်လိုများ ခံစားရပါလိမ့်မလဲ? မီးတောက်မီးလျှံများကို ကြည့်ရင်း အ့ံသြခြင်းနှင့်အတူ လွမ်းဆွေးခြင်း တို့ဖြင့် ရင်ထဲမှာ ပြည့်လျှံနေလေ မည်လား? ရွှေအဆင်းရှိသော ရုပ်ကလာပ်တော်ကို မီးတောက်မီးလျှံများက ဝါးမြိုသွားချိန်တွင် “အာနန္ဒာ - မိမိချစ်ခင်မြတ်နိုးသူတို့နှင့် ရှင်ကွဲကွဲခြင်း၊ သေကွဲကွဲခြင်း သဘောကို ရှေးယခင်ကပင် ငါဟောခဲ့ပြီမဟုတ်ပါလော။ မြတ်စွာဘုရား၏ ခန္ဓာကိုယ်ပင် ဖြစ်စေကာမူ ဖြစ်ခြင်း၊ပျက်ခြင်းမကင်းသော သဘောကို မပျက်စီးပါစေလင့်ဟု တောင့်တ၍ မရနိုင်။ ” ဟု ဟောကြားခဲ့သော ဒေသနာတော်ကို နားထဲတွင် ကြားယောင်မိနေ မည်လား? (၂၅)ဝါတိုင်တိုင် ဘုရားရှင်၏နောက်တော်မှ အရိပ်ပမာမခွဲမခွာ လိုက်ပါခဲ့ရသော အနီးကပ်ဆုံး တပည့်အနေဖြင့် အတိတ်မှ ပုံရိပ်များကို တသသ, သတိရရင်း သံဝေဂယူနေလေမည်လား? ဟု စဉ်းစားနေမိသည်။ အင်္ဂါရစေတီနေရာသည် ဘုရားရှင်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ရာဌာနဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ရဟန္တာကြီးများ နောက်ဆုံးအနေဖြင့် ကြွရောက်ဖူးမြော်တော်မူခဲ့ကြမည်မှာ အမှန်ပင်။ ကြွရောက်လာသော သံဃာတော်တို့၏ အစည်း အဝေးကို အကြောင်းပြု၍ ပထမသင်္ဂါယနာတင်ပွဲကို ကျင်းပရန် စီစဉ်နိုင်ခဲ့ခြင်းကြောင့် သာသနာ့သမိုင်းအတွက် အရေးပါသော နေရာဌာန တစ်ခုဖြစ်သည်။
အင်္ဂါရစေတီတော်ကို ဖူးမြော်ပြီး ပြန်အလာတွင် ဒေါဏပုဏ္ဏားကြီးက ဘုရားရှင်၏ ဓာတ်တော်များကို ရှစ်ပြည်ထောင်မင်းတို့အား အညီအမျှ ခွဲဝေပေးခဲ့သောနေရာကိုလည်း ကားပေါ်မှ ပြသသည်။ လမ်း၏ လက်ဝဲဘက်တွင် တည်ရှိသည်။ ယခင်က အထိမ်းအမှတ်တစ်ခုအဖြစ်ဖြင့် မထင်ရှားသော်လည်း ယခုအခါ ထိုနေရာကို ပိုင်ဆိုင်သူသည် တိဗက်ဗုဒ္ဓဘာသာတစ်ဦးဖြစ်သဖြင့် တခမ်းတနား ပူဇော်ထားသည်ကို ဝမ်းမြောက်ဖွယ် တွေ့ခဲ့ရသည်။
၎င်းနောက် ဘုရားရှင်နောက်ဆုံးရေကြည်တော် သောက်သုံးတော်မူခဲ့ရာဌာနသို့ ဝင်ရောက်ဖူးမြော်ကြသည်။ အုတ်တိုက်ငယ်တစ်ခုအတွင်း၌ ကျောက်ဆင်းတုတော်တစ်ဆူရှိပြီး ဆင်းတုတော်၏ရှေ့၌ ခါးစောင်းခန့်နက်သော အနိမ့်ပိုင်းပြုလုပ်ထားသည်။ အချို့က အနိမ့်ပိုင်းထဲသို့ဆင်း၍ ရုပ်ပွားတော်ကို ဖူးမြော်ကြသည်။ (AD- 7)ရာစုနှစ်၏ လက်ရာဖြစ်သည်ဟု သိရသည်။ ၎င်းနောက် မဟာပရိနိဗ္ဗာန်စေတီတော်နှင့် ရုပ်ပွားတော်ကို သွားရောက်ဖူးမြော်ကြသည်။ မဟာတိုးအဖွဲ့မှ စုပေါင်းအလှူတော်အဖြစ် လျောင်းတော်မူရုပ်ပွားတော်ကြီး၏ အရွယ်အစားနှင့်တိုင်းတာ၍ ချုပ်လုပ် ထားသော သင်္ကန်းတော်ကြီးကို ကပ်လှူကြသည်။
မိမိ၏ စိတ်အစဉ်၌ ဘုရားရှင်သည် ဝေသာလီမြို့၌ အာယုသင်္ခါရ လွှတ်တော်မူပြီးနောက် ဘဏ္ဍရွာ၊ ဟတ္ထိရွာ၊ အမ္ဗရွာ၊ ဇမ္ဗုရွာ၊ ဘောဂမြို့၊ ပါဝါမြို့များသို့ အစဉ်အတိုင်း ကြွတော်မူခဲ့ပြီး ပါဝါမြို့၌ ပန်းထိမ်သည်စုန္ဒကပ်လှူသောဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူခဲ့ပြီး ပါဝါမြို့မှတစ်ဆင့် လမ်းခရီးတွင် (၂၅)ကြိမ်တိုင်တိုင် ရပ်နား၍ ကုသိနာရုံမြို့သို့အရောက် ဝေနေယျများအတွက် ပင်ပန်းကြီးစွာ ကြိုးစားကြွတော်မူပုံကို သတိရမိသည်။ ဖွား၊ပွင့်၊ဟော၊စံ သံဝေဇနိယ လေးဌာနကို ဟောကြားတော်မူပုံ၊ အရှင်အာနန္ဒာအား တရားပြ၍ အားပေးစကားပြောကြားတော်မူပုံ၊ အတိတ်ဘဝက စကြဝတေးမင်း အဖြစ်ဖြင့် ကုသိနာရုံ၌ ထီးနန်းစိုးစံခဲ့သော အကြောင်းအရာတို့ကို မဟာသုဒဿနသုတ်အဖြစ်ဖြင့် ဟောကြားခဲ့ပုံ၊ နောက်ဆုံးသာဝကဖြစ်သော သုဘဒ္ဒပရဗိုဇ်ကို ချေချွတ်တော်မူခဲ့ပုံ၊ သာဝကအပေါင်းတို့အား နောက်ဆုံးသြဝါဒပေးပြီး စျာန်သမာပတ်ကို့ကို အပြန်ပြန်အလှန်လှန် ဝင်စားပြီးသည်၏နောက်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပုံတို့ကို အာရုံပြုမိသည်။ “အများဝေနေ ကျွတ်လွတ်စေဖို့၊ မနေမနား သက်တော်အားဖြင်၊့ ကြီးမားလေဘိ ရှစ်ဆယ်ပြည့်၍၊ ပရိနိဗ္ဗာန် စံသည့်တိုင်အောင် သယ်ယူဆောင်၊ ဘုန်းခေါင် ငါတို့ဘုရားတည်း” နောက်ဆုံးအချိန်အထိ သတ္တဝါအပေါင်းတို့ ကောင်းကျိုးချမ်းသာ ရရှိရန်အတွက် အလွန်စေ့စပ်သေချာစွာ ဆောင်ရွက်အားထုတ်တော်မူခဲ့ပုံကို ဆင်ခြင်၍ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများသည်။ ၎င်းနောက် မဟာပရိနိဗ္ဗာနသုတ်ကို ရွတ်ဆိုပူဇော်သည်။ ကုသိနာရုံသည် ဘုရားရှင်ပရိနိဗ္ဗာန်ဝင်စံတော်မူရာဌာနဖြစ်၍ ရောက်လာသူများ၏ ရင်ထဲ၌ သံဝေဂစိတ်နှင့်အတူ လွမ်းဆွေးမှုများပါ ရောယှက်နေကြပုံရသည်။ မြန်မာကျောင်းနှင့် မဟာပရိနိဗ္ဗာန်စေတီတော်သည် ခြံစည်းရိုးမျှသာခြားသဖြင့် တစ်နေ့တာ အတွင်း အကြိမ်ကြိမ်သွားရောက်ဖူးမြော်ကြပြီး ပိတ်ချိန်ရောက်မှသာ ပြန်ခဲ့ကြတော့သည်။
(22.3.2014) နံနက်စာ စားပြီးနောက် ကုသိနာရုံမှ (၁၃၆)မိုင် ဝေးကွာသော ပတ္တနားမြို့(ပါဋလိပုတ်)သို့ ခရီးဆက်ကြသည်။ ကုသိနာရုံမြို့မှ (၆)မိုင်ခန့်အကွာတွင် ပါဝါမြို့ရှိသည်။ စုန္ဒရွှေပန်းထိမ်သည်ကပ်လှူသော ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူရာဌာနသည် တောင်ကုန်းသဖွယ်တည်ရှိပြီး အနီးတွင် လူနေရပ်ကွက် တည်ရှိသည်။ (2012)ခုနှစ် ဘုရားဖူးလာစဉ်က စေတီပျက်၏ အုတ်ခုံများကို တွေ့ရသည်။ ယခင်အခေါက်လာစဉ်က အဝေးပြေး လမ်းမကြီးတွင် တံတားမဆောက်လုပ်ရသေးသဖြင့် ကားကိုရပ်နားပြီး သွားရောက်ဖူးမြော်၍ရသည်။ ယခုအခေါက်၌ တံတားဆောက်လုပ် ပြီးသွားသဖြင့် လမ်းပေါ်၌ ရပ်နားခွင့်မရ။ ရပ်ကွက်အတွင်းသို့ ကားလေးများသာ ဝင်နိုင်သည်။ မိမိတို့အဖွဲ့က ကားကြီးဖြင့်လာကြသောကြောင့် တံတားပေါ်မှသာ လှမ်းမျှော်၍ အာရုံပြုရတော့သည်။ ကားလေးဖြင့် လာကြသော ဘုရားဖူးအဖွဲ့များ ဖူးမြော်နေကြသည်ကိုလည်း လှမ်းမြင်နေရသည်။ စေတီတော်အုတ်ခုံများကိုလည်း မြှင့်တင်၍ အသစ်ပြုပြင် နေသည်ကို တွေ့ရသည်။ ဘုရားရှင် နောက်ဆုံးဆွမ်းဘုဉ်းပေးသော နေရာဖြစ်သောကြောင့် လွမ်းဆွတ်ဖွယ်ရာဖြစ်နေသည်။ ဘုရားဖြစ်မည့်နေ့၌ ဘုဉ်းပေးသောဆွမ်းနှင့် ပရိနိဗ္ဗာန်ပြုမည့်နေ့၌ ဘုဉ်းပေးသောဆွမ်း တို့သည် အကျိုးအာနိသင် တူညီမှုရှိပြီး အခြားသောဆွမ်းများထက် အကျိုးအာနိသင် ကြီးမားကြောင်း ဟောကြားထား သည်ကိုလည်း အမှတ်ရမိသည်။ စေတီကုန်းတော်ကိုလည်း ကားပေါ်မှပင် ဓာတ်ပုံရိုက်ယူပြီး ခရီးဆက်ကြသည်။ မိနစ်ပိုင်းမျှကြာသောအခါ ကကုဓာမြစ်သို့ရောက်သည်။ မြစ်ဟုဆိုသော်လည်း ချောင်းကျဉ်းလေးမျှသာဖြစ်သည်။ ဘုရားရှင်နောက်ဆုံး ရေသုံးသပ်တော်မူသော မြစ်ဖြစ်သည်။ ချောင်းကမ်းနံဘေးတွင် ကုသိနာရုံဆရာတော်ကြီးက ရုပ်ပွားတော်တစ်ဆူ လာရောက်တည် ထားသည်ကို ဖူးတွေ့ခဲ့ရသည်။
အမျိုးသမီးများ၏ကဏ္ဍကို မြှင့််ပေးသော ဗုဒ္ဓမြတ်စွာ၊ ဘိက္ခုနီသာသနာ စတင်ခဲ့ရာ ဝေသာလီ
ကုသိနာရုံသည် ဥတ္တရာပရာဒေ့ရှ်ပြည်နယ်၌ တည်ရှိပြီး ပတ္တနားမြို့သည် ဗီဟာပြည်နယ်၌ တည်ရှိသည်။ ဥတ္တရာပရာဒေ့ရ်ှပြည်နယ်၏ နယ်နိမိတ်ကို ကျော်လွန်လာခဲ့ပြီးနောက် ဗီဟာပြည်နယ်ထဲသို့ စတင် ဝင်ရောက်ကတည်းက လမ်းများအလွန်ကြမ်းသည်။ ဝေသာလီမြို့သို့ မရောက်မီ ဗုဒ္ဓသပိတ်တော်ကိုဌာပနာထားသော စေတီတော်ကြီးကို ကားလမ်းနံဘေးတွင် ဖူးတွေ့ရသည်။ အလွန်ကြီးမားသော စေတီတော်ကြီးဖြစ်သည်။ နေ့လယ်စာကို ကားပေါ်တွင် ပါလာသော မြန်မာထမင်းဟင်းများဖြင့် လမ်းဘေးရှိ စားသောက်ဆိုင်တွင် ဝင်ရောက်စားသောက်ကြသည်။ နေ့လယ် (၁)နာရီခန့်တွင် ဝေသာလီသို့ရောက်သည်။
ရှေးဦးစွာ ဝေသာလီပြည် မဟာဝုန်တောရှိ ကူဋာဂါရကျောင်းတော်ကြီး တည်ရှိခဲ့သောနေရာသို့ သွားရောက် ဖူးမြော်ကြသည်။ ဘုရားရှင် ပဥ္စမမြောက် ဝါကပ်သီတင်းသုံးတော်မူရာဌာန၌ တည်ထားသော စေတီတော်ကြီးကို ဖူးတွေ့ ရသည်။ အနီးတစ်ဝိုက်၌ ရဟန္တာစေတီများဟု ယူဆရသော အုတ်ခုံအဝိုင်းများလည်း တွေ့ရသည်။ အသောကမင်းကြီး စိုက်ထူခဲ့သော ကျောက်တိုင်များအနက် အကောင်းပကတိတည်ရှိနေသည့် တစ်ခုတည်းသော ကျောက်စာတိုင် လည်းတည်ရှိသည်။ ကျောက်စာတိုင်ထိပ်တွင် ခြင်္သေ့ရုပ်ရှိသည်။ ဝေသာလီပြည်တွင် ကပ်ဆိုက်စဉ်က လိစ္ဆဝီမင်းများက ပင့်လျှောက်ကြ၍ ဘုရားရှင်ကြွရောက်တော်မူပုံ၊ ပေါက္ခရဝဿမိုးကိုရွာစေတော်မူပုံ၊ ရတနသုတ် ပရိတ်တရားတော်ကို ဟောကြားတော်မူပုံတို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာပွားများပြီး “ရတနသုတ်”ကို ရွတ်ဆို ပူဇော်သည်။ ဝေသာလီရှိ ကူဋာဂါရကျောင်းတော်သည် ဘုရားရှင် ပဥ္စမမြောက်ဝါ၌ ဝါဆိုသီတင်းသုံးတော်မူရာ ဌာနဖြစ်သည်။ မိထွေးတော်ဂေါတမီ အမှူးပြုသော သာကီဝင်မင်းသမီး(၅၀၀)တို့ကို ဘိက္ခုနီအဖြစ် ခွင့်ပြုတော်မူရာ ဌာနလည်းဖြစ်၍ ဘိက္ခုနီသာသနာ စတင်ပေါ်ပေါက်ရာဌာနလည်းဖြစ်၏။ အိန္ဒိယထုံးစံအရ ခေတ်အဆက်ဆက် အနှိမ်ခံခဲ့ရသော အမျိုးသမီးများကို အမျိုးသားများနှင့် တန်းတူအခွင့်အရေးပေးကာ ဘိက္ခုနီသံဃာအဖွဲ့အစည်းကို တည်ထောင်တော်မူခဲ့ရာ ဌာနဖြစ် သောကြောင့် အမျိုးသမီးများ မမေ့သင့်သောနေရာဖြစ်သည်။
ကူဋာဂါရကျောင်းဝန်းရှိ စေတီတော်ကြီးကို ဖူးမြော်ကန်တော့ပြီးနောက် ဘုရားရှင်က မိထွေးတော်ဂေါတမီ ထေရီမကြီးအား ထိုကျောင်းတော်တွင် ဟောကြားတော်မူခဲ့သော အင်္ဂုတ္တရနိကာယ်၊ အဋ္ဌကနိပါတ်လာ “သံခိတ္တသုတ်”ကို အမှတ်တရ ရွတ်ဆိုပူဇော်ခဲ့သည်။ စေတီတော်အနီးတစ်ဝိုက်၌ လှည့်လည်ဖူးမြော်ရင်း လိစ္ဆဝီမင်းသား သုနက္ခတ် အကြောင်းကို စဉ်းစားမိသေးသည်။ သုနက္ခတ်ကား ဘုရားရှင်၏ နောက်တော်မှ လိုက်ပါ၍ လုပ်ကျွေးပြုစုခွင့်ရပါလျက် ဘုရားရှင်ထက်ပင် အဝတ်မဝတ်သော ဂျိန်းဘုန်းကြီးကို ပို၍ကြည်ညိုသူဖြစ်သည်။ သုနက္ခတ်သည် ရဟန်းပြု၍ တရားအားထုတ်ရာ ဒိဗ္ဗစက္ခုအဘိညာဉ်(နတ်မျက်စိကဲ့သို့ မြင်နိုင်သောဉာဏ်)ကို ရရှိခဲ့သော်လည်း အတိတ်ဘဝတစ်ခုက ပြုခဲ့မိသည့် အကုသိုလ်ကံကြောင့် ဒိဗ္ဗသောတအဘိညာဉ်ကို မရရှိနိုင်ခဲ့ပေ။ ထိုအဆင်မပြေမှုကို အကြောင်းပြု၍ ဘုရားရှင်အပေါ် အထင်လွဲကာ မကျေမနပ်ဖြစ်ပြီး လူထွက်သွားခဲ့သည်။ လူထွက်သွားပြီးနောက် လူစည်ကားသော နေရာများ၌ လှည့်လည်၍ “ရဟန်းဂေါတမမှာ လောကုတ္တရာတရားထူး ဘာတစ်ခုမျှမရှိ၊ သူဟောတဲ့တရားတွေဟာ စိတ်ကူးထဲမှာ ပေါ်လာတာတွေကို ဟောပြထားတာဖြစ်တယ်”ဟု စွပ်စွဲခဲ့သူဖြစ်၏။ အရှင်သာရိပုတ္တရာက ဆွမ်းခံရင်းကြားသိလာသဖြင့် ဘုရားရှင်ကို လျှောက်ထားသည်။ ဘုရားရှင်က ဂုဏ်တော်ကိုးပါး၊ ရဲရင့်ကြောင်းဖြစ်သော ဝေသာရဇ္ဇဉာဏ်တော်လေးပါး၊ လားရာဂတိငါးမျိုးကို ပိုင်းခြားသိမြင်နိုင်သော ဉာဏ်တော်ငါးပါး၊ ပဋိသန္ဓေလေးမျိုးကို ပိုင်းခြားသိမြင်နိုင်သော ဉာဏ်တော်လေးပါး၊ အဘိညာဉ်ခြောက်ပါး၊ ပရိသတ်ရှစ်ပါး၌ ရဲရင့်ကြောင်းဖြစ်သော ဉာဏ်တော်ရှစ်ပါး၊ ဉာဏ်တော်စွမ်းအား ဆယ်ပါး--- စသည်တို့ကို ထုတ်ဖော်ဟောပြတော်မူပြီး သုနက္ခတ်ကြည်ညိုသော ဂျိန်းဘာသာဝင်တို့၏ အကျင့်များကို အလောင်းတော်ကိုယ်တိုင် အတိတ်ဘဝက အားထုတ်ခဲ့သော်လည်း လောကုတ္တရာ တရားထူးကို မရခဲ့ပုံ၊ ထိုအကျင့်များ ဘာတစ်မျှ အကျိုးမရှိပုံတို့ကို ဝေဖန်ပြတော်မူကာ “အသက်အရွယ်အိုမင်းလွန်း၍ ငါ့ကို ကုတင်ညောင်စောင်းဖြင့် ထမ်း၍ ခေါ်ဆောင်သွားရစေကာမူ ငါ၏သဗ္ဗညုတဉာဏ်တော်သည် ဆုတ်ယုတ်ပျက်ပြားမှု လုံးဝမရှိနိုင်၊ လူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့၏ ကောင်းကျိုးကို သယ်ပိုးရွက်ဆောင်တတ်သော တွေဝေမှုကင်းစင်သည့် ပုဂ္ဂိုလ်တစ်ဦး လောက၌ ပေါ်ပေါက်ခဲ့ဖူးပါသည်ဟု တစ်စုံတစ်ယောက်က ပြောဆိုခဲ့လျှင် ငါ့ကို ရည်ညွှန်း၍ ပြောဆိုမှသာ မှန်ကန်သောပြောဆိုမှုဖြစ်နိုင်ကြောင်း” ရဲရဲတောက်မိန့်ဆိုလျက် “မဟာသီဟနာဒ”သုတ်ကို ဟောပြတော်မူခဲ့သည်။ သာသနာတော်နှင့် ဆုံစည်းခွင့်ရခဲ့ပါသော်လည်း သာသနာတော်၏ တန်ဖိုးကို မသိတတ်သဖြင့် သာသနာနှင့် တွေ့ရကျိုးမနပ်သူ သုနက္ခတ် အပေါ် သံဝေဂယူမိပါ၏။
ဝေသာလီမဟာဝုန်တော ကူဋာဂါရကျောင်းတော်ရာကို ဖူးမြော်ပြီးနောက် လိစ္ဆ္တဝီမင်းများက ဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ထားခဲ့သောနေရာသို့ သွားရောက်ဖူးမြော်ကြသည်။ စေတီအုတ်မြစ်မျှသာ ကြွင်းကျန်တော့ သည့်နေ့ရာကို သွပ်မိုးအဝိုင်းကြီးပြုလုပ်၍ သံဇကာ ကာရံထားသည်။ လိစ္ဆဝီမင်းများက ၎င်းတို့၏ ဝေစုရဓာတ်တော်များ ကို ဌာပနာ၍ စေတီတည်ထားသော နေရာဖြစ်၍ သမိုင်းဝင်ဌာနတစ်ခုဖြစ်သော်လည်း ဖူးမြော်စရာနေရာ သိပ်မရှိ၊ အနီးနားတွင် လိစ္ဆဝီရေကန်နှင့် ဂျပန်စေတီတော်ရှိသည်။ ထိုရေကန်သည် ဗန္ဓုလစစ်သူကြီး၏ဇနီး မလ္လိကာ ချင်ခြင်းဖြစ် သဖြင့် အစောင့်အကြပ်များကြားမှ ရအောင်ဝင်ရောက်၍ သောက်သုံးစေခဲ့သော ရေကန်ဖြစ်သည်ဟု ယူဆထားကြသည်။ အနီးနားတွင် စျေးဆိုင်တန်းများရှိပြီး ပစ္စည်းများမှာလည်း စုံလင်သည်။ အသောကကျောက်စာတိုင် ပန်းပုရုပ်တုများကို ဝေသာလီတွင် စျေးအသက်သာဆုံးဖြင့် ရနိုင်သည်။
အသောကကျောင်းတော်ရာ၊ တတိယသင်္ဂါယနာတင်ရာ သာသနာပြုဗဟိုဌာနချုပ် ပါဋလိပုတ်
ဝေသာလီတွင် လှည့်လည်ဖူးမြော်ပြီးနောက် ဗီဟာပြည်နယ်၏ မြို့တော်ဖြစ်သော ပတ္တနားမြို့(ပါဋလိပုတ်)သို့ ခရီးဆက်ကြသည်။ ပတ္တနားမြို့သို့ အဝင်တွင် ဂင်္ဂါမြစ်ကို ဖြတ်၍ဆောက်လုပ်ထားသော (၇)ကီလိုမီတာရှည်သည့် မဟတ္တမဂန္ဒီတံတားကြီးကို ဖြတ်ကြရသည်။ ဂင်္ဂါမြစ်ကို ဖြတ်ကျော်စဉ် မဟာပရိနိဗ္ဗာနသုတ်ကို အမှတ်ရမိသည်။ ပါဋလိပုတ်မြို့ကား ဘုရားရှင်လက်ထက်တော်အခါက နယ်ခြားမြို့ကလေးမျှသာဖြစ်သည်။ မြို့သစ်တည်ရာ၌ ဘုရားရှင် နှင့် သံဃာတော်များကို စည်းဝေးခန်းမဆောင်၌ တစ်ညတာသီတင်းသုံးစေပြီး တရားနာယူကြသည်။ ဘုရားရှင်က ဤပါဋလိမြို့သည် နောင်တစ်ချိန်တွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုပြုရာ အချက်အချာအကျဆုံး မြို့ကြီးဖြစ်လာလိမ့်မည်။ ဤမြို့၌ မီးဘေး၊ ရေဘေး၊ အချင်းချင်းကွဲပြားသောဘေးတို့ ကြံုရလိမ့်မည်ဟု အရှင်အာနန္ဒာကို ဗျာဒိတ်စကား မိန့်ကြား တော်မူခဲ့သည်။ ဘုရားအမှူးရှိသော သံဃာတော်များကို သုနိဓနှင့် ဝဿကာရ အစရှိသည့် မဂဓအမတ်ကြီးများက ဆွမ်း ကပ်လှူကြသည်။ ဆွမ်းကပ်လှူပြီး ဘုရားရှင်ပြန်ကြွတော်မူသောအခါ ဘုရားရှင်ထွက်တော်မူရာတံခါးကို ဂေါတမတံခါးဟု အမည်တွင်စေမည်။ ဘုရားရှင်တစ်ဘက်ကမ်းသို့ ကူးတော်မူရာ ဆိပ်ကမ်းကို ဂေါတမဆိပ်ကမ်းဟု အမည်တွင်စေမည်ဟု ရည်ရွယ်၍ ဘုရားရှင်နောက်တော်မှ အမတ်ကြီးများ လိုက်ပါလာကြသည်။ ဘုရားရှင်က လှေဖောင်ဖြင့် ကူးတော်မမူဘဲ ရဟန်းသံဃာများကိုပါ တန်ခိုးတော်ဖြင့် ခေါ်ဆောင်တော်မူသည်။ လှေဖောင်ဖွဲ့နေသူများကို ဘုရားရှင်မြင်တော်မူ၍ “ယေ တရန္တိ အဏ္ဏဝံ သရံ” အစရှိသော ဂါထာဖြင့် ဥဒါန်းကျူးရင့်တော်မူသည်။ မြတ်စွာဘုရား ကြွသွားတော်မူရာနေရာကို “ဂေါတမဆိပ်ကမ်း”ဟု အမည်ပေးထားခဲ့ရာ ယခုထိ အမည်တွင်နေဆဲ ဖြစ်သည်။ ပါဋလိပုတ်မြို့သည် ဘုရားရှင်၏ ဗျာဒိတ်တော်အတိုင်း အသောကခေတ်တွင် မင်းနေပြည်တော်ကြီး ဖြစ်လာခဲ့သည်။
မိမိတို့အဖွဲ့ ပတ္တနားမြို့တွင်းသို့ ဝင်ရောက်လာပြီးနောက် အသောကမင်းကြီး ဆောက်လုပ်လှူဒါန်းခဲ့သော အသောကာရုံကျောင်းတော်ရာကို ကားပေါ်မှပင် ကြည့်ရှုလေ့လာကြသည်။ အများအပန်းဖြေရာ ဥယျာဉ်မျှသာ ကျန်ရစ်ပြီး အပိုင်းပိုင်း ကျိုးပဲ့နေသော အသောကမင်းကြီး၏ ကျောက်စာတိုင်ကို အမိုးအကာအောက်တွင် ထိန်းသိမ်းထားသည်။ အသောကမင်းကြီးလက်ထက်က ဤနေရာသည် တတိယသင်္ဂါယနာတင်ရာ နေရာဌာနဖြစ်ခဲ့ပြီး သာသနာတော်အတွက် အလွန်အရေးပါသော နေရာတစ်ခုဖြစ်ခဲ့သည်။ အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးပြုသည့် ထောင်ပေါင်း များစွာသော ရဟန္တာကြီးများ သီတင်းသုံးတော်မူရာဌာနဖြစ်ခဲ့ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာပြုအဖွဲ့များ စေလွှတ်၍ ဗုဒ္ဓသာသနာကို ဖြန့်ချီရာ ဗဟိုဌာနချုပ်ကြီးဖြစ်ခဲ့၏။ ဗုဒ္ဓသာသနာတော်ကို အိန္ဒိယနိုင်ငံ၏ ပြင်ပသို့ ဖြန့်ချီနိုင်ခဲ့ပြီး ကမ္ဘာ့ဘာသာကြီးများစာရင်းဝင် ဘာသာတစ်ခုအဖြစ်သို့ ရောက်ရှိအောင်စွမ်းဆောင်နိုင်ခဲ့သည်။ ယနေ့မြင်တွေ့ နေရသော မြန်မာ့သာသနာသည်ပင် အသောကာရုံကျောင်းတော်ကြီး၏ ကျေးဇူးကြောင့်ပင်ဖြစ်သည်။ သာသနာတော် အတွက် ဤမျှကျေးဇူးများသော နေရာဌာနသည်ပင်လျှင် ယနေ့အချိန်၌ ဥယျာဉ်တစ်ခုမျှသာ ကြွင်းကျန်တော့သည်ကို သံဝေဂ ယူမိပါတော့သည်။
အသောကာရုံကျောင်းတော်ကြီးကို ကြည့်ရှုလေ့လာပြီးနောက် ဆက်လက်ထွက်ခွာလာရာ မကြာမီ မြန်မာ ကျောင်းသို့ ရောက်ရှိသည်။ လူနေရပ်ကွက်အလယ်တွင် တည်ရှိပြီး စီးပွားနှင့်ကူးသန်းဝန်ကြီးဌာနက ဦးစီး၍တည် ဆောက်ထားသော ကျောင်းဆောင်ကြီးနှင့် သိမ်တော်ကြီးတည်ရှိသည်။ ကျောင်ဆောင်ကြီး၌ ဓာတ်လှေကားရှိသဖြင့် ဆင်းရတက်ရ အဆင်ပြေသည်။ အခြားဘုရားဖူးအဖွဲ့များနှင့် မဆုံသဖြင့် မိမိတို့တစ်ဖွဲ့တည်း အေးအေးဆေးဆေး တည်းခိုကြရသည်။ ကျောင်းရှေ့အနီးနားတွင် မီးရထားဘူတာရုံရှိသည်။ အိန္ဒိယတွင် ခရီးသည်များက မီးရထားကိုသာ အဓိကထား၍ သွားလာကြကြောင်း သိရသည်။ ခရီးသည်များ အလွန်များပြီး မီးရထားကလည်း မိနစ်ပိုင်းမျှသာ ကွာခြား၍ တစ်စင်းပြီးတစ်စင်း ဆိုက်ရောက်လာကြသည်။ ခရီးသည်များ အပြေးအလွှားဖြင့် အဆင်းအတက် ပြုလုပ်နေကြ သည်မှာလည်း ကျွက်ကျွက်ညံနေတော့သည်။
ပတ္တနားမြို့တွင် တစ်ညတာတည်းခိုခိုက် အသောကခေတ် ဗုဒ္ဓသာသနာတော်ကို မှန်းမျှော်ကြည့်မိသည်။ ရာဇဝင်သမိုင်းဆရာများက အသောကမင်းကြီးကို ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော ဧကရာဇ်မင်းများအနက် အထွန်းတောက်ဆုံးသော ကြယ်ပွင့်ကြီးအဖြစ် ချီးကျူးခဲ့ကြသည်။ အိန္ဒိယနိုင်ငံသမိုင်း၌ အသောကမင်းကြီး အုပ်ချုပ်သော ခေတ်သည် အေးချမ်းသာယာသောခေတ်ဖြစ်ခဲ့ကြောင်း သမိုင်းဆရာများ အသိအမှတ်ပြုကြသည်။ ဗုဒ္ဓဘာသာကို ကိုးကွယ်သူဖြစ်သော်လည်း အခြားဘာသာတရားများကို နှိမ့်ချခြင်း၊ ကဲ့ရဲ့ရှုတ်ချခြင်းမပြုဘဲ လေးစားခဲ့သည်။ သဘော ထားကြီးခဲ့သည်။ စေတီပုထိုး၊ ကျောင်း၊ ရေတွင်းရေကန်များ များပြားစွာတည်ထားခဲ့ပြီး အရိယာပုဂ္ဂိုလ်များလည်း ကုဋေနှင့်ချီ၍ များပြားခဲ့သည်။ ဗုဒ္ဓသာသနာတော်၏ ရွှေခေတ်ဖြစ်ခဲ့သည်။ သာသနာတော်ကို နေရာအနှံ့ပြန့်ပွားအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုမျှလောက် ထွန်းကားပြန့်ပွားခဲ့သော သာသနာတော်၏ အခြေအနေများကို ယနေ့ခေတ် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ယုံနိုင်ဖွယ်ရာပင်မရှိပေ။
သာသနာတော်၏ ဆန့်ကျင်ဘက်အန္တရာယ်များကို လျှော့မတွက်သင့်။ ၎င်းတို့ဘက်မှ အကွက်ကို အမြဲချောင်း နေကြသည်။ အခွင့်သာသည်နှင့်တစ်ပြိုင်နက် အနုနည်း၊ အကြမ်းနည်းတို့ဖြင့် နညး်မျိုးစုံသုံးကာ ဗုဒ္ဓသာသနာတော် ကွယ်ပျောက်အောင် ပြုလုပ်ခဲ့ကြသည်။ ဗုဒ္ဓသာသနာတော် ကွယ်ပျောက်သွားခဲ့သော နေရာများ၌ ပြန်လည်ဝင်ရောက် နေရာယူရန် မည်မျှခဲယဉ်းကြောင်းကို ယနေ့ခေတ် အိန္ဒိယနိုင်ငံ၌ သာသနာပြုနေသော ဆရာတော်များ အသိဆုံးပင် ဖြစ်သည်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်၌ ဘာသာခြားများကို နှိပ်ကွပ်မှု လုံးဝမရှိကြောင်း ရာဇဝင် သမိုင်းဆရာများ အသိအမှတ်ပြုထားကြသည်။ ဗုဒ္ဓသာသနာတော်ဘက်က သဘောထားကြီးခဲ့သလောက် ၎င်းတို့ဘက်မှ ဘယ်သောအခါမျှ သက်ညှာမှုမရှိခဲ့ကြ။ အပြုတ်နှံခဲ့ကြသည်သာဖြစ်၏။ ဤအချက်ကိုလည်း အလေးအနက်ထား စဉ်းစားသင့်ပါသည်။ အိန္ဒိယသာသနာ့သမိုင်းကို သင်ခန်းစာယူ၍ မြန်မာ့သာသနာအတွက် အမြဲမပြတ် သတိချပ်ကာ ဆရာ၊ဒကာ စည်းလုံးညီညွတ်စွာ ကြိုးပမ်းကြရမည့် အချိန်အခါ ဖြစ်ပါသည်။ သာသနာတော် အရှည်တည်ရေးကား အာဏာစက်ဖြင့် သာသနာတော်ကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်သော မင်းအစိုးရ၊ သာသနာ့ဝန်ထမ်း ရဟန်းသံဃာနှင့် ချီးမြှောက်ထောက်ပံ့သူ ဒါယကာ၊ ဒါယိကာမတို့အပေါ်၌ မူတည်၏။ ထိုသုံးဦးသုံးဘက်လုံး သာသနာတော်အတွက် လက်တွဲကာ တာဝန်ကျေကျေ ကြိုးပမ်းနိုင်ကြပါစေကြောင်း ဆုတောင်းမိပါ၏။
နာလန္ဒာတက္ကသိုလ်၊ ရာဇဂြိုဟ်နှင့် သမိုင်းကပေးသော သင်္ခန်းစာများ
(23.3.2014) နံနက်စာ စားပြီးနောက် ပတ္တနားမြို့မှ (၆၂)မိုင်ဝေးသော ရာဇဂြိုဟ်မြို့သို့ ခရီးဆက်ကြသည်။ ပတ္တနားမြို့အထွက်တွင် အသောကမင်းကြီး နန်းတက်စဉ်က ကိုးကျိပ်ကိုးယောက်သော ညီတော်နောင်တော်များကို လုပ်ကြံသတ်ဖြတ်သောနေရာရှိ ရေတွင်းကြီးကိုလည်း တွေ့ခဲ့ရသည်။ ဟိန္ဒူဘုရားကျောင်းဝင်းအတွင်း၌ တည်ရှိပြီး ရေတွင်းကို အဖုံးဖြင့် ဖုံးအုပ်ထားသည်။ “ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ မင်းချမ်းသာကား၊ သမုဒ္ဒရာရေမျက်နှာထက် ခဏတက်သည့်၊ ရေပွက်ပမာ တသက်လျာတည့်” ဟူသော သံဝေဂ လင်္ကာကို သတိရမိသည်။ တဒင်္ဂတခဏတာဖြစ်သော ထီးနန်းစည်းစိမ်ခံစားရရေးအတွက် ဖတူမိကွဲဖြစ်သော ညီတော် နောင်တော်များကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သော အသောကမင်းကြီး ငယ်ရွယ်နုပျိုစဉ်အခါက ဖြစ်ရပ်များကို သံဝေဂ ပွားများမိပါတော့သည်။ အသောကမင်းကြီးသည် နိဂြောဓသာမဏေငယ်အား ဖူးတွေ့ရပြီးနောက် မြတ်ဗုဒ္ဓ၏ အဆုံးအမ များကြောင့် စိတ်ထားကောင်းမွန်မြင့်မြတ်သော မင်းကောင်းမင်းမြတ်ဖြစ်လာခဲ့ပေသည်။
ရာဇဂြိုဟ်သို့ မရောက်မီ နာလန္ဒာတက္ကသိုလ်သစ်၌ ပညာသင်ကြားနေကြသော မြန်မာရဟန်းတော်များထံသို့ ဝင်ရောက်လှူဒါန်းကြသည်။ မြန်မာစာသင်သားရဟန်းတော် (၁၅၀)ကျော်ရှိသည်ဟု သိရ၏။ အိန္ဒိယတွင် မြန်မာပြည် မှာကဲ့သို့ ဆွမ်းခံ၍မရ။ စားရေးသောက်ရေးအတွက် ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ကြိုးစားကြရသည်။ သာသနာတော် အရှည်တည်ရေးအတွက် ဤကဲ့သို့သောနေရာမျိုး၌ အဓိကထား၍ လှူဒါန်းသင့်သည်။ နာလန္ဒာတက္ကသိုလ်သစ်သို့ ဝင်ရောက်လှူဒါန်းကြပြီးနောက် နာလန္ဒာတက္ကသိုလ်ဟောင်းသို့ ခရီးဆက်ကြသည်။ ကမ္ဘာ့သမိုင်း၌ အလွန်ရှေးကျပြီး ခမ်းနားကြီးကျယ်လှသော ဗုဒ္ဓတက္ကသိုလ်ကြီးဖြစ်ခဲ့သည်။ စာသင်သားသံဃာ တစ်သောင်းခန့်နှင့် ဆရာနှစ်ထောင်ခန့် ရှိခဲ့သည်။ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မဟုတ်သော်လည်း ဗုဒ္ဓယဉ်ကျေးမှုသမိုင်းအတွက် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ နာလန္ဒာတက္ကသိုလ်ဟောင်း၌ ဖူးမြော်စရာ အရှင်သာရိပုတ္တရာစေတီရှိသည်။ အရှင်သာရိပုတ္တရာသည် မယ်တော်ကို ကျေးဇူးဆပ်ရန်အတွက် ဖွားမြင်ခဲ့ရာ တိုက်ခန်းအတွင်းသို့ကြွ၍ ပရိနိဗ္ဗာန်ပြုတော်မူခဲ့သည်။ ထိုနေရာ၌ အသောက မင်းကြီးက အလွန်ကြီးကျယ်သော စေတီတော်ကို တည်ထားခဲ့သည်။ (AD-12) ရာစုတွင် ဘာသာခြားများ၏ လက်ချက်ကြောင့် နာလန္ဒာတက္ကသိုလ်ကြီးနှင့်အတူ ရဟန်းတော်ပေါင်း တစ်သောင်းနှစ်ထောင်ခန့် မီးလောင်ပျက်စီးခဲ့ရ သည်မှာ ဝမ်းနည်းဖွယ်ရာပင်။ ကြီးကျယ်လှသော တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုရန် အချိန်များစွာပေးရ လိမ့်မည်ဖြစ်သောကြောင့် အဓိကနေရာများကိုသာ ကြည့်ရှုဖူးမြော်ပြီး ခရီးဆက်ကြသည်။
နာလန္ဒာနှင့် ရာဇဂြိုဟ်အကွာအဝေးမှာ (၈)မိုင်မျှသာ ရှိသည်။ တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့သို့ နေ့လယ်စာ မစားမီ ရောက်ရှိကြသည်။ မြန်မာဘုန်းတော်ကြီးကျောင်းသည် တောင်ငါးလုံး၏ အပြင်ဘက်၌ရှိပြီး အဇာတသတ်မင်း၏ မြို့သစ်နှင့် ကပ်လျှက်တည်ရှိသည်။ မြန်မာကျောင်းတော်ကို အင်္ဂလိပ်ခေတ်ကတည်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျောင်းဆောင်သစ်များ တို့ချဲ့ဆောက်လုပ်ထားသည်။ ရာဇဂြိုဟ်မြန်မာကျောင်းတွင် နေ့လယ်စာစား ပြီးနောက် ခေတ္တ အနားယူကြသည်။ မွန်းလွဲ(၂)နာရီတွင် မြန်မာကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်၍ လှည့်လည် ဖူးမြော်ကြသည်။ ရှေးဦးစွာ ဗိမ္ဗိသာရမင်းကြီး၏ကောင်းမှုဖြစ်သော ဝေဠုဝန်ကျောင်းတော်သို့ သွားရောက်ကြသည်။ ကျောင်းတော် တည်ရှိရာ ဥယျာဉ်ကို ယခင်ကထက်ပို၍ ထိန်းသိမ်းစောင့်ရှောက်မှု အားကောင်းလာသည်။ ပြည်တွင်းပြည်ပ ဘုရားဖူး အဖွဲ့ များဖြင့်လည်း ယခင်ကထက်ပို၍ စည်ကားနေသည်။ ခေမာမိဖုရားကို ချေချွတ်ရာအထိမ်းအမှတ်အဖြစ် ကျောင်းဆောင်တစ်ခု ဆောက်လုပ်ထားသည်။ ရှဉ့်နက်တို့ကို အစားကျွေး၍ ဘေးမဲ့ပေးရာ ကလန္ဒကရေကန်လည်း ရှိသည်။ အဂ္ဂသာဝကကြီးနှစ်ပါး အပါအဝင် ရဟန္တာ(၁၂၅၀)ပါးတို့ကို သြဝါဒပါတိမောက်တရားတော် ဟောကြားတော် မူသောနေရာ၌ ရုပ်ပွားတော်တစ်ဆူ တည်ထားသည်။ ထိုနေရာ၌ သြဝါဒပါတိမောက်ဂါထာများ စုပေါင်းရွတ်ဆို ပူဇော်ကြသည်။ အရှင်မောဂ္ဂလန်စေတီနေရာ၌ ဘာသာခြားများက သချႍုင်းအုတ်ဂူလာရောက် ပြုလုပ်ထားသည်မှာ စိတ်မကောင်းစရာပင်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားသော နေရာတိုင်းလိုလို ဘာသာခြားများက ဝင်ရောက် နှောက်ယှက်ဖျက်ဆီး နေရာယူထားတတ်ကြသည်။
၂၀၁၂ ခုနှစ် ဘုရားဖူးလာစဉ်က တွေ့ခဲ့ရသည့် ဝါးပင်များမှာ အသီးသီးကာ သေသွားသဖြင့် ထိုင်းနိုင်ငံမှ ဝါးပင်(၇၀၀) ထပ်မံစိုက်ပျိုးထားသည်။ ဘုရားရှင် လက်ထက်တော်အခါက ဝေဠုဝန(ဝါးတောကျောင်း)၌ ဝါးပင်များစွာ ရှိခဲ့မည်ဖြစ်သော်လည်း ယနေ့ခေတ်တွင် ဝါးပင်များထက် အခြားအပင်ကြီးများသာ အုပ်အုပ်ဆိုင်းဆိုင်း ရှိနေကြသည်။ ဤကျောင်းတော်၌ ဖြစ်ရပ်များ စုံလင်လှသည်။ အလောင်းတော်ဘဝက ဗိမ္ဗိသာရမင်းကြီးကို ပေးထားတော်မူခဲ့သော ကတိအတိုင်း ဘုရားဖြစ်ပြီးနောက် ရဟန္တာအပါး တစ်ထောင်ခြံရံလျက် ရာဇဂြိုဟ်မြို့သို့ အဦးဆုံးကြွတော်မူခဲ့သည်။ ဗိမ္ဗိ်သာရမင်းနှင့် နောက်ပါအခြံအရံ တစ်သိန်းတစ်သောင်းတို့ သောတာပန်တည်ပြီးနောက် ဝေဠုဝန်ကျောင်းတော်ကို ရေစက်ချလှူဒါန်းသည်။ ဝေဠုဝန်ကျောင်းတော်ကြီးသည် သာသနာတော်အတွက် အရေးပါလှသော နေရာဌာနဖြစ်လာ ခဲ့သည်။ အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မောဂ္ဂလာန်အလောင်း ကောလိတ ပရဗိုဇ်တို့လည်း အခြံအရံ (၂၅၀)နှင့်အတူ သာသနာတော်သို့ ဝင်ရောက်လာကြပြီး အဂ္ဂသာဝကကြီးများအဖြစ် ချီးမြှင့်ခြင်းခံရသည်။ တပို့တွဲ လပြည့်နေ့၌ (၁၂၅၀)သောရဟန္တာများအား သြဝါဒပါတိမောက်တရား ဟောကြားတော်မူခဲ့သည်။ ရာဇဂြိုဟ်မြို့မှ ထင်ရှားသော အမျိုးကောင်းသားများလည်း သာသနာတော်သို့ ဝင်ရောက်လာကြသည်။ ရဟန်းပြုလာသူတို့ များပြားလှ သဖြင့် သာသနာတော်ကို မကြည်ညိုသူတို့က “ရဟန်းဂေါတမဟာ မျိုးဆက်ပြတ်အောင် ပြုလုပ်နေတယ်။ မုဆိုးမဖြစ်အောင် ပြုလုပ်နေတယ်” ဟုပင် စောင်းမြောင်းပြောဆိုခဲ့ကြသည်။ အလှမာန်ယစ်နေသူ ခေမာမိဖုရားပင်လျှင် ဘုရားရှင်၏ တရားတော်ကို နာယူရပြီးနောက် ဘိက္ခုနီပြုကာ ပညာအရာ၌ ဧတဒဂ်ရသော အဂ္ဂသာဝိကာအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရာဇဂြိုဟ်၌ ဘုရားရှင်သည် (၅)ဝါသီတင်းသုံး၍ ဝါဆိုဝါကပ်တော်မူခဲ့ပြီး သာဝတ္ထိပြီးလျှင် သာသနာတော် အတွက် အလွန်အရေးပါသော နေရာဌာနဖြစ်ခဲ့သည်။ သာသနာတော်၌ ထင်ရှားသောဖြစ်ရပ် မြောက်မြားစွာတို့သည် ဤကျောင်းတော်၌ ဖြစ်ပေါ်ခဲ့ကြသည်။ ဝမ်းသာကြည်နူးဖွယ်ရာကောင်းသော ဖြစ်ရပ်များလည်းဖြစ်ခဲ့ကြသလို ဘုရားရှင် အပေါ် အကြိမ်ကြိမ်လုပ်ကြံမှု၊ သံဃာသင်းခွဲမှု စသော စိတ်နှလုံးတုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များလည်း ဖြစ်ခဲ့ကြသည်။ ယင်းဖြစ်ရပ်များကလည်း ဘုရားရှင်၏ တုန်လှုပ်မှုကင်းစင်သော တာဒိဂုဏ်ကို ပို၍ပေါ်လွင်ထင်ရှားစေခဲ့သည်။
ဝေဠုဝန်ကျောင်းတော်ကို ဖူးမြော်ပြီးနောက် တောင်ငါးလုံးကာခို ရာဇဂြိုဟ်မြို့အတွင်းသို့ ဝင်ရောက်လာခဲ့ရာ လမ်းဘေးတွင် နာဠာဂီရိဆင်ကို အောင်တော်မူရာဌာနကို ဖူးတွေ့ရသည်။ ကျောက်တုံးများကို ထုံးသုတ်၍ အထိမ်းအမှတ်မျှသာ ပြုလုပ်ထားသည်။ ဤနေရာသည် ဘုရားရှင်ရာဇဂြိုဟ်မြို့တွင်းသို့ နေ့စဉ်ဆွမ်းခံကြွတော်မူရာ မင်းလမ်းမကြီး ဖြစ်ပေလိမ့်မည်။ ဘုရားရှင်လက်ထက်တော်က လူနေအိမ်ခြေများစည်ကားပြီး လူဦးရေများပြားလှသော နေရာ၌ ယခုအခါ ဘာအဆောက်အဦးမျှမရှိတော့ဘဲ သစ်ပင်ချံုနွယ်များသာ ကျန်ရစ်တော့သည်။
ဗိမ္ဗိသာရမင်းကြီး၏ ရွှေဘဏ္ဍာတိုက်သည် ဝေဘာရတောင်ခြေ၌ရှိ၏။ ကျောက်တောင်ကိုထွင်း၍ ရွှေဘဏ္ဍာများ ထည့်သွင်းနိုင်အောင်ပြုလုပ်ထားသည်။ အတွင်း၌ အလင်းရောင်ကောင်းစွာမရဘဲ မှောင်မဲနေသည်။ ရှေးခေတ် အင်အား ကြီးနိုင်ငံတစ်ခု၏ ချမ်းသာကြွယ်ဝမှုကို သက်သေခံနေသော ပြယုဂ်တစ်ခုပင်ဖြစ်သည်။ အချို့က ဤနေရာသည် ပထမသင်္ဂါယနာတင်ရာ နေရာဖြစ်သည်ဟုလည်း အဆိုရှိသည်။ ဗိမ္ဗိသာရမင်း၏ ရွှေဘဏ္ဍာတိုက်ကို လေ့လာပြီးနောက် ဘုရားရှင်၏ ဓာတ်တော်များကို အရှင်မဟာကဿပ၏ ညွှန်ကြားချက်အရ အဇာတသတ်မင်းက လျှို့ဝှက်စွာ မြှုပ်နှံခဲ့သော မဏိယာမတ်သို့ သွားရောက်လေ့လာကြသည်။ စာပေအရ မြေအောက်သို့ အတောင်(၈၀)ခန့် တူးပြီး ဓားစက်လှံစက် များဆင်၍ ခမ်းနားကြီးကျယ်စွာ မြှုပ်နှံခဲ့ပြီး အသောကမင်းကြီးလက်ထက်တွင် ပြန်လည်တူးဖော်ကာ ဓာတ်တော်များကို စေတီပေါင်း ရှစ်သောင်းလေးထောင် တည်ထားခဲ့သည်။ ယခုခေတ်မြင်တွေ့ရသော မြေပြင်ပေါ်ရှိ အဆောက်အအုံမှာ ခမ်းနားထည်ဝါမှုမရှိတော့ပေ။ ယခင်ကဓာတ်တော်များ ကိန်းဝပ်ခဲ့သည်ကို အာရုံပြုကာ စုပေါင်းရွတ်ဆို ပူဇော်ခဲ့ကြသည်။
ထို့နောက် ဗိမ္ဗသာရအကျဉ်းထောင်သို့ သွားရောက်လေ့လာကြသည်။ ဘုရားရှင်သီတင်းသုံးတော်မူရာ ဂိဇ္စျကုဋ် တောင်ထိပ်သို့ လှမ်းမြင်နေရသောနေရာ၌ ထားပေးပါရန် တောင်းဆိုချက်အရ ဤနေရာ၌ ထားပေးရခြင်းဖြစ်သည်။. တောင်ထိပ်ပေါ်၌ သီတင်းသုံးတော်မူနေသော ဘုရားရှင်ကို လှမ်းမြော်အာရုံပြုရင်း မင်းကြီး၏စိတ်အစဉ်၌ အတိတ်က ဖြစ်ရပ်များသို့ အာရုံရောက်နေမည်မှာ အမှန်ပင်။ အလောင်းတော်ရာဇဂြိုဟ်မြို့သို့ ပထမဆုံးအကြိမ် ဆွမ်းခံဝင်လာစဉ် ကပင် ကြည်ညိုသဒ္ဓါစိတ်ဖြင့် ထီးနန်းစည်းစိမ်တစ်ဝက်ခွဲပေးခဲ့သည်။ အလောင်းတော်က လက်မခံဘဲ တရားရှာသွားမည် ပြောသောအခါ ဘုရားဖြစ်ပြီးပါက ရာဇဂြိုဟ်သို့ အဦးဆုံးကြွပါရန် လျှောက်ထားခဲ့သည်။ ဘုရားမဖြစ်မီ အလောင်းတော် ဘဝကပင် ကြည်ညိုလေးစားမှု ရှိခဲ့သည်။ ယခုမူထီးနန်းစည်းစိမ်ကို အကြောင်းပြု၍ အချုပ်အနှောင်ခံရသောအခါမှ ထီးနန်းစည်းစိမ်၏ အပြစ်အနာအဆာများကိုလည်း ကောင်းစွာမြင်တွေ့ခွင့်ရသလို ထိုထီးနန်းစည်းစိမ်ကို မမက်မောဘဲ ငယ်စဉ်ကပင် တောထွက်တော်မူခဲ့သော ဘုရားရှင်အပေါ်၌လည်း ပို၍ကြည်ညိုသဒ္ဓါတိုးလာမည်မှာ အမှန်ပင်။ ဘဝနိဂုံး ချုပ်ချိန်အထိ ဗုဒ္ဓါနုဿတိပွားကာ ဘုရားရှင်အပေါ်၌ ကြည်ညိုလေးစားခဲ့သော ဗိမ္ဗိသာရမင်းကြီး၏ သဒ္ဓါတရားကလည်း လေးစားစရာကောင်းသလို နန်းကျဘုရင်အပေါ်၌ သစ္စာရှိရှိဖြင့် အစာအာဟာရများကို နည်မျိုးစုံဖြင့် သယ်ယူကျွေးမွေး ခဲ့သော ဝေဒေဟီမိဖုရားကြီး၏ စိတ်ဓာတ်ကလည်း ချီးကျူးစရာ။ သူတော်ကောင်းဖြစ်သော ဖခင်ဘုရင်မင်းမြတ်ကို လုပ်ကြံရက်သော အဇာတသတ်မင်း၏ အာဏာရယူလိုစိတ်ကလည်း သံဝေဂယူဖွယ်ရာပင်။ ဗိမ္ဗိသာရအကျဉ်းထောင်၌ လှည့်လည်ကြည့်ရှုခိုက် အလောင်းတော်တောထွက်လာပြီးနောက် ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံဝင်ပုံ၊ ဗိမ္ဗိသာရမင်းနှင့် တွေ့ဆုံပုံတို့ကို ဟောကြားရာဖြစ်သော သုတ္တနိပါတ်ပါဠိတော်၌လာသော “ပဗ္ဗဇ္ဇါသုတ်” ကို အမှတ်တရ ရွတ်ဆိုခဲ့ပါသည်။
ဗိမ္ဗိသာရအကျဉ်းထောင်ကို လေ့လာပြီးနောက် ဂိဇ္စျကုဋ်တောင်ခြေရှိ ဆရာဇီဝကလှူဒါန်းခဲ့သော သရက်ဥယျာဉ် ကျောင်းတော်ရာသို့ သွားရောက်ဖူးမြော်ကြသည်။ ဖခင်ကို လုပ်ကြံခဲ့သော အဇာတသတ်မင်းသည် နောင်တစိတ်ဖြင့် ပူလောင်နေသဖြင့် တန်ဆောင်မုန်းလပြည့်ည ညီလာခံကျင်းပခိုက် မည်သည့်ပုဂ္ဂိုလ်ကို သွားရောက်ဖူးမြော်ရပါမည်လဲဟု အမတ်များကို မေးမြန်းခဲ့သည်။ ဆေးဆရာကြီးဇီဝက၏ လမ်းညွှန်ချက်အရ ဆင်အစီးပေါင်း (၅၀၀)ဖြင့် ဘုရားရှင်ထံ သွားရောက်ဖူးမြော်သည်။ ဘုရားရှင်က တန်ဆောင်းဝန်း၏ အလယ်တိုင်ကိုမှီ၍ အရှေ့ဘက်သို့ မျက်နှာမူကာ ရဟန်း သံဃာအပေါင်းခြံရံကာ ထိုင်နေသည်။ ရဟန်းသံဃာ(၁၂၅၀)ထိုင်နေပါလျက် ဘာသံမှမကြားရဘဲ တိတ်ဆိတ်ငြိမ်သက် နေပုံကို အဇာတသတ်မင်း မြင်ရသောအခါ သဒ္ဓါတရားများဖြစ်ပေါ်လာပြီး ဝမ်းမြောက်ဝမ်းသာဥဒါန်းများ ကျူးရင့်သည်။ ဘုရားရှင်ထံ ရဟန်းပြုရခြင်း၏အကျိုးကို မေးမြန်းလျှောက်ထားသဖြင့် “သာမညဖလသုတ်” ကို ဟောကြားတော်မူသည်။ သာမညဖလသုတ်ကို နာကြားရပြီးနောက် သာသနာတော်ကို လှိုက်လှိုက်လှဲလှဲကြည်ညိုလာခဲ့ပြီး ဘုရားရှင် ပရိနိဗ္ဗာန် စံပြီးသောအခါ ပထမသင်္ဂါယနာတင်ပွဲ အထမြောက်အောင် စီစဉ်ပေးနိုင်သော သာသနာ့ဒါယကာတစ်ဦး ဖြစ်လာခဲ့သည်။ နောင်အချိန်၌ “ဝိဇိတာဝီ” အမည်ရှိ ပစ္စေကဗုဒ္ဓါ ဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးခြင်းခံရသည်။ “ကုန်ရှုံးလျှင် တစ်ခေါက်၊ လင်ကုန်ရှုှုံးလျှင် တစ်သက်လုံးမှောက်၊ ဆရာကုန်ရှုံးလျှင် တစ်သံသရာလုံးမှောက်” ဟူသောစကားအရ ပါပမိတ္တ ဖြစ်သော ဒေဝဒတ်ကို ဆရာတင်မှားသဖြင့် ပဥ္စာနန္တရိယကံ ထိုက်ခဲ့ရသော်လည်း ကလျာဏမိတ္တဖြစ်သော ဆရာဇီဝက၏ လမ်းညွှန်ချက်ဖြင့် သာသနာ့ဒါယကာအဖြစ်သို့ ရောက်ရှိကာ အပြစ်များစွာပေါ့ပါးသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ကလျာဏမိတ္တ၏ ကျေးဇူးကလည်း ကြီးမားသလို သာသနာတော်၏ကျေးဇူးကလည်း အတိုင်းမသိပါပေ။ သရက်ဥယျာဉ် ကျောင်းတော်ကို ဖူးမြော်၍ “ဣဓမဟာရာဇ တထာဂတော လောကေ ဥပ္ပဇ္ဇတိ အရဟံ သမ္မာသမ္ဗုဒ္ဓေါ” အစရှိသော သာမညဖလသုတ်မှ ပါဠိများ ရွတ်ဆိုပူဇော်ခဲ့ပါသည်။
ဇီဝကသရက်ဥယျာဉ်ကျောင်းတော်ရာကို ဖူးမြော်ကြပြီးနောက် ရတနာဂီရိတောင်သို့ သွားကြသည်။ ညနေ (၄)နာရီ ကျော်နေပြီဖြစ်သော်လည်း တောင်ပေါ်သို့ တက်ကြမည့်သူများဖြင့် စည်ကားနေသည်။ စက်တပ်ကုလားထိုင်ဖြင့် တက်ကြရသည်။ အသက်အရွယ်ကြီးသူ၊ မကျန်းမာသူများ၊ တောင်အောက်တွင် နေခဲ့ကြသည်။ တောင်ပေါ်သို့ရောက်ရန် (၁၀)မိနစ်ခန့် တက်ရသည်။ တောင်ပေါ်၌ ဂျပန်နိုင်ငံမှ လာရောက်တည်ထားသော ကမ္ဘာ့ငြိမ်းချမ်းရေးစေတီတော် ရှိသည်။ မြန်မာကျောင်းဆရာတော်က ရာဇဂြိုဟ်မြို့ သမိုင်းကြောင်းနှင့် ဗုဒ္ဓသာသနာတော်သမိုင်းကို စိတ်ရှည်ရှည်ဖြင့် ရှင်းလင်းပြသည်။ ရတနာဂီရိတောင်ထိပ်မှကြည့်လျှင် ရာဇဂြိုဟ်မြို့ကို အပေါ်စီးမှမြင်တွေ့ရသည်။ ဘုရားရှင်လက်ထက် တော်က မဂဓတိုင်း၏မြို့တော် ရာဇဂြိုဟ်သည် ယနေ့အချိန်၌ လူနေအိမ်ခြေများ လုံးဝမရှိတော့ဘဲ သင်္ခါရသဘာဝကို ပြသလျက်ရှိနေပေတော့သည်။ သီလက္ခန်အဋ္ဌကထာ၌ ရာဇဂြိုဟ်မြို့သည် ဘုရားရှင်နှင့်စကြဝတေးမင်းသို့ခေတ်၌သာ မင်းနေပြည်တော်ဖြစ်ပြီး ကျန်အချိန်များ၌ နတ်ဘီလူးတို့ သိမ်းပိုက်အပ်သော နေရာဖြစ်သည်ဟု မိန့်ဆိုထား၏။
ရတနာဂီရိတောင်ထိပ်မှ ပြန်အဆင်းတွင် စက်တပ်ကုလားထိုင်ဖြင့် ပြန်ဆင်းသူလည်းရှိသလို အချို့က ခြေလျင် ပြန်ဆင်းပြီး ဂိဇ္စျကုဋ်တောင်ထိပ်ရှိ ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ကျောင်းတော်ရာသို့ သွားရောက်ဖူးမြော် ကြသည်။ ရတနာဂီရိတောင်မှ ခြေလျင်ဖြင့် ဆင်းဆင်းချင်း လှေကားထစ်မှ အရှေ့ဘက်သို့ လှမ်းကြည့်လျင် အခြားတောင်ပေါ် တစ်နေရာ၌ စေတီပျက်တစ်ဆူကို မြင်တွေ့ရသည်။ မိမိက မြန်မာကျောင်းဆရာတော်ကို ထိုစေတီအကြောင်းမေးမြန်းကြည့်ရာ ဘုရားရှင်က သိကြားမင်းကို “သက္ကပဥှသုတ်” ဟောကြားတော်မူရာဌာနဖြစ်ကြောင်း မိန့်တော်မူသဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်ခဲ့ရသည်။ “သက္ကပဥှသုတ်” ဟောကြားရာဌာနကို ယခင်ကပင် သိလိုသောဆန္ဒ ရှိခဲသည်။ ယခုမူ မမျှော်လင့်ဘဲ သိခွင့်ရသဖြင့် “သက္ကပဥှသုတ်” ၌ သိကြားမင်းက ဘုရားရှင်ကို ရှိခိုးကန်တော့သော “တဏှာသလ္လဿ ဟန္တာရံ၊ ဗုဒ္ဓံ အပ္ပဋိပုဂ္ဂလံ” အစရှိသော ဂါထာများနှင့် “နမောတဿ” ဘုရားရှိခိုးတို့ဖြင့် ရွတ်ဆိုကာ လှမ်းမျှော်ရှိခိုး ကန်တော့ပူဇော်ခဲ့သည်။
တောင်စောင်းတစ်လျှောက်ရှိ ကျောက်ခင်းလမ်းဖြင့် မြန်မာဘုရားဖူးအဖွဲ့ကပြန်အဆင်းတွင် တောင်ပေါ်သို့ တက်လာသော အိန္ဒိယနိုင်ငံသားများကို တွေ့ရသည်။ မြန်မာဘုရားဖူးအဖွဲ့နှင့်အတူ လိုက်ပါလာသော အိန္ဒိယ၌ စာသင်နေသည့် ရဟန်းတော်က ယခုတက်လာသောအဖွဲ့များသည် အပြန်၌လည်း ခြေလျင်ပြန်ဆင်းကြမည့် အဖွဲ့များ ဖြစ်သည်။ အိန္ဒိယသားများသည် ထမင်းတစ်ခါစားရာ၌ပင် ရူပီငွေ(၂၀)မျှဖြင့် လောက်အောင်စားကြသည်ဖြစ်၍ လက်မှတ် တစ်စောင်ကို ရူပီငွေ(၆၀)အကုန်အကျခံကာ တက်ရောက်သူနည်းပါးသည်။ မိမိတို့အဖွဲ့က ခြေလျင်ပြန်ဆင်းမည်ဖြစ်၍ လက်မှတ်ကို ထိုအဖွဲ့များသို့ ဒါနပြုသင့်သည်ဟုပြောသဖြင့် မိမိတို့တစ်ဖွဲ့လုံးက လက်မှတ်ဒါနပြုခဲ့ကြသည်။ ၎င်းတို့ ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကျေးဇူးတင်စကားပြောကြားသည်။ မိမိတို့ လှူလိုက်သော လက်မှတ်ဖြင့် ၎င်းအဖွဲ့ တောင်အဆင်းတွင် ကုလားထိုင်ဖြင့် ပြန်ဆင်းကြရမည်ကိုတွေးကာ ဝမ်းသာကြည်နူးကြရသည်။
တောင်စောင်းတစ်လျောက် အဆင်းအတက်တို့ဖြင့် ကွေ့ပတ်ပြီး မကြာမီ ဂိဇ္စျကုဋ်တောင်ထိပ်သို့ ရောက်ရှိ သည်။ ရှေးဦးစွာ အရှင်သာရိပုတ္တရာလိုဏ်ဂူကို တွေ့ရသည်။ သဘာဝကျောက်လိုဏ်ဂူဖြစ်ပြီး ငုံ့၍ဝင်ရသော်လည်း အတွင်း၌တစ်ပါးစာအတွက် နေရာအလုံအလောက်ရှိသည်။ ဘုရားဖူးအဖွဲ့များက ရွှေဆိုင်းများ ကပ်လှူထားကြသည်။ ထိုနေရာမှ ဆက်၍တက်သွားကြရာ ဓမ္မာရုံတည်ရှိခဲ့ဖူးသောနေရာသို့ ရောက်ရှိသည်။ ဤနေရာ၌ ဘုရားရှင်သည် မဟာပရိနိဗ္ဗာနသုတ်လာ သာသနာအရှည်တည်ကြောင်း အပရိဟာနိယတရားများအပါအဝင် သုတ္တန်ဒေသနာများ ဟောကြားတော်မူခဲ့သည်ကို အာရုံပြု၍ အပရိဟာနိယတရားများကို ရွတ်ဆိုပူဇော်ခဲ့သည်။ ဆက်၍တက်သွားကြရာ ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဂန္ဓကုဋီကျောင်းတော်ရာသို့ ရောက်ရှိသည်။ စာအုပ်ရောင်းသူတစ်ဦးက လှေကား အတက်အဆင်း ကျောက်နံရံထိပ်ရှိ ကျောက်တုံးကြီးကို လက်ညှိုးထိုးပြ၍ လင်းတဦးခေါင်းနှင့်တူသော ကျောက်တုံး ဟုပြောပြရင်း စာအုပ်ထဲမှ ဓာတ်ပုံနှင့်နှိုင်းယှဉ်ပြသည်။ စာအုပ်ထဲကပုံနှင့် မတူပါလားဟု မိမိကမေးကြည့်ရာ လှေကား ဘေးမှကြည့်ပါဟုပြောသဖြင့် လှေကားဘေးသို့ဆင်း၍ကြည့်ကာမှ ဓာတ်ပုံထဲနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကိုတွေ့ရ၏။ တောင်ထိပ်ရှိ ဂန္ဓကုဋီကျောင်းတော်တွင် ထိုင်းဘုရားဖူးအဖွဲ့နှင့်ဆုံနေသဖြင့် ဘုရားဖူးများ ပြည့်ကျပ်နေသည်။ ဤနေရာ၌ ဘုရားရှင်သည် အာဋာနာဋိယသုတ်၊ မဟာဂေါဝိန္ဒသုတ် အစရှိသော သုတ္တန်ဒေသနာတော်များကို ဟောကြားတော် မူခဲ့သည်ကို အာရုံပြု၍ အာဋာနာဋိယသုတ်ကို ရွတ်ဆိုပူဇော်သည်။ မှောင်စပျိုးနေပြီဖြစ်၍ အေးအေးဆေးဆေး အချိန်မပေးနိုင်တော့ဘဲ ပြန်ဆင်းခဲ့ကြသည်။ ဂန္ဓကုဋီကျောင်းတော်ရာအောက်နားရှိ လိုဏ်ဂူငယ်သည် အရှင်အာနန္ဒာ၏ လိုဏ်ဂူဖြစ်သည်။
ဂိဇ္စျကုဋ်တောင်အောက်သို့ပြန်အဆင်းတွင် လမ်း၏လက်ဝဲဘက်၌ အုတ်ခုံအမှတ်အသားတစ်ခုကို တွေ့ရသည်။ ဗိမ္ဗိသာရမင်းက ဘုရားရှင်ကို လာရောက်ဖူးမြော်သည့်အခါ မင်းမြောက်တန်ဆာများကိုချွတ်၍ သက်တော်စောင့်ထံ အပ်နှံသောနေရာဖြစ်သည်။ တောင်အောက်သို့ ရောက်ခါနီး လမ်း၏လက်ယာဘက်ရှိ အုတ်ခုံအမှတ်အသားသည် ဗိမ္ဗိသာရမင်း မြင်းရထားပေါ်မှ ဆင်းသက်သောနေရာဖြစ်သည်။ မနီးမဝေးတွင် လမ်း၏လက်ဝဲဘက်ရှိ ကျောက်ခဲများ စုပုံထားသောနေရာသည် မဒ္ဒကုစ္ဆိကျောင်းတော်ရာဖြစ်သည်။ ဂိဇ္စျကုဋ်တောင်မှ အဆင်းတွင် ဝိနည်းပါရာဇိကဏ်ပါဠိတော် ၌လာသော အရှင်မောဂ္ဂလာန်မြင်တွေ့ခဲ့ရသည့် ပြိတ္တာများအကြောင်းကို အမှတ်ရသဖြင့် ပြုခဲ့သမျှ ကုသိုလ်များ၏ အဖို့ ဘာဂကို အမျှပေးဝေခဲ့ပါ၏။
ဂိဇ္စျကုဋ်တောင်အောက်သို့ ရောက်ချိန်တွင် မှောင်နေပြီဖြစ်သော်လည်း ဝေဘာရတောင်စောင်းရှိ တပေါဒါမြစ် ရေပူစမ်းသို့ ဝင်ရောက်လေ့လာကြသည်။ ဒေသခံများ ရေချိုးနေကြသည်။ ရေချိုးရာ၌လည်း ချိုးချင်တိုင်း ချိုး၍မရ။ ဇာတ်မြင့်များက အထက်ပိုင်းမှချိုး၍ စီးဆင်းလာသောရေများကိုသာ ဇာတ်နိမ့်များက အောက်အဆင့်မှ ချိုးခွင့်ရကြသည်။ ဇာတ်နိမ့်များရေချိုးခွင့်ရသောနေရာရှိ ရေသည် အထက်မှ အဝတ်လျှော်ပြီး စီးဆင်းလာသောရေများဖြစ်သဖြင့် ကြည်လင် သန့်ရှင်းမှု မရှိတော့။ အရာရာကို ဇာတ်စနစ်ဖြင့် ခွဲခြားခံရသော အသိုင်းအဝိုင်း၌ လူဖြစ်ရသည်မှာ ကံဆိုးလှသည်။ “န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။ ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြာဟ္မဏော” မျိုးရိုးကြောင့် ဇာတ်နိမ့်လည်း မဖြစ်နိုင်သလို ဇာတ်မြင့်လည်း မဖြစ်နိုင်၊ မိမိ၏ လုပ်ရပ်အပေါ်မူတည်၍သာ ဇာတ်နိမ့်ဇာတ်မြင့် ဖြစ်နိုင်သည်ဟူသော လူ့ဘဝအဆင့်အတန်းကို မျိုးရိုးဖြင့်မဆုံးဖြတ်ဘဲ အကောင်းအဆိုး လုပ်ရပ်ဖြင့်သာ ဆုံးဖြတ်သော ဘုရားရှင်၏ ဒေသနာတော်ကိုလည်း အမှတ်ရမိပါ၏။ ဇာတ်ခွဲခြားမှုကို ပယ်ဖျက်တော်မူခဲ့သည့် ဘုရားရှင်၏ သာသနာတော်တည်ရှိရာ မြန်မာပြည်၌ လူဖြစ်ခွင့်ရသည်မှာလည်း ကုသိုလ်ကံ ထူးလှသည်။ ဤ တပေါဒါမြစ်ရေသည် ဘာကြောင့်ပူရသည်ကို ဒေသခံများ သိကြမည်မဟုတ်သော်လည်း ဝိနည်းပါရာဇိကဏ်ပါဠိတော်၌ ဤမြစ်ရေသည် လောဟကုမီ ္ဘငရဲနှစ်ခု၏ အကြားမှ ဖြတ်သန်းစီးဆင်းလာသောကြောင့် ပူနေခြင်းဖြစ်ကြောင်း ဘုရားဟောဒေသနာရှိပါ၏။ သိပ္ပံဆရာတို့ ဉာဏ်မမီသောအရာကို ဘုရားရှင်က ထုတ်ဖော်ဟောပြခဲ့သည်။
တပေါဒါမြစ်ရှိ ရေပူစမ်းကို လေ့လာ ပြီးနောက် ပြန်အထွက်တွင် ဝေဘာရတောင်စောင်းရှိ အရှင်မဟာကဿပ သီတင်းသုံးတော်မူခဲ့သော ကျောက်လိုဏ်ဂူ ငယ်ကို တောင်အောက်မှပင် အာရုံပြုကြည်ညိုကြသည်။ ရာဇဂြိုဟ်၌ ဖူးမြော်စရာများသဖြင့် တစ်နေရာမှ တစ်နေရာသို့ ခပ်သုတ်သုတ်သွားကြသော်လည်း ည(၇)နာရီထိုးမှသာ မြန်မာကျောင်းသို့ ပြန်ရောက်တော့သည်။
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဂယာ၊ မဟာဗောဓိ သို့ တစ်ကျော့ပြန်
(24.3.2014) နံနက်စာ စားပြီးနောက် ရာဇဂြိုဟ်မှ (၆၁)မိုင်ဝေးသော ဂယာသို့ ခရီးဆက်ကြသည်။ ဂယာသို့သွားသောလမ်းသည် ရာဇဂြိုဟ်မြို့တွင်းမှ ဖြတ်သွားရသောကြောင့် မြို့တွင်းရှိကျောက်လှည်းဘီးရာကို ဆင်း၍ လေ့လာကြသည်။ ကျောက်တောင်ထူထပ်သော ရာဇဂြိုဟ်၌ မြို့တွင်းရှိ သဘာဝကျောက်သားပေါ်တွင် လှည်းများ ဖြတ်သန်းသွားလာထားကြသည်မှာ လှည်းဘီးရာထင်၍ ကျန်ရစ်ခဲ့သည်။ ထိုနေရာကို ရှေးဟောင်းသုတေသနဌာနက အုတ်တံတိုင်းခတ်၍ ထိန်းသိမ်းစောင့်ရှောက်ထားသည်။ မဟာဘာရတခေတ် အမှတ်အသားဟုလည်း ဆိုင်းဘုတ်တင် ရေးထားသည်။
ထိုနေရာ၏တောင်ဘက် ခပ်လှမး်လှမ်းကားလမ်းနံဘေးရှိ ကျောက်တိုင်လေးများ စိုက်ထားသောနေရာသည် အရှင်မောဂ္ဂလာန်ကို ခိုးသား(၅၀၀)က ရိုက်နှက်သောနေရာဖြစ်သည်။ ဣသိဂိလိတောင်နံပါး ကာဠသိလာကျောက်ဖျာ နေရာဖြစ်သည်။ အနီးတွင် စေတီပျက်တစ်ဆူရှိသည်။ “ကမ္မဝိပါကော နာမ န သက္ကာ ကေနစိ ပဋိဗာဟိတုံ” ကံအကျိုးပေးမည်သည် တစ်စုံတစ်ယောက်ကမှ တားဆီးခြင်းငှာမတတ်နိုင် ဟူသော ဒေသနာတော်အရ တန်းခိုးအရာ၌ အသာလွန်ဆုံးအဖြစ် ဧတဒဂ်ဘွဲ့ထူးကို ရတော်မူသော အရှင်မြတ်ကြီးသည်ပင်လျှင် အတိတ်ကံအကျိုးပေးကို ရှောင်လွှဲ မရနိုင်ပုံကို သံဝေဂယူမိပါသည်။
ဗုဒ္ဓဂယာ၊ မဟာဗောဓိ သို့မရောက်မီ ဂယာမြို့ကို ဖြတ်ကျော်ရသည်။ ဂယာမြစ်ကမ်းနားတွင် တည်ထားသော မြို့ဖြစ်ပြီး ဘုရားရှင်လက်ထက်တော်အခါက ရွာငယ်အဆင့်မျှသာ ဖြစ်ပေလိမ့်သည်။ ဥပကနှင့် မဆာပါတို့သည်လညး် ဤအနီးနားတစ်ဝိုက်၌ နေထိုင်ခဲ့ခြင်းဖြစ်လိမ့်မည်။ ဂယာမြစ်သည် ဟိန္ဒူဘာသာဝင်များက အထွဋ်အမြတ်ထားကြရာ မြစ်တစ်ခုဖြစ်ပြီး မကောင်းမှုများ သန့်စင်သွားစေနိုင်ဟူသော အယူအဆဖြင့် ရေချိုးပွဲကျင်းပကြသည်။ဘုရားရှင်က “မကောင်းမှု အမြဲတမ်းပြုနေသော လူမိုက်တစ်ဦးသည် ဂယာအစရှိသောမြစ်များသို့ အမြဲတမ်းရေချိုးဆင်းနေစေကာမူ မကောင်းမှုမှ စင်ကြယ်ခြင်းမရှိနိုင်။ မြစ်သည် အဘယ်ကို ပြုလုပ်ပေးနိုင်ပါအ့ံနည်း။ ဤသာသနာတော်၌သာ ရေချိုးလော့။ ကံ(၃)ပါးလုံး စင်ကြယ်နေသူအား မကောင်းမှုမှ ကင်းစင်ပြီးဖြစ်၏။ ဂယာမြစ်သို့ ရေချိုးသွားခြင်းဖြင့် အဘယ်အကျိုးရှိ အံ့နည်း။ သင့်အိမ်မှ ရေတွင်းသည်လည်း ဂယာမြစ်နှင့် အတူတူပင်ဖြစ်၏” ဟု ဟောတော်မူသည်။
ဂယာမြို့သို့အဝင် လမ်း၏လက်ဝဲဘက်ရှိတောင်သည် ဂယာသီသတောင်ဖြစ်သည်။ ဤတောင်ပေါ်ရှိကျောက်ဖျာ ပေါ်တွင် ဘုရားရှင်သည် ဥရုဝေလကဿပ အစရှိသော ရသေ့ညီနောင်၊ ရှင်တစ်ထောင်တို့အား “အာဒိတ္တ ပရိယာယ သုတ်” ကို ဟောကြားတော်မူခဲ့သည်။ မီးလုပ်ကျွေးသောရသေ့ ဖြစ်ခဲ့ဖူးသူများကို မီးဥပမာပေး၍ ဒွါရ(၆)ပါး၊ အာရုံ(၆)ပါး၊ ဝိညာဏ်(၆)ပါး၊ ဖဿ(၆)ပါး၊ ဝေဒနာ(၆)ပါးတို့၌ ရာဂမီး၊ ဒေါသမီး၊ မောဟမီးစသော (၁၁)ပါးသောမီးတို့ တစ်ဟုန်းဟုန်းတောက်လောင်နေကြောင်း ဟောပြတော်မူကာ ရဟန္တာအရှင်မြတ်များအဖြစ်သို့ ရောက်စေတော်မူခဲ့သည်။ အရှင်ဒေဝဒတ်သည် သံဃာသင်းခွဲပြီးနောက် ရဟန်း(၅၀၀)ကို ခေါ်ဆောင်ကာ ဤဂယာသီသသို့ လာရောက် နေထိုင်သည်။ ဘုရားရှင်က အဂ္ဂသာဝကကြီးနှစ်ပါးကို စေလွှတ်၍ ရဟန်း(၅၀၀)ကို အမြင်မှန်ရအောင် ဟောပြစေပြီး ပြန်လည်ခေါ်ဆောင်စေခဲ့သည်။
ဒုက္ကရစရိယာတောင်သို့
မဟာဗောဓိသို့မရောက်မီ အချိန်စောနေသေး၍ ရှေးဦးစွာ ဒုက္ကရစရိယာတောင်သို့ သွားကြသည်။ ဒေသခံ များမှာ အလွန်ဆင်းရဲကြသည်။ ဗုဒ္ဓဘာသာနိုင်ငံများမှ ကျောင်းများ လာရောက်ဆောက်လုပ်ထားကြသည်။ မြန်မာနိုင်ငံမှ လာရောက်ဆောက်လုပ်ထားသော ဥရုဝေလတောစခန်းရိပ်သာကိုလည်း တွေ့ခဲ့ရသည်။ အလောင်းတော် တရားရှာစဉ် အခါကမူ ဤနေရာတစ်ဝိုက်သည် သူတော်စင်တို့ တရားအားထုတ်ရာ တောကြီးမျက်မည်းဖြစ်ခဲ့သော်လည်း ယနေ့ အချိန်၌ ကျေးရွာများနှင့် လယ်ယာစိုက်ခင်းများကိုသာ တွေ့ရတော့သည်။ ဒုက္ကရစရိယာတောင်ပေါ်သို့ အသက်အရွယ် ကြီးသူများက အထမ်းဖြင့် တက်ကြသည်။ အတက်အဆင်းထမ်းခ ရူပီ(၃၀၀)ပေးရသည်။ အချို့က ဆိုင်ကယ်ကယ်ရီဖြင့် တက်ကြသည်။ ဝါးတောင်ဝှေးယူမလားဟုမေးသူလည်းရှိကြသည်။ ကုသိုလ်ဖြစ်အနေဖြင့်ပေးခြင်းမဟုတ်၊ မသိ၍ယူမိလျှင် ပြန်အဆင်းကျမှ ရူပီ(၁၀၀)မရမက တောင်းတတ်သည်။
တောင်ပေါ်တွင် တိဗက်ဘုန်းတော်ကြီးကျောင်းရှိပြီး ရောက်လာသော ဧည့်သည်များကို တိဗက်ဘုန်းတော်ကြီး များက ရေနွေးကြမ်းဖြင့် ဧည့်ခံသည်။ ဤကဲ့သို့သော နေရာမျိုး၌ ပင်ပန်းဆင်းရဲခံ၍ ထိန်းသိမ်းစောင့်ရှောက်နေကြ သည်ကို ချီးကျူးစရာကောင်းလှသည်။ ဒုက္ကရစရိယာတောင်တစ်ခုလုံး ကျောက်သားများဖြစ်ပြီး ထီးထီးမားမားတည်ရှိနေ သောကြောင့် သုဇာတာသူဌေးသမီး၏ သေနာနိဂုံးမှပင် လှမ်းမြင်နိုင်သည်။ မြင့်မားမတ်စောက်သော ဤတောင်ပေါ်သို့ တက်ရောက်ကြသူများ၏ သဒ္ဓါတရားသည်လညး် သာမာန်သဒ္ဓါတရားမျှသာမဟုတ်။ မိမိတို့ ကိုးကွယ်သည့် ဘုရားရှင် အပေါ်၌ လှိုက်လှိုက်လှဲလှဲ ကြည်ညိုသည့် သဒ္ဓါတရားမျိုးဖြစ်သောကြောင့်သာ အရောက်တက်နိုင်ကြခြင်း ဖြစ်ပေသည်ဟု ချီးကျူးမိပါသည်။ တောင်ထိပ်တွင် အလောင်းတော်တရားအားထုတ်ခဲ့ရာ လိုဏ်ဂူရှိသည်။ လိုဏ်ဂူအတွင်း၌ ဒုက္ကရစရိယာ ကျင့်ပုံရုပ်ပွားတော်ကို ဖူးတွေ့ရသည်။ နိုင်ငံတကာမှ ဘုရားဖူးအဖွဲ့များဖြင့် စည်ကားနေသောကြောင့် လိုဏ်ဂူအတွင်း၌ ကြာကြာဖူးခွင့်မရဘဲ အပြင်ဘက်၌သာ အာရုံပြု ပူဇော်ရတော့သည်။ မဟာဆီ၊ မဟာသွေး တစ်ဦးအနေဖြင့် အလွန် ခြိုးခြံခက်ခဲပြင်းထန်သော အကျင့်ကို ကျင့်တော်မူနိုင်သော ဇွဲလုံ့လဝီရိယကို ချီးကျူးမိသလို လောကသားတို့အတွက် အငြိမ်းဓာတ်ကိုပေးနိုင်ရန် သစ္စာတရားရှာပုံတော်ဖွင့်ခဲ့သော မဟာကရုဏာတော်ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြည်ညို မိပါသည်။ ပါသရာသိသုတ်၊ ဗောဓိရာဇကုမာရသုတ်၊ မဟာသစ္စကသုတ်၊ ဘယဘေရဝသုတ် တို့၌ ဟောတော်မူခဲ့သော အလောင်းတော်ဘဝတွင် တရားရှာခဲ့ပုံများကို အာရုံပြု၍ ဗုဒ္ဓါနုဿတိပွားကြည်ညိုပူဇော်ခဲ့သည်။
ဒုက္ကရစရိယာတောင်၌ ဖူးမြော်ကြပြီး မဟာဗောဓိသို့ဆက်ကြရာ မြန်မာကျောင်းသို့ နေ့လယ်စာစားချိန်အမီ ရောက်ရှိကြသည်။ နေ့လယ်ခင်းခေတ္တအနားယူပြီး မဟာဗောဓိစေတီသို့ သွားကြသည်။ အလာတုန်းက အေးအေး ဆေးဆေး မဖူးခဲ့ရသဖြင့် အပြန်ကျမှ ဂယာတွင် (၂)ညအိပ်ပြီး အားရပါးရ ဖူးကြရသည်။ ဥဒါန်းပါဠိတော်လာ မဟာဗောဓိ အနီးတစ်ဝိုက်တွင် ဥဒါန်းကျူးရင့်ခဲ့သောသုတ်များကို ရွတ်ဆိုပူဇော်ခဲ့သည်။ ဝေရဥ္ဇာသုတ်လာ ပု၊ဒိ၊အာ ဝိဇ္ဇာဉာဏ်(၃)ပါး ရရှိတော်မူပုံကို ပြန်လည်ဟောပြခဲ့သောပါဠိများ ရွတ်ဆိုပူဇော်သည်။ မိုးချုပ်သော်လည်း မပြန်သေးဘဲ မဟာဗောဓိပင် အောက်၌သာ လှည့်လည်ပူဇော်သည််။ မဟာဗောဓိစေတီ၌ တာဝန်ကျနေသော ဆရာတော်ထံချဉ်းကပ်၍ ရုပ်ပွား တော်ကြီးမှ ပြန်စွန့်ထားသော သင်္ကန်းတော်ကို ရယူပူဇော်လိုကြောင်း လျှောက်ထားရာ ရွှေဝါရောင်ပိုးသင်္ကန်း တစ်ထည် ချီးမြှင့်သည်။ မိမိနေထိုင်ရာကျောင်းသို့ ပြန်ရောက်လျှင် သိမ်တော်ကြီးအတွင်းရှိ ရှေးဟောင်းကျောက်ဆင်းတုကြီးတွင် လွှမ်းခြံုပူဇော်ရန် ကြံရွယ်ထားသည်များ အထမြောက်သွားသဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အချိန်ရသရွေ့ မဟာဗောဓိစေတီ၌ လှည့်လည်ဖူးမြော်ရင်း ည(၉)နာရီတွင် တံခါးပိတ်ရန် ခေါင်းလောင်းခေါက်မှသာ ပြန်ခဲ့ကြသည်။
(25.3.2014) နံနက်စာစားပြီး မဟာဗောဓိစေတီသို့ သွားဖူးကြပြန်သည်။ နံနက်အရုဏ်တက် မဟာဗောဓိစေတီ တော်စတင်ဖွင့်လှစ်ချိန်မှစတင်၍ နိုင်ငံတကာဘုရားဖူးအဖွဲ့များမှ ကပ်လှူသောပိုးသင်္ကန်းများ မည်မျှများပြားမည်မသိ။ တာဝန်ကျသောဆရာတော်က အကြိမ်ကြိမ်လဲလှယ်ပေးရ၏။ တစ်ခါတစ်ရံ၌ များလွန်း၍ လွှမ်းခြံုမပေးနိုင်တော့ဘဲ အခေါက်လိုက်ပင် ကပ်လှူထားကြရ၏။ နံနက်(၇)နာရီ၌ပင် အထုပ်ကြီးထုပ်၍ ခေါင်းပေါ်ရွက်ယူသွားရလောက်အောင် များပြား၏။ မိမိသည် လက္ခဏသုတ်ကို အမှတ်ရမိ၏။ ဘုရားအလောင်းတော်သည် အတိတ်ဘဝများစွာက နူးည့ံသော အဝတ်အထည်တို့ကို လှူဒါန်းတော်မူခဲ့၏။ ထိုကံ၏အကျိုးကြောင့် ရွှေအဆင်းကဲ့သို့ ဝါဝင်းသောအသားအရေရှိခြင်း ဟူသော လက္ခဏာတော်နှင့် ပြည့်စုံတော်မူ၏။ ထိုလက္ခဏာတော်၏အကျိုးဆက်အဖြစ် နူးညံ့ချောမွေ့သော အဝတ် အထည်တို့ကို များစွာသုံးဆောင်တော်မူရ၏ ဟူသော ဟောကြားချက်ကို သက်သေခံနေသည်။ သက်တော်ထင်ရှား မြတ်စွာဘုရားကို မဆိုထားဘိ။ ဘုရားရှင်၏ ရုပ်ပွားတော်သည်ပင်လျှင် ပါရမီတော်တို့၏ စွမ်းရည်သတ္တိကြောင့် အဖိုးတန်သင်္ကန်းတို့ဖြင့် အမြဲမပြတ် ပူဇော်ခြင်းကို ခံယူရတော်မူသည်ဟု ဝမ်းမြောက်ဝမ်းသာ ကြည်ညိုသဒ္ဓါ ပွားမိပါသည်။
သတ္တဋ္ဌာနကို နောက်တစ်ကြိမ် ထပ်ဖူးပြီး ရတနာဃရသတ္တာဟတွင် ပဋ္ဌာန်းရွတ်ဆိုပူဇော်သည်။ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ထပ်မံရောက်ရှိလာသော ဘုရားဖူးအဖွဲ့များကို တွေ့ရသည်။ မည်သည့်နိုင်ငံမှ ဘုရားဖူးအဖွဲ့ကိုကြည့်ကြည့် ကြည်ညိုသဒ္ဓါစိတ်ဖြင့် ရွှင်လန်း တက်ကြွနေသော မျက်နှာများကိုသာ မြင်တွေ့ရသည်။ ကုသိနာရုံ၌မူ ဘုရားရှင်ကို လွမ်းဆွေးတသ,သော မျက်နှာများ ကိုယ်စီကိုယ်စီနှင့်၊ မဟာဗောဓိမှာမူကား ဘုရားရှင်အဆူဆူ ပွင့်တော်မူသည့် နေရာပါလားဟူသောအသိဖြင့် ဝမ်းသာကြရသည်။ ထိုရွှင်လန်းဝမ်းမြောက်မှုသည် မိမိတို့နေရပ်သို့ ပြန်ရောက်သည့် တိုင်အောင် ရုတ်တရက်အရှိန်သေမသွားသေးဘဲ ရက်ပေါင်းကြာသည်အထိ နေရာယူဆဲဖြစ်၏။ ပြန်စဉ်းစားလိုက်တိုင်းလည်း အားရကျေနပ်မှုကို ဖြစ်စေ၏။ ဤမျှ အားကောင်းသော ကုသိုလ်စေတနာသည် သံသရာခရီး မပြီးဆုံးသေးသော သူများအတွက် အလွန်အားကိုးထိုက်သော သံသရာရိက္ခာ အထောက်အပံ့ကောင်း ဖြစ်စေနိုင်ပါ၏။ ထို့ကြောင့်လည်း ဘုရားရှင်က ဖွား၊ပွင့်၊ဟော၊စံ သံဝေဇနိယ (၄)ဌာနကို လှည့်လည်ဖူးမြော်၍ ကြည်ညိုသဒ္ဓါစိတ်ဖြင့် သေဆုံးသူတို့သည် ကောင်းသောသုဂတိဘဝ ဘုံဌာနများသို့ ရောက်ကြလိမ့်မည်ဟု ဟောတော်မူခဲ့ခြင်းဖြစ်၏။
မဟာဗောဓိ၌ အချိန်ကုန်ကြပြီး မြန်မာကျောင်းသို့ နေ့လယ်စာ ပြန်စားကြသည်။ မနက်ဖြန်မြန်မာပြည်သို့ ပြန်ကြရတော့မည်ဖြစ်၍ မြန်မာကျောင်းရှိ စျေးဆိုင်များတွင် စျေးဝယ်ကြသည်။ ပစ္စည်းဝယ်ရာ၌ အပြင်ဆိုင်များတွင် ဝယ်လျှင် စျေးကြီးမိတတ်သလို အညာလည်းမိတတ်သည်။ မြန်မာကျောင်းတွင် စျေးဝယ်ပါက ပစ္စည်းမှန်၊ စျေးမှန် ရနိုင်သည်။ မြန်မာငွေဖြင့်လည်း စျေးဝယ်၍ရသည်။ ဒေါ်လာငွေ လဲလှယ်လျှင်လည်း ဒေါ်လာ(၁၀၀)လျှင် ရူပီငွေ(၆၂၀၀) အပြည့်အဝရသည်။ မြန်မာကျောင်းရှိစျေးသည်များသည် မြန်မာစကားကောင်းကောင်းပြောနိုင်သည်။ အချို့က မြန်မာ ပြည်တွင် နေခဲ့ဖူးသည်။
နေ့လယ်ခင်းစျေးဝယ်ပြီး ညနေခင်း၌ မဟာဗောဓိသို့ သွားကြသည်။ နိုင်ငံတကာ ဘုရားဖူးအဖွဲ့များလည်း များပြားသလို ပြည်တွင်းဘုရားဖူးအဖွဲ့များလည်း လာကြသည်။ မဟာဗောဓိရုပ်ပွားတော်သို့ ဝင်ရောက်ဖူးမြော်ရန် တန်းစီ ကြရသည်။ မိုးချုပ်၍ ပြည်တွင်းဘုရားဖူးအဖွဲ့များ ပြန်သွားကြမှသာ အားရပါးရ ဖူးခွင့်ရတော့သည်။ ဗောဓိပင်အောက်၌ ဥရောပသား(၃)ဦးကို တွေ့ရ၍ မေးမြန်းကြည့်ရာ ဂျာမနီမှတစ်ဦး၊ ပြင်သစ်မှတစ်ဦး၊ သြစတေးလျမှတစ်ဦးတို့ ဖြစ်ကြ ကြောင်း သိရသည်။ မိမိယူဆောင်လာသော ပုဂံစေတီပုထိုးများပို့စကဒ်၊ ချမ်းမြေ့ဆရာတော်၏ဝိပဿနာတရား အင်္ဂလိပ် ဘာသာပြန်၊ နေ့စဉ်ထုတ်သတင်းစာ၌ပါရှိသော မြတ်ဗုဒ္ဓအဆုံးအမ အင်္ဂလိပ်ဘာသာပြန်စာအုပ်တို့ကို လက်ဆောင် ပေးလိုက်သည်။ မြန်မာပြည်ရောက်ဖူးပါသလားဟု မေးကြည့်ရာ မရောက်ဖူးကြောင်း၊ ဆရာကြီးဦးဂိုအင်ကာ၏ ဝိပဿနာနည်းကို လေ့လာနေကြောင်း ဖြေသည်။ ဂျာမနီနိုင်ငံသားကမူ ချမ်းမြေ့ဆရာတော်၏ ဝိပဿနာစာအုပ်ကို အကြွေးမထားဘဲ ချက်ချင်းထိုင်ဖတ်တော့သည်။ မြန်မာနိုင်ငံသို့ တစ်ခေါက်မျှပင် မရောက်ဖူးသော နိုင်ငံခြားသားများက မြန်မာနိုင်ငံမှ ဝိပဿနာရှုနည်းကို စိတ်အားထက်သန်စွာ လေ့လာလိုက်စားနေကြသည်။ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်း ခဲ့ရသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါလျှက် ဝိပဿနာတရားအကြောင်း မသိ နားမလည်သူများ အနေဖြင့် သင်ခန်းစာယူသင့်ပါသည်။
(26.3.2014) နံနက်စာ စားအပြီးတွင် မဟာဗောဓိသို့ သွားကြသည်။ မြန်မာနိုင်ငံသို့ ပြန်ရမည့်ရက်ဖြစ်သော ကြောင့် လေယာဉ်သို့မတက်မီ မဟာဗောဓိစေတီတော်ကို အားရပါးရရှိခိုးပူဇော်ကြသည်။ ဗုဒ္ဓဂယာဘုရားဖူးခရီးစဉ်သည် ငွေကြေးသိန်းပေါင်းများစွာ အကုန်အကျခံကာ ရက်ရှည်သွားလာရသော နိုင်ငံခြားခရီးစဉ်ဖြစ်သောကြောင့် တစ်ခေါက် တစ်ခါသွားရဖို့ပင် လွယ်ကူလှသည်မဟုတ်။ အချိန်လည်းပေးနိုင်ပါမှ၊ ငွေကြေးလည်းပြည့်စုံပါမှ၊ ကျန်းမာရေးအခြေအနေ လည်း ကောင်းပါမှ သွားဖြစ်ကြ၏။ တစ်သက်မှာတစ်ခေါက်မျှသာ ရောက်ဖြစ်သူလည်း ရှိသလို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ဖို့ ကြန့်ကြာနေကြသူများလည်း ရှိ၏။ သို့ဖြစ်၍ အချိန်ရခိုက် အားရပါးရ ဖူးမြော်ကြပြီး နံနက်(၁၀)နာရီ ခန့်တွင် မြန်မာဘုန်းတော်ကြီးကျောင်းသို့ ပြန်ခဲ့ကြသည်။
နေ့လယ်စာ စားပြီးနောက် ဂယာလေဆိပ်သို့ သွားကြသည်။ ဂယာလေဆိပ် မတည်ဆောက်ရသေးစဉ်က ဗုဒ္ဓဂယာဘုရားဖူးသွားသူများသည် ရန်ကုန်မှ ကာလကတ္တားလေဆိပ်သို့ စီးကြရသည်။ ကာလကတ္တားမှ တစ်ညလုံး ကားစီးပြီး နံနက်မိုးလင်းမှ ဂယာသို့ရောက်သည်။ အပြန်၌လည်း ဂယာမှ ကာလကတ္တားသို့ တစ်ညလုံးကားစီးကြရသည်။ အချိန်လည်းကုန်၊ လူလည်းပင်ပန်းသည်။ ယခုတော့ ရန်ကုန်နှင့်ဂယာ တိုက်ရိုက်လေကြောင်းလိုင်း ရှိနေပြီဖြစ်၍ သက်သောင့်သက်သာရှိသည်။ အိန္ဒိယစံတော်ချိန် ညနေ(၃)နာရီတွင် လေယာဉ်စထွက်သည်။ မြန်မာစံတော်ချိန် ည(၆)နာရီတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိသည်။
ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ဘုရားဖူးခရီးစဉ်သည် ဘဝတစ်သက်တာ၌ မမေ့နိုင်အောင် စိတ်ထဲတွင် စွဲထင်ကျန်ရစ်စေပါ၏။ ဗုဒ္ဓဂယာဘုရားဖူးသွားရတော့မည်ဆိုကတည်းက သွားရမည့်ရက်ကို နေ့စဉ်လက်ချိုးရေတွက်ကာ စောင့်မျှော်ခဲ့ရ၏။ လေယာဉ်သို့ တက်ရမည့်နေ့၌ကား အတက်ကြွဆုံးဖြစ်၏။ အိန္ဒိယမြေပေါ်သို့ ခြေချခွင့်ရသောအချိန်၌ ငါတို့ဘုရား ပွင့်ထွန်းရာ မြေပေါ်သို့ ရောက်ခွင့်ရပြီဟူသောအသိဖြင့် ရွှင်လန်းဝမ်းမြောက်ကြရ၏။ မဟာဗောဓိစေတီတော် ကို ဖူးမြော်ခွင့်ရချိန်၌မူ ဆိုဖွယ်ရာမရှိ၊ အတိုင်းထက်အလွန် ဝမ်းသာကြည်နူးကြရ၏။ နေရာဌာန အသီးသီးရှိ မြင်ကွင်းများ ကလည်း စိတ်ကို ခံစားမှုအရသာတစ်မျိုးဖြစ်စေသည်။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေသကဲ့သို့ စိတ်အာရုံတွင် ကွက်ကွက်ကွင်းကွင်း ထင်မြင်လာပြီး ဖူးမြော်၍ မဝနိုင်အောင်ပင်ဖြစ်ရ၏။ တစ်နေရာနှင့် တစ်နေရာသို့ သွားရ၊ လာရ၊ ဖူးမြော်ရနှင့်ပင် အခြားဘာမျှအမှတ်မရနိုင်ဘဲ ဘုရားအာရုံနှင့်သာ အချိန်ကုန်ကြရ၏။ သို့အတွက်ကြောင့်လည်း တစ်ခေါက်ရောက်ဖူးလျှင် နောက်ထပ်သွားချင်စိတ်ဖြစ်ကြရသည်မှာ မထူးဆန်းလှ။
မိမိတို့ ကိုးကွယ်သည့် ဘုရားရှင်သည် မိုးပေါ်သို့သာ မျှော်ကြည့်နေရသော စိတ်ကူးယဉ်ဘုရားမျိုးမဟုတ်။ ကမ္ဘာ့သမိုင်းတွင် အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် မည်သူမျှ ငြင်းမရသော သမိုင်းဝင်နေရာဌာနများဖြင့် အမှန်တကယ် သက်ရှိထင်ရှား ရှိခဲ့ဖူးသော ဘုရားဖြစ်၏။ မွေးဖွားတော်မူခဲ့သောနေရာ၊ လူသားစင်စစ်အဖြစ်ဖြင့် ထီးနန်းစိုးစံခဲ့သောနေရာ၊ တောထွက်၍ တရားအားထုတ်တော်မူခဲ့သောနေရာ၊ ဘုရားအဖြစ်သို့ ရောက်ရှိသောနေရာ၊ (၄၅)ဝါ ကာလပတ်လုံး အတိုင်းတိုင်းအပြည်ပြည်သို့ လှည့်လည်၍ နေထိုင်သီတင်းသုံးခဲ့သောနေရာ ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သောနေရာ --- စသည်တို့ဖြင့် အလွန်များပြားသော သမိုင်းအထောက်အထားများကလည်း ဘုရားရှင်၏ မဟာလူသားတစ်ဦးအဖြစ်ဖြင့် ထင်ရှားရှိခဲ့ကြောင်းကို ယနေ့တိုင်အောင် သက်သေခံလျှက် ရှိနေပေသည်။ အခြားမည်သည့် ဘာသာတရားတွင်မျှ ဤသို့သော အထောက်အထားခိုင်လုံမှုမျိုးကို ရနိုင်မည်မဟုတ်ပါ။ ဤသို့ အထောက်အထား ခိုင်လုံမှုရှိစေရန် ကျောက်စာတိုင်များနှင့်တကွ အမြော်အမြင်ကြီးမားစွာ ဆောင်ရွက်ခဲ့သော အသောကမင်းကြီး၏ သဒ္ဓါနှင့်ပညာတို့ကိုလည်း အံ့သြချီးကျူးမဆုံးဖြစ်ရပါ၏။ အကယ်၍သာ အသောကမင်းကြီးက ယင်းသို့ အမြော်အမြင်ရှိရှိဖြင့် မဆောင်ရွက်ခဲ့ပါလျှင် ယနေ့ခေတ်တွင် အစအနပင် ရှာမရအောင် ဝါးမျိုဖျက်ဆီးခြင်းခံရမည်မှာ အမှန်အကန်ဖြစ်ပါ၏။ မင်းကြီး၏ကျေးဇူး ကြောင့်သာ ဗုဒ္ဓသာသနာတော်ကို ကိုးကွယ်ဆည်းကပ်ခွင့်ရသလို သမိုင်းဝင်နေရာဌာနများကိုလည်း ယနေ့တိုင်အောင် အထောက်အထားခိုင်ခိုင်လုံလုံဖြင့် ဖူးတွေ့ရခြင်းဖြစ်ပါ၏။ ယင်းသို့ အထောက်အထားခိုင်လုံမှုသည် သဒ္ဓါတရားကို တိုးပွားစေသည်မှာ အမှန်ပင်ဖြစ်၏။
ဗုဒ္ဓဂယာဘုရားဖူးခရီးမှ ပြန်လာပြီးနောက် ယခင်က ဘာသာရေးနှင့် ခပ်ကင်းကင်းနေခဲ့ကြသူများပင်လျှင် ဘာသာရေး၌ လေးလေးနက်နက်ရှိလာကြ၏။ ယုံကြည်မှု ခိုင်မြဲအားကောင်းလာ၏။ တစ်ခေါက်သွားရသည်ကိုပင် အားမရနိုင်။ နောက်တစ်ခေါက်ထပ်သွားချင်သေးတယ် ဟု ပြောကြ၏။ လှည့်လည်ဖူးမြော်ခဲ့ရသည်ကိုလည်း ဝမ်းသာအားရ ပြော၍ပင်မဆုံးနိုင်တော့။ သဒ္ဓါတရားအားနည်းသူများပင်လျှင် သဒ္ဓါတရား တိုးပွားလာ၏။ နဂိုကတည်းက သဒ္ဓါတရား အားကောင်းသူများမှာမူ ဆိုဖွယ်ရာမရှိ။ ဗုဒ္ဓဘာသာဝင်ကောင်းတစ်ဦး ဖြစ်ရန်အတွက် သဒ္ဓါတရားသည် အခြေခံကျသည် မဟုတ်ပါလား။
မိမိတို့အဖွဲ့သွားခဲ့သော သံဝေဇနိယလေးဌာန+အဝိဇဟိတလေးဌာန ခရီးစဉ်သည် မိုင်(၁၇၀၀)ခန့်ရှိ၏။ အိန္ဒိယနိုင်ငံတစ်နံတစ်လျား လှည့်လည်ဖူးမြော်ခဲ့ရသော အတွေ့အကြံုအရ အိန္ဒိယနိုင်ငံသည် ဗုဒ္ဓသာသနာတော် စတင်ပေါ်ပေါက်ခဲ့ရာနိုင်ငံ၊ သာသနာတော် နေလိုလလို ထွန်းလင်းတောက်ပခဲ့သောနိုင်ငံဖြစ်သော်လည်း ယနေ့အချိန်၌ အိန္ဒိယနိုင်ငံတစ်နံတစ်လျား မည်သည့်နေရာကြည့်ကြည့် ဗုဒ္ဓဘာသာစေတီပုထိုးများ မတွေ့ရဘဲ သျှီဝနတ်ဘုရား၏ လိင်အင်္ဂါကိုးကွယ်မှုနှင့် ဟိန္ဒူဘုရားကျောင်းများကိုသာ တွေ့ရ၏။
မြို့ရွာဒေသ နယ်ပယ်အသီးသီးတွင် နေထိုင်ကြသူများအနေဖြင့် ခန္ဓာဉာဏ်ရောက်သစ္စာလေးပါးတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ အဘိဓမ္မာတရား၊ ဝိပဿနာတရားများကို နာယူခွင့်၊ ကျင့်သုံးခွင့်မရရှာကြ။ နိဗ္ဗာန်ရောက်ကြောင်း တရားဟူ၍ ဝေလာဝေး၊ စိတ်ကောင်းလေးတစ်ခု ထားနိုင်ဖို့ပင် အနိုင်နိုင်။ သံသရာရိက္ခာအတွက် ပါရမီကုသိုလ် ကောင်းမှုကို ကြိုးစားနိုင်သူပင် အလွန်ရှားလိမ့်မည်။ ၎င်းတို့၏ ဘာသာအယူဝါဒအရ မသိနိုင်၊ မမြင်နိုင်သော တန်ခိုးရှင်ကို မှန်းဆ၍ရှိခိုးဝတ်ပြုခြင်း၊ ဆုတောင်းခြင်း၊ ဓမ္မတေးသီချင်းရွတ်ဆို၍တီးမှုတ်ခြင်းတို့ဖြင့်သာ အချိန်ကုန်ကြပေလိမ့်မည်။ ဓမ္မအလင်းရောင် ကင်းမဲ့နေသူများ၏ ဘဝကား အမှောင်ထဲတွင် စမ်းတဝါးဝါးနှင့် ပန်းတိုင်မရောက်နိုင်ဘဲ အလွဲလွဲ အချော်ချော်ဖြစ်နေကြရရှာ၏။
တစ်ချိန်က သံဃာတော်များ၏ သင်္ကန်းရောင် ဝင်းဝင်းတောက်ခဲ့ပြီး သံဃာတော်တို့၏ သင်္ကန်းမှ တိုက်ခတ်လာသောလေတို့ဖြင့် ဖုံးလွှမ်းခဲ့သောနေရာများတွင် သံဃာတော်များ ဆွမ်းခံကြွသည်ကိုပင် မြင်ဖူးကြမည် မဟုတ်တော့။ ရဟန်းသံဃာတစ်ပါးတစ်လေမျှကိုပင် ဖူးတွေ့ခွင့်ရဖို့ ခဲယဉ်းလှ၏။ သာသနာတော် ကွယ်ပျောက်ခဲ့ရသော နေရာများ၌ ရတနာသုံးပါး၏တန်ဖိုးကို သိခွင့်မရကြဘဲ အမှောင်ဖုံးလွှမ်းလျက်ရှိနေပေသည်။
မြန်မာနိုင်ငံ၌မူ မြို့တိုင်း၊ ရွာတိုင်း၊ တောင်ကုန်းများ၌ ရွှေရောင်တဝင်းဝင်းတောက်နေသော စေတီပုထိုးများကို တည်ထားကိုးကွယ်ကြပြီး ထိုစေတီပုထိုးများကလည်း ကမ္ဘာမြေပြင်ကို တန်ဆာဆင်ထားသကဲ့သို့ ကျက်သရေကို ဆောင်လျက် ဖူးမြင်ရသူတို့၏ စိတ်နှလုံးကို အေးမြစေသည်။ တရားဓမ္မရွတ်ဆိုသံ၊ ဟောပြောသံများလည်း ဘယ်အခါမျှ မဆိတ်သုဉ်း၊ နေ့စဉ်နှင့်အမျှ ကြားရနိုင်သည်။ တန်ခိုးရှင်ဒေဝီလရသေ့ကြီး ကြားနာခွင့်ရမသွားသော ခန္ဓာဉာဏ်ရောက် သစ္စာလေးပါးတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ အဘိဓမ္မာတရား၊ ဝိပဿနာတရားများကိုလည်း နေရာမရွေး၊ အချိန်မရွေး အလွယ်တကူ နာယူခွင့်ရနေကြသည်။ တစ်သံသရာလုံး လောဘမီး၊ ဒေါသမီး၊ မောဟမီး၊ ငရဲမီးတို့ကို တောက်လောင် စေသော အသံများကိုသာ နားနှင့်မဆံ့၊ နေ့စဉ်ကြားခဲ့ကြရသည်။ ယခုဘဝကံကောင်းလှ၍ ထိုမီးများကို ငြိမ်းစေနိုင်သော တရားတော်များကို နာယူခွင့်ရကြသည်။ တစ်သံသရာနှင့် တစ်နားဆိုသကဲ့သို့ အလွန်ရခဲလှသော မဟာအခွင့်အရေးကြီး ပင်ဖြစ်၏။
ထိုတရားတော်များကို မကွယ်ပျောက်ရအောင်၊ မူရင်းမပျက် လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်နေကြသော သံဃာတော်များကိုလည်း ဆည်းကပ်ခွင့်ရကြသည်။ ဗုဒ္ဓတရားတော်နှင့်ပတ်သက်လျှင် ထိပ်တန်းအကျဆုံးဟု ကမ္ဘာက အသိအမှတ်ပြုခံရသော ပရိယတ်၊ ပဋိပတ် စွယ်စုံမြောက်သည့် ဆရာတော်၊ သံဃာတော်များ၏ လမ်းညွှန်ဆုံးမမှုကို ခံယူခွင့်ရကြသည်မှာ အလွန်ကုသိုလ်ကံထူးလှသည်။ ဤသို့ရတနာသုံးပါးကို စိတ်တိုင်းကျ ကိုးကွယ်ဆည်းကပ်ခွင့်ရသော မိမိတို့၏ ဘဝကံအကျိုးပေးကို သာမန်မျှသာ သဘောမထားသင့်။ ဗုဒ္ဓသာသနာတော်သည်ကား အခြားသောဘာသာ အယူဝါဒများကဲ့သို့ သံသရာတွင်းချမ်းသာမျှဖြင့်သာ လမ်းဆုံးနေသည်မဟုတ်ဘဲ သံသရာလွန်ချမ်းသာကိုပါ ပေးနိုင်စွမ်း ရှိပြီး ကမ္ဘာပေါင်းအသချေင်္ ကြာမြင့်စေကာမူ တစ်ကြိမ်တစ်ခါမျှ ပေါ်ထွန်းရန်ပင် လွယ်ကူသည်မဟုတ်။
ထို့ကြောင့်-
“ ထိုကမ္ဘာပေါင်း၊ ထောင်သောင်းကုဋေ၊ တွက်ရေမရ၊ အနန္တလျှင်၊
သုညမှောင်ကြီး၊ မျောတုံပြီးမှ၊ အသီးတစ်ခေတ်၊ လျှပ်တစ်လှစ်မျှ၊
ရှင်ချစ်သာသနာ၊ တစ်ခါတစ်ခါ၊ ပေါ်တုံလာလည်း၊
သာသနာနှစ်ပေါင်း၊ ထောင်သောင်း၌တွင်၊ တစ်ကြိမ်တွင်မျှ၊ လူစင်ဘဝ၊ ကြံုခဲစွ ”
ဟူသော လယ်တီဆရာတော်ဘုရားကြီး၏ အဆုံးအမသြဝါဒကိုလည်းကောင်း -
“ သုံးထွေသာသနာ၊ ထွန်းခိုက်ခါဝယ်၊ သမ္ဘာမြင့်မောက်၊ ကံကောင်းထောက်၍၊
တစ်ယောက်ထူးလည်၊ ဖြစ်ပေသည်ဟု၊ အတည်နှလုံး၊ စွဲယူသုံးမှ၊
မြင့်ဆုံးမြင့်လှ၊ ဤဘဝဝယ်၊ လောဘနယ်တွင်း၊ ကျွန်စာရင်းမှ၊ လွတ်ကင်းဖို့ရာ၊
လေးသစ္စာကို၊ ယထာဘူတ၊ သိထိုက်လှပြီ ” ဟူသော ပညာရှိတို့၏ အဆုံးအမကိုလည်းကောင်း မြဲမြံစွာနှလုံးသွင်း၍ မိမိတို့ရရှိထားကြသောဘဝ၏ ထူးမြတ်လှသော အခွင့်အရေးကို သိနားလည်ကာ သာသနာတော်နှင့် ကြံုတွေ့ရကျိုးနပ်စေရန်နှင့် ထိုကျေးဇူးကြီးမားလှသော သာသနာတော် အရှည်တည်တံ့စေရန် ကြိုးစားနိုင်ကြဖို့သည်သာ အရေးအကြီးဆုံးဖြစ်ပါတော့သည်။
 
 
*ဦးဉာဏ(ကြွယ်အိပ်ပွဲ) ပြုစုသော
ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနဘုရားဖူးခရီးစဉ်မှတ်တမ်း ။ စာပေခွင့်ပြုချက်အမှတ်...
*သူရဇ္ဇမဂ္ဂဇင်း ၂၀၁၅ ဇန်၊ ဖေ၊ မတ် သုံးလတွင် အပြီးအထိ ပါရှိခဲ့ပြီး။
 
== ကျမ်းကိုး ==