ကန်းဇော်ပင်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: == ဆေးစွမ်းထက်သည့် ကန်းဇော်ဆီ == တနင်္သာရီ ကမ်းရိုးတန်းဒေသ...
(ကွဲပြားမှု မရှိ)

၀၁:၄၂၊ ၂၉ ဩဂုတ် ၂၀၀၉ ရက်နေ့က မူ

ဆေးစွမ်းထက်သည့် ကန်းဇော်ဆီ

တနင်္သာရီ ကမ်းရိုးတန်းဒေသရှိ တနင်္သာရီရိုးမ တောင်စဉ်တောင်တန်း တို့နှင့် ယှဉ်တွဲဖြစ်ပေါ် နေသည့် မြေနိမ့်ချိုမ့်ဝှမ်း များ၌ ပေါက်ရောက် သည့် သဘာဝ ပေါက်ပင်များ အနက် ကန်းဇော်ပင် ဟု ခေါ်သည့် အပင်မှ အသီး၊ ထိုအသီးမှ ထုတ်လုပ်ရရှိသည့် ကန်းဇော်ဆီ အကြောင်းအရာ တို့ကို လေ့လာ ဖော်ပြလို ပါသည်။

ပေါက်ရောက်ရာဒေသ

ကန်းဇော်ပင် သည် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် များ၌ မြေနိမ့်ချိုမ့်ဝှမ်း၊ ရွှံ့နွံပေါ၍ ရေရရှိသော ဒေသများတွင် အများအားဖြင့် ပေါက်ရောက်ပါသည်။ အပင်အရွယ် အစားမှာ အပင်ကြီး မျိုးစုဖြစ်ပြီး အမြင့်ပေ ၁၀၀ ကျော်အထိ ရှိသည်။ ရုက္ခဗေဒအမည်မှာ Bacourea Sapida ဟု ခေါ်ပါသည်။ အရွက်၏ အလျားမှာ ရှစ်လက်မခန့်ရှိ၍ အနံ နှစ်လက်မခန့် ရှိပြီး ငှက်မွှေးပုံသဏ္ဍန် ဖြစ်ပါသည်။ ဆောင်းနှောင်း တပို့တွဲနှင့် နွေဦးပေါက် တစ်ပေါင်းလတို့တွင် ဒူးရင်း၊ မင်းဂွတ်တို့ ပွင့်ချိန်နှင့်အတူ ပွင့်သီးကြ ပါသည်။ အသီးသီးချိန်မှ ရင့်မှည့်ချိန် အထိ အစိမ်းရောင် အတိုင်းသာ ရှိပြီး ကဆုန်၊ နယုန်လများတွင် ကြွေကျ၍ ကောက်ယူရရှိ နိုင်ပါသည်။

ကန်းဇော်စေ့ ပုံသဏ္ဍာန်

ကန်းဇော်အစေ့၏ ပုံသဏ္ဍာန်မှာ ခရုဖတ်ပုံရှိပြီး ခရေစေ့နှင့်လည်း အပေါ်ယံအားဖြင့် ဆင်တူပါသည်။ အစေ့မှာ ပြောင်ချော၍ နီညိုရောင်၊ ကြက်သွေးရောင် ရှိပါသည်။ ကန်းဇော် စေ့များကို ရှာဖွေကောက်ယူ၍ သုံးရက်ခန့် နေပူ လှမ်းပြီး အစေ့ခွံ ကြွပ်လာသည့်အခါ လက်ဖြင့်ခွာ၍ အတွင်းသား အစေ့များကို ထုတ်ယူရပါသည်။ ယင်း အစေ့များကို လက်ထောင်းဆုံတွင် ညက်အောင်ထောင်းပြီး ရရှိလာသော အမှု့န်များကို လေလုံအောင် ထားရပါသည်။

ကန်းဇော်ဆီ ထုတ်ယူပုံအဆင့်ဆင့်

ကန်းဇော်အစေ့ခွံကို လက်ထောင်းဆုံဖြင့် ထောင်း၍ ရလာသည့် အမှုန့်များကို ယူပြီး မူလက ခွာပြီးထားသည့် အစေ့များဖြင့် ရောနှောကာ ပေါင်းအိုးတွင် ထည့်ရပါသည်။ ရေမပြည့်တပြည့် ထည့်ထားသော ဒန်အိုးကို မီးဖိုပေါ် တင်၍ ကန်းဇော်အမှု့န်များ ထည့်ထားသည့် ပေါင်းအိုးကို အပေါ်မှ တင်ရသည်။ ပေါင်းအိုး၏ အဖုံးလှုံစေရန် ပေါင်းအိုးဝတွင် ငှက်ပျောဖက်အစိမ်းခံ၍ အပေါ်မှ ပန်းကန်ပြားဖြင့် အုပ်ပေးရသည်။ နာရီဝက်မျှ ကြာလျှင် ပေါင်းအိုး အဖုံးကို ဖွင့်၍ ၀ါးချွန်ငယ်ဖြင့် ပေါင်းအိုးအဝ ရှိသလောက် ထိုးဖောက်ပြီး ဖွပေးရသည်။ နောက်ထပ် ဆယ့်ငါးမိနစ်ကြာလျှင် တစ်ကြိမ် သုံးလေးခါလုပ်ပြီးမှ ကန်းဇော်မှုန့်များ ကျက်မကျက်ကို လက်ဖြင့် ပွတ်၍ စမ်းကြည့် ရသည်။ ဆီများ ထွက်လာလျှင် ကန်းဇော်မှု့န်မှာ ကျက်လောက်ပီဖြစ်၍ အဆီညှစ်ယူရန် ပြင်ဆင် ရသည်။

ပေါင်းအိုးထဲမှ ကန်းဇော်ဆီမှုန့် များကို ကရွတ်ဟု ခေါ်သည့် ၀ါးနှီးဖြင့် ရက်လုပ်ထားသော အိတ်ထဲသို့ တစ်ဇွန်းချင်း ခပ်ထည့်ရသည်။ အိတ်ထဲသို့ သုံးပုံနှစ်ပုံခန့် ထည့်ပီးသော် အိတ်အဝကို အစသပ်လိပ်ပီး သစ်သား ညစ်ရသည်။ ထွက်လာသော ကန်းဇော်ဆီများကို ဇလုံတစ်ခုတွင် ခံယူ၍ တစ်နေခန့် နေလှမ်းသည့် အခါ ရေများ အငွေ့ပျံသဖြင့် ကန်းဇော်ဆီစစ်စစ် ရရှိပါသည်။ အမှုန့်ကြိတ်စက်ဖြင့် ထုတ်လုပ်ရယူသည့် ကန်းဇော်ဆီမှာ လက်ထောင်းဆုံဖြင့် အမှုန့်ထောင်း ယူထားသည့် ကန်းဇော်ဆီနှင့် ဆေးဖက်ဝင် အာနိသင် ကွာခြားသည်။

ကန်းဇော်ဆီများကို ဖန်ပုလင်းများတွင် ထည့်ရင်း ရင်ကန်းအဆို့ဖြင့် ပိတ်ဆို့ထားကြသည်။ ကန်းဇော်ဆီမှာ ပုလင်း များထဲတွင် တစ်ဖြည်းဖြည်း အနည်ထိုင်လာရာ ငါးဆယ်ကျပ်သားဝင် ပုလင်းတစ်လုံးလျှင် တစ်လက်မမျှ ရရှိတတ် ကြသည်။ ၄င်းအနည်များကို ကန်းဇော်ချေးဟု ခေါ်ကြသည်။ ထိုကန်းဇော်ဆီချေး များကို ပြည်စု၊ ပြည်တည်၊ အနာဟောင်း၊ အနာဆွေး၊ အနာဆိုး အနာများတွင် ထည့်ပေးကြသည်။ ကန်းဇော်ဆီကို နှစ်ကာလ ရှည်ကြာစွာ ထားလည်း အရောင်၊ အနံ့၊ အရသာနှင့် ဂုဏ်သတ္တိ အာနိသင်များ မပြောင်းလဲပေ... ကန်းဇော်ဆီ၏ အရောင်မှာ ဆီအုန်းဆီကြမ်း အရောင်နှင့် ဆင်တူပါသည်။ ထုတ်လုပ်ထားစတွင် အနယ်၊ အမှုန့်များ ရှိနေ၍ ၀ါဖျော့ဖျော့ ဖြစ်နေ ပါသည်။ အန့ံမှာ ကြမ်းပိုးကောင် ပွတ်ချေပီး ထွက်လာသည့် အနံမျိုးဖြစ်၍ ဆူးကြမ်းပိုး ရွက် အနံ့နှင့် ပိုတူ ပါသည်။ အရသာမှာ ချို၊ ဆိမ့်၊ ခါး နှောနေပါသည်။

အသုံးဝင်ပုံ

ကန်းဇော်ဆီသည် ဝမ်းဗိုက်အတွင်းရှိ အူများနှင့် အစာအိမ်တို့တွင် ဖြစ်တတ်သည့် အနာရောဂါများ၊ သားအိမ် ကင်ဆာ၊ ပန်းနာရင်ကြပ်၊ လေထိုး၊ လေအောင့် ဝေဒနာများကို သက်သာ ပျောက်ကင်းပါသည်။ ဝမ်းတွင်းရှိ အလုံး အကြိတ်များကို ကန်းဇော်ဆီ သောက်ပေးခြင်းဖြင့် ပျောက်ကင်းပါသည်။ ထိခိုက်၊ ရှနာ၊ ပြည်စုနာ၊ အိုင်းအနာ၊ အနာ ပချုပ်၊ အသားတွင်း သွေးပုတ်၊ ပြည်ပုတ် အနာများကို ဂွမ်း၊ ပတ်တီးစ များဖြင့် ထည့်အုံးပေးလျှင် ပျောက်ကင်း ပါသည်။ ဂရင်ဂျီနာ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုပြန်၊ မီးယပ်၊ အသားအရည် ခမ်းခြောက်၊ ထုံကျင် ကိုက်ခဲသည့် ရောဂါများကို လိမ်းပေးခြင်း၊ သောက်ပေးခြင်း တို့ဖြင့် ပျောက်ကင်းပါသည်။ ပူစပ်၊ နာကျင်မှု မရှိဘဲ၊ အနာကောင်းသည့် အခါ အနာရွတ်။ အမဲကွက်များ ထင်ကျန်ခြင်း မရှိဘဲ နဂိုအသားအရည် အတိုင်းပင် ဖြစ်နေပါသည်။

ကိုးကား

[၁] ရည်ညွှန်း- ရွှေသာရီမဂ္ဂဇင်း(၂၀၀၂)