ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: '''ကဗျာလင်္ကာ''' ဟူသည်ကား လူတို့နေ့စဉ် သုံးစွဲပြောဆိုနေသော ...
 
No edit summary
စာကြောင်း ၂ -
 
ကဗျာလင်္ကာကို မြန်မာဘာသာ စာပေသာမဟုတ်၊ ကမ္ဘာပေါ်ရှိ ဘာသာစာပေ အသီးသီးတို့၌လည်း တွေ့ရှိနိုင်သည်။ ထိုသို့ဖြစ်သော် ကဗျာလင်္ကာသည် မည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်းဟု စဉ်းစားဖွယ်ရှိသည်။ ကဗျာလင်္ကာကို မည်သူကစ၍ ရေးလိုက်သည်ကို ကျွန်ုပ်တို့ အတိအကျ မပြောနိုင်ချေ။ သို့သော် ကဗျာလင်္ကာ မည်သို့စတင်ဖြစ်ပေါ်လာသည်ကိုမူ ခန့်မှန်း ချိန်ဆနိုင်ပေသည်။ ကဗျာလင်္ကာဟူသည် တေးဂီတပမာ ချိုသာငြိမ့်ငြောင်းအောင် စီကုံးထားသော စာဖြစ်သည်ဟု အထက်ကဆိုခဲ့ပြီ။ ထို့ကြောင့် ကဗျာလင်္ကာ၏ ရေသောက်မြစ်ဖြစ်သော တေးဂီတများကို ပြန်လည် စဉ်းစား သင့်ပေသည်။ တေးဂီတများမည်ကဲ့သို့ စတင်ပေါ်ပေါက်လာသနည်း။
 
ကမ္ဘာလောကကြီး၌ သာယာသောအသံ ဆိတ်သုန်းနေသည့် အချိန်ဟူ၍ မည်သည့် အခါကမ မရှိခဲ့ချေ။ သတ္တလောကကြီးမဖြစ်တည်မီ လောကဓါတ်ကြီးတစ်ခွင်လုံး ရေပြင်အတိ ဖုံးလွှမ်းနေသော ကမ္ဘာပျက်နေချိန်၌ပင် ရေယာဉ်လှိုင်းတို့ခွပ်သံ၊ လျှပ်စစ်ပြက်၍ မိုးကြိုးထစ်သံ စသော အသံများ ရှိခဲ့ပေသည်။ ထိုနောက် ရေများခန်းခြောက်၍ မြေပြင်ပေါ်ထွန်း လာသောအခါ လေဖြင့် တိုက်ခတ်အပ်သော ရေလှိုင်းသံသည်လည်းကောင်း၊ ပင်ထက်မှ သစ်ရွက် သစ်ခက်ကလေးများ လှုပ်ရှားသံသည်လည်းကောင်း၊ ချောင်း
မြောင်း အင်းအိုင်တို့မှ ရေပွက်သံသည် လည်းကောင်း၊ ပိုးမွှားတိရစ္ဆာန် တို့၏ အော်မြည်သံသည်လည်းကောင်း၊ ကျေးငှက် သာရကာတို့၏ ရင့်ရူသံသည် လည်းကောင်းအသီးသီး ရှိခဲ့ကြပေသည်။ ထိုအသံများမှာ စင်စစ် သဘာဝ၏ တေးဂီတပင် ဖြစ်လေသည်။ ဂီတသံနွှယ်သည့် သာယာငြိမ့်ငြောင်းသော ထိုသဘာဝသံကို ကမ္ဘာဦးသူတို့ အာရုံပြုမိကြသည်။ ကလေးသူငယ်များသည် အိမ်၌မွေးထားသောကြောင်ကလေး၊ ခွေးကလေးတို့၏ အသံကိုအတုယူအော်ကြည့်ကြသကဲ့သို့ ကမ္ဘာဦးသူ တို့သည်လည်း ထိုသဘာဝ ဂီတသံများကို အတုယူကြသည်။ ဦးစွာ သူတို့အနီးပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ အော်သံကို အတုယူသည်။ အထူးသဖြင့် ငှက်ကလေးများ၏အသံကို မတူ တူအောင် လေ့ကျင့် ကြည့်ကြ၏။ ငှက်မြည်သံမှာ လူတို့အတုယူရန် အလွယ်ဆုံးသော အသံဖြစ်လေသည်။
 
ကမ္ဘာဦးသူတို့သည် တစ်နေ့လုံး အမဲလိုက် ငါးမျှားစသည်ဖြင့် အစာရှာဖွေခဲ့ရ၍ ပင်ပန်းနွမ်းလျကြသည့် အလျောက်ညချမ်းအချိန်ဝယ် စုဝေးလျက် ကျေးငှက်အသံ၊ မိုးသံ၊ လေသံ၊ သစ်ပင်သစ်ရွက် လှုပ်ရှားသံစသော သဘာဝ ဂီတသံတို့ကို တစ်ယောက်တစ်လှည့်စီ အတုယူအော်မြည်၍ ဖျော်ဖြေကြပေလိမ့်မည်။ အချို့သော သူများကလည်း အနားယူချိန်တွင် မိမိတို့တစ်နေ့တာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် ဗဟုသုတတို့ကို တစ်ဆင့်စကား တစ်ဆင့်နားရောက်အောင် ပြောကြား ကြပေမည်။ ယင်းသို့ ပြောကြားရာတွင် ပတ်ဝန်းကျင် သဘာဝဂီတသံကို အားကျ၍ ရိုးရိုး စကားနှင့် မပြောဘဲ ဂီတသံနှောသည့် စကားလုံးတို့ဖြင့် ကြံဖန်ပြောသည့်အလေ့ ဖြစ်လာခဲ့ဟန်တူသည်။ ဝိုင်းဖွဲ့ စကားပြောရာတွင် ပျော်ရွှင်မြူးတူးကြသည့် အလျောက်လက်ခုပ်တီးခြင်း၊ ခြေဆောင့်ခြင်း၊ စည်းလိုက်ခြင်း၊ လေချွန်ခြင်းစသော အမှုတို့ကိုပြုလျက် စကားပြောသူကလည်း ဂီတသံနွှယ်သည့် ချိုသာသော စကားများကို ပြောပေလိမ့်မည်။ ဤသို့ စကားရိုးရိုးမှ ဂီတသံကိုမှီးလျက် သာယာနာပျော်ဖွယ်ဖြစ်အောင် စီကာပတ်ကုံး ပြောခြင်းသည်ပင်လျှင် ကဗျာလင်္ကာ သန္ဓေစွဲလာနေပြီဟုဆိုရပေမည်။ သို့သော် ဤသည်ကား နှုတ်ကဗျာ သာလျှင် ဖြစ်သေး၏။ စာအက္ခရာမပေါ်ပေါက်မီကပင်လျှင် လူတို့သည် မိမိတို့ စိတ်နှလုံး၌တွေ့ကြုံခံစားမှုတို့ကို ထုတ်ဖေါ်ပြောဆိုကြသော ကဗျာတေးများ ရှိခဲ့ကြသည်။ ထို့ကြောင့် အက္ခရာစာများ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာ အရေးအသားဟူ၍ ပေါ်ထွန်းလာမည်မှာ ကျိုးကြောင်း ဆက်စပ်ကြည့်ကသိနိုင်ပေသည်။
 
မိမိစိတ်၌ ခံစားမှု၊ လှုပ်ရှားမှု၊ တွေးကြံမှုတို့ကို သူတပါးစိတ်၌ ထိုနည်းနှင်နှင် တွေ့ကြုံခံစား လှုပ်ရှားလာနိုင်အောင် ကူးဆက်ပေးသောအရာကား ကဗျာလင်္ကာပင် ဖြစ်သည်။ ယင်းသို့ မိမိခံစားရမှုကို သူတစ်ပါးကိုယ်တွေ့ ခံစားမှုဖြစ်သွားအောင် ကူးပြောင်းပေးရသည်မှာ မလွယ်ကူချေ။ မိမိသိသလို သူတစ်ပါးသိအောင်၊ မိမိမြင်သလို သူတစ်ပါးမြင်အောင် ပြစားဖို့ရာ လက်နက်ကောင်း လိုပေသည်။ ထိုလက်နက်ကောင်းကား ကဗျာလင်္ကာတည်းဟူသော တန်ဆာဖြစ်မြောက်အောင် ထောက်မကူညီပေးသော အသံကာရန်၊ စပ်ပုံဟပ်ပုံ၊ စပုံချပုံ အနက်အဓါိယ် စသည်တို့ဖြစ်ကြ၏။
 
ကဗျာလင်္ကာဟူသည် ကာရန်ကလေးများ ဟပ်ထားရုံနှင့် ကဗျာလင်္ကာမြောက်ပြီဟု မဆိုသာချေ။ သဒ္ဒလင်္ကာရ၊ အတ္တလင်္ကာရ စသောတန်ဆာများဖြင့် ဝေဝေ ဆာဆာဆင်မြန်းပေးဖို့ လိုသေးသည်။ မည်သည့် ဘာသာစာပေ၌ မဆို ကာရန်ချိတ်ဆက်ပုံ၊ အသံနေအသံထားယူပုံ၊ အလင်္ကာရသပေါ်အောင် ဖွဲ့ပုံစသော ကဗျာဥပဒေစည်းကမ်းများရှိပေသည်။ ထိုစည်းကမ်းများဖြင့် စံနစ်တကျ ကုံလုံပြည့်ဝအောင် ဖွဲ့စီသီကုံးတတ်မှသာ ကဗျာလင်္ကာ ဖြစ်ပေမည်။ ကဗျာစာဆိုသည် ထိုထို လက်နက် ကရိယာများကို မှန်ကန်
အောင် သုံးတတ်ပါမှ စာဆိုကိုယ်တိုင် သိရှိခံစားရသော အရသာကို စာဖတ်သူသည် တင်းပြည့်ကျပ်ပြည့် ခံစားနိုင်ပေမည်။ ကာရန်သာညီ၍ ကဗျာ့အရသာ မထိမိသော ကဗျာကလေး တစ်ပိုဒ်ကို ပုံစံပြလိုသည်။
 
<blockquote>
တို့ကျောင်းတောင်က စိန်ပန်းတော၊
အပျိုလေးတွေ လက်နဲ့ခေါလို့၊
ရွှေမုဌောတဲ့တင်ကြရှာ။
</blockquote>