မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉ -
==ပျူနိုင်ငံတော်အကြောင်း==
ယူနန်နယ်အတွင်း အခြေအနေကို မေးမြန်းစုံစမ်းယင်း ယူနန်နယ်နှင့်နယ်မြေဆက်စပ်သော ပျူနိုင်ငံ အကြောင်းလည်း ပါလာသည်။ ပျူတို့အကြောင်းကိုဖေါ်ပြသော သီးသန့်အပိုင်းတစ်ပိုင်း ရှိသော်လည်း၊ ယူနန်နယ် အတွင်းအကြောင်း၊ အထူးသဖြင့် နယ်စပ်အကြောင်းကို ဖေါ်ပြလာသောအခါ၊ ပျူတို့နယ်မြေနှင့် ပတ်သက်သော အချက်အလက် ထိုထိုဤဤ မသိမသာ ပါရှိလာကြောင်း လေ့လာတွေ့ရှိရသည်။ မန်ရှုကျမ်းသည် မင်(င်)မင်းဆက် ခေတ်ဦးအထိ၊ အဆင့်ဆင့် ရေးကူးလာခဲ့ရာ ပေါ့ပေါ့တန်တန် ရေးကူးခဲ့သူ၏ လက်ချက်ကြောင့်၊ အမှားအယွင်း အတော်များများ ပါရှိလာခဲ့သည်။ ကျမ်းပြုသူ မူရင်းထဲမှာ အမှားအယွင်းရှိသည် မှန်သော်လည်း၊ နှောင်းခေတ်ရေးကူးသူတို့၏ ပေါ့ဆမှုကြောင့် ဖြစ်လာသော အမှားအယွင်း သာ၍ များပြားသည်။ ကံအားလျော်စွာ ရှေးဟောင်းမြန်မာနိုင်ငံ သမိုင်းနှင့် ပတ်သက်သော အချက်အလက်ဘက်မှာစာလုံးအမှား၊ စာကြောင်းအမှား အတော်နည်းပါးကြောင်း လေ့လာတွေ့ရှိရသည်။
 
==ပျူနိုင်ငံတော်အကြောင်း ကောက်နှုတ်ချက်များ (ဦးရည်စိန်၏ မန်ရှူးကျမ်းလာပျူနိုင်ငံစာတမ်းမှ)==
ဦးရည်စိန်၏ မန်ရှူးကျမ်းလာပျူနိုင်ငံ စာတမ်းမှ ပျူနိုင်ငံတော်နှင့် ပတ်သက်သည့် အချက် ၆ ချက်ကို ကောက်နှုတ်တင်ပြထားပါသည်။ ဦးရည်စိန်၏ သုံးသပ်ချက်များလည်း ပါဝင်ပါသည်။
 
===ကောက်နှုတ်ချက် ၁===
မန်ရှုကျမ်း အခန်း-၁၀ (နန်စောနှင့် နယ်မြေဆက်စပ်သော နိုင်ငံများအကြောင်း)တွင် ပျူနိုင်ငံကို အောက်ပါ အတိုင်း ဖေါ်ပြထား၏။
 
ပျူနိုင်ငံ(၏ မြို့တော်)သည် အရိုင်းတို့၏ ယွန်ချန်း(င်) မြို့ တောင်ဘက် ခရီးထောက် ခုနစ်ဆယ့်ငါးရက် (ခုနစ်ဆယ့်ငါးရက် သွားရသောခရီး) အကွာတွင်တည်ရှိ၏။ ကော်လော်ဖဲင့်က ပေါက်ရောက်အောင် ဆောင်ရွက်ခဲ့သော ဒေသတည်း။ ထိုနိုင်ငံ၌ ငွေဒင်္ဂါးကို သုံးကြ၏။ ညိုမည်းရောင်အုတ်ဖြင့် စက်ဝိုင်းပုံမြို့ရိုးကို တည်ဆောက်သည်။ ပတ်၍ လျှောက်လျှင် တစ်ရက်ခရီး ဖြစ်၏။
မြို့သူ မြို့သား အားလုံးတို့သည် မြို့အတွင်းဘက်၌ နေထိုင်ကြ၏။ မြို့တံခါးပေါက် တစ်ဆယ့်နှစ်ခု ရှိသည်။
 
ဘုရင်မင်း၏ နန်းတော်ရှေ့တွင် ရုပ်ပွါးတော်တစ်ဆူ ရှိ၏။ လဟာပြင်တွင်တင်ပျဉ်ခွေ ထိုင်တော်မူသည်။ ဉာဏ်တော် ပေပေါင်း တစ်ရာကျော်ရှိ၏။ ဆီနှင်းခဲနှင့် ဆီးနှင်းကဲ့သို့ ဖြူဆွတ်နေသည်။
 
သူတို့ဓလေ့အရ ဟိရိသြတပ္ပ တရားကို အလေးထား၏။ စိတ်နေသဘောထားကောင်းမွန်၍ စကားနည်းသူ ဖြစ်သည်။ ဗုဒ္ဓဘာသာ တရားတော်ကို အလေးအမြတ် ခံယူကြ၏။ မြို့တွင်း၌ သတ်ဖြတ်မှု မရှိချေ။ ဗေဒင်နက္ခတ်ပညာလိုက်စားသူ များစွာ ရှိသည်။
 
တရားရင်ဆိုင်လာသော် ဘုရင်မင်းက နှစ်ဦးနှစ်ဘက်အား ရုပ်ပွါးတော်ရှေ့မှောက်၌ အမွှေးအကြိုင်ကို ရှိစေပြီး၊ အမှားအမှန်ကို စဉ်းစားဆင်ခြင်စေ၏။ ထို့နောက် နှစ်ဦးနှစ်ဘက် နောက်ဆုတ်သွားတော့သည်။
 
ကပ်ရောဂါ ကျရောက်လာသော အခါ မှာသော်လည်းကောင်း၊ တိုင်းရေးပြည်မှု မအေးချမ်း၊ မငြိမ်သက်သော အခါတွင် သော်လည်းကောင်း၊ ဘုရင်မင်းသည် ရုပ်ပွါးတော် ရှေ့မှောက်၌ အမွှေးအကြိုင်ရှိပြီး မိမိကိုယ်ကို အပြစ်တင်၍ မိမိမှားယွင်းကြောင်း ဝန်ခံသည်။
 
အမျိုးသားများသည် အများအားဖြင့် ပိတ်ဖြူပါးကို ဝတ်ဆင်ကြ၏။ အမျိုးသမီးများက ဦးထိပ်မှာ ဆံထုံးမြင့် မြင့် ထုံးထားကြ၍ (ဆံထုံးအပေါ်မှာ) ရွှေတန်ဆာ၊ ငွေတန်ဆာ၊ ပုလဲ (စသည်တို့)ဖြင့် ဆင်ယင်ထားသည်။ လဲမှိုချည်ထမီကို ဝတ်ဆင်ကြ၏။ ပခုံးမှာ ပိုးပဝါ လွှမ်းရုံထားသည်။ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ယပ်တောင်ကို အမြဲကိုင်ဆောင်ထား၏။ အမျိုးအနွယ် မြင့်မြတ်သော အိမ်ထောင်စုမှ အမျိုးသမီးများမူကား၊ ၎င်း၏ အနား၌ (အမျိုးသမီး) သုံးယောက်မှ ငါးယောက်အထိ ယပ်တောင် ကိုင်ထားပေးရသည်။
 
သံအဖွဲ့ တစ်ဖွဲ့ ဖွဲ့က အရိုင်းတို့၏ နယ်မြေဖြစ်သော ဟယ်ထန်း သို့ ရောက်လာသောအခါ လင်းပိုင်ကောင်များ၊ ပိတ်ဖြူပါးနှင့် ဖန်ထည်များကို ယူဆောင်၊ကာ (အရိုင်းတို့နှင့်) ကုန်ပစ္စည်း လဲလှယ်ကြသည်။
 
ထိုနိုင်ငံသည် ပသီ၊ ဗြဟ္မဏတို့နှင့် နယ်မြေ ဆက်စပ်၏။ (မြို့တော်မှ) အနောက်ဘက်သို့ လားသော် ရှဲ့လိမြို့သို့ ခရီးထောက် နှစ်ဆယ်ရက် (ရက်ပေါင်းနှစ်ဆယ် သွားရသောခရီး)ဖြစ်၏။ ရှဲ့လိမြို့သည် အိန္ဒိယ အလယ်ပိုင်း ဖြစ်ကြောင်း၊ ထိုမြို့အနီးအနားတွင် သဲတောင်ရှိကြောင်း၊ မြက်ပင် သစ်ပင် မပေါက်ကြောင်း ဗုဒ္ဓကျမ်းဂန်အရ သိရ၏။ “သဲတောင်ကို ကျော်ဖြတ်ရ၏”ဟူ၍ ဂင်္ဂါနဒီသူတြတွင် ဖေါ်ပြထားသည်။ ဤသို့ဖြစ်လျှင် ပျူနိုင်ငံ
ဟူသည် အရှေ့အိန္ဒိယ ဖြစ်မည်လောဟု တွေးဆမိသည်။
 
အရိုင်းသူပုန် သောင်းကျန်းသူတို့သည် ထိုက်တယ်ခြောက်နှစ် (ခရစ်နှစ် ၈၃၂ ခုနှစ်)တွင် ပျူနိုင်ငံသို့ ချင်းနင်းဝင်ရောက်လာပြီး လုယက်ဖျက်ဆီးတော့၏။ လူသုံးထောင်ကို ဖမ်းဆီးသွားပြီး ကျယ့်တုန်း၌ နေရာချထားလိုက်သည်။
စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် ရှာကြံစေ၏။ ယနေ့ထက်တိုင် (ခရစ်နှစ် ၈၆၄ ခုနှစ်ခန့်) ထိုသူတို့၏ သားမြေးများသည် ငါးများ၊ ပိုးကောင်များ
စသည်တို့ကို စားကြသည်။ ထိုသူများကား (ပျူနိုင်ငံမှ) ကြွင်းကျန်လျက်ရှိသော မျိုးနွယ်ပင်တည်း။