"မန်ရှူးကျမ်း" ၏ တည်းဖြတ်မှု မူကွဲများ

၂၃၅၁၈ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် ရှာကြံစေ၏။ ယနေ့ထက်တိုင် (ခရစ်နှစ် ၈၆၄ ခုနှစ်ခန့်) ထိုသူတို့၏ သားမြေးများသည် ငါးများ၊ ပိုးကောင်များ
စသည်တို့ကို စားကြသည်။ ထိုသူများကား (ပျူနိုင်ငံမှ) ကြွင်းကျန်လျက်ရှိသော မျိုးနွယ်ပင်တည်း။
 
===သုံးသပ်ချက် ၁===
====နန်စောနှင့် ပျူတို့၏နေရပ်====
မန်ရှူးကျမ်းမှာ “မန်” MAN ဟူသော ဝေါဟာရကို ကျမ်းတစ်စောင်လုံးမှာ တွေ့ရ၏ ။ မျိုးနွယ်စုအမည်ကိုတပ်၍ တွဲရေးသော “မန်"ကလွဲလျှင် “မန်”ဟူသောဝေါဟာရသည် ယေဘုယျအားဖြင့် “နန်စောသား”တို့ကို ရည်ညွှန်းသည်။ ဤအပိုဒ်မှာရှိသော “မန်”လည်းဤသို့ ဖြစ်၏။ တိုက်ရိုက်ပြန်ဆိုလျှင် “အရိုင်း”ဟု အနက်ထွက်သည်။ ထိုခေတ် ထိုအခါတွင် ယုန်ချန်း(င်)မြို့သည် နန်စောတို့၏ နယ်မြေတွင် ရှိသဖြင့် “အရိုင်းတို့၏ ယုန်ချန်း(င်)မြို့”ဟု ဆိုလိုက်ဖြစ်၏။ မြန်မာတို့သိသော ဝန်စင်/ ၀န်ဆင်/ ရုံဆင်/ ရုံရှံ ဖြစ်၍ တိုင်း TAI တို့သိသော WAN-CANG/ WAN-CH'ANG/ WAN-SANG ပင်တည်း။ ၁၉ ရာစုတွင် တိုင်းတို့က MONG CHIANG ဟု ခေါ်တွင်သည်။ ယနေ့ ပေါင်ရှန်း ဖြစ်၏။ “ယုန်ချန်း(င်) တောင်ဘက်"ကို “ယုန်ချန်း(င်) အနောက်တောင်ဘက်”ဟူ၍ ပြင်ဆင် ဖတ်ရှုရမည်ဖြစ်သည်။ ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်းမှာ “အနောက်တောင်ဘက်”ဟု ပြ၏။ တရုတ်မှတ်တမ်းများတွင် ပျူမြို့တော်အမည်ကို ထင်ရှားစွာ ဖေါ်ပြထားခြင်း မရှိချေ။ ဤအပိုဒ်တွင် ပျူမြို့တော်၏ တည်နေရာကို ညွှန်ပြသော အချက်တစ်ချက်ရှိသည်။ ဤကား “(မြို့တော်)အနောက်ဘက်သို့လားသော်၊ ရှဲ့လီမြို့သို့ ခရီးထောက် နှစ်ဆယ်ရက်ဖြစ်၏” ဟူသောစကားရပ်ပင်တည်း။ “အနောက်” ဟူသော စကားကို “အနောက်မြောက်” ဟု ပြင်ဆင် ဖတ်ရှုရမည် ဖြစ်သည်။ “မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လိမြို့”သို့ ရက်ပေါင်း နှစ်ဆယ်သွားရကြောင်း ဆိုလိုသည်။ မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လီမြို့သည် ယခု ရခိုင်ပြည်နယ် ဝေသာလီပင် ဖြစ်၏။
 
====ဝေသာလီ (ရှဲ့လီ)====
သို့ရာတွင် ကျမ်းပြုသူ ဖန်ချော့သည် သရေခေတ္တရာ အနောက်မြောက်ဘက်ရှိ ဝေသာလီကို အိန္ဒိယက ဝေသာလီနှင့် ရောထွေးမိ၏။ အိန္ဒိယက ဝေသာလီသည် ယခု အိန္ဒိယ GANDAK မြစ် လက်ဝဲဘက်ကမ်း HAJIPUR မြောက်ဘက် တစ်ဆယ့်ရှစ်မိုင်အကွာ MUZZAFFARPUR ဒေသတွင်းရှိ BASARH မှာ တည်ရှိသည်။ ကျမ်းပြုသူ ဖန်ချော့က ယခု ရခိုင်ပြည်နယ်မြို့ဟောင်း မြောက်ဘက် ငါးမိုင်အကွာခန့်ရှိ ဝေသာလီကို အိန္ဒိယက ဝေသာလီဟု ထင်မှတ်မိခြင်းသည် တရုတ်တို့က အိန္ဒိယ ဝေသာလီကိုသာ သိကျွမ်းခဲ့ခြင်းကြောင့်ပင်တည်း။ ပျူမြို့တော် သရေခေတ္တရာနှင့် အလှမ်းမဝေးလှသော ဝေသာလီကို အိန္ဒိယက ဝေသာလီမှာဟု ထင်မှားမိသဖြင့် ဖန်ချော့သည် နိုင်ငံကို အိန္ဒိယအရှေ့ပိုင်း (အရှေ့အိန္ဒိယ) တုန်းထီး-ယ်(န်)ကျူး"ဟု သံသယ ဖြစ်မိလာတော့သည်။
 
====နန်စောမင်း ကော်လော်ဖဲင့် ပျူတို့အားတိုက်ခိုက်ခဲ့ခြင်း====
“ကော်လော်ဖဲင့်က ထိုနိုင်ငံသို့ ခရီးပေါက်အောင် ဆောင်ရွက်ခဲ့သည်” ဟူသောစကားရပ်သည် ခရစ်နှစ် ၇၆၂ ခုနှစ် ဆောင်းဥတုကာလနှင့် ၇၆၃ ခုနှစ် နွေဦးကာလအတွင်း နန်စောမင်းကိုယ်တိုင် စစ်တပ်ဖွဲ့ကို ဦးဆောင်လျက် အနောက်တစ်ခွင်သို့ စစ်ခင်းခဲ့ခြင်းကို ဆိုလို၏။ ကော်လော်ဖဲင့်၏ စစ်ဆင်မှုကြောင့် ဧရာဝတီမြစ်ညာတစ်လျှောက် နန်စောပိုင်နက် ဖြစ်လာတော့သည်။ နန်စော၏ သြဇာအာဏာသည် ပျူတို့ဒေသသို့ ထိုးဖောက်ဝင်ရောက်လာသဖြင့် ပျူနိုင်ငံသည် နန်စော၏ လက်အောက်ခံနယ် ဖြစ်လာပါတော့သည်။
 
နန်စောတပ်ဖွဲ့သည် ခရစ်နှစ် ၈၃၂ ခုနှစ်တွင် သရေခေတ္တရာသို့ ချင်းနင်းဝင်ရောက် လုယက်ဖျက်ဆီးခဲ့ကြောင်း မန်ရှုကျမ်းမှာ ဖော်ပြထားသည်။ ဤအချက်ကို ပုဂ္ဂလိကမှတ်တမ်းမှတ်ရာမှ ဖန်ချော ရယူခြင်း ဖြစ်တန်ရာသည်။ နန်စောတပ်ဖွဲ့သည် ပျူသုံးထောင်ကို ဖမ်းပြီး ယူနန်နယ် အရှေ့ပိုင်းရှိ ကျယ့်တုန်း ယခု ယူနန်နယ်မြို့တော် ခွန်းမင်(င်) မှာ နေရာချထားသည်။ ထန်မင်းဆက် သမိုင်းဟောင်း နှင့် ထန်မင်းဆက်အုပ်ချုပ်ပုံ စာတမ်းမှာ ခရစ်နှစ် ၈၃၂ ခုနှစ် အရေးအခင်းအကြောင်းကို မပါရှိချေ။ ထန်မင်းဆက် သမိုင်းသစ် မှာ အကျဉ်းအားဖြင့် ဖော်ပြထားသော်လည်း မန်ရှုကျမ်းမှတစ်ဆင့် ကူးယူထားခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ်ထိုအခါက နန်စောမင်းသည် ချွမ့်ဖဲင့်ယို ဖြစ်သည်။
 
====ပျူဒင်္ဂါးများ====
နန်စော၏ နယ်မြေအတွင်း ဒင်္ဂါးကြေးငွေ မသုံးပဲ ပျူနိုင်ငံမှာ ငွေဒင်္ဂါးသုံးသည်ဟု မန်ရှုကျမ်းမှာ ဖေါ်ပြထား၏။ ယခု မြန်မာနိုင်ငံတွင် ပုံစံမတူ၊ အရွယ်အစားမတူသော ငွေပြားအဝိုင်းများကို တွေ့ရှိထားသည်။ အများက “ပျူဒင်္ဂါး”ဟု ခေါ်ဆိုကြသော ထိုငွေပြားအဝိုင်းကို ကြေးငွေအဖြစ်၊ လဲလှယ်ရေး မဏ္ဍိုင်အဖြစ် သုံးကြသည်မဟုတ်ဘဲ၊ လည်ဆွဲတန်ဆာအဖြစ် သုံးသောပစ္စည်း ဖြစ်ပေမည်ဟု အချို့ ပညာရှင်တို့က ယူဆကြ၏။ အကြောင်းကား တွေ့ရှိထားသော ငွေပြားအပိုင်းအချို့တွင် အပေါက်တစ်ပေါက် သို့မဟုတ် နှစ်ပေါက် ဖေါက်ထားခြင်းကြောင့်တည်း။ သို့ရာတွင် စဉ်းစားဆင်ခြင်ရမည့် အချက်တစ်ချက်ရှိ၏။ ထိုငွေပြားအဝိုင်း၏ မူလရည်ရွယ်ချက်သည် လဲလှယ်ရေး မဏ္ဍိုင်အဖြစ်သုံးရန်မဟုတ်ဘဲ လည်ဆွဲတန်ဆာ အတွက်သာ ဖြစ်မည်ဆိုလျှင် သွန်းလုပ်သည့်အခါ ဆွဲချိတ်ရန် အပိုင်း သို့မဟုတ် အပေါက်ဖောက်ရမည့် နေရာကို ကြိုတင်၍ စီစဉ်ထားရပြီး
ဖြစ်တန်ရာသည်။ ပျူတို့မှာ ရွှေပန်းတိမ်၊ ငွေပန်းတိမ် အနုပညာ အဆင့်အတန်းအတော်မြင့်မား၍ ဤသို့သေးငယ်သောကိစ္စကို စီစဉ်ရန် ခဲယဉ်းမည်မဟုတ်ချေ။ ယခုတွေ့ရှိထားသော ငွေပြားအပိုင်းပေါ်တွင် အပေါက်ဖေါက်ထားသောနေရာ အတည်တကျမရှိ၊ ဖေါက်ထားသော အပေါက်လည်း ကြီးလွန်း၊ ကျယ်လွန်းသည်။ ဖြစ်သလို ဖောက်ထား၏ ၏။ နေရာအလွတ်မှာ အပေါက်ဖေါက်သည်။ တစ်ဘက်မှာ လွတ်သော်လည်း နောက်တစ်ဘက်မလွတ်နိုင်ချေ။ ထို့အပြင် တွေ့ရှိသမျှသော ငွေပြားအဝိုင်းများ အားလုံးမှာ အပေါက်ဖေါက်ထားကြသည်မဟုတ်။ ယခုခေတ်မှာ လူတွေက ငွေကျပ်ပြားများကို အဆင်တန်ဆာအဖြစ်သုံးသကဲ့သို့ ဖြစ်ကြောင်း၊ အင်္ဂလိပ် ရွှေဒင်္ဂါးပြား၊ အမေရိကန် ရွှေဒင်္ဂါးပြားကို လည်ဆွဲတန်ဆာအဖြစ် သုံးသကဲ့သို့ဖြစ်ကြောင်း တွေ့ရ၏။
 
ထို ပျူငွေပြားအဝိုင်းသည် လဲလှယ်ရေးမဏ္ဍိုင်အဖြစ် မသုံးဟု ယူဆကြသည့်တိုင်အောင်၊ ပျူတို့ပိုင်နက်ထဲသို့ ဝင်ရောက် ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့သော တရုတ်ကုန်သည်တို့က ပါလာသော ကုန်ပစ္စည်းများကို ထိုပျူငွေပြားဖြင့် လဲလှယ်ခဲ့ခြင်းကြောင့် “ပျူနိုင်ငံမှာ ငွေဒင်္ဂါးသုံးကြသည်”ဟု ဖန်ချော့က ရေးမှတ်ထားခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထန်မင်းဆက် သမိုင်းသစ်တွင်မူ ရွှေငွေဖြင့် ဒင်္ဂါးသွန်းလုပ်ထားကြောင်း၊ အမည်
အားဖြင့် “တဲ(င်)ကျီး-ယား-ထော်”ဖြစ်ကြောင်း၊ လခြမ်းပုံကဲ့သို့ ဖြစ်ကြောင်း ဖေါ်ပြထား၏။ “တဲ(င်)ကျီး-ယား- ထော်”၏ ရှေးဟောင်းဖတ်သံသည် Tang-gia-da ဖြစ်သည်။ *da ဟူသော ဝေါဟာရ၏ အနက်အဓိပ္ပါယ်ကို မသိနိုင်သော်လည်း *Tang-g'ia ဟူသည် သက္ကဋဘာသာစကား tahka (ဋင်္က)ကို အသံလှယ်ထားကြောင်း ထင်ရှား၏။ ထိုဝေါဟာရသည် ယခု မြန်မာဝေါဟာရ “ဒင်္ဂါး”၏ အရင်းအမြစ်တည်း။ “လခြမ်းပုံ” SHAPED LIKE THE HALF MOON ဟူသည် အမှန်တကယ် “လခြမ်းပုံ”မဟုတ်၊ ငွေပြားအပေါ် သီရိဝစ္ဆေထဲက အစိတ်အပိုင်းကို ရည်ညွှန်း၏။မြင်ဖူးကိုင်ဖူးသောသူက ရေလည်အောင် မပြောတတ်သဖြင့် “လခြမ်းပုံ” ပါသည်ဟု ဆိုရာမှ မှတ်သူက “လခြမ်းပုံကဲ့သို့ ဖြစ်သည်”ဟု လွဲချော်မှားယွင်းစွာ မှတ်ယူခဲ့တန်ရာသည်။ ချင်းမင်းဆက် ပညာရှင်တစ်ဦးက “ငွေ”ကို ဆန်းစလသဏ္ဌာန် ကြံကြံဖန်ဖန် ရေးဆွဲထားလိုက်၏။ ယခုခေတ် ပညာရှင် အချို့လည်း ထန်မင်းဆက် သမိုင်းသစ်လာ “လခြမ်းပုံ” ဒင်္ဂါးကို ပေါ့ပေါ့တန်တန် အတည်ယူထားသည်။ ငွေပြားအဝိုင်းကို မမြင်ဖူးခြင်းကြောင့် ဖြစ်၏။
 
ထိုငွေပြားများသည် မြန်မာနိုင်ငံ ပြည်မအတွင်းသာမဟုတ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ် အပြင် ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားအထိ တွေ့ရှိထားသဖြင့်၊ ထိုငွေပြားများသည် ကမ္ဘောဒီးယားသို့ ပေါက်သော ကုန်းလမ်းကုန်သွယ်ရေး လမ်းကြောင်း၊ တစ်လျှောက် ရှိနေကြောင်း သိရ၏။ ထို့ကြောင့် ထိုငွေပြားသည် ကြေးငွေ အဖြစ် သုံးခဲ့ပါသလော၊ သို့မဟုတ် လည်ဆွဲတန်ဆာ သက်သက်သာ ဖြစ်သလော ဟူသော အချက်ကို ဆက်လက်လေ့လာရန် လိုသေးသည်ဟု ကျွန်တော်ယူဆမိသည်။
 
====ပသီနှင့် ဗြဟ္မဏများ====
ခရစ်နှစ် ကိုးရာစုမှ တစ်ဆယ့်သုံးရာစုအထိ တရုတ်မှဖမ်၊ အသီးသီးတို့တွင် Po-ssu (ပါရှ)ဟူသော ဝေါဟာရကို တွေ့ရ၏။ ထို့ကြောင့် ဤရာစု နှစ်ဦးမှစ၍ ပညာရှင်တို့က ဤ Po-ssu ဟူသော ဝေါဟာရ ပြဿနာကို ကိုင်တွယ်သည့်အခါ၊ အာရှတိုက်အနောက်ပိုင်းရှိ ပါရှ (Po-ssu of WESTERN ASIA) နှင့် အရှေ့တောင် အာရှရှိ ပါရှ (Po-ssu OF THE SOUTH SEAS) ဟူ၍ ခွဲခြားလာတော့၏။ အရှေ့တောင်အာရှရှိ ပါရှ ၏ တည်နေရာကို ရှာကြံရာ ပြင်သစ် အရှေ့တိုင်းပညာရှင် GABRIEL FERRAND က "ပါရှ"နှင့် အသံထွက် နီးစပ်သမျှသော နေရပ်ဒေသကို အရှေ့တောင်အာရှရှိ “ပါရှ" (Po-ssu OF THE SOUTH SEAS) ဖြစ်ပေမည်ဟု ကြံဆခဲ့သည်။ အမှန်ကား မန်ရှူးကျမ်း၊ တရုတ်မှတ်တမ်းလာ Possu (ပါရှ)သည် ဒေသအမည် အစစ်မဟုတ်ဘဲ မလေးကျွန်းဆွယ်တလျှောက် ဆိပ်ကမ်းမြို့ အသီးသီးမှာ စုရုံးနေကြသော ပါရှကုန်သည် သဘောသားများသာတည်း။ သူတို့က တရုတ်နိုင်ငံသို့ တင်ပို့လာသော အချို့ပစ္စည်းများ အထူးသဖြင့် ပါရှမှာမရှိ၊ အရှေ့တောင်အာရှမှာသာ ရှိသော ပစ္စည်းများကို တရုတ်တို့က “တောင်ပိုင်း ပင်လယ်ရှိပါရှနိုင်ငံ” (အရှေ့တောင်အာရှရှိ ပါရှ)မှ ထွက်သော ပစ္စည်းများဟု ထင်မှားခဲ့၏။
 
ထို့ကြောင့် အရှေ့တောင်အာရှရှိ ပါရှ၏ တည်နေရာကို ရှာကြံခြင်းသည် အချည်းနှီးသာဖြစ်ပေလိမ့်မည်ဟု ယူဆရသည်။ တရုတ်တို့ တွေ့ထိခဲ့သော ပါရှသားမှာ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးသည် အရှေ့တောင်အာရှ ထွက်ကုန်ပစ္စည်း မသိကျွမ်းသော ပါရှသား၊ အခြားတစ်မျိုးကား အရှေ့တိုင်းတစ်ခွင်သို့ အခေါက်ပေါင်းများစွာ ရောက်ခဲ့၊ ဒေသထွက်ကုန်အကြောင်းကိုလည်း ကောင်းစွာ သိကျွမ်းနားလည် တရုတ်တို့ အကြိုက်ကိုလည်း သိသော
ပါရှသား ဖြစ်ကြသည်။ ထို့ကြောင့် ပါရှမှ တိုက်ရိုက်လာသော ပါရှသားတို့က မသိ၊အရှေ့တောင်အာရှမှာ အနေကြာခဲ့သော ဒေသထွက်ကုန် အကြောင်းကို သိကျွမ်းသောပါရှသားတို့ သယ်ဆောင်လာသော ပစ္စည်းများကို တရုတ်တို့က “တောင်ပိုင်းပင်လယ် ပါရှထွက်ကုန်”ဟု ခေါ်တွင်လာသည်။ ဤသို့ဖြင့် “တောင်ပိုင်းပင်လယ် (အရှေ့တောင်အာရှ)”မှာ သီးခြားပါရှ ရှိသလိုလို ဖြစ်လာပါတော့သည်။
 
မင်(င်)မင်းဆက်သမိုင်းမှာ ဤ Po-ssu (ပါရှ)ဟူသော ဝေါဟာရ ပြဿနာနှင့် ခပ်ဆင်ဆင်သော သာဓကတစ်ရပ် ရှိ၏။ မွန်တို့ နယ်မြေသည် FARANGI (ပေါ်တူဂီ)တို့နှင့်နယ်မြေ ဆက်စပ်ကြောင်း ဖေါ်ပြပါရှိသည်။ ဤကား သံလျင်၊ မုတ္တမ၊ တနင်္သာရီမှစ၍ မလေးကျွန်းဆွယ်အထိ ပေါ်တူဂီသားတို့ စုရုံးရာအရပ်နှင့် နီးကပ်ကြောင်း ရည်ညွှန်းသည်။
 
ထို့ကြောင့် ဤကောက်နှုတ်ချက်ထဲမှာ ပါရှိသော Po-ssu ကို ကျွန်တော်က “ပသီ”ဟု ဘာသာပြန်ထားလိုက်၏။ အမှန်ပြောရလျှင် Po-ssu ဟူသော ဝေါဟာရသည် ပါရှသားကိုသာ ရည်ညွှန်းသည်မဟုတ်၊ အာရေဗျသားလည်း ပါဝင်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ပါရှသား၊ အာရေဗျသား ကုန်သည် သင်္ဘောသားများ စုရုံးရပ်နားကြသောကမ်းခြေဒေသ၊ မလေးကျွန်းဆွယ် တစ်လျှောက်ကို ဆိုသည်။ ဗြဟ္မဏ ဟူသော ဝေါဟာရကို မန်ရှူးကျမ်း အခန်း (၆)မှာလည်း တွေ့ရ၏။ အိန္ဒိယတိုင်းသားကို ရည်ညွှန်းသည်။ တစ်နည်းအားဖြင့် အိန္ဒိယတိုင်းသား စုရုံးနေထိုင်ရာ မုတ္တမကွေ့ ကမ်းခြေတစ်လျှောက်ကိုဆိုလိုသည်။
 
===ကောက်နှုတ်ချက် ၂===
၆၂၀

တည်းဖြတ်မှုများ