ဘုံတလာ ရေတံခွန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
→‎ကိုးကား: ဗုံသံပမာ ဘုံတလာရေတံခွန်ဆီသို့
စာကြောင်း ၇ -
[[Category:ချင်းပြည်နယ်]]
 
လုပ်ပဲရွာကနေ Trekking လျှောက်ပြီး Trekking လမ်းအဆုံးမှာ လာကြိုတဲ့ကားနဲ့ မင်းတပ်မြို့ဆီ ခရီးဆက်ခဲ့ကြပါတယ်။ တောင်တက်ကားလမ်းအတိုင်း တက်ရတာပါ။
 
ညစာကို မင်းတပ်မြို့ထဲမှာပဲစားပြီး Hotel Mindat မှာတစ်ညတာ ကုန်ဆုံးခဲ့တယ်။ အဲ့ဟိုတယ်လေးလည်း မဆိုးဘူး။ ရေပူရေအေးနဲ့ အခန်းလေးက သပ်သပ်ရပ်ရပ် ရှိတယ်။ ရေပူရတော့ အရှေ့ရက်တွေက ရေမချိုးရတာတွေ အတိုးချရေချိုးပြီး ခေါင်းပါလျှော်ပလိုက်တယ်လေ။
{{Myanmar-geo-stub}}
 
စတုတ္ထနေ့ (၂၉.၁၁.၂၀၁၇)
 
မင်းတပ်မြို့
 
ဒီနေ့က မင်းတပ်ကနေ မတူပီကို ခရီးဆက်ကြရမှာပါ။ အရှေ့ရက်တွေကလိုက်ပေးခဲ့တဲ့ ချင်းဂိုက်ကိုနိုင်းတမ်တို့က မင်းတပ်မှာနေတာဆိုတော့ မတူပီကို တခြားဂိုက်တစ်ယော က်ပြောင်းလိုက်ပေးပါတယ်။ မင်းတပ်မြို့လယ်က အထည်ဆိုင်မှာ ချင်းပုဝါတွေ ထမိန်တွေ နားကပ်နဲ့ဆွဲကြိုးတွေ အားပေးခဲ့သေးတယ်။ ချင်းရောက်တုန်း ချင်း Essence လေးပါချင်တာနဲ့ရော။ အိမ်ပြန်လက်ဆောင်အဖြစ်ရောပေါ့။ ချင်းပုဝါအကြီးကြီးတွေက တစ်ထည် ၆၀၀၀-၈၀၀၀-၁၀၀၀၀ အစားစားရှိတယ်။ ချင်းထမီတွေလည်း လှမှလှ။ ဦးထုတ်တွေ အိတ်တွေကအစ ချင်းရိုးရာ ဒီဇိုင်းစုံရှိတယ်။
 
ဒီနေ့တစ်နေ့လုံး ကားအကြာကြီး စီးရမှာတဲ့။ ၉နာရီကြာ တကယ်ကို အကြာကြီး စီးခဲ့ရတာပါ။ လမ်းက ဖုန်လည်းထူပါတယ်။ လမ်းမှာတွေ့တဲ့ တောတောင်သဘာဝရှုခင်းတွေ လှလို့ တော်သေးတယ်ပြောရမယ်။ လမ်းမှာချယ်ရီပင်တွေ ဟိုနည်းနည်း ဒီနည်းနည်းတွေ့ရသလို ကိတ်မုန့်တုံးတွေလိုဖြစ်နေတဲ့ တောင်လုံးလုံးလေးတွေလည်း အများကြီး။
 
နတ်သမီးရေကန်
 
လမ်းမှာ နတ်သမီးရေကန်ဆိုတာ ဝင်လည်ခဲ့ကြသေးတယ်။ ကန်လေးက သာယာပါတယ်။ ရေကန်စပ်မှာ တောင်ဇလပ်ပင်နီနီရဲရဲတွေ့တော့ ဓာတ်ပုံတွေ လုရိုက်ကြတာပေါ့။
 
လမ်းမှာထမင်းဝင်စားတဲ့ ဆိုင်လေးက တောင်စောင်းလေးမှာ။ ချယ်ရီပင်လေးတွေကြားထဲ သာသာယာယာရှိလှတယ်။ အသွားရော အပြန်ရော အဲ့ဆိုင်လေးမှာပဲ ၀င်စားခဲ့တာ။ အဲ့မှာ ချင်းခွေးလေးတစ်ကောင်အရမ်းချစ်ဖို့ကောင်းတယ်။ ကားသမားကြီးက တောင်းလိုက်တော့ ဆိုင်ရှင်က လိုလိုလားလားပေးရှာပါတယ်။ အပြန်ကျရင်ယူသွားတဲ့။ သိပ်ချစ်ဖို့ကောင်းတဲ့ခွေးလေး။
 
မတူပီမြို့ရဲ့ ရွှေရောင်ညနေခင်း
 
ကားပေါ်အိပ်လိုက် စကားပြောလိုက်နဲ့ မတူပီမြို့ကို နေဝင်ချိန်လေး အမှီရောက်ခဲ့ကြပါတယ်။ တစ်မြို့လုံးကို လှမ်းမြင်ရတဲ့ မတူပီဂေါက်ကွင်းကနေ နေဝင်ချိန်ကိုရှုစားခဲ့ကြတယ်။ မတူပီမြို့နေ၀င်ချိန်က နုမြတ်မြင်ဖူးသမျှထဲက အလှဆုံးနေဝင်ချိန်ထဲမှာပါတယ်။ ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်ပက်ဖြန်းထားသလို လှလိုက်တာ... ဘယ်လိုပြောရမှန်းမသိအောင်လှတာ...
 
အထပ်ထပ်ဖြစ်နေတဲ့တောင်တွေအကြား နေလုံးကြီး ဝင်သွားတာ ဆွေးစရာပါ...
 
အဲ့ညတည်းရမှာက တည်းခိုခန်းတဲ့။
 
မတူပီမြို့လေးက သေးတော့ ဟိုတယ်မရှိပါဘူး။ တည်းခိုခန်းဘဲရှိတာပါ။ ၂ထပ်အိမ်လေးထဲ အပေါ်ထပ်မှာ အခန်းသေးလေးတွေ ဖွဲ့ပေးထားတာ။ ကိုယ့်သူငယ်ချင်းအိမ်သွားလည်အိပ်သလို တစ်ခန်းနဲ့တစ်ခန်း နီးနီးကပ်ကပ်ရှိတော့ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့ ဆူညံပွတ်လောရိုက်ကာ ပျော်နေကြတာပါပဲ။ ရေချိုးခန်းနဲ့အိမ်သာကတော့ ဘုံသုံးပေါ့။ ဒါပေမဲ့လည်း မတူပီမြို့က အေးလွန်းတော့ ရေမချိုးနိုင်ပါဘူး။
 
ပဉ္စမနေ့ (၃၀.၁၁.၂၀၁၇)
 
ဆိုင်ကယ်စီး ခရီးနှင်
 
ဘုံတလာရေတံခွန်သွားရမှာဆိုတော့ ဒီနေ့ ခပ်စောစောထရတယ်။ မနက်စာစားပြီးနောက် ဘုံတလာကိုခရီးနှင်ဖို့ ဆိုင်ကယ်ပြောင်းစီးကြရတယ်။ တစ်ယောက်ကို ဆိုင်ကယ်တစ်စီးစီနဲ့ ဖုန်ကာတဲ့ Mask ကိုယ်စီနဲ့ နေကာမျက်မှန်ကိုယ်စီနဲ့ ကိုယ်တွေရဲ့ဆိုင်ကယ်တပ်မကြီး ဘုံတလာကို ချီတက်ခဲ့ကြတယ်လေ။
 
တောင်စောင်းလမ်းအတိုင်း ဆိုင်ကယ်စီးခဲ့ရတာလည်း နုမြတ်အတွက်တော့ အတွေ့အကြုံအသစ်ပါပဲ။ ဆိုင်ကယ်ကင်းမဲ့ဇုန်ဖြစ်တဲ့ ရန်ကုန်မှာနေလာတဲ့ ရန်ကုန်သူဆိုတော့ ဆိုင်ကယ်စီးရတဲ့ လွတ်လပ်မှုအရသာကို အပြည့်အဝခံစားခဲ့တယ်။ ကိုယ့်ဘေးတစ်ဖက်တချက်က တောတွေတောင်တွေ လှေကားထစ်စိုက်ခင်းတွေနဲ့ တကယ်ကို သာယာလှပါတယ်။
 
ဆိုင်ကယ်ကို နာရီဝက်လောက် ကားလမ်းအတိုင်းစီးပြီးတဲ့အခါမှာ Base ကိုရောက်ခဲ့ကြတယ်။ တကယ်က အဲ့အထိ ကားစီးသွားလို့ရပြီး အဲ့ကျမှ ဆိုင်ကယ်ဌားလည်းရပါတယ်။ နုမြတ်တို့ကတော့ မတူပီမြို့ကတည်းက ဆိုင်ကယ်နဲ့ စီးခဲ့ကြတာပါ။ အဲ့ဒီမှာ စမ်းချောင်းလေးနဲ့ တံတားလေးဖြတ်ပြီးနောက် ဆိုင်ကယ်ဆက်စီးခဲ့ကြတယ်။ ဒီမှာတော့ ကားလမ်းမပေါက်တော့ လမ်းကျဉ်းသွားပါပြီ။ လမ်းကိုဖြတ်စီးနေတဲ့ရေတံခွန်သေးသေးလေးတွေလည်း ဆိုင်ကယ်နဲ့ ကျော်ဖြတ်ခဲ့ရတော့ ရေတွေလည်း နည်းနည်းစိုပါတယ်။ ဆိုင်ကယ်ပေါ်ကနေ ဘုံတလာရေတံခွန်ကြီး လှမ်းမြင်ရတယ်။ ဟိုးခပ်ဝေးဝေးမှာ ခပ်ပြပြလေးမြင်ရတာပေါ့လေ။ ရေတံခွန် အနားနီးလေ စိတ်လှုပ်ရှားလေပါပဲ။
 
တောလမ်းထဲဖြတ်
 
နာရီဝက်လောက် စီးပြီးတဲ့နောက် ဂိတ်တစ်ခုထပ်ရောက်ခဲ့တယ်။ အဲ့ကစပြီး ဆိုင်ကယ်မပေါက်တော့ တောလမ်းအတိုင်း Trekking လျှောက်ရတော့မှာပါ။
 
အစက ဘုံတလာရေတံခွန်အနီးထိ လမ်းပေါက်တယ်တဲ့။ လမ်းတွေပြိုလို့ သွားလို့မရတော့တာလို့လည်း သိရတယ်။ Trekking ကတော့ တောင်တက်ရတာမျိုးမဟုတ်ဘဲ လမ်းပြေပေမဲ့ လမ်းနည်းနည်းကြမ်းပါတယ်။ တချို့နေရာတွေမှာ ချောက်ကမ်းပါး ကပ်ပြီးလျှောက်ရတာတွေရှိတယ်။ လမ်းတလျှောက် လမ်းပြေတဲ့နေရာတွေမှာ အချင်းချင်း မော်ဒယ်လ်ရှိုးတွေလျှောက်ကြ သီချင်းတွေအော်ဆိုကြနဲ့ ပျော်စရာပါ။
 
Trekking အဆုံးရေတံခွန်ကြီးကိုမြင်ရတဲ့ ခံစားမှုက ဘယ်လိုပြောရမလဲမသိဘူး။ အလုပ်တစ်ခုအောင်မြင်အောင် လုပ်ဆောင်နိုင်သလိုခံစားရတယ်။ ဆုလာဘ်တစ်ခုရလိုက်သလိုပေါ့။ ရေတံခွန်ကြီးမှာ ရေတွေစီးကျနေလိုက်တာ။ သိပ်လှတာပဲ။
 
ဘုံတလာက ရေစီးကျသံက ဗုံတီးသံနဲ့ တူလို့ ဘုံတလာရေတံခွန်လို့ အမည်တွင်တာတဲ့လေ။
 
ဗုံသံပမာ ဘုံတလာ
 
ဘုံတလာရေတံခွန်က အဆင့် ၇ဆင့်တောင်ရှိတာတဲ့။ လူတွေသွားလည်နိုင်တာကတော့ အဆင့် ၃နဲ့ ၄ပေါ့။ လူအရောက်အပေါက်နည်းလို့ အဲ့မှာ ဘာဆိုင်မှမရှိဘူး။ ဘယ်သူမှလည်း မရှိဘူး။ တကယ် ကိုယ်တွေနဲ့ သဘာဝနဲ့တစ်သားတည်း။
 
လာလည်တဲ့သူဆိုလို့ ကိုယ်တွေရယ် အသွားတစ်ဖွဲ့ အပြန်တစ်ဖွဲရယ်တော့ တွေ့ခဲ့တယ်။
 
ကိုယ်တွေရောက်ခဲ့တာ အဆင့် ၃တဲ့ အဲ့ကနေ အပေါ်ကြည့်လိုက်ရင် အဆင့် ၄ကို လှမ်းမြင်ရသလို အောက်ကြည့်လိုက်ရင် ချောက်ကမ္ဘားကြီးထဲ စီးကျနေတဲ့ အဆင့်(၂) ရေတံခွန်ကြီးကိုလည်း အသည်းယားဖွယ်ရာ တွေ့ရမှာပါ။
 
ရေတံခွန်ကြီးကိုလှမ်းမြင်လိုက်တာနဲ့ ရေထဲဆင်းဆော့ချင်စိတ်တွေ တဖွားဖွားပေါ်နေမှာပါ။ ဒါပေမဲ့ ကိုယ့်စိတ်ကိုယ်နိုင်အောင်ထိန်းပါ။
 
ဟိုတစ်ခါ ဘုံတလာ ရေတံခွန်ထဲမျောသွားပြီး အလောင်းတော်ရုံနဲ့ ပေါ်မလာတဲ့ သတင်းကြားဖူးကြမှာပါ။ ရေတံခွန်အဆင့် ၃မှာ ဘောကွင်းနဲ့ ရေဆော့ရင်းကနေ မျောသွားပြီး အဆင့် ၂ထဲကျသွားတာပါတဲ့။ ရေစီးတော်တော်သန်ပြီး အဆင့် (၂) ရေတံခွန်ကြီးက အမြင့်ကြီးဆိုတော့ အန္တရာယ်များလွန်းပါတယ်။ ရေစီးကလည်း သန်တော့ ရေထဲဆင်းမဆော့သင့်ပါဘူး။
 
သက်တန့်
 
ရေတံခွန်ကြီးက လှတာတော့တအားလှပါတယ်။ ရေတံခွန်နားက ကျောက်ဆောင်ကြီးတွေ၊ ကျောက်တုံးကြီးတွေကလည်း ဓာတ်ပုံရိုက်ချင်စရာတွေချည်းပါ။
 
ရေတံခွန်နားကကျောက်ကမ်းပါးကြီးတွေမှာ ပျားအုံကြီးတွေကလည်း အသည်းယားစရာပါ။ ပျားတွေ ဘယ်လောက်များလည်းဆိုရင် အဝတ်အစားတွေပေါ်မှာတောင် ပျားချေးဝါဝါလေးတွေ စွန်းထင်းတာ သတိထားမိတယ်။
 
ကံကောင်းချင်တော့ရေတံခွန်နားမှာ သက်တန့်လေးပေါ်နေတယ်။ ကိုယ်ဆိုသည်မှာလည်း ကလေးလိုပဲ။ သက်တန့်တွေ့ရင် သိပ်ပျော်တာ။ သက်တန့်နားမှာ ဓာတ်ပုံတွေရိုက်၊ ကျောက်ဆောင်တွေ ကုတ်ကပ်တက်ပြီး ဓာတ်ပုံတွေရိုက်နဲ့ သိပ်ပျော်တာပဲ။
 
အဲ့မှာဓာတ်ပုံတွေ Video တွေ တဝကြီးရိုက်ပြီးတဲ့အခါမှာတော့ လာရာလမ်းအတိုင်း လှည့်ပြန်ခဲ့ကြပါတယ်။ အဲ့မှာဘာဆိုင်ဆို ဘာဆိုင်မှမရှိလို့ ဆာတတ်ရင် အဆာပြေမုန့်လေးတွေဆောင်သွားသင့်ပါတယ်။
 
အပြန်မတူပီမှာ ထမင်းဝင်စားပြီး မင်းတပ်မြို့ကို ကားနဲ့ပြန်ခဲ့ကြပါတယ်။
 
တိမ်ပင်လယ်
 
လမ်းမှာ ကံကောင်းချင်တော့ နေဝင်ဆည်းဆာအချိန်လေးမှာ တိမ်ပင်လယ်ကြီးကို ဘွားခနဲတွေ့လိုက်ရတာပါပဲ။ တကယ်နတ်ဘုံနတ်နန်းကို ရောက်သွားသလို မြင်တွေ့ရတဲ့ မြင်ကွင်းက တအားလှပါတယ်။ ဓာတ်ပုံတွေထဲကထက်ကို ပိုလှလွန်းပါတယ်။ အပြာရောင်ကောင်းကင်ကြီးမှာ ပုစွန်ဆီရောင် ပန်းဆီရောင်ပက်ဖြန်းထားသလို အရောင်အသွေးစုံတဲ့ နောက်ခံပန်းချီကားချပ်ရှေ့မှာ တိမ်တွေတိမ်တွေဆိုတာ အဆုပ်လိုက် အဆုပ်လိုက်....
 
တကယ်ပင်လယ်ပြင်ကြီးမှာ လှိုင်းလုံးကြီးတွေတက်လာသလိုလို...
 
ချောက်ကမ်းပါး ကမ်းစပ်ကိုရိုက်ခတ်လာသလိုလို....
 
တိမ်ပေါ်ခုန်တက် ကလိုက်ချင်တဲ့စိတ်တွေတောင်ဖြစ်လာတယ်
 
တကယ်သာခုန်တက်ကလိုက်ရင်တော့ ချောက်ထဲတစ်ခါထဲ ကြွသွားမှာ။
 
ထောင်ချောက်ဆိုတာဒီလိုမျိုးပဲနေမှာ။ နောက်ဆို "တိမ်ပင်လယ်လိုထောင်ခြောက်"လို့ တင်စားလို့တောင်ရမယ်။ အပေါ်ယံတိမ်လွှာဖွေးဖွေးလေးတွေ နူးညံ့အိစက်သယောင်နဲ့ အောက်မှာတော့ ဟောင်းလောင်းပေါက် ချောက်ကြီးက စောင့်ကြိုနေလေရဲ့ ဆိုတာမျိုးပေါ့...
 
ဘာပဲဖြစ်ဖြစ် ဒီလောက်လှတဲ့ တိမ်ပင်လယ် ခုမှတွေ့ဖူးတာအမှန်ပါ။ ခုထိမျက်စိထဲစွဲတုန်းရယ်..
 
ဒီတိမ်ပင်လယ်ကြီးကြောင့်ရယ်၊ ဘုံတလာရေတံခွန်ကြီးကြောင့်ရယ် ခရီးဘယ်လောက်ဝေးဝေး လာရတာတန်သွားသလိုခံစားရတယ်
 
မှောင်ထဲမဲထဲ
 
ညစာကို အလာတုန်းကဆိုင်မှာပဲစားခဲ့ကြတယ်။ ဆိုင်ပိုင်ရှင်ပေးလိုက်တဲ့ ချင်းခွေးလေးလည်း ကားပေါ်ငြိမ်ငြိမ်လေးလိုက်လာလို့ရယ်ပေါ့။ ငြိမ်လွန်းသမှ အသံတောင် တစ်စိမှမထွက်တော့ ဒီခွေးလေး အနေသလားရယ်လို့တောင် နောက်မိကျသေး။ ကြောက်နေလို့လား ချမ်းနေလို့လားရယ်မသိ... ငြိမ်တာမှတအားငြိမ်တာ။
 
ညတဖြည်းဖြည်းမှောင်လာတယ်။ ကားကတော့မောင်းနေရဆဲပဲ။
 
ကိုယ့်ဘေးပတ်ဝန်းကျင်မှာ ကြယ်တွေက ကြီးစိုးလို့ရယ်ပေါ့။ ကြယ်တွေရယ် ကားမီးရောင်မှိန်မှိန်လေးရဲ့ အရှိန်နဲ့ တွေ့ရတဲ့ ရှုခင်း မှုန်ဝါးဝါးလေးတွေရယ် ညက ချောက်ခြားဖွယ် တိတ်ဆိတ်လှပါတယ်။ ကားသမားကတော့ တော်တော်ဂရုစိုက်မောင်းရမယ်။ ညမှောင်မှောင်မည်းမည်းထဲ ချင်းတောင်တန်းတွေကြား ကားစီးခဲ့ရတာလည်း အတွေ့အကြုံတစ်မျိုးပေါ့လေ။
 
မင်းတပ်မြို့ပြန်ရောက်တဲ့အခါမှာတော့ ညတော်တော်မိုးချုပ်နေပါပြီ။ ဒီတစ်ခါတည်းတာကတော့ Oasis Hotel တဲ့။ တောင်စောင်းလေးမှာ ဘန်ဂလိုလေးတွေလို ဆောက်ထားတာ။ အဲ့မှာလည်း မီးက ည ၁၀နာရီမှာပြတ်တယ်။
 
တစ်နေကုန်ပင်ပန်းထားကြတော့ အရင်နေ့တွေကလို စကားဝိုင်းဖွဲ့မပြောနိုင်ကြတော့ဘဲ ရောက်တာနဲ့ တစ်ခါတည်း အိပ်ပျော်သွားခဲ့ကြတယ်။
 
ဆဌမနေ့ (၁.၁၂.၂၀၁၇)
 
ခွဲခွာချိန်
 
ဒီနေ့ကတော့ ချင်းတောင်တန်းတွေနဲ့ ခွဲခွာရမယ့်နေ့ပေါ့။ ရက်တစ်ပတ်လောက်ကြာခဲ့ပေမဲ့၊ လူတွေလည်း ပင်ပန်းပြီး အသံတွေဝင်နေကြပေမဲ့ မခွဲချင်သေးဘူး။ ဒါပေမဲ့လည်း ဘယ်တတ်နိုင်ပါ့မလဲလေ။ တွေ့ဆုံကြုံကွဲ ဘ၀ဓမ္မတာပဲရယ်ဆိုတော့လည်း။
 
အပြန်လမ်းမှာ "ချင်းပြည်နယ်မင်းတပ်ခရိုင်က ကြိုဆိုပါ၏"ဆိုင်းဘုတ်ကြီးနဲ့ ဓာတ်ပုံဆင်းရိုက်ကြသေးတယ်။ အောက်ချင်းငှက်ရုပ်ကြီးတွေနဲ့ လှမှလှ။ဓာတ်ပုံ ဘယ်လောက်ရိုက်ရိုက် ရိုက်လို့မဝတာ ကိုယ်တွေ Travel Bloggers တွေပဲပေါ့။
 
စလေ House
 
ချင်းတောင်ကနေဆင်းလိုက်တာနဲ့ ရာသီဥတုက သိပ်ကိုသိသာတာ။ အေးစိမ့်စိမ့်အငွေ့အသက်တွေပျောက်ပြီး ပူအိုက်အိုက်ဖြစ်လာတာ။ အပြန် ညောင်ဦးလေဆိပ်မဆင်းခင် စလေမြို့ရဲ့ စလေHouse မှာ နေ့လည်စာ ဝင်စားခဲ့ကြတယ်။ စလေ House လေးက တော်တော်သဘောကျဖို့ကောင်းတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ ဟိုတယ်ရယ် စားသောက်ဆိုင်ရယ် အမှတ်တရပစ္စည်းဆိုင်ရယ်တွဲဖွင့်ထားတာ။ Idea တော်တော်ကောင်းတယ်။ မျက်နှာစာမှာ ရှေးခေတ်ကအိမ်ကိုလက်ရာမပျက်ထားပေးပြီး
 
ဟိုတယ်ခန်းလေးတွေကလည်း သန့်တယ်။ စလေHouse အကြောင်းနောက်မှ ပို့စ်တစ်ခုထပ်တင်ပေးဦးမယ်။
 
ဗိုက်ဆာနေတဲ့အချိန် အညာထမင်းဟင်း ပူပူနွေးနွေးလေး စားလိုက်ရတာ အရမ်းကို ကောင်းတာပါပဲ။ ဧရာဝတီမြစ်ကမ်းဘေးမှာ ထိုင်စားရတာ။ ကျောင်းပတ်လည်မှာ အရုပ်တွေ ဇာတ်တော်အစုံပန်းပုတွေထွင်းထုထားတဲ့ စလေရုပ်စုံကျောင်းကြီးကိုလည်း ဝင်လေ့လာခဲ့သေးတယ်။ စလေကနေ ညောင်ဦးဆင်းပြီး လေယာဉ်နဲ့ ရန်ကုန်ကိုပြန်လာပြီးနောက်မှာတော့ Travel Bloggers တွေရဲ့ ချင်းတောင်ပိုင်းခရီးစဉ်ပြီးဆုံးခဲ့ပါပြီ...
 
ချင်းပြည်ကနေ ခွဲခွာခဲ့ရပေမဲ့ ချင်းတောင်တန်းရဲ့ သဘာဝအလှတွေ
 
ရှုမဆုံးနိုင်တဲ့ရှုမြော်ခင်းနဲ့ တိမ်ပင်လယ်တွေ
 
အေးစိမ့်စိမ့် ရာသီဥတုနဲ့ ချယ်ရီပင်တွေ
 
ရိုးသားတဲ့ တောင်ပေါ်ရွာက ချင်းလူမျိုးတွေ
 
ပင်ပန်းပေမဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေ
 
ဘာပဲကြုံကြုံပျော်နေကြပြီး အပြုံးမပျက်တဲ့ ချစ်ရပါသော ခရီးသွားဖော်တွေ
 
အကုန်လုံးကို သတိရနေဆဲပါ
 
ချင်းပြည်က လမ်းခရီးကြမ်းတမ်းခက်ခဲတယ်ဆိုပေမဲ့ တကယ့်သဘာဝအလှတွေကို အပြည့်အဝခံစားနိုင်မှာပါ
 
သဘာဝတရားကိုမြတ်နိုးသူတွေ စွန့်စားရတာနှစ်သက်သူတွေ ဒေါင်ကျကျပြားကျကျနေနိုင်သူတွေ
 
နေ့စဉ်ဘဝကနေ ခဏတာလွတ်မြောက်လိုသူတွေအနေနဲ့ အပင်ပန်းခံနိုင်တုန်း အရွယ်ကောင်းတုန်း အဖော်ကောင်းတုန်း သွားလည်ကြည့်ကြပါ
 
နုမြတ်ကတော့ ဒီခရီးစဉ်ကို သုခလမ်းညွှန် Travels & Tours - Outbound Dept; နဲ့ သွားခဲ့တာပါ။ နုမြတ်တို့လို ချင်းပြည်သွားဖို့ စိတ်ဝင်စားရင် သုခလမ်းညွှန် ဖုန်းနံပါတ် 09 252 929 722ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။
 
Tips (အကြံပေးချက်)
 
-ချင်းတောင်ပေါ်မှာ ရာသီဥတုတော်တော်အေးပါတယ်။ ညဘက်တွေဆို အနွေးထည် ၂ ထပ်၊ လည်ပင်းပတ်မာဖလာ၊ သိုးမွှေးဦးထုပ်၊ လက်အိတ်၊ ခြေအိတ်အပြည့်အစုံနဲ့မှ တော်ကာကြပါလိမ့်မယ်။
 
-ချင်းမှာ ဖုန်းဆို MPT နဲ့ Telenor ပဲမိပါတယ်။ မတူပီမှာဆိုရင် Telenor ပဲမိပါတယ်။
 
-ကားလမ်းတွေကလည်း ဖုန်ထူပါတယ်။ Mask ဆောင်ထားပါ။
 
-ရေများများသောက်ပါ။ ရာသီဥတုကအေး။ အိမ်သာလည်းရှာရမှာစိုးတော့ ရေသိပ်မသောက်ဖြစ်တာ။ လည်ချောင်းတွေနာလာရော။
 
-Lip Balm ဆောင်သွားပါ။ နှုတ်ခမ်းကွဲတာ အတော်နေရခက်ပါတယ်။
 
-Tissue နဲ့ Wet Tissue ဆောင်သွားပါ။
 
- ဆိုင်ကယ်စီးတဲ့အခါ အကွေ့တွေရှိလို့ သေချာကိုင်ထားပါ။ ရေတံခွန်သေးလေးတွေဖြတ်တဲ့အခါမှာလည်း သတိထားပါ။ ဖိနပ်နဲ့ ဘောင်းဘီအောက်ပိုင်း ရေစိုတတ်ပါတယ်။
 
-Trekking မှာ သတိထားဖို့က ခြေလှမ်းတိုင်းဂရုစိုက်ပါ။ ကျွန်မပဲ ခြေမခိုင်လို့လား။ အတွေ့အကြုံမရှိလို့လားတော့မသိဘူး။ ခဏခဏ ခလုတ်တိုက်တယ်။ ခြေချော်တယ်။
 
-ဖိနပ်ကိုလည်း ကိုယ်နဲ့တကယ်တော်တဲ့ ဖိနပ်ပဲစီးပါ။ လမ်းအများကြီးလျှောက်ရတယ်။ တောင်တက်ဖိနပ်ဆိုပိုကောင်းတယ်။ သံဈေးမှာ ၆၀၀၀ ၀န်းကျင်ပဲပေးရတယ်။ ပြောက်ကြားဒီဇိုင်း စစ်ဖိနပ်လေး ဒီခရီးမှာတော်တော်အသုံးဝင်ခဲ့တယ်။ ရိုးရိုး Walking Shoes ဆိုရင်တောင် ချော်သေးတယ်။
 
-ရေတံခွန်မှာ ဘယ်လောက်လှလှ ဘယ်လောက်ပဲ Trekking လျှောက်ရလို့ ပင်ပန်းပင်ပန်း ရေထဲ ဆင်းမဆော့ပါနဲ့။ ရေစီးအရမ်းသန်ပါတယ်။
 
အားလုံး စိတ်သွားတိုင်းကိုယ်ပါနိုင်ကြပါစေနော်။ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေ
 
ချစ်တဲ့
 
နုမြတ်
 
+၃၉{{Myanmar-geo-stub}}