ပါရီ ဒေးကား တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

"ပါရီ ဒေးကား တက္..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၄၈၊ ၁၂ စက်တင်ဘာ ၂၀၁၈ ရက်နေ့က မူ

ပါရီ ဒေးကား တက္ကသိုလ် (Paris Descartes University) ကို ပြင်သစ်လိုကတော့ ယူနီဗာစီတတ် ပါရီ ဖိုက် ရီနေ ဒေးကား (Universite Paris 5 Rene Descartes) လို့ ခေါ်ပါတယ်။ ပါရီ ၅ (Paris V) လို့လည်း ခေါ်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ရှိပါတယ်။

ကမ္ဘာ့ ဒုတိယ သက်တမ်း အရင့်ဆုံးဖြစ်တဲ့ ပါရီ တက္ကသိုလ် (University of Paris) ရဲ့ ဆေးပညာ ဌာနကို ဆက်ခံဖို့ ၁၉၆၈ ပြင်သစ် ယဉ်ကျေးမှု တော်လှန်ရေးအပြီး ၁၉၇၀ ဒီဇင်ဘာမှာ ထူထောင်ခဲ့ပါတယ်။

သမိုင်းကြောင်း

သမိုင်းဝင် ပါရီ တက္ကသိုလ် (University of Paris) ဟာ ၁၂ ရာစု အလယ်လောက်မှာ ပေါ်လာပေမယ့် ၁၉၇၀ ကျမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ် ဖြစ်လာပါတယ်။ ပြင်သစ်ပြည်မှာ တက္ကသိုလ် စနစ်တွေကို ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ပြီးနောက် ယခင် ပါရီ တက္ကသိုလ်ရှိ ရှေးဟောင်း မဟာဌာနကြီး ၅ ခုကို တက္ကသိုလ် ၁၃ ခုအဖြစ် ဖော်ရေး ဥပဒေအရ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ပါရီ တက္ကသိုလ် (၁)၊ ပါရီ တက္ကသိုလ် (၃)၊ ပါရီ တက္ကသိုလ် (၄)၊ ပါရီ ဆော်ဘွန်း၊ ပါရီ ဒေးကား တက္ကသိုလ် ခေါ် ပါရီ တက္ကသိုလ် (၅) စသဖြင့် အမည်တွေ ကွဲပြားပြီး တည်နေရာတွေလည်း ကွဲပြားသွားပါတယ်။ ပြင်သစ် ဒဿနပညာရှင် ရီနေ ဒေးကားကို အစွဲပြုပြီး ပါရီ ဒေးကား တက္ကသိုလ်လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပါရီ ဒေးကား တက္ကသိုလ် ပရိဝုဏ်များ

ဒေးကား တက္ကသိုလ် ပရိဝုဏ်တွေဟာ ပြင်သစ်မှာ ၁၀ ခု ရှိပါတယ်။ ဗဟိုဌာနကတော့ ရှာရာဂျီမှာ ရှိပါတယ်။ သင်ကြားရေးဌာနများနဲ့ သုတေသန ဓာတ်ခွဲခန်းများကတော့ စိန့် ပီရက်စ် တက္ကသိုလ် စင်တာမှာ ရှိပြီး ဆေးပညာကျောင်း၊ လူမှုသိပ္ပံကျောင်းများလည်း အဲဒီမှာပဲ ရှိပါတယ်။ စိတ်ပညာဌာနက ဟင်နရီ ပီရွန် စင်တာမှာ ရှိပြီး ဥပဒေ ပညာကျောင်းကတော့ မာလာကော့ဖ်မှာ ရှိပါတယ်။ သွားဘက်ဆိုင်ရာ ဆေးပညာကျောင်းကတော့ မွန်ထရိုးမှာ ရှိပါတယ်။

ဘာသာရပ်များ

ပါရီ ဒေးကား တက္ကသိုလ်ဟာ နာမည်ကျော် တက္ကသိုလ်တခုဖြစ်ပြီး ဆေးပညာ သိပံ္ပ၊ ဇီဝဆေးပညာ သိပံ္ပ၊ ဥပဒေ၊ ကွန်ပြူတာ သိပ္ပံ၊ စီးပွားရေး ပညာရပ်နဲ့ စိတ်ပညာတို့မှာ အထူး ကျော်ကြားပါတယ်။

ဆေးပညာ သိပံ္ပမှာ ဆိုရင် ဆေးပညာ၊ သွားဘက်ဆိုင်ရာ၊ ဆေးဝါးပညာ၊ စိတ်ပညာတို့ ပါဝင်ပါတယ်။ ဇီဝဆေးပညာ သိပံ္ပမှာ ဆိုရင် ဆယ်လူလာနှင့် မော်လီကျူလာ ဇီဝဗေဒ၊ ဇီဝဓာတုဗေဒ၊ ဓာတုဗေဒ၊ ဇီဝဆေးပညာ ဇီဝကမ္မဗေဒတို့ သင်ကြားပါတယ်။

လူမှုသိပ္ပံဘာသာရပ်မှာ လူမှုဗေဒ၊ မနုဿဗေဒ၊ ဘာသာဗေဒ၊ ဒီမိုဂရပ်ဖီ၊ ပညာရေးသိပ္ပံတို့ ဖြစ်ပါတယ်။ ဥပဒေ ဘာသာရပ်ထဲမှာ သတင်းနည်းပညာ ဥပဒေ၊ စီးပွားရေး ဥပဒေ၊ အခွန် ဥပဒေ၊ အများပြည်သူဆိုင်ရာ ဥပဒေ၊ ပုဂ္ဂလိကဆိုင်ရာ ဥပဒေတို့ ပါဝင်ပါတယ်။

ပါရီ ဒေးကား တက္ကသိုလ်ဟာ လူမှုသိပ္ပံဘာသာရပ်မှာ ကွင်းဆင်းလေ့လာမှု၊ ပူးပေါင်းပါဝင်မှု၊ စောင့်ကြည့်မှုနဲ့ တိုင်းရင်းသားလေ့လာမှုတွေကို အခြေပြုတဲ့ ခေတ်သစ် ချဉ်းကပ်လေ့လာမှုများကို အားပေးပါတယ်။ ဆော်ဘွန်း တက္ကသိုလ်၊ ပန်သီယန် ဆော်ဘွန်း တက္ကသိုလ်၊ အီကိုး နော်မယ် ဆူပရီးရား တို့နဲ့ ပူးပေါင်းပြီး သင်ကြား သုတေသန ပြုမှုတွေလည်း ရှိပါတယ်။

တက္ကသိုလ် ဝင်ခွင့်

ပါရီ ဒေးကား တက္ကသိုလ်မှာ ဘွဲ့ကြိုတန်းတွေကို ရွေးချယ်တဲ့ စနစ်နဲ့ ဝင်ခွင့်ပြုပါတယ်။ ဝင်ခွင့်ရတဲ့ နှုန်းက လျှောက်ထားသူတွေရဲ့ ၁၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ မဟာဘွဲ့အတွက် ဝင်ခွင့်ကလည်း ရွေးချယ်တဲ့ စနစ်ပဲ ဖြစ်ပါတယ်။ တချို့ မဟာဘွဲ့တန်းတွေအတွက် ဝင်ခွင့်ဟာ လျှောက်ထားသူ ၁ ဒသမ ၇ ရာခိုင်နှုန်းပဲ ဝင်ခွင့်ရပါတယ်။ ပရိုဂရမ်တခုကို ကျောင်းသား ၂၅ ဦးနှုန်း ဖြစ်ပါတယ်။

နိုင်ငံတကာ

ပါရီ ဒေးကား တက္ကသိုလ်ဟာ ကမ္ဘာ့တိုက်ကြီး ၅ တိုက်က နိုင်ငံခြား တက္ကသိုလ် ၁၅၀ နဲ့ သဘောတူ စာချုပ်တွေ ချုပ်ထားပါတယ်။ ဥပရောက အကောင်းဆုံး တက္ကသိုလ်တွေဖြစ်တဲ့ ဝါးဝစ်ခ်၊ ကိုပင်ဟေဂင်၊ ရောမ၊ မက်ဒရစ်၊ ရိုတာဒမ်၊ ဟယ်လ်ဆင်ကီ၊ စတော့ခ်ဟုမ်း၊ ဂန့်တ် စတဲ့ တက္ကသိုလ်တွေနဲ့ ချိတ်ထားပါတယ်။ ဒါ့အပြင် အမေရိကန်၊ ဘရာဇီးနဲ့ တရုတ်နိုင်ငံက တက္ကသိုလ်တွေနဲ့လည်း ပါတနာ ဖြစ်ပါတယ်။

အဆင့်သတ်မှတ်ချက်များ

၂၀၁၃ ခုနှစ်မှာ တက္ကသိုလ် အဆင့် သတ်မှတ်ချက်အရ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ဘာသာရပ်မှာ အဆင့် ၅၁-ကနေ ၁၀ဝ အတွင်းဖြစ်ပြီး ပြင်သစ်မှာတော့ အဆင့် ၁ ဝင်ပါတယ်။ ဇီဝသိပ္ပံမှာတော့ ကမ္ဘာမှာ အဆင့် ၁၀၁ ကနေ ၁၅၀ ဝင်ပြီး ပြင်သစ်မှာတော့ အဆင့် ၁ ဖြစ်ပါတယ်။ ဆေးပညာကတော့ ကမ္ဘာမှာ အဆင့် ၁၀ဝ ဖြစ်ပြီး ပြင်သစ်မှာ အဆင့် ၁ ဖြစ်ပါတယ်။ စိတ်ပညာမှာလည်း ကမ္ဘာမှာ အဆင့် ၁၅၁ ကနေ ၂၀ဝ အထိ ဖြစ်ပြီး ပြင်သစ်မှာ အဆင့် ၁ ဖြစ်ပါတယ်။ ဘာသာဗေဒမှာ ကမ္ဘာမှာ အဆင့် ၁၅၁ ကနေ ၂၀ဝ ဖြစ်ပြီး ပြင်သစ်မှာ အဆင့် ၂ ဖြစ်ပါတယ်။ ဥပဒေမှာလည်း ကမ္ဘာမှာ အဆင့် ၁၅၁ ကနေ ၂၀ဝ ဖြစ်ပြီး ပြင်သစ်မှာ အဆင့် ၂ ဖြစ်ပါတယ်။

ထင်ရှားသူများ

ပါရီ ဒေးကား တက္ကသိုလ်ထွက်တွေ အနက် ထင်ရှားသူများကတော့ ပြင်သစ် ဝန်ကြီးချုပ်ဟောင်း ဖရန်စစ် ဖီလွန်၊ နက္ခတ်ပညာရှင် အဲလီဇဘက် တေစီယာ၊ SoftTech VC ထူထောင်သူ ဂျက်ဖ် ကလဲဗီယာ၊ သမားတော် အိုလီဗာ ဘရန်ဒစ်ကော့တ်၊ ဆေးပညာ တော်ဝင်အသင်း ဒု ဥက္ကဋ္ဌနဲ့ ခွဲစိတ်အထူးကု နာဒီ ဟာကမ် တို့ ဖြစ်ပါတယ်။