ကိုလံဘီယာ တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

နယူးယောက်စီးတီးရှိ ပုဂ္ဂလိက သုတေသနတက္ကသိုလ်
"ကမ္ဘာ့ထိပ်တန်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၁၃၊ ၁၂ စက်တင်ဘာ ၂၀၁၈ ရက်နေ့က မူ

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ပြီး ကမ္ဘာ့နံပါတ် ၂ နေရာတွင် ရပ်တည်နေတဲ့ အမေရိကန်ပြည်ထောင်စုက ကိုလံဘီယာ တက္ကသိုလ် (Columbia University) ကို ၁၇၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့သက်တမ်းအရှည်ဆုံး တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဂုဏ်သိက္ခာနဲ့ အစဉ်အလာကြီးမားခဲ့တဲ့ ကိုလံဘီယာတက္ကသိုလ်ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မက်ဒီဆွန် ရိပ်သာ (Madison Avenue) တွင် တည်ရှိပြီး ၃၂ဧက ကျယ်ဝန်းတဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ ပုဂ္ဂလိက အဆင့်မြင့်သုတေသနအထူးပြု တက္ကသိုလ်ကြီးတစ်ခုပါ။

အမေရိကန်ပြည်ထောင်စုရှိ သက်တမ်းအရင့်ဆုံး တက္ကသိုလ် ၉ခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးမရရှိစဉ် ကာလကတည်းက ဗြိတိသျှလက်အောက်တွင် ရှိစဉ်မှာ တည်ထောင်ခဲ့တဲ့ တက္ကသိုလ် ဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ရဲ့ သမိုင်းကြောင်း

အမေရိကတိုက် ဗြိတိသျှကိုလိုနီ လက်အောက်ခံဘဝတွင် ရှိစဉ်ကာလမှာ ဒုတိယမြောက်ဂျော့ ဘုရင်က တည်ထောင်ခဲ့တာဖြစ်ကာ တက္ကသိုလ်ရဲ့အမည်ကိုလည်း ဘုရင့်ကောလိပ် (King's College) ဟုသာ ခေါ်ဝေါ်သတ်မှတ်ခဲ့ခြင်းပါ။ ထိုစဉ်အခါတုံးကတော့ ဘုရင့်ကောလိပ်တွင် ခရစ်ယန်အယူအဆ အတွေးအခေါ်များကို အဓိကသင်ကြားပို့ချခဲ့ကာ ဗြိတိန်ရှိ ခရစ်ယန်ဘုရားကျောင်းရံပုံငွေမှ အဓိက ထောက်ပံ့ပါတယ်။

၁၇၅၄ ခုနှစ်ရောက်တဲ့အခါမှာ ကျောင်းအုပ်ကြီး ဒေါက်တာ ဆယ်မြူရယ် ဂျွန်ဆန် (Dr. Samuel Johnson) လက်ထပ်ရောက်တဲ့အခါမှာတော့ ဘာသာရေးအတွေးအခေါ်များမှ ခွဲထွက်ပြီး ခေတ်သစ်ပညာရပ်များကို လေ့လာနိုင်ရန်အတွက် အတန်းသစ်တစ်ခုကို စတင်ဖွင့်လှစ်ခဲ့ရာမှာ ကျောင်းသား ၈ယောက်နဲ့ စတင်ခဲ့ပါတယ်။

အဆိုပါ ခေတ်သစ်ပညာရပ်များကို သင်ကြားခဲ့တဲ့ စာသင်ခန်းဟာ ဒေသခံများကြားမှာ အောင်မြင်မှုတွေရရှိခဲ့ကာ နောက်စာသင်နှစ်မှာတော့ ကျောင်းသားများစွာကို လက်ခံရရှိခဲ့ကာ အင်္ဂလန်ရှိ အောက်စဖို့ဒ် ဘုရင်မရဲ့ ကောလိပ် (The Queen's College, Oxford) မှ သင်ရိုးညွှန်းတမ်းများကို အကူအညီရယူခဲ့ကာ ဘုရင့်ကောလိပ်အသစ် လို့ အမည်သတ်မှတ်ခဲ့ပြီး အမေရိကန်ပညာရေး သမိုင်းကြောင်းကို စတင်ပြောင်းလဲခဲ့ပါတယ်။

၁၇၇၆ခုနှစ်မှာတော့ အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးရရှိပြီးတဲ့အခါမှာ ဘုရင့်ကောလိပ်ဆိုတဲ့ အမည်မှ ကိုလံဘီယာကောလိပ်ဟု အမည်ပြောင်းလဲခဲ့ကာ ဘာသာရေးအပြင် အခြားသော အဆင့်မြင့်ပညာရပ်များကို သင်ကြားပို့ချတဲ့ နေရာဒေသဖြစ်ခဲ့ပါတယ်။ ၁၈၉၆ခုနှစ်မှာတော့ ယခု တက္ကသိုလ်တည်ရှိရာ မက်ဒီဆွန် ရိပ်သာ သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ကိုလံဘီယာတက္ကသိုလ် (Columbia University) အဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းပါ။

၁၉၄၀ခုနှစ်မှာ ကိုလံဘီယာတက္ကသိုလ်ရဲ့ ရူပဗေဒမဟာဌာနရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျွန် အာ ဒန်းနီး (John R. Dunning)၊ အိုင် အိုင် ရာဘီ (I. I. Rabi)၊ အန်ရီကို ဖာမီ (Enrico Fermi)နှင့် ပိုလီကပ် ကူ့ချ် (Polykarp Kusch) တို့က မန်ဟာတန် ပရောဂျက် (Manhattan Project) လို့အမည်ပေးထားတဲ့ နူကလီးယားစမ်းသပ်မှုများကို ပြုလုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလမှာ ကိုလံဘီယာတက္ကသိုလ် ရူပဗေဒမဟာဌာနမှ စမ်းသပ်ထုတ်လုပ်လိုက်တဲ့ နူကလီးယားနည်းပညာနဲ့ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်အနိုင်ယူခဲ့ပါတယ်။

တက္ကသိုလ် ပရိဝုဏ်များ

၁၉၆၀ခုနှစ်များမှ စတင်ကာ ကိုလံဘီယာတက္ကသိုလ်တွင် ပညာသင်ကြားလိုသူတွေ အလွန်များပြားခဲ့တာကြောင့် ကျောင်းပရဝုဏ်ကို တိုးချဲ့ခဲ့ကာ စာသင်သားများစွာ လက်ခံသင်ကြား နိုင်ဖို့အတွက် အဆောက်အဦးများ၊ သုတေသနများတိုးချဲ့နိုင်ဖို့အတွက် ဓါတ်ခွဲခန်းများစွာကို တည်ဆောက် ခဲ့ပါတယ်။

ကိုလံဘီယာတက္ကသိုလ်တွင် ပညာသင်ယူတဲ့ ကျောင်းသားများမှာ များပြားပြီး ဝင်ခွင့်ဖြေဆို တဲ့အခါမှာ အမျိုးသမီးအများစုမှာ အမျိုးသားများနဲ့ ယှဉ်ဘောင်တန်းနိုင်မှု အားနည်းခဲ့တာကြောင့် ဘာနာရတ် အမျိုးသမီးကောလိပ် (Barnard College) ၁၉၈၃ခုနှစ်မှာ သီးသန့်ဖွင့်လှစ်ခဲ့ပါတယ်။ ကိုလံဘီယာတက္ကသိုလ်ဟာ စတင်ဖွင့်လှစ်ခဲ့တဲ့အချိန်မှစတင်ပြီး ယနေ့အချိန်အထိ ကောလိပ်နဲ့ ကျောင်းပေါင်း ၁၇ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ရဲ့ ကျောင်းပရဝုဏ်ဟာ ၃၂ ဧက ကျယ်ဝန်းပြီး အဓိက နေရာ ၆ခုရှိပါတယ်။ ကိုလံဘီယာတက္ကသိုလ်ထဲက လမ်းတွေကိုလည်း ယခင်အင်္ဂလန်မြို့မှာ တည်ဆောက်ခဲ့တဲ့ အတိုင်း နံပါတ်စဉ်နဲ့ ရေတွက်ခဲ့ပါတယ်။ အဆောက်အဦပေါင်း ၇၈၀ဝကျော်ခန့်တည်ရှိကာ ရှေးဟောင်း သမိုင်းဝင်အဆောက်အအုံတစ်ချို့ကတော့ ငလျှင်ဒါဏ်ကြောင့်ပျက်စီးမှုတွေရှိခဲ့ကာ ပြန်လည်ပြုပြင် ထိန်းသိမ်းထားသလို ခေတ်သစ်အဆောက်အအုံများစွာမှာ မဟာဌာနများ၊ ဓါတ်ခွဲခန်းများ၊ စာကြည့်တိုက်များ၊ ကျောင်းသားကျောင်းသူတို့ နေထိုင်ရန် အဆောင်များ၊ ဝန်ထမ်းများအတွက် အဆောင်များ ပါဝင်ပါတယ်။

ကိုလံဘီယာတက္ကသိုလ်ရဲ့ မဟာအင်ဂျင်နီယာဌာနဟာ အမေရိကန်လူငယ်များအပါအဝင် ကမ္ဘာတစ်ဝန်းက လူငယ်အများစုရဲ့ စိတ်ကူးမျှော်လင့်ချက်များစွာ တည်ရှိတဲ့ ဌာနတစ်ခုပါ။ အမေရိကန်အစိုးရကနေပြီး ကိုလံဘီယာမဟာအင်ဂျင်နီယာ ဌာနအတွက် ထောက်ပံ့မှုတွေဟာ ၂၀၁၉ခုနှစ်အထိ ရှိနေမှာဖြစ်ကာ ဌာနမှလည်း အမေရိကန်အစိုးရအတွက် လိုအပ်တဲ့ သုတေသနများစွာကို ပြုလုပ်ပေးနေပါတယ်။ အမေရိကန်အစိုးရက ထောက်ပံ့မှုပေးပြီး ပညာတော်သင်ကျောင်းသားများအတွက် ထောက်ပံ့ကြေးအပြည့်အဝပေးတဲ့ အမေရိကန်တက္ကသိုလ်တွေထဲမှာ ကိုလံဘီယာတက္ကသိုလ်လည်း ပါဝင်ပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ အမေရိကန်အစိုးရက အမေရိကန်နိုင်ငံသားအပြင် အခြားသော နိုင်ငံတကာမှ ကျောင်းသားများအတွက် ပညာတော်သင် ထောက်ပံ့မှုတွေလည်း ရှိနေပါတယ်။

ကိုလံဘီယာ တက္ကသိုလ်နဲ့ အမေရိကန် အစိုးရ

ကိုလံဘီယာတက္ကသိုလ်ဟာ ၁၉ရာစုကတည်းက နည်းပညာပိုင်းမှာ ထိပ်တန်းနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ တက္ကသိုလ်တစ်ခုဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝါဒီသမားရဲ့ အပြင်းထန်ဆုံးဝေဖန်တိုက်ခိုက်မှုများကို ခံခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ကိုလံဘီယာတက္ကသိုလ် အဓိပတိအဖွဲ့မှနေပြီး ၂၀ ရာစုအစောပိုင်းကာလကစတင်ကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ပရောဂျက်များစီစဉ်ခဲ့ကာ နာမည်ကြီး နည်းပညာဌာနများဖြစ်တဲ့ မန်ဟာတန် နည်းပညာဌာန၊ စက်မှုအင်ဂျင်နီယာနှင့် အသုံးချသိပ္ပံမဟာဌာနတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သုတေသနများ၊ ဟောပြောပွဲများကို အများဆုံးပြုလုပ်ကျင်းပခဲ့ပါတယ်။

ဒါ့အပြင် မန်ဟာတန် နည်းပညာဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး နယူးယောက်မြို့အတွက် နှစ်၃၀ စီမံကိန်းအဖြစ် (LEED) Leadership in Energy and Environmental Design ဆိုတဲ့ အစီအစဉ်ကို ရေးဆွဲခဲ့ကာ မြို့ပြစီမံကိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ ရေအသုံးချမှု၊ အဆောက်အအုံများ တည်ဆောက်ထိန်းသိမ်းမှု၊ အစိမ်းရောင်လွင်ပြင် (Green house) အစီအစဉ်တို့ကို ၂၀၃၀ခုနှစ်အထိ ရေးဆွဲခဲ့ကာ အမေရိကန်အစိုးရသို့ ပေးအပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရကလည်း ကိုလံဘီယာတက္ကသိုလ်က ရေးဆွဲခဲ့တဲ့ LEED ပရောဂျက်အတိုင်း ဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရှိခဲ့ပါတယ်။

သုတေသန

ကိုလံဘီယာတက္ကသိုလ်မှာ ၁၇၅၄ခုနှစ်တကည်းက စတင်ခဲ့တဲ့ တက္ကသိုလ်ပိုင် စာအုပ်ထုတ်ဝေရေး ဌာနရှိပြီး တက္ကသိုလ်မှ အပတ်စဉ်၊ လစဉ် ဂျာနယ်နှင့် မဂ္ဂဇင်းများအပြင် သုတေသနစာစောင်၊ သုတေသနဆောင်းပါး၊ အတွေးအမြင်ဆောင်းပါး များစွာကို ပုံနှိပ်ထုတ်ဝေလျှက်ရှိကာ ကိုလံဘီယာတက္ကသိုလ်မှ ပုံနှိပ်တဲ့ စာအုပ်များဟာ ကမ္ဘာစာအုပ်ဈေးကွက်မှာ အောင်မြင်တဲ့ စာအုပ်များအဖြစ် ရပ်တည်နေပါတယ်။

ကိုလံဘီယာတက္ကသိုလ်တွင် ၁၉၁၂ခုနှစ်မှ စတင်ကာ သတင်းစာနည်းပညာ ဘွဲ့ကြိုကျောင်း (Graduate School of Journalism) ကိုဖွင့်လှစ်ခဲ့ကာ အမေရိကန်သတင်းစာသမိုင်းမှာ အဓိကနေရာမှ ပါဝင်လာခဲ့ပါတယ်။ ကိုလံဘီယာ တက္ကသိုလ်မှ စာအုပ်ထုတ်ဝေရေးလုပ်ငန်းအပြင် ရေဒီယို၊ ရုပ်သံလွှင့်ဌာနများကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ကိုလံဘီယာတက္ကသိုလ်မှ ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများဟာ အမေရိကန်သတင်းဌာနများမှ စောင့်ကြည့်အကဲခတ်ရတဲ့ သတင်းစာ၊ ဂျာနယ်တွေဖြစ်နေပြီး အမေရိကန်ရဲ့ ပုံရိပ်ကို အထင်ဟပ်ဆုံး သတင်းစာ၊ ဂျာနယ်များဖြစ်ကြောင်း အမေရိကန် သတင်းထောက်များအေဂျင်စီမှ ထုတ်ပြန်ချက်တွေမှာ ပါဝင်ပါတယ်။

၁၉၄၆ ခုနှစ်ကစတင်ခဲ့တဲ့ နိုင်ငံတကာ ပြည်သူ့ရေးရာ ကိစ္စများကို လေ့လာတဲ့ကျောင်း (School of International and Public Affairs) ဟာလည်း ကိုလံဘီယာတက္ကသိုလ်မှာ နည်းပညာကျောင်းများပြီးလျှင် ကျောင်းသားအများစု စိတ်ဝင်စားတဲ့ ကျောင်းလည်းဖြစ်ပါတယ်။ အဆိုပါ သင်တန်းကျောင်းကိုတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဓိကထောက်ပံ့မှုတွေရှိပြီး အမေရိကန်အစိုးရအတွက် အားကိုးအားထားပြုရတဲ့ သင်တန်းကျောင်းလညး်ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းမှာ တက္ကသိုလ်ကျောင်းများစွာရှိပေမဲ့ အမေရိကန်အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ်မှုအများဆုံးတက္ကသိုလ်အဖြစ် ကိုလံဘီယာတက္ကသိုလ်က ရပ်တည်နေခြင်းပါ။ ဒါ့အပြင် ၁၈၀၂ခုနှစ်မှ စတင်ကာ ကိုလံဘီယာကျောင်းသားဟောင်းများအသင်းမှ အမေရိကန်ပါလီမန်မှာ ဆွေးနွေးငြင်းခုံမှု အစီအစဉ်အဖြစ်နဲ့ ပါဝင်ခဲ့ကာ အမေရိကန်ပါလီမန်မှလည်း ကိုလံဘီယာတက္ကသိုလ်မှ အဆိုပြုချက်ဆွေးနွေးမှုတွေအပေါ်မှာ အလေးအနက်ထားခဲ့ကြပါတယ်။ နောက်ပိုင်းမှာလည်း ကိုလံဘီယာတက္ကသိုလ်ဟာ (CIRCA) The Columbia International Relations Council and Association ကို ဖွဲ့စည်းခဲ့ပြီး ကုလသမ္မဂအဖွဲ့ကြီး ဆက်သွယ်ဆောင်ရွက်မှုတွေရှိခဲ့ပါတယ်။

ပညာသင်ဆု

ကမ္ဘာတစ်ဝန်းမှာ ကျောင်းလခအမြင့်ဆုံး တက္ကသိုလ်များစာရင်းမှာ ကိုလံဘီယာ တက္ကသိုလ်ဟာ ထိပ်တန်းနေရာမှာ ရပ်တည်နေတာကို တွေ့ရမှာပါ။ ကျောင်းလခအပါအဝင် အထွေထွေကုန်ကျစားရိတ် အနေနဲ့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၆ထောင် ၅ရာကျော်ခန့်ကျသင့်မှာဖြစ်ကာ အခြားတက္ကသိုလ်များရဲ့ တစ်နှစ်စာ ကုန်ကျစားရိတ်ဟာ ကိုလံဘီယာတက္ကသိုလ်တွင် ၁လ ကုန်ကျစားရိတ်နဲ့ ညီမျှနေပါတယ်။

သို့သော်လည်း ကိုလံဘီယာတက္ကသိုလ်ကို တက်ရောက်လိုတဲ့ ကျောင်းသားတွေအနေနဲ့ အမေရိကန်အစိုးရက တိုက်ရိုက်ချီးမြှင့်တဲ့ ပညာသင်ထောက်ပံ့ရေးအစီအစဉ် အပြင် ကမ္ဘာ့ဘဏ်မှလည်း ပညာတော်သင်ထူးချွန်ဆုပေးတဲ့ တက္ကသိုလ်တွေထဲမှာ ပါဝင်တာကြောင့် အဆိုပါ အစီအစဉ်များကို လျှောက်ထားနိုင်ကြပါတယ်။ ဒါ့အပြင် ကိုလံဘီယာကျောင်းသားဟောင်းများ အဖွဲ့၊ အမေရိကန်နည်းပညာရှင်များအဖွဲ့နှင့် အခြားသော ပညာတော်သင်ထောက်ပံ့ရေး အစီအစဉ်များစွာ ရှိနေပါတယ်။

တက္ကသိုလ်ကျောင်းထွက် ထင်ရှားသူများ

၂၀၁၁ ခုနှစ် စာရင်းအရ ကိုလံဘီယာ တက္ကသိုလ်ထွက်တွေ ထဲမှာ အမေရိကန် သမ္မတ ၃ ဦး၊ နိုင်ငံတကာက အကြီးအကဲ ၂၆ ဦး၊ အမေရိကန် တရားရုံးချုပ် တရားသူကြီး ၉ ဦး၊ နိုဗဲလ်ဆုရ ၃၉ ဦး ထွက်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် စာပေဆိုင်ရာ ဆုရသူ ၃၅ ဦး၊ သတင်းစာပညာ ပူလစ်ဇာဆုရသူ ၁၂၃ ဦးလည်း ပါဝင်ပါတယ်။ အမေရိကန်မှာ အချမ်းသာဆုံး ၂၅ ဦးအနက် ၃ ဦးဟာ ကိုလံဘီယာ ကျောင်းထွက်ဖြစ်ပြီး၊ သက်ရှိထင်ရှား ဘီလျံနာ ၂၀ ဟာလည်း ကိုလံဘီယာ ကျောင်းထွက်များ ဖြစ်ပါတယ်။

သမ္မတ သီအိုဒို ရုစဗဲ့လ်၊ သမ္မတ ဖရန်ကလင် ဒီလာနို ရုစဗဲ့လ်နဲ့ လက်ရှိ အမေရိကန် သမ္မတ အိုဘားမား တို့ဟာ ကိုလံဘီယာ တက္ကသိုလ်ကျောင်းဆင်းတွေပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း မယ်ဒလင်း အောလ်ဘရိုက်၊ အမေရိကန် ဗဟိုဘဏ် ဥက္ကဋ္ဌဟောင်း အလန် ဂရင်းစပန်းတို့ဟာလည်း ကိုလံဘီယာ ကျောင်းဆင်းများ ဖြစ်ကြပါတယ်။

ကိုလံဘီယာ တက္ကသိုလ် ကျောင်းထွက်တွေထဲက နိုင်ငံတကာ အကြီးအကဲတွေထဲမှာ ဂျော်ဂျီယာ သမ္မတ မီခေး ဆာအာခါရှဗီလီ၊ အရှေ့တီမော သမ္မတ ဂျို့စ် ရာမို့စ် ဟော်တာ၊ အက်စတိုးနီးယား သမ္မတ တူးမတ် ဟန်းဒရစ် အိုင်လ်ဗီ တို့ ပါဝင်ပါတယ်။ အိန္ဒိယ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးခဲ့သူ ဒေါက်တာ ဘီ အာရ် အမ်ဘက်ဒကာဟာလည်း ကိုလံဘီယာ ကျောင်းသားဟောင်း တစ်ဦးဖြစ်ပြီး လေမန် စာကြည့်တိုက်မှာ သူ့ရုပ်တုကို ထားရှိပါတယ်။