မြန်မာအက္ခရာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၅၁ -
မြန်မာစာရေးသားရာတွင် အပိုဒ် (၂၇) ပါ ဗျည်း (၃၃) လုံးအပြင် ပါဠိစာပေတွင် သုံးသည့် ဉကလေးကိုလည်း အသုံးပြုလျက်ရှိသည်။ ပါဠိစာပေတွင် စဝဂ်၌ စ၊ ဆ၊ ဇ၊ ဈ၊ ဉ ဟု ဉကလေးနှင့်သာ ရှိသည်။ ညကြီးမှာ ပါဠိတွင် ဉကလေးနှစ်လုံးဆင့်သည့် ပါဌ်ဆင့်စာလုံး ဖြစ်သည်။ သို့သော် မြန်မာစာတွင် ပုဂံခေတ်ကစ၍ စဝဂ်ကို စ၊ ဆ၊ ဇ၊ ဈ၊ ည ဟု ညကြီးဖြင့် သတ်မှတ်ခဲ့ကြသည်။ ပုဂံ၊ ပင်းယနှင့် အင်းဝ ခေတ်ဦး ကျောက်စာများတွင် ပါဠိဂါထာရေးရာ၌ပင် ဉကလေးကို သုံးခဲလှသည်။ ညကြီးကိုသာ သုံးသည်။ မြန်မာစာခေတ်ဦးတွင် ညကြီးသာ အသုံးတွင်သည်။ (သာဓက။ ။ ပည္စဝဂ္ဂီ၊ ဗျည္ဇန၊ ညာဏ်။) သက္ကရာဇ် ၈၀၀ ခန့်ရောက်မှ ဉကလေးကို သုံးလာသည်။ သို့တိုင်အောင် ကုန်းဘောင်ခေတ် နန်းသုံးစာပေရေးရာ၌ ဉ ကလေးကို ‘ဉ ဦးခေါင်းမဲ့’ ဟူ၍ အသုံးမပြုရ။ ညကြီးကိုသာ သုံးရသည်။ (ဉ် ) ရေးလိုသော် (ည်)နှင့် ကွဲပြားအောင် (ညံ်) ဟု အစက်သင်္ကေတဖြင့် ရေးသည်။ ထို့ကြောင့် ဗျည်း (၃၃) လုံး ရေတွက်ရာတွင် ပုဂံခေတ်ကတည်းက မြန်မာတို့ တစ်သမတ်တည်း သုံးခဲ့သည့် ညကြီးကိုသာ ထည့်သွင်း ရေတွက်သည်။ ဉကလေးကို စဝဂ်အက္ခရာတစ်လုံးအဖြစ် ထည့်မည်ဆိုလျှင် စဝဂ်၌၊ စ၊ ဆ၊ ဇ၊ ဈ၊ ဉ၊ ည ဟု အက္ခရာ ၆ လုံး ရှိမည်ဖြစ်ရာ တစ်ဝဂ်လျှင် ၅ လုံးစီရှိသော အစဉ်အလာပျက်မည်ဖြစ်သည်။ စဝဂ်တွင် ညကြီးက နေရာယူပြီးဖြစ်၍ နောက်မှ အသုံးပြုလာသော ဉကလေးကို ဗျည်းအရေအတွက်တွင် မထည့်ကြတော့ပေ။ ပုဂံခေတ် မြန်မာကျောက်စာအချို့၌ သက္ကတဗျည်း ၂ လုံးကိုလည်း တွေ့ရသည်။ ၎င်းဗျည်းတို့မှာ ‘ဂသျှ’ ခေါ် (ၐ) နှင့် ‘ပသျှ’ ခေါ် (ၑ) တို့ ဖြစ်သည်။
 
=== မြန်မာဗျည်းတွဲ သင်္ကေတများ (Byee twals) ===
မြန်မာစာတွင် -ျ၊ ြ – ၊ -ွ၊ -ှ ဟူ၍ အခြေခံဗျည်းတွဲ သင်္ကေတ (၄) ခုရှိသည်။ ဗျည်းတွဲသင်္ကေတများသည် ကျ၊ ပြ၊ စွ၊ လှ စသည်ဖြင့် ဗျည်း (၃၃) လုံးမှ ဆီလျော်ရာ ဗျည်းများနှင့် ယှဉ်တွဲနိုင်သည်။ လျှ၊ ကြွ၊ မြွ စသည်ဖြင့် ဗျည်းတွဲသင်္ကေတအချင်းချင်း နှစ်ခု သုံးခုပေါင်း၍လည်း ဗျည်းများနှင့် ယှဉ်တွဲနိုင်သည်။