ကိလေသာ: တည်းဖြတ်မှု မူကွဲများ

မောဟ
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
မာန
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၂၉ -
* ဣဿရိယ မာန် = အစိုးရခြင်း ကို စွဲ၍ မာန်တက်ခြင်း
* ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်း တို့ဖြစ်သည်။
 
 
မာန အကြောင်း
 
ထောင်လွှား တက်ကြွခြင်း သဘောသည် မာန်မာန မည်၏။ ထို့ကြောင့် “မာနကားမူ ထောင်လွှားကြွတက်”ဟု ဆိုခဲ့ပေသည်။ မာနဓာတ်ခံ ရှိသူသည် တံခွန်အလံကို စိုက်ထောင်၍ ထားသကဲ့သို့ အများအပေါ်၌ မောက်မော် လို၏။ ကြွတတ ရှိ၏။ ရာထူး ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ ပညာအဆင်း၊ ရောဂါ ကင်းခြင်း စသော ဂုဏ်တို့ဖြင့် သူများထက် သာနေသောအခါ “ငါက သင်းတို့နှင့် တူသလား၊ ငါနှင့် အဖက်တန်သလား”ဟု ကိုယ် ကိုယ်ကို အထင်ကြီးကာ သူတပါးကို အထင်သေးတတ်၏။
 
သူများထက်မသာပဲ တန်းတူဖြစ်နေလျှင်လည်း မာနဓာတ်ခံရှိနေသူတို့မှာ “သင်းနဲ့ ငါနဲ့ ဘာထူးသေးသလဲ၊ သူ့ လောက်တော့ ငါလဲ ရတာပေါ့”ဟု တန်းတူ ထားလျက် မာန်တက်ပြန်၏။ ရာထူးစည်းစိမ် စသည်တို့က အောက်တန်းကျပြန် လျှင်လည်း မာနတ်ခံရှိနေသူမှာ “သူတို့က ငါထက်သာကော၊ ငါက ဘာအရေးစိုက်ရမှာလဲ၊ ကိုယ့်ရှိမှ ကိုယ်စားရ၊ ကိုယ်လုပ်မှ ကိုယ်ရတာပဲ ဘယ်သူ့ကို ခခယယ လုပ်နေရမှာတုံး”ဟု အံမတုနိုင်သော်လည်း မာန်ပြုလျက်ပင်။
 
အများဖြစ်တတ်သော မာန်များနှင့် ပယ်ရှားဖို့နည်းလမ်း
 
ဇာတိမာန်။။ အမျိုးကောင်းသည့်အတွက် မာန်မာနတက်ခြင်းကို “ဇာတိမာန်” ဟုခေါ်သည်။ ယခုခေတ်၌ အတော်အတန် အမျိုးကောင်းသူတွေ ရှိပါပေသည်။ သို့သော်မာန်တက်လောက် ဟန်ကြီးပန်ကြီး လုပ်လောက်အောင် တဘက်သားကို ခြေဖဝါးအောက်ကဟု ထင်လောက်အောင် အမျိုးမကောင်းပါ။ ရှေးက မဟာသွေး မဟာမျိုးဖြစ်၍ တကယ် အမျိုးကောင်းသည်ပင် ဆိုဦးတော့၊ အမျိုးမြတ်သူက မာနမဖက်ပဲ ညက်ညက်ညောညောအပြောချိုကာ အရာရာမှာလိုက်လျောပါမူ အောက်တန်းကျသူတို့ကပိုမို၍ ချစ်ခင်ကြည့်ညို ရိုသေကြမည် မဟုတ်ပါလော။ “အရောဝင်တော့-အရိုသေတန်”ဆိုသကဲ့သို့ အချို့ ရိုင်းစိုင်းသူတို့က အရောဝင်၍ အရိုသေတန်ကောင်း တန်ပေလိမ့်မည်။ သို့သော် ထိုအရိုသေတန်မှုအတွက် ထိုသူ့အပြစ်သာဖြစ်၍ ထိုသူပင် နစ်နာပေလိမ့်မည်။
 
ဤသို့ အရာရာ ရှေ့နောက် စိစစ်လျက် ဇာတိမာန် မတက်မိအောင် သတိ ဆောင်ကြပါကုန်။
 
ဓနမာန်။။ အထိုက်အလိုက် ဥစ္စာရှိသူတို့၏ မာန်ကို “ဓနမာန်”ဟု ခေါ်၏။ ယခုအခါ အတော်အတန် ဥစ္စာပေါသူတွေ့ရှိပါပေ၏။ သို့သော် ဥစ္စာနည်းပါးသူများနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူ စကားမပြောနိုင်လောက်အောင် မကုန်မခန်း ပေါများကြသည် မဟုတ်ပါ။ “မမြင်ဘူး မူးမြစ်ထင်” ဆိုသလို မိမိကိုယ်ကို သဌေး သူကြွယ်ဟုပင် ထင်စေဦးတော့၊ ဆင်းရဲသူဆင်းရဲသားတို့၏ အပေါ်မှာ သဘောကြီးကြီးထား၍ သနားကြင်နာ ကရုဏာသက်တတ်ပါလျှင် သာ၍ပင် ဂုဏ်မရှိပါလော။ မိမိ ပစ္စည်း၌ ဘေးအန္တရာယ် မထူအောင် အကူအညီပင် ရနိုင်သေးသည်မဟုတ် ပါလော။ ဓနရှင်တို့၏ ပြုံးရွှင်သောမျက်နှာ၊ ချိုသာသော စကား အသုံးသည် ဆင်းရဲသားတို့အတွက် အမြန်ရှက်ဆုံး အမြိုက်ဆေးတမျိုးပင် ဖြစ်နိုင်ပါသည်။
 
ထို့ကြောင့် ရှေးက ဒါနကုသိုလ် အကျိုးပေး၍ တသက်လျာအတွက် ရရှိသော စည်းစိမ်ကလေးကို နောင်သံသရာ အဝယ် အမျိုးအနွယ်အောက်ကျသွားဖို့အကြောင်း မကောင်းသောမာန၏ အောက်ခံ ပုံသဖွယ် မဖြစ်စေပဲ ဓနရှင်ပီပီ တည်ကြည်သော စိတ်ထားဖြင့် အများ၏ ကိုးစားစရာ ဖြစ်အောင် ကြိုးစား၍ သတိဆောင်ကြပါကုန်။ ယခုတဘဝ ကြီးကျယ်သော စည်းစိမ်သည် ဘေးအန္တရာယ်အလွန်များလှ၏။ ဘေးအန္တရာယ်ကင်းစေကာမူ တသက်လျာမျှသာ သုံးစွဲနိုင်ပါသည်။
 
“ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ မင်းစည်းစိမ်ကား၊ သမုဒြာ၊ ရေမျက်နှာထက်၊ ခဏ တက်သည့်၊ ရေပွက်ပမာ၊ တသက်လျာတည်း”၊-[အနန္တသူရိယအမတ်။]
 
ပညာမာန်။။ စာပေတတ်ကျွမ်းသူတို့၏ မာန်ကို “ပညာမာန်”ဟု ခေါ်၏။ စာပေပညာသည် မသင့်သည်ကို မသင့်မှန်းသိ၍၊ သင့်သည်ကို သင့်မှန်း သိဖို့ရာ အလိမ္မာပေးသော ပညာ၊ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးဖို့ရန် အလိမ္မာပေး ပညာတည်း။ သို့ပါလျက် ထိုပညာကို အကြောင်းပြု၍ မတော်မတရားကြီးမားသော မာန်မာနဖြစ်ရခြင်းမှာ လွန်စွာ ရှက်ဖွယ်ကောင်းလှ၏။ ယခုကာလ၌ လူများထံမှ တဆင့် သင်ယူ၍ တတ်သိရသော စာပေ ပညာလည်း ထူးခြားသော အတတ် မဟုတ်သေးပါ။ အကြောင်း ညီညွတ်၍ ဆရာကောင်းထံသင်ကြရလျှင် အများပင် တတ်နိုင်ပါ၏။
 
သို့ဖြစ်၍ အကြောင်း မညီညွတ်သဖြင့် မသင်ကြရသူ၊ အထူးဉာဏ်ထိုင်း သူများကို တွေ့ရသောအခါ မောက်မော် ဝါကြွားမည့် အစား သနားကြင်နာ ကရုဏာသက်ဖို့သာ၊ သို့မဟုတ် တဆင့် သင်ပြပေးဖို့ သင့်ပါသည်။ ရှေးတုန်းက အတော်ထင်ရှားသော ဆရာတော်တပါးသည် လွန်ခဲ့သောဘဝက စိတ်ရှည်လက်ရှည် စာချဘူးသဖြင့် ယခုဘဝမှာ လောက-ဓမ္မ ၂ ဌာန၌ ထင်ရှားကျော်ကြားသော ကျမ်းတတ်ပုဂ္ဂိုလ်ကြီးတပါး ဖြစ်လာရပါသတဲ့။ ထို့ကြောင့် တတ်သိသော ပညာကို သံသရာအတွက် အသုံးပြုကြပါလေ။။
 
စာပေ ပညာ၏လမ်း ၂-သွယ်။။ ယခုခေတ် အသက်မွေး ဝမ်းကျောင်းနှင့် သက်ဆိုင်သော လမ်း ၂-သွယ် လောကီပညာတို့သည် နဂိုကပင် အသက်မွေးဖို့ လမ်းကိုမှန်းပြီးဖြစ်၍ စိစစ်ဖွယ် မလိုပါ။ သာသနာဝန်ထမ်း ရဟန်းတော်များ၏ ပိဋကစာပေ ပညာမှ လမ်း ၂ သွယ် ဖြာနေပုံကို ထင်ရှား ဦးမည်။
 
အောက်လမ်း စာပေတတ်လျှင် နာမည်ကြီးလာလိမ့်မည်၊ လှူဒါန်းချင်သူ ပေါလာလိမ့်မည်။ ဆွမ်း သင်္ကန်းကျောင်းတို့ အကောင်း အမွန်ရလိမ့်မည်၊ သူတပါးအပေါ် မောက်မော်နိုင်မည်၊ စာပေတတ်လျှင် မည်သူ့ကိုမျှ လူမထင်ပဲ လုပ်ချင်ရာလုပ်နိုင်မည်။ ဤသို့ စသည်ဖြင့် လောဘ ဒေါသ မာန်မာနကို အခြေခံ၍ စာပေသင်ကြ၏။ တတ်မြောက်သော အခါ၌လည်း မူလရည်ရွယ်ချက်အတိုင်း လာဘ်ပေါအောင်ကြိုးစား၍ သူတပါးအပေT မောက်မော် စော်ကားတက်၏။ ထိုသူ၏ ပညာသင်ကြားမှု ပညာတတ်သိမှုသည် အောက်လမ်းသွားဖို့ အကြောင်း မကောင်းမှုချည်းသာ ဖြစ်သည်။ ထိုကဲ့သို့ စိတ်ထားဖြင့် စာပေသင်ကြားမည့်အစား အိပ်နေခြင်းကပင် တော်သေး၏ဟု ကျမ်းဂန်၌ ဆိုသည်။
 
အထက်လမ်း။။ စာပေတတ်လျှင် ဘုရားရှင်၏ တရားတော်ကို သိရလိမ့်မည်။ သူတပါးအား တဆင့်ပို့ချမည်။ စာပေပိဋကတ် တည်းဟူသော မှန်အပြင်ဝယ် အစဉ်မပြတ်ကြည့်ရှု၍ မိမိစိတ်နေစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်မည်။ ဤသို့ စသောရည်ရွယ်ချက်ဖြင့် သင်၍ တတ်မြောက်သောအခါလည်း ပစ္စည်းလာဘ်လာဘ ဒကာ ဒကာမ ပေါများမှုကို ဂရုမစိုက်ပဲ မူလရည်ရွယ်ယင်း အတိုင်းပင် ကြိုးစား၏။ ထိုပုဂ္ဂိုလ်၏ စာပေသင်ကြားတတ်မြောက်မှုမျိုးကား အထက်လမ်းသို့ တက်လှမ်းဖို့အကြောင်း အကောင်းချည်းသာ ဖြစ်ပါပေသည်။
 
အချို့မှာကား စာပေမတတ်ခင်က စိတ်ထားမတတ်၍ စာမေးပွဲအောင်လိုခြင်း၊ နာမည်ကြီးလိုခြင်း စသောရည်ရွယ်ချက်များရှိသော်လည်း စာပေတတ်မြောက် သောအခါ အရာရာ စိတ်ပြောင်း၍ စိတ်ကောင်း နှလုံးကောင်း ရှိ၏။ ထိုပုဂ္ဂိုလ်ကား ရေမပြည့်ခင် ဘောင်ဘင်ခတ်နေသော ရေအိုးသည် ရေပြည့်သောအခါ ငြိမ်သက်လာသလို ဖြစ်သည့်အတွက် အထက်တန်းသို့ တက်လှမ်းဖို့အကြောင်း လမ်းကောင်း ရသူပင်ဖြစ်သည်။ ငယ်ရွယ်သူဟူသမျှကို စာတတ်သောအခါ ဤကဲ့သို့ လမ်းကောင်း ရကြပါစေ။
 
အဆင်းမာန်။။ အလှဂုဏ်အတွက် မာန်တက်ခြင်းကို “အဆင်းမာန်”ဟု ခေါ်၏။ ရှေးဘဝက ဒေါသနည်းပါးခြင်း၊ ပန်း စသည်ကို လှူဒါန်းခြင်း၊ ဘုရားကျောင်းဝင်း စသည်တို့၌ အမှိုက်သုတ်သင်ရှင်း လင်းခြင်းစသော ကုသိုလ်ကောင်းမှုကြောင့် ယခုဘဝ၌ “ပရိသတ်အလယ် တင့်တယ်ဝင်းစက် အဆင်းထွက်ခြင်းမှာ မာန်တက်မည်ဆိုလျှင် တက်လောက် ပါပေသည်။
 
သို့ရာတွင် မိမိအဖြစ်ဟောင်းကို ပြန်ပြောင်း၍ မှန်းဆသောအခါ ဒေါသ ကင်းစင် စိတ်ကြည်လင်၍ ရေလှူ-ပန်းလှူခြင်း စသောကုသိုလ်ကောင်းမှုရှင် သူတော်စင် ဖြစ်ခဲ့ဖူးရကား ယခုဘဝရောက်မှ အလှဂုဏ်မာန်တက်၍ သူတပါး အဖက်မထင်နိုင်အောင် ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ လှပသော ကိုယ်တွင်း၌ သန့်ရှင်းသောစိတ်အစဉ်ကို မွေးမြူကာ အရာရာသိမ်မွေ့လျက် ဣန္ဒြေရှင် သူတော်စင်ဖြစ်အောင် သတိထား၍ ကြိုးစားသင့်ပါသည်။
 
အချုပ် သတိပေးချက်။။ အချုပ်မှာ နိဗ္ဗာန် စံဝင်ပြီးသော သူတော်စင်ကြီးတို့သည် ယခု ပြခဲ့သော ဇာတိမာန် စသည်တို့ တက်မည် ဆိုလျှင် မိုးထိအောင် လှေကား မထောင်ပဲ တက်နိုင်ကြပေ၏။ မာန်တက်လောက်အောင်ပင် ဘုရင် မိဖုရားတို့၏ လက်ပေါ်တွင် ကြီးပွားရသော မင်းညီ မင်းသားများ ဖြစ်ကြသည်။ ပညာဘက်ကလည်း မဟောသဓာ သုခမိန် စသည်ဖြင့် ကမ္ဘာ့စံချိန် ချိုးတော်မူခဲ့သည်။ အမျိုးသမီးများဘက်ကလည်း ဥပ္ပလဝဏ်၊ ခေမာ၊ ယသော်ဓရာ စသော သူတော်ကောင်း အမျိုးသမီးတို့မှာ အမျိုး ဥစ္စာ ပညာဘက်၌သာမက၊ အလှဘက်ကလည်း တကမ္ဘာလုံး၏ မျက်နှာဖုံးများ ဖြစ်ကြပေသည်။
 
ထိုမျှလောက် အထက်တန်းကျသော အမျိုးသား အမျိုးသမီးတို့သည် သူတို့၏ မျိုးရိုးဇာတိ စသည်တို့အတွက် မာန်မာန မတက် ကြပါပဲလျက် “သည်လိုယုန်တော့-ချုံတိုင်းတွေ့နိုင်”တဲ့ အစား၊ “တံငါစာ၍-ငါသာသာ” ရှိသူများက ရှိစု မဲ့စု-စု၍ရသော ဇာတိ ပညာ ဥစ္စာ အဆင်းဖြင့် “ကြက်ဆူပင်မင်းမူ” နေခြင်းမှာ နက်နက်နဲနဲ တွေးလျှင် လေးလေးပင်ပင် ရှက်ဖွယ်ပါတကား။
 
ထို့ကြောင့် နှလုံးလေပင့်၍ ဘဝင်မြင့်သူအား ထောင်လွှား တက်ကြွ မာန်မာန ဖြစ်ခြင်းသည် သူတပါးတို့ မြင်ပြင်းကတ်ဖွယ်ရာ အကျိုးမဲ့ကိုသာ ဖြစ်စေရုံမက၊ နောက်နောက်ဘဝတို့၌ အမျိုးညံ့ဖို့ အကြောင်း မကောင်း သက်သက်ဖြစ်ရကား ဇာတိ ပညာ ဥစ္စာ အဆင်းအားဖြင့် ရောက်သင့်သလောက် အထက်တန်း ရောက်နေသော်လည်း နောက် နောက် ဘဝ အဆင့်ဆင့်၌ မြင့်သည်ထက်မြင့်ဖို့ အရေးကိုသာ ရွယ်ကိုး၍ “အစွယ်ကျိုသောမြွေ၊ ဦးချို ကျိုးသော နွား၊ ခြေသုတ်ပုဆိုး အလား”ကဲ့သို့ တက်ကြွားသော မာန်စွယ်ကို နုတ်ပယ် နှိမ်ချိုးနိုင်ကြပါစေသား။
 
(အရှင်ဇာနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ ကောက်နှုတ်တင်ပြသည်။)
 
=== ဒိဋ္ဌိ ===