၁၉၂၉
တည်းဖြတ်မှုများ
ရောမတို့သည် အီထရပ်စကန်တို့၏ လက်အောက်၌ ဆင်းရဲငြိုငြင်လာကြရာ နှစ်ပေါင်း ၂၅ဝ ခန့် ကြာပြီးနောက် ဘီစီ ၅ဝ၉ ခုနှစ်လောက်တွင် ဘုရင်ကို တော်လှန်ပုန်ကန်ကြလေသည်။ ထိုအခါ အီထရပ်စကန်ဘုရင် တာကွင်နီယပ်စူပါဗပ်သည်လည်း ရောမမြို့ကို စွန့်ခွာသွားရသည်။ ထို့နောက် ရောမတို့သည် ရောမသမ္မတနိုင်ငံကို တည်ထောင်ကြလေသည်။
==လူတန်းစားပဋိပက္ခများ==
ထိုစဉ်က ရောမနိုင်ငံသည် နိုင်ငံငယ်မျှသာ ဖြစ်သော်လည်း နှစ်ပေါင်း ၂၅ဝ နီးပါးမျှ အီတလီကျွန်းဆွယ်တွင် တန်ခိုးအကြီးဆုံးနိုင်ငံအဖြစ် တည်ရှိခဲ့သည်။ သို့ရာတွင် အုပ်ချုပ်ရေးအာဏာသည် ဥစ္စာပစ္စည်း ကြွယ်ဝသူနှင့် သူကောင်းမျိုးတို့ လက်ထဲ၌ ရောက်လျက်ရှိ၏။
ရောမတို့ အုပ်ချုပ်ရေးစံနစ်အရ နှစ်စဉ် ပက်တြီရှင်ခေါ် သူကောင်းမျိုးတို့ထဲမှ ကွန်ဆာခေါ် အရာရှိကြီး နှစ်ဦးကို ခန့် ထား၍ မြို့ပြရေးရာ ကိစ္စများကို အုပ်ချုပ်စေသည်။ သို့သော် ထိုအုပ်ချုပ်ရေးစံနစ်တွင် အထက်တန်းစားများသာ ခြယ်လှယ်ခွင့်ရ၍ ပလီဗီယန်ခေါ် ဆင်းရဲသားများသည် အုပ်ချုပ်ရေး၌ ပြောရေးဆိုခွင့် မရကြချေ။ ကွန်ဆာများကို ရွေးကောက် တင်မြှောက်သည့် အဆင်ဗလီအဖွဲ့တွင် ပလီဗီယန်များ ပါဝင်ခွင့်ရသော်လည်း ကွန်ဆာရွေးချယ်ရန် မဲဆန္ဒပေးရာ၌မူ ပက်တြီရှင်တို့၏ မဲက သာအောင် စီမံထား၏။
သို့ဖြင့် တန်ခိုးအာဏာ ရှိနေကြသော သူကောင်းမျိုးပက်တြီရှင်တို့သည် အခွင့်အရေးကောင်းဟူသမျှကို သူတို့ချည်းရအောင် ယူထားကြလေသည်။ အယုတ်သဖြင့် သူတို့၏ နွားနှင့်ဆိတ်များအတွက် စားကျက်ကောင်း ရအောင်ယူထားကြ၏။ ဆင်းရဲသားများမှာကား အလုပ်လုပ်စရာရှိလျှင် လုပ်ပေးရ၍ စစ်တိုက်စရာ ရှိလျှင် တိုက်ခိုက်ပေးရသော်လည်း အခွင့်အရေးကိုကား မရကြချေ။ ထိုကြောင့် မခံမရပ်နိုင် ဖြစ်လာကြပြီးလျှင် ဘီစီ ၄၉၄ ခုနှစ်တွင် ဆင်းရဲသားလူတန်းစားအားလုံး စုရုံးကြပြီးလျှင် သီးခြားမြို့တစ်မြို့တည်ရန် ရောမမြို့မှ ထွက်ခွာသွားကြ၏။ ဆင်းရဲသားလူထုကို အားကိုးနေရသော သူ ကောင်းမျိုးတို့မှာ ထိုသူတို့အား အုပ်ချုပ်မှုအခွင့်အရေးများပေးရန်၎င်း၊ မတန်တဆအတိုးနှုန်းနှင့် ချေးထားသော ကြွေးမြီများကို လျှော်ပစ်ရန်၎င်း၊ ကြွေးမှုဖြင့် ထောင်ချခံနေရသော ဆင်းရဲသားများကိုလည်း လွှတ်ပစ်ရန်၎င်း သဘောတူကြရသည်။
ထိုသို့အားဖြင့် ဆင်းရဲသားလူတန်းစားတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးမည့် တြီဗျွန်းအဖွဲ့ကို ရွေးကောက်ခန့်ထားလေသည်။ တဖြည်းဖြည်းနှင့် တြီဗျွန်းများသည် တန်ခိုးအာဏာ ရှိလာပြီးလျှင် တရားမျှတခြင်းမရှိဟု ထင်မြင်သော ဥပဒေများကို ပယ်ဖျက်နိုင်၍ ကွန်ဆာတို့၏ အမိန့်အာဏာများကိုပင် တစ်ချက်လွှတ်အာဏာသုံးကာ ဖျက်ပစ်နိုင်လေသည်။ တြီဗျွန်းများသည် ဆင်းရဲသားလူထုထဲမှ ဖြစ်၍ ထိုလူတန်းစား၏ အကျိုးကို လိုက်လျောဆောင်ရွက်ပေးကြ၏။
ထိုနောက် ပလီဗီယန်တို့သည် မိမိတို့ လူတန်းစားချည်း ပါဝင်သော ကောင်စီအဖွဲ့ကို ဖွဲ့စည်းခွင့် ရပြီးလျှင် လိုလားချက်များကို အုပ်ချုပ်ရေးအာဏာပိုင်တို့ထံမှ တောင်းဆိုနိုင်လာကြလေသည်။ ထိုကြောင့် ဘီစီ ၄၅ဝ ပြည့်နှစ်တွင် ရောမနိုင်ငံ တရားဥပဒေများကို ပြည်သူလူထု သိရှိနားလည်နိုင်ရန် ကြေးညိုပြား ၁၂ ပြားပေါ်တွင် အက္ခရာတင်ဖြစ်ကြသည်။ အဆိုပါ တရားဥပဒေများသည် နောင်အခါ၌ ကမ္ဘာပေါ်တွင် ထင်ရှားသည့် ရောမတရားဥပဒေ၏ အခြေခံပင် ဖြစ်၏။ ဘီစီ ၃၆၆ ခုနှစ်တွင် ပလီဗီယန်တို့သည် ကွန်ဆာလူကြီးအဖြစ် အရွေးခံခွင့်ရ၏။ ဘီစီ ၂၈၇ ခုနှစ်တွင် ပလီဗီယန် ကောင်စီမှ ဆုံးဖြတ်ချက်များကို တရားဥပဒေအဖြစ် လက်ခံကြရသည်။
==ရောမ ဆီးနိတ်==
|
တည်းဖြတ်မှုများ