ဆွေဇင်ထိုက်: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ဆွေဇင်ထိုက် en:Swe Zin Htaik
 
No edit summary
စာကြောင်း ၁ -
'''ဆွေဇင်ထိုက်'''သည် မြန်မာရုပ်ရှင် အကယ်ဒမီသရုပ်ဆောင်တစ်ဦးဖြစ်သည်။
ဆွေဇင်ထိုက်
 
ဒေါ်ဆွေဇင်ထိုက်ကို ရန်ကုန်မှာ ၁၉၅၃ ခုနှစ်၊ ဇွန်လ ၁၃ နေ့ရက်က မွေးဖွားခဲ့ပါတယ်။ စမ်းချောင်း အထက (၂) ကနေ ၁ဝ တန်း အောင်ခဲ့ပြီး၊ ၁၉၇၇ ခုနှစ်မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကနေ B.Com. (I.T.) ဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ Burma Council of Account ကနေ စာရင်းကို ဒီပလိုမာ ရခဲ့ပါတယ်။
 
ဒေါ်ဆွေဇင်ထိုက်ဟာ မြန်မာ၊ အင်္ဂလိပ်နဲ့ ပြင်သစ် ဘာသာစကားတွေ တတ်ကွျမ်းသူ တဦး ဖြစ်ကာ၊ ၁၉၈၉ မှာ Alliance Francaise ကနေ ပြင်သစ်ဘာသာ ဒီပလိုမာ (Diplome de Langue Francaise) ရခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ရှိတဲ့ University of Southern California က ပို့ချတဲ့ မီဒီယာ ခေါင်းဆောင်သင်တန်းကို (Media Leadership Training Program, specialization in Social Content Media Production Course) တက်ရောက် လေ့လာခဲ့သူလည်း ဖြစ်ပါတယ်။
 
(ဒေါ်) ဆွေဇင်ထိုက် ဆိုတဲ့ အမည်နဲ့ နာမည်ကျော် အကယ်ဒမီ ရုပ်ရှင် သရုပ်ဆောင်တဦး ဖြစ်လာမဲ့ Grace ဟာ ရ တန်း ဖြေပြီးတဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ရှုမဝ ဦးကျော်ရဲ့နာမည်ကျော် 'ရှုမဝ သရုပ်ဆောင် သင်တန်း' ကို တက်ရောက် သင်ကြားခဲ့ပါတယ်။ ရှုမဝ ဦးကျော်ဟာ Grace ရဲ့ မိဘတွေနဲ့ ရင်းနှီးသူ ဖြစ်တာကြောင့် ရည်ရွယ်ချက် မရှိဘဲ ရှုမဝ သရုပ်ဆောင် သင်တန်းကို တက်ရောက် လေ့လာ သင်ကြားခဲ့တာ ဖြစ်ပါတယ်။
 
ဒါပေမဲ့လည်း ၈ တန်း၊ ၉ တန်း ကျောင်းသူ ဘဝတွေမှာလည်း သရုပ်ဆောင် သင်တန်းကို ဆက်လက် တက်ရောက် သင်ယူရာက သင်ကြားတဲ့ ပုံစံ၊ လေ့ကျင့်ပေးတဲ့ ပုံစံတွေကို စိတ်ဝင်တစား ကနေ၊ 'ရုပ်ရှင် သရုပ်ဆောင် အတတ်ပညာသည် လေ့ကျင့် သင်ကြားပါက တတ်မြောက်လာမည်' လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ဝင်လာကာ ရုပ်ရှင် သရုပ်ဆောင် လုပ်ငန်းကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။
 
၁၉၇၁ ခုနှစ်မှာ (ဒေါ်) ဆွေဇင်ထိုက်ဟာ ရှုမဝဦးကျော်ရိုက်မည့် “စေလိုရာစေ”ရုပ်ရှင် ဇာတ်ကား ကားအတွက် သရုပ်ဆောင်သစ် လှျောက်လွှာခေါ်ရာမှစ၍ အနုပညာလောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။ ထိုဇာတ်ကားတွင် ဇော်ဝမ်း၊ လင်းထင်တို့နှင့်အတူ တွဲဖက်သရုပ်ဆောင်ရသည်။ ဒေါ်ဆွေဇင်ထိုက်ဟာ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ၂ နှစ်လောက် အချိန်ယူ ကျက်မှတ် လေ့ကျင်ခဲ့ပြီး၊ ရုပ်ရှင် ဇာတ်ကူး မရိုက်ကူးခင် ၁ဝ တန်း စာမွေးပွဲကို အောင်အောင် ဖြေပြီးမှ ပထမနှစ် တက္ကသိုလ် ကျောင်းသူဘဝမှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။
 
မင်းသား (ဦး) ညွန့ဝင်း၊ မင်းသမီးတွေ အဖြစ် (ဒေါ်) ဝါဝါဝင်းရွှေ၊ (ဒေါ်) မေဝင်းမောင်တို့နဲ့ တွဲဖက် သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ 'မိန်းကလေးရှင်ရဲ့ဆန္ဒ' ရုပ်ရှင်ဇာတ်ကားနဲ့ ၁၉၇၇ ခုနှစ် အတွက် 'အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့)' ကို (ဒေါ်) ဆွေဇင်ထိုက် ဆွတ်ခူး ရရှိခဲ့ပါတယ်။ (ဒေါ်) ဝါဝါဝင်းရွှေလည်း ဒီကားမှာပဲ 'အကယ်ဒမီဆု (အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်)' ကို ရရှိခဲ့တယ်။
 
(ဒေါ်) ဆွေဇင်ထိုက်ဟာ အောင်မြင်နေချိန်မှာ ရုပ်ရှင် သရုပ်ဆောင် တဦးဖြစ်တဲ့ စိန်မြင့်နဲ့ ခိုးရာ လိုက်ပြေးခဲ့တဲ့ အတွက် ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ထုတ်ဝေခဲ့တဲ့ သတင်းစာများရဲ့ မျက်နှာဖုံးမှာ "ကိုကို့ကို ကျမက ခိုးတာပါ" ဆိုတဲ့ ခေါင်းစဥ်တွေက ပလူပျံခဲ့ပါတယ်။
 
"အဲဒီ ကိစ္စက ဦးစိန်မြင့်နဲ့ လိုက်ပြေးတော့ မေမေက သဘောမတူဘူး။ ကျမ အသက်ကလည်း ၁၈ နှစ် မပြည့်သေးဘူး။ ဒီတော့ အရွယ်မရောက်သေးသူကို ဖြားယောင်း သွေးဆောင်မှုနဲ့ ဦးစိန်မြင့်ကို ဖမ်းနိုင်တယ်လို့ သူ့ဘက်က ဆွေမျိုးတွေနဲ့ ရှေ့နေတွေက ပြောကြတယ်။ ဒါကြောင့် သတင်းစာ ရှင်းလင်းပွဲ တခု လုပ်ပြီး အဲဒီစကားကို ကျမ ပြောခဲ့ရတာပါ။ အဓိက ကတော့ ဦးစိန်မြင့်ကို အရေးမယူနိုင်အောင်ပေါ့" လို့ ဒေါ်ဆွေဇင်ထိုက်က ရှင်းပြပါတယ်။
 
သူတို့ နှစ်ယောက် ကံတူ အကျိုးပေးလို့ ဆိုရပါလိမ့်မယ်။ ၁၉၇၇ ခုနှစ်မှာ ရုံတင် ပြသခဲ့တဲ့ အဖေတခု သားတခု ဇာတ်ကားမှာ စိန်မြင့်၊ ဇော်လင်း၊ ဆွေဇင်ထိုက်တို့ သရုပ်ဆောင်ခဲ့ကြပြီး မိန်းကလေးရှင်ရဲ့ ဆန္ဒ ဇာတ်ကားမှာ ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ဆွေဇင်ထိုက်၊ မေဝင်းမောင်၊ တင်နီလာဝင်းတို့ ပါဝင် သရုပ်ဆောင်ခဲ့ကြပါတယ်။ ရုပ်ရှင် ထူးခွျန်ဆုပေးပွဲမှာ စိန်မြင့်က အဖေတခု သားတခု ဇာတ်ကား အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု၊ ဆွေဇင်ထိုက်က မိန်းကလေးရှင်ရဲ့ဆန္ဒ ဇာတ်ကား အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆု ဆွတ်ခူးခဲ့ပါတယ်။ ဒါပေမဲ့ ထူးခွျန်ဆုပေးပွဲ မတိုင်ခင် သူတို့ အိမ်ထောင်ရေး ပြိုပျက်ခဲ့ပြီး ဖြစ်ပါတယ်။ လူသိရှင်ကြား မဟုတ်သေးတာကြောင့် လူကြီးများက သူတို့ ဇနီး မောင်နှံကို အထူးဆုရမယ့် ကလေး သရုပ်ဆောင် အောင်ထွန်းလေးနဲ့ အတူ ကားတစီးတည်းနဲ့ လာရမယ်လို့ ဆိုတာကြောင့် အနုပညာသမားများပီပီ ကိုယ်ရေးကိုယ်တာကို မေ့ထားကာ ကားတစီးတည်း သွားခဲ့ကြတဲ့ အပြင် စင်ပေါ်မှာလည်း ဇနီးမောင်နှံတို့ ဆုံခဲ့ကြပါတယ်။
 
(ဒေါ်) ဆွေဇင်ထိုက်နဲ့ တန်းတူ မင်းသမီး အချို့က အိုမင်းလာတဲ့ အရွယ်တိုင်အောင် ကျရာအခန်းကနေ သရုပ်ဆောင်လျက် ရှိနေကြပေမဲ့၊ (ဒေါ်) ဆွေဇင်ထိုက် ကတော့အောင်မြင် ကျော်ကြားဆဲ အရွယ်ကောင်းတုန်း အချိန် ၁၉၉၁ ခုနှစ်မှာပဲ ရုပ်ရှင်လောက ကနေ အနားယူခဲ့ပါတယ်။ ဒီလို စောစောစီးစီး အနားယူ ခဲ့ရတာနဲ့ ပတ်သက်လို့ ဒေါ်ဆွေဇင်ထိုက်က အခုလို ပြောပြခဲ့ဖူးပါတယ်။
 
"ရုပ်ရှင်မှာက 'ရပါတယ်' ဆိုတာတွေပဲ ဖြစ်နေတော့၊ Production ဖြစ်တာနဲ့ မရိုက်ချင်တော့တာပါ။ ဒါရိုက်တာကလည်း ရပါတယ်။ မင်းသား မင်းသမီးကလည်း ရပါတယ်။ ကင်မရာမင်းတွေကလည်း ရပါတယ်ဆိုပြီး မြန်မာပြည်မှာ ပြတာပဲ ဆိုပြီး။ အရည်အသွေးတွေ ကောင်းအောင် လုပ်ဖို့ ဆိုတာ Limitation ရှိသေးတယ်လေ။ ရုပ်ရှင် ဈေးကွက်ကြီးက ပြည်တွင်း ဈေးကွက် တခုပဲ ရှိတယ်။ Asia Commuication မှာ Marketing က မရှိဘူးလေ။"
 
ဒေါ်ဆွေဇင်ထိုက်ဟာ ၁၉၇၁ ခုကနေ ၁၉၉၁ ခုနှစ် အတွင်းမှာ ရုပ်ရှင် ဇာတ်ကားပေါင်း ၂၀ဝ ကျော်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး၊ ဇာတ်လမ်းပေါင်း ၅ဝ ကျော်ကို ထုတ်လုပ်သူ ဒါမဟုတ် ဒါရိုက်တာ အဖြစ် ရိုက်ကူး တက်ဆက်ခဲ့သူ ဖြစ်ပါတယ်။
 
၁၉၉၅ နဲ့ ၁၉၉၇ နှစ်တွေမှာ၊ ဟောင်ကောင် တက္ကသိုလ်မှာ ကျင်းပတဲ့ အသိဉာဏ်ပညာ ဆိုင်ရာ တီထွင်မှုများနဲ့ ပတ်သက်တဲ့ မူပိုင်ခွင့် အခွင့်အရေးများ (Intellectual Property Rights Seminar) စီမီနာကို မြန်မာ ရုပ်ရှင်ထုတ်သူတွေ ကိုယ်စား တက်ရောက်ဖို့ ရွေးချယ်ခြင်း ခံခဲ့ရပါတယ်။
 
 
၂၀၀ဝ ပြည့်နှစ်မှာ တောင်အာဖရိကနိုင်ငံ Natal University မှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ညီလာခံကို လေ့လာသူ အဖြစ် တက်ရောက်ခဲ့ပါတယ်။
 
၂၀၀၃ ခုနှစ်မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဆိုဘုန်း တက္ကသိုလ် (Sorbonne University) နဲ့ သုတေသန ဝန်ကြီးဌာန (Ministry of Research) တို့က ပူးတွဲ ကျင်းပတဲ့ အရှေ့တောင် အာရှ ဒေသအတွင်း ရွှေ့ပြောင်း အလုပ်သမားများ အတွက် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များ 'Health Information for Migrants in South East Asia' ဆွေးနွေးပွဲကို တက်ရောက်ပြီး စာတမ်း တင်သွင်းခဲ့သလို၊ ရုပ်ရှင် ထုတ်လုပ်သူတွေရဲ့ ကိုယ်စား ကွာလာလမ်ပူ ကမာ္ဘ့ ရုပ်ရှင်ပွဲတော် (KL World Film Festival) ကို တက်ရောက်ဖို့ စေလွှတ်တာလည်း ခံခဲ့ရပါတယ်။
 
၂၀၀၆ ခုနှစ်မှာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့မှာ ကျင်းပတဲ့ (၅) ကြိမ်မြောက် အာရှရုပ်ရှင် ပွဲတော် (Fifth Asian Eye Film Festival) ကို တက်ရောက်ပြီး 'မြန်မာ့ ရုပ်ရှင် - ယခင်က အခြေအနေ၊ လက်ရှိ အနေအထားနဲ့ အနာဂတ်' လို့ အဓိပ္ပါယ်ရတဲ့ 'Myanmar movies: Past, Present & Future' စာတမ်းကို ဖတ်ကြားခဲ့သလို့၊ မြန်မာနိုင်ငံရဲ့ အကြောင်း မီးမောင်း ထိုးပြနိုင်တဲ့ ဇာတ်ကား ရှစ်ကားကိုလည်း အင်္ဂလိပ် စာတန်းထိုးကာ ပြသနိုင်ခဲ့ပါတယ်။
 
၁၉၇၈ ကနေ ၁၉၈၁ ခုနှစ် အထိ Commerce Graduate Association (Myanmar) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၈၉ ကနေ ၁၉၉၁ အထိ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉ဝ ကနေ ၁၉၉၂ အထိ ရန်ကုန် ယူနီဆက် (UNICEF)၊ IDD project သတင်း ပြန်ကြားရေး အရာရှိရဲ့ အတိုင်ပင်ခံ၊ ၁၉၉၃ ကနေ ၂၀၀၃ အထိ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (Myanmar Maternal & Child Welfare Association) ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်၊ ၁၉၉၉ ကနေ ၂၀၀၆ အောက်တိုဘာ အထိ Population Services International Myanmar (PSI - Myanmar) ရဲ့ ဆက်သွယ်ရေး အရာရှိ (အသံလွှင့် ဌာနများ၊ Broadcast Media)၊ ၂၀၀၅ ဖေဖော်ဝါရီ ကနေ ၂၀၀၇ ဖေဖော်ဝါရီ အထိ မြန်မာ ခရစ်ကက် ဖက်ဒရေးရှင်း အထွေထွေ အတွင်းရေးမှူး၊ ၂၀၀၅ ဇွန် ကနေ ၂၀၀၇ ဇူလိုင် အထိ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၃) စတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သလို၊ ၂၀၀၇ ကနေ စပြီး မြန်မာ ဟော်ကီ ဖက်ဒရေးရှင်းရဲ့ အတွင်းရေးမှူး (အမျိုးသမီးရေးရာ) အဖြစ် တာဝန် ထမ်းဆောင်လျက် ၄င်း၏ အတွေ့အကြံု နှင့် အမြင်များကို ဘလောက်ရေးသားခြင်းဖြင့် မှျဝေနေလေသည်။ ဘလောက်လိပ်စာမှာ graceswezinhtaik.blogsport.com ဖြစ်သည်။
 
[[en:Swe Zin Htaik]]