ခမာလူမျိုး: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ခရစ် ၁၃ ရာစုနှစ်များ မတိုင်မီကာလက အာရှတိုက်အရှေ့တောင်ပိ...
(ကွဲပြားမှု မရှိ)

၁၂:၅၁၊ ၂၀ နိုဝင်ဘာ ၂၀၁၀ ရက်နေ့က မူ

ခရစ် ၁၃ ရာစုနှစ်များ မတိုင်မီကာလက အာရှတိုက်အရှေ့တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်တွင် ယဉ်ကျေးမှု ဖက်၌လည်းကောင်း၊ နိုင်ငံအင်အားဖက်၌လည်းကောင်း၊ ပြိုင်ဖက်ကင်းလောက်အောင် တိုးတက်ထွန်းပြောင်ခဲ့သော နိုင်ငံမှာ ခမာဘာသာစကားကို ပြောဆိုကြသော သူတို့၏ နိုင်ငံဖြစ်ခဲ့၏။ ထိုနိုင်ငံမှာ ၉ ရာစုနှစ်များ အစလောက်မှစ၍ ကမ္ဗုဇဟု တွင်ခဲ့သည်။ ခမာမှာ ဘာသန္တရအရ ခေါ်ဝေါ်သော အမည်တစ်ခုဖြစ်သည်။ အာရှတိုက် အရှေ့တောင်ပိုင်းဒေသနှင့် ယင်းဒေသများ၏ တောင်ဖက်ရှိကျွန်းများတွင် အများဆုံးပြောဆိုကြသည့် ဘာသာစကားတို့မှာ သြစတြစ်ခေါ် တောင်ပိုင်း ဘာသာစကားစုကြီးတွင် ပါဝင်သော ဘာသာစကားများဖြစ်ရာ၊ ကုန်းသြစတြစ်အစုဟု ခေါ်အပ်သော သြစတြိုအေရှီ အက်တစ် အစုဝင် မွန်-ခမာအစုခွဲ၏ ဘာသာစကားတစ်ရပ်ဖြစ်ပေသည်။

မွန်ခမာအစုခွဲများ

ယင်းဘာသာစကားကို ပြောဆိုသော သူတို့မှာ ယခင်က ပြင်သစ်ပိုင် အင်ဒိုချိုင်းနားနိုင်ငံများတွင် အာနမ်ပြည်မှအပ နိုင်ငံရေးအရ လည်းကောင်း၊ ယဉ်ကျေးမှုအရလည်းကောင်း အရေးကြီးဆုံးဖြစ်သည့် မဲခေါင်မြစ်ဝှမ်းတောင်ဖက်ပိုင်းရှိ ကမ္ဗောဇနိုင်ငံတွင် အများဆုံး နေထိုင်ကြသည်။ ထိုဒေသ၏ အနောက်ဖက် ယိုးဒယားနိုင်ငံနှင့် အရှေ့ဖက် ကိုချင်ချိုင်းနား နိုင်ငံတို့တွင်လည်း ခမာစကားပြောဆိုသူ အချို့တို့ကို တွေ့နိုင် ပေသေးသည်။ ယင်းတို့နှင့် ဘာသာစကားတူဖြစ်သော အခြားမွန်ခမာ အစုခွဲတွင် ပါဝင်သည့် ဘာသာစကားတို့ကို ပြောဆိုသူများကို ယခု ဗီယက်နမ်နိုင်ငံတွင် ပါဝင်သော မြောက်ဘက် တုံကင်းနယ်မှ အာနမ်တောင်ရိုးတစ်လျောက် တောင်ဘက် မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများ ရှိ ကိုချင်ချိုင်းနားပြည်အထိလည်းကောင်း၊ ရှေ့ဘက် တုံကင်းနယ်မှ လာအိုနယ် ယိုးဒယား မြောက်ပိုင်တို့ကို ဖြတ်၍ အနောက်ဖက်မြန်မာပြည် ကျိုင်းတုံနယ်အထိ ဖြစ်သော ဒေသထိလည်းကောင်း တွေ့ရသည်။ ထိုမှတစ်ပါး မြန်မာနိုင်ငံအတွင်းရှိ မွန်များ၊ ပလောင်များ၊ ဝ များသည်လည်း ယင်းတို့နှင့် အနွယ်တူ ဖြစ်ရာ ကမ္ဗောဒီးယားနေ ခမာတို့မှာ မြန်မာနိုင်ငံ တိုင်းရင်းသားအချို့နှင့် အနွယ်တူနေကြသူများလည်း ဖြစ်ပေသည်။ အခြားအနွယ်တူ လူမျိုးများမှာ အာသံပြည်ရှိ ခါစီလူမျိုးများ၊ အိန္ဒိယပြည် အလယ်ပိုင်းရှိ မုဏ္ဍာလူမျိုးများနှင့် နကဗရီကျွန်းသားများ ဖြစ်သည်။

လူမျိုးအလိုက်အနွယ်

မွန်ခမာအစုခွဲဝင် ဘာသာစကားများကို ပြောဆိုကြသော လူမျိုးတို့အနက်အချို့မှာ မူလတိုင်းဦးသားများ ဖြစ်ကြ၍ အချို့မှာ နောက်ကာလများမှ ရွေ့ပြောင်းဝင်ရောက်လာကြသော တောင်ပိုင်းမွန်လူမျိုးစုများ ဖြစ်ကြရာ လူမျိုးရေအရဆိုသော် ခမာတို့မှာ မွန်မြန်မာတို့ကဲ့သို့ များသောအားဖြင့် တောင်ပိုင်း မွန်ဂိုလူမျိုးစုဝင်များ ဖြစ်ကြသည်။ လွပ်လပ်သော လူမျိုးအဖြစ် အချုပ်အချာအာဏာပိုင် နိုင်ငံနှင့် နေထိုလျက်ရှိသော ယခုခေတ်ခမာတို့မှာ ကမ္ဗောဇပြည်သားများ ဖြစ်ကြပေသည်။

သမိုင်းအကျဉ်း

တချိန်က တန်ခိုးထွားခဲ့သော ခမာတို့သမိုင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရှေးဟောင်းသမိုင်း ကျောက်ခေတ်ယဉ်ကျေးမှုသည် ဘီစီ ၁၅၀၀ က အာရှအရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် ဟိန်းဂဲလဒန်ခေါ် အရှေ့တိုင်း သမိုင်းပါရဂူ တစ်ဦးက ယူဆခဲ့သည်။