ဘော်စတွန်တီးပါတီ: တည်းဖြတ်မှု မူကွဲများ

"'''ဘော်စတွန်တီးပ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၀၄:၄၉၊ ၃၀ မေ ၂၀၂၁ ရက်နေ့က မူ

ဘော်စတွန်တီးပါတီ (အင်္ဂလိပ်: Boston Tea Party) သည် အမေရိကန်ရှိ နိုင်ငံရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဆန္ဒပြမှုတခုဖြစ်ပြီး လွတ်မြောက်ခြင်း၏သားတော်များအဖွဲ့က မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့၌ ၁၇၇၃ ခု၊ ဒီဇင်ဘာလ ၁၆ ရက်၌ လုပ်ခဲ့သည်။ ရည်ရွယ်ချက်မှာ ၁၇၇၃ ခု၊ မေလ ၁၀ ရက်တွင် ပြဌာန်းသော လက်ဖက်ခြောက်ဥပဒေကို ကန့်ကွက်ခြင်းဖြစ်သည်။ အဆိုပါဥပဒေအရ တောင်းရှန့်ဥပဒေနှင့်စည်းကြပ်သောအခွန်များကို ဆောင်ရန်မလိုဘဲ တရုပ်မှ လက်ဖက်ခြောက်များကို အမေရိကရှိ လက်အောက်ခံနယ်မြေများသို့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက တင်ပို့ခွင့်ရသည်။ လွတ်မြောက်ခြင်း၏သားတော်များအဖွဲ့က တောင်းရှန့်ဥပဒေအရ စည်းကြပ်သောအခွန်တို့ကို ၎င်းတို့ရပိုင်ခွင့်များ ထိပါးခြင်းဟု ခံယူကာ အပြင်းအထန်ကန့်ကွက်သည်။ အမေရိကန်အင်ဒီယန်များလည်း ပါဝင်သည်ဟု ယူဆရသော ဆန္ဒပြသူများက အရှေ့အိန္ဒိယကုမ္ပဏီ၏ လက်ဖက်ခြောက်တင်သွင်းသော သင်္ဘောဆိပ်တခုလုံးကို ဖျက်ဆီးခဲ့သည်။

ဆန္ဒပြသူများသည် ဘော်စတွန်ဆိပ်ကမ်းမှ သင်္ဘောများပေါ်တက်ကာ လက်ဖက်ခြောက်သတ္တာတို့ကို ရေထဲကန်ချသည်။ ဗြိတိသျှအစိုးရက ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ရာမှ မလိုလားအပ်သောကိစ္စများဖြစ်လာခါ အမေရိကန်တော်လှန်ရေး ပေါ်ပေါက်လာသည်။ တီးပါတီသည်လည်း အမေရိကန်သမိုင်း၌ အထင်ကရဖြစ်ရပ် ဖြစ်လာသည်။ ထိုအချိန်မှစ၍ တီးပါတီလှုပ်ရှားမှုကဲ့သို့သော နိုင်ငံရေးဆိုင်ရာ ဆန္ဒပြမှုများက ယင်းတို့သည်လည်း ၁၇၇၃ ဘော်စတွန်ဆန္ဒပြမှု၏ဆက်ခံခြင်းများအဖြစ် ရည်ညွှန်းကြသည်။

တီးပါတီသည် ဗြိတိသျှပါလီမန်က ၁၇၇၃ ခု၌ ပြဌာန်းသော ဗြိတိသျှအမေရိကအတွက် လက်ဖက်ခြောက်ဥပဒေကို ကန့်ကွက်သောလုပ်ရပ်၏ အကျိုးဆက်ဖြစ်သည်။ နယ်ချဲ့တို့က ၎င်းတို့ကိုယ်စားမပြုရသောနေရာတွင် အခွန်ပေးရန်မလိုဟု ယုံကြည်ကာ အင်္ဂလိပ်လူမျိုးအနေဖြင့် ရပိုင်ခွင့်ချိုးဖေါက်ခံရသည်ဟု ခံယူသည်။ ဆိုလိုသည်မှာ လက်အောက်ခံနယ်မြေအတွက်ထုတ်သော ဥပဒေကို ကိုလိုနီရှင် အင်္ဂလိပ်တို့က လိုက်နာရန်မလိုဟု ယုံကြည်ခြင်းဖြစ်သည်။ ၎င်းကြောင့် အဆက်အသွယ်ကောင်းသော အရှိ့အိန္ဒိယကုမ္ပဏီသည် ကိုလိုနီနယ်မြေသို့ လက်ဖက်ခြောက်တင်သွင်းသူများအကြား၌ အသာစီးယှဉ်နိုင်မှု ရခဲ့သည်။ ဆန္ဒပြသူများသည် အခြားကိုလိုနီနယ် ၃ ခုတွင် လက်ဖက်ခြောက်မချအောင် တားနိုင်ခဲ့သည်။ သို့သော် ဘော်စတွန်တွင်မူ မြို့အုပ်မင်း သောမတ်ဟတ်ချင်ဆန်က လက်ဖက်ခြောက်များကို ဗြိတိန်သို့ ပြန်ပို့ရန် ငြင်းဆိုသည်။ ဘော်စတွန်တီးပါတီဖြစ်ပြီးသည်နောက် ၁၇၇၄ ခု၌ ပါလီမန်က တင်းကြပ်သောဥပဒေများ ပြဌာန်းကာ ကိုလိုနီနယ်မြေများကို နှိပ်ကွပ်သည်။ ၎င်းတို့အနက် မက်ဆာချူးဆက်ရှိ ဒေသခံအစိုးရအား ဖျက်သိမ်းခြင်းနှင့် ဘော်စတွန်ရှိ ကုန်သွယ်ရေးအား ပိတ်ခြင်းတို့ ပါဝင်သည်။ နယ်ချဲ့တို့က ၎င်းတို့ပိုင် လက်အောက်ခံနယ် ၁၃ ခုတွင် ဥပဒေများကို အတင်းအလျှော့လုပ်ကာ ဆန္ဒပြမှုများကို တားခဲ့သည်။ ဥပဒေများအား ပြင်ဆင်နိုင်ရန်နှင့် လက်အောက်ခံမြေတို့မှ ကန့်ကွက်မှုများကို ညှိနှိုင်းရန် ဗြိတိန်တော်ဝင်မိသားစုကို တောင်းဆိုကာ ပထမအကြိမ် တိုက်ကြီးများဆိုင်ရာကွန်ဂရက် ကျင်းပခဲ့သည်။ အကြပ်အတည်းများ ပွင့်အန်ကာ ၁၇၇၅ ခု၌ ဘော်စတွန်အနီးတွင် အမေရိကန်တော်လှန်ရေးစစ်ပွဲ စဖြစ်တော့သည်။