ရှံမွားဆိတ်: တည်းဖြတ်မှု မူကွဲများ

"==ရှံမွားဆိတ် == ခွ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၀:၄၂၊ ၁၉ စက်တင်ဘာ ၂၀၁၁ ရက်နေ့က မူ

ရှံမွားဆိတ်

ခွာရှိသော ခြေလေးချောင်း တိရစ္ဆာန်များအနက် ရှံမွား ဆိတ်သည်လည်း တစ်မျိုးအပါအဝင် ဖြစ်သည်။ ဗိုဗီဒီးမျိုးရင်း တွင် ပါဝင်၍ တိရစ္ဆာန်ဗေဒအမည်အားဖြင့် ရူးပီးကေး ပရထရေးဂတ်ဟု ခေါ်သည်။ ထိုတိရစ္ဆာန်တို့ကို တစ်ခါတစ်ရံ ဆိတ်ဟု ခေါ်၍ တစ်ခါတစ်ရံဒရယ်ဟု ခေါ်ကြသည်။ တောင် ထူထပ်သောဒေသ၌ ကျက်စားလေ့ရှိသဖြင့် တောင်ဆိတ်တစ်မျိုး ဟုလည်း ခေါ်ကြသေးသည်။ စင်စစ် ယင်းတို့သည် ဆိတ်နှင့် တူသော ဒရယ်ငယ်မျိုး ဖြစ်လေသည်။

ရှံမွားတို့သည် ယခင်က ဥရောပတိုက် မြေပြန့်ဒေသများ၌ ကျက်စားခဲ့ကြသေးသည်။ သို့သော် နောင်အခါ တောင်ထူထပ် သော ဒေသများသို့နေရာ ပြောင်းသွားကြသည်။ ယင်းတို့ကို ဥရောပတိုက်နှင့် အာရှတိုက်အနောက်ပိုင်း တောင်တန်းဒေသ များ၌ တွေ့ကြရသည်။ တစ်ခါက ဆွစ်ဇာလန်နိုင်ငံ အဲ့လပ တောင်များ၌ အများအပြား တွေ့ကြရသည်။ သို့ရာတွင် ယခုမူ အတွေ့ရနည်းပါးသွားလေပြီ။ ယင်းတို့သည် ဆောင်းရာသီ ကျရောက်လာလျှင် တောင်ခြေသို့ဆင်း၍ အုပ်ဖွဲ့ကာ သစ်တော များအတွင်း လှည့်လည်နေထိုင်ကြပြီးလျှင် အပင်ငယ်များကို စားသောက်လေ့ရှိသည်။ ရာသီဥတုပူနွေးလာလျှင်မူ အုပ်စုခွဲ၍ တောင်ပေါ်သို့ ပြန်တက်ကြသည်။ တခါတရံ ရေခဲဖုံးနေသည့် အမြင့်ဆုံး တောင်ထိပ်အထိ တက်ရောက် နေထိုင်ကြလေသည်။ ရှံမွားတို့သည် ဆိတ်နှင့် အရွယ်တူလောက် ရှိတတ်သည်။ အရပ်အမောင်းအားဖြင့် ပခုံးအထိ လက်မ သုံးဆယ်ခန့် မြင့် သည်။ အမွေးရောင်သည် နီညိုရောင်ဖြစ်၍ အမြီးနှင့်ဦးချိုတို့ နက်သည်။ ဆောင်းအခါတွင် အမွေးရောင်သည် အညိုရင့် ရောင်သို့ ပြောင်း၍ နွေအခါတွင် အရောင်မွဲမွဲ ဖြစ်လာသည်။ ဦးခေါင်းတွင် အမွေးရောင်သည် ဝါဖျော့ဖျော့ဖြစ်၍ မျက်စိ တစ်ဝိုက်၊ ပါးစပ်မှ နားရွက်အထိ အနက်ကွက် ပါရှိသည်။ ခြောက်လက်မ၊ သို့မဟုတ် ခုနစ်လက်မခန့် ရှည်၍ ချောမွတ် လုံးဝန်းသော ဦးချိုနှစ်ချောင်း ရှိသည်။ ထိုဦးချိုတို့သည် အရင်းပိုင်းတွင် ဖြောင့်၍အဖျားသို့ ရောက်လျှင် ရုတ်တရက် နောက်ပြန်ကော့သွားသည်။

ယင်းတို့၏ ခွာများသည် သေးငယ်၍ ခပ်ခွက်ခွက် ဖြစ် နေသဖြင့် ကျဉ်းမြောင်းမတ်စောက်သော ကျောက်ဆောင် ကျောက်ကမူ တစ်ခုမှ တစ်ခုသို့၎င်း၊ အစွန်းတစ်ခုမှ တစ်ခု သို့၎င်း လျင်မြန်ပေါ့ပါးစွာ ခုန်လွှားသွားနိုင်ကြသော အလွန် ခြေမြဲသည့် တိရစ္ဆာန်မျိုးဖြစ်သည်။

ရှံမွားတို့သည် အလွန်အကင်းပါး၍ အလွန်လူကြောက်ကြ သည်။ မျက်စိအလွန်ရှင်၍ အနံ့ခံ အလွန်ကောင်းကြသည်။ အုပ်နှင့်နေသော အခါမျိုးတွင် တစ်အုပ်တွင် အကောင်နှစ်ဆယ် သုံးဆယ်ခန့် ပါရှိတတ်၍ အစာစားနေကြစဉ် တစ်ကောင်က အစောင့်အဖြစ်ဖြင့် နေလေ့ရှိသည်။ အစောင့်သည် ရန်သူလာ ကြောင်း သိလျှင် ခွာကိုဆောင့်၍ လေချွန်သကဲ့သို့ အသံပြုကာ အချက်ပေးလိုက်သောအခါ ရှံမွားတစ်အုပ်လုံးသည် လျင်မြန် ပေါ့ပါးလှသော အဟုန်ဖြင့် လူမလိုက်နိုင်သော နေရာများသို့ ခုန်လွှားကွယ်ပျောက် သွားတတ်ကြလေသည်။ယင်းသို့ အတိမ်း အရှောင် ကောင်း၍ လျင်မြန်ပေါ့ပါးစွာ ပြေးလွှားကွယ်ပျောက် နိုင်ကြ၍၎င်း၊ တောတောင်များအကြား ခက်ခက်ခဲခဲနေရာများ၌ နေထိုင်ကျက်စားလေ့ ရှိကြ၍၎င်း ရှံမွားတို့ကို အမဲလိုက်ရသော အလုပ်သည် အန္တရာယ်များ၍ ခက်ခဲပေသည်။ တစ်ခါက ယင်း တို့အား အမဲလိုက်သည့်အလုပ် ခေတ်စားခဲ့ဘူးသော်လည်း ယခု အခါ ရှံမွားများ ရှားပါးလာပြီ ဖြစ်သဖြင့် ယင်းတို့ကို မပစ် ခတ်ရန် ဥပဒေဖြင့် တားမြစ်ကာကွယ်ပေးရလေသည်။ ရှံမွားတို့၏အသားသည် အလွန်စားကောင်းသည်ဟု ဆိုကြ သည်။ သို့သော် ယင်းတို့၏ ပျော့ပျောင်းနူးညံ့သော သားရေ သည် ပို၍အဖိုးတန်သည်။ ရှံမွားသားရေကို ယခင်က ယင်းတို့ ၏ သားရေဖြင့် ပြုလုပ်ရောင်းချကြသည်။ နောင်အခါတွင်မူ ဆိတ်သားရေ အနုစားကို ရှံမွားသားရေအဖြစ် ပြုလုပ်ရောင်းချ ကြသည်။ သို့သော် ရှံမွားသားရေးအစစ်၏ နူးညံ့ပျော့ပျောင်းမှု ကိုကား မမှီချေ။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)