ကျောက်မီးသွေး၊ သစ်သား၊ အရိုးများနှင့် အခြားအလားတူဩဂဲနစ်ပစ္စည်းများကို လေအလုံပိတ်ပြီးနောက် မီးပြင်းတိုက်ပေးသောအခါ ထိုပစ္စည်းများမှ အခိုးများထွက် လာသည်။ ထိုအခိုးများကို ပေါင်းခံနည်းဖြင့် အအေးခံယူရာတွင် ပျစ်၍ မည်းနေသော ဆီကဲ့သို့သော အရည်ကိုရရှိ၏။ ထိုအရည်မှာ ကတ္တရာစေးပင်ဖြစ်သည်။ အများအားဖြင့် ကတ္တရာစေးကို သစ်သားနှင့် ကျောက်မီးသွေးတို့မှထုတ်ယူလေ့ရှိကြ၏။ ထို ကတ္တရာတို့ကို သစ်သားကတ္တရာနှင့် ကျောက်မီးသွေးကတ္တရာ ဟူ၍ ခွဲခြားခေါ်ဝေါ်ကြလေသည်။

သစ်သားကတ္တရာကို များသောအားဖြင့် ထင်းရှူးမျိုးဝင် သစ်သားတို့မှ ထုတ်ယူရရှိရာ ဥရောပတိုက်မြောက်ပိုင်းရှိ ထင်းရှူးတောများမှလည်းကောင်း၊ အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလီးယားပြည်နယ်ရှိ ထင်းရှူးတောများမှလည်းကောင်း၊ အမြောက်အမြား ရရှိသည်။ ဆွီဒင်နိုင်ငံ ထင်းရှူးပင်များမှရသော ကတ္တရာစေးများမှာ အလွန်ကောင်းသဖြင့် အထူးပင်နာမည်ရသည်။ ထိုကတ္တရာစေးတွင် ကရီအိုစုတ် အမြောက်အမြားပါဝင်သောကြောင့် သစ် သားများ၊ ကြိုးများနှင့် ကြိတ်သက္ကလတ်များကို ပိုးမစား၊ ပိုးမတောက်ဘဲ တာရှည်ခံအောင် သုတ်လိမ်းပေးရန်အတွက် များစွာအသုံးပြုကြ၏။ ထိုပြင် ဆေးဝါးဖော်စပ်ရာနှင့် အန်တီ ဆက်ပတစ်ဆေးဆပ်ပြာများ လုပ်ကိုင်ရာတို့တွင်လည်း အသုံးပြုကြသေး၏။

ကျောက်မီးသွေးကတ္တရာများသည် ဆိုးဆေးအမျိုးမျိုးကို စီမံဖော်စပ်ရာ၌လည်းကောင်း၊ ဆေးဆပ်ပြာများနှင့် အခြားထင်ရှားသော စက်မှုလုပ်ငန်းများတွင်လည်းကောင်း များစွာအသုံးဝင်သည်။


ရှေးခေတ်မှစ၍ ယခုခေတ်တိုင်အောင် လှေစပ်ကြောင်းများမှ ရေမဝင်နိုင်စေရန် ထိုစပ်ကြောင်းများထဲသို့ ပိတ်စကြိုးစများကို ရိုက်သွင်းပြီးလျှင် ပစ်ချကတ္တရာဖြင့် ဆို့ပိတ်ဖာထေးခဲ့ကြသည်။ ယင်းသို့ ပြုလုပ်ရာတွင် အသုံးပြုသော ပစ်ချကတ္တရာမှာ ထင်းရှူးကတ္တရာ သို့မဟုတ် ကျောက်မီးသွေးကတ္တရာကို မီးတိုက်ပြီးနောက်ရရှိသည့် သစ်စေးကဲ့သို့သော ပစ္စည်း အမည်းဖြစ်၏။ ပစ်ချကတ္တရာကို ရေနံစိမ်း၊ အရိုးများရသော ကတ္တရာစေးနှင့် အမဲဆီ၊ သစ်အဆီများမှ အဆီထုတ်ပြီးနောက် ကျန်ကြွင်းနေသော ပစ္စည်းတို့မှလည်း ထုတ်ယူနိုင်၏။ အရိုးကတ္တရာနှင့် အမဲဆီ၊ သစ်အဆီများမှရသော ပစ်ချ ကတ္တရာများမှာ အရောင်တင်ဆီများပြုလုပ်ရာတွင် များစွာ အသုံးဝင်သည်။ သစ်သား ကတ္တရာမှရသော ပစ်ချကတ္တရာကို သစ်သားများ ပိုးမစား၊ ခြမစားရန်နှင့် မိုးခံလေခံရန် သုတ်လိမ်းပေးရာတွင် အမြောက်အမြား အသုံးပြုကြ၏။ ကျောက်မီးသွေး ကတ္တရာမှရသော ပစ်ချကတ္တရာကို အရောင်တင်ဆီအနက် ဖော်စပ်ရာတွင် လည်းကောင်း၊ သံချောင်းသံပြားများ သံချေး မတက်စေရန် သုတ်လိမ်း ပေးရာတွင်လည်းကောင်း၊ ဆီမှိုင်းများဖော်စပ်ရာတွင်လည်းကောင်း အမြောက်အမြား အသုံးပြုကြ၏။ ဥရောပမြောက်ပိုင်း ဖင်လန်နိုင်ငံမှထွက်သော ဗာဂန်ဒီ ပစ်ချကတ္တရာသည် ဆေးဝင်ပစ္စည်းဖြစ်၍ ဆေးဝါးဖော်စပ်ရာတွင် များစွာ အသုံးဝင်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)