ကယ်ရိုလိုင်းနားပြည်နယ်

ဒေသ

ကယ်ရိုလိုင်းနားပြည်နယ် ပြင်ဆင်ရန်

ကယ်ရိုလိုင်းနားပြည်နယ်သည် မူလက တနယ်တည်းဖြစ်သော်လည်း နောင်အခါတွင် မြောက်ကယ်ရိုလိုင်းနားနှင့် တောင်ကယ်ရိုလိုင်းနားဟူ၍ ပြည်နယ် ၂ နယ်ဖြစ် သွားသည်။ ကယ်ရိုလိုင်းနားပြည်နယ်၏ မြောက်ဘက်တွင် ဗာဂျီးနီးယားပြည်နယ်၊ အနောက်ဘက်နှင့် တောင်ဘက်တွင် တင်နက်ဆီပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်၊ အရှေ့ ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ ရှိလေသည်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ စတုရန်းမိုင်ပေါင်း ၅၂,၇၁၂ ကျယ်ဝန်း၍ လူဦးရေမှာ ၄,ဝ၆၁,၉၂၉ ယောက် ရှိသည်။ မြို့တော်မှာ ရာလေးမြို့ဖြစ်၍ လူဦးရေ ၆၅,၆၇၉ ယောက်ရှိလေသည်။ တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စတုရန်းမိုင်ပေါင်း ၃၁,ဝ၅၅ ကျယ်ဝန်း၍၊ လူဦးရေ ၂,၁၁၇,ဝ၂၇ ယောက်ရှိသောကြောင့် မြောက်ဘက်ပြည်နယ်ထက် ငယ်ပြီးလျှင် လူဦးရေလည်း နည်းလေသည်။ မြို့တော်မှာ ကိုလမ္ဗီးယားမြို့ဖြစ်၍ လူဦးရေ ၈၆,၉၁၄ ယောက်ရှိလေသည်။

ကယ်ရိုလိုင်းနားပြည်နယ်များတွင် ဝါကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြ၏။ ကပ္ပလီလူမျိုးများလည်း အများအပြားနေထိုင်လျက်ရှိကြသဖြင့်၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် အလုပ်သမားများကို ဈေးပေါပေါနှင့် ငှားရမ်းခိုင်းစေနိုင်ကြသည်။ ကယ်ရိုလီးနားပြည်နယ်များ၏ ရာသီဥတုမှာ စိုစွတ်ထိုင်းမှိုင်း၍ ဂွမ်းထည်ရက်လုပ်ခြင်းလုပ်ငန်းနှင့် အထူးပင် သင့်လျော်ပေသည်။ ထိုပြင် ရေတံခွန်ပေါများသောကြောင့် စက်ရုံ၊ အလုပ်ရုံများအတွက် လျှပ်စစ်ဓာတ်အားကို စရိတ် သက်သာစွာဖြင့် ရရှိနိုင်လေသည်။

ကယ်ရိုလီးနားပြည်နယ် ၂ နယ်လုံးတွင် ဆေးပင်များကို အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြ၏။ ဆာဝေါ်လတာရာလေးသည် ၁၅၈၄ ခုနှစ်တွင်ကယ်ရိုလိုင်းနားပြည်နယ်သို့ ရောက်ရှိလာခဲ့၏။ နောက်တစ်နှစ်တွင် ထိုနယ်၌အခြေစိုက်နေထိုင်ကြရန် အင်္ဂလိပ်လူမျိုးများကို စေလွှတ်လိုက်ရာ ထိုနယ်ရှိတိုင်းရင်းသား လူမျိုးများက အဝင်မခံဘဲ ခုခံတိုက်ခိုက်သဖြင့် အင်္ဂလိပ်လူမျိုးများမှာ အင်္ဂလန်ပြည်သို့ ပြန်သွားကြရလေသည်။

တစ်ဖန် ၁၅၈၇ ခုနှစ်တွင် ကယ်ရိုလိုင်းနားပြည်နယ်သို့ လာရောက်ကြသော အင်္ဂလိပ်လူမျိုးတစ်စုမှာလည်း ထူးဆန်းစွာ ပျောက်ကွယ်သွားကြပြန်၏။ ပထမ ချားဘုရင် လက်ထက်သို့ ရောက်သောအခါ အင်္ဂလိပ်လူမျိုးများ ထိုဒေသတွင် အခြေတကျနေထိုင်နိုင်အောင် စီစဉ်ပြုလုပ်ပေးသဖြင့် ထိုနယ်ကို အင်္ဂလန်၏ကိုလိုနီနယ်တစ်ခုအဖြစ် ပြုလုပ်ခဲ့လေသည်။ ချား ဟူသောအမည်မှာ လက်တင်ဘာသာဖြင့် ကယ်ရိုလပ်ဖြစ်၍၊ ထိုနယ်ကို ချားဘုရင်အား ဂုဏ်ပြုသောအားဖြင့် ကယ်ရိုလီးနားဟူ၍ အမည်မှည့်ခေါ်ခဲ့ကြသည်။

ဒုတိယချားဘုရင်လက်ထက်သို့ရောက်သောအခါ ၁၆၆၃-ခုနှစ်တွင် ထိုနယ်ကို မှူးမတ်အချို့အား အပိုင်စားပေးသနား လိုက်သည်။ ထိုမှူးမတ်များက ကယ်ရိုလိုင်းနားနယ်ကို မြောက်ပိုင်းနှင့် တောင်ပိုင်းဟူ၍ နယ် ၂ နယ်ခွဲ ခြားလိုက်လေသည်။ တောင်ကယ်ရိုလိုင်းနားပြည်နယ်နှင့် မြောက်ကယ်ရိုလိုင်းနား ပြည်နယ်တို့သည် အမေရိကန်နိုင်ငံသမိုင်းတွင် အတော်ပင် အရေးပါခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ မူရင်းပြည်နယ် ၁၃ နယ်တွင် ဤနယ် ၂ နယ်အပါအဝင်ဖြစ်၏။ ၁၈၆၁- ၆၅ ခုနှစ်များအတွင်း ဖြစ်ပွားသော အမေရိကန်ပြည်တွင်းစစ်ပွဲသည် တောင်ကယ်ရိုလီးနားပြည်နယ်၌ရှိသော ဖို့ဆမ္မတာ ခံတပ်မြို့ ကလေးမှ စတင်ဖြစ်ပွားခဲ့၏။ ထိုပြည်တွင်းစစ်ပွဲမှာ သမ္မတကြီး အေဘရာဟမ် လင်ကွန်းလက်ထက်တွင် ငွေဝယ်ကျွန် စနစ် ပယ်ဖျက်ရေးနှင့်စပ်လျဉ်း၍ စတင်ဖြစ်ပွားလေရာ၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်သည် လင်ကွန်း၏ဝါဒကို ဆန့်ကျင် ပုန်ကန်သော တောင်ပိုင်းနယ်များဖက်တွင် စတင် သဘောကွဲလွဲ ကတည်းက ပါဝင်ခဲ့၍ ပြည်ထောင်စုထဲမှ အဦးဆုံး ခွဲထွက်သော ပြည်နယ်ဖြစ်၏။ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာမူ တောင်ပိုင်းနယ်များလက်သို့ ဖို့ဆမ္မတာကျဆုံးပြီးသည့်နောက်မှ တောင်ပိုင်းနယ်များဖက်သို့ ဝင်ရောက်ခဲ့သည်။ သို့ရာတွင် တောင်ပိုင်းစစ်တပ်များအတွက် ဝေပုံကျပိုမိုသော စစ်သား အင်အားကို ရက်ရောစွာ ဖြည့်တင်းပေးခဲ့လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)