အမေရိကန်ရုပ်ရှင် အနုပညာရှင် ကယ်ရီဂရန့်ကို ၁၉ဝ၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဗြိတိန်နိုင်ငံ ဘရစ်စတိုမြို့၌ မွေးဖွားခဲ့သည်။ ငယ်မည်မှာ အာချီဗား အလက်ဇန္ဒားလိချ်ဖြစ်သည်။ ဖခင်သည်အရက်စွဲ၍ မိခင်သည် စိတ္တဇရောဂါ ဖိစီးသဖြင့်ငယ်စဉ်က အထီးကျန်ဘဝနှင့် ကျင်လည်ခဲ့ရသည်။ အာချီဗားသည် အသက် ၁၄ နှစ်အရွယ်တွင် ကဇာတ်ရုံတစ်ရုံသို့ ရောက်သွား ခဲ့ရာ လူငယ်ကျွမ်းဘားအဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သော ဘော့ပင်ဒါနှင့် ဆက်သွယ်မိသည်။ ထိုအခါ အာချီဗားသည် သဏ္ဌာန်လုပ်သရုပ်တူ ဟန်မူရာသက်သက်ဖြင့် ဖျော်ဖြေသည့် မိုင်းအနုပညာ (Mine) နှင့် ဘားကျွမ်းပညာတို့ကို ဆည်းပူး ခဲ့သည်။ ထို့နောက် ဇာတ်သဘင် လောက၌ ကျင်လည်နေခဲ့ ပြန်သည်။ အသက် ၁၆ နှစ်အရွယ်တွင် အမေရိကန်ပြည်ထောင်စု သို့ ရောက်ရှိလာခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် ပါရာမောင့်ရုပ်ရှင်ကုမ္ပဏီ၌ ရုပ်ရှင်သရုပ်ဆောင်ရန် စာချုပ်ခဲ့ရာမှ ဟောလီဝုဒ်တွင် ခြေချမိသည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ ကယ်ရီဂရန့်ဟု အမည် ပြောင်းခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူသည်။

ကယ်ရီဂရန့်

ဂရန့်သည် ရုပ်ရှင်ကားပေါင်း ၇၂ ကားတွင် ပါဝင် သရုပ် ဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရိုက်ကူးခဲ့သည် သတိလက် လွတ် အမည်ရှိကားသည် အအောင်မြင်ဆုံးဖြစ်သည့်ပြင် ဂရန့် ကိုယ်တိုင်လည်း အနှစ်သက်ဆုံးသော ဇာတ်ကားဖြစ်သည်။ ရုပ်ရှင်အကဲဖြတ်ပညာရှင်တို့၏ အလိုအရ ဆီလဗီးယားစကား လက် (၁၉၃၅)၊ စူဇီ (၁၉၃၆)၊ သွေးထွက်အောင်မှန်သောစကား (၁၉၃၇)၊ ဂွန်ဂါဒင် (၁၉၃၉)၊ ဖီလာဒဲလဖီးယားပုံပြင် (၁၉၄ဝ)၊ ကျွန်ုပ်၏အနှစ်သက်ဆုံးဇနီး (၁၉၄ဝ)၊ ပျားရည်ဆမ်းခရီး ထွက်ခဲ့စဉ်က (၁၉၄၂)၊ တိုကျိုသို့အရောက် (၁၉၄၃)၊ ဖိုးကံကောင်း (၁၉၄၃)၊ ဟိုရှေးရှေးတုန်းက (၁၉၄၄)၊ အထီးကျန်နှလုံးသား သာလျှင် (၁၉၄၄)၊ နေ့နှင့်ည (၁၉၄၅)၊ မိန်းမပျိုတိုင်းကြင်ယာ ရသင့်သည် (၁၉၄၈)၊ ကျဉ်းထဲကျပ်ထဲ (၁၉၅ဝ)၊ သူခိုးဖမ်းရန် (၁၉၅၅)၊ ပိုစိမ်းသောမြက် (၁၉၆ဝ)တို့တွင်လည်း၊ ဂရန့်၏ သရုပ်ဆောင်မှုသည် ပရိသတ်ကို ဆွဲဆောင်နိုင်စွမ်းရှိသည် ဟု ဆိုသည်။ အင်းဂရစ် ဘာ့ဂမင် (၁၉၁၅-၁၉၈၂) နှင့်တွဲဖက် ပါဝင်သော ဒုစရိုက်ဖြင့် ကျော်ကြားသူ (၁၉၄၆)သည် လျှို့ဝှက်သည်းဖို ရုပ်ရှင်ဒါရိုက်တာကြီးအဲလဖရက် ဟစ်ချကော့ (၁၈၉၉ -၁၉၈ဝ)၏ ထင်ရှား သောလက်ရာဖြစ်သည်။ ဟစ်ချကော့၏ ဇာတ်ကားများထဲတွင် သံသယ(၁၉၄၁)နှင့် အနောက်မြောက် ဘက်မှသည် အနောက်ဆီသို့ (၁၉၅၉) တို့တွင်လည်း ဂရန့် သည် ထူးချွန်စွာ သရုပ်ဆောင်ခဲ့သည်။

ဂရန့်သည် ၁၉၆၆ ခုနှစ်က ရိုက်ကူးသော လမ်းလျှောက် သွားပါ မပြေးပါနဲ့ ဇာတ်ကားတွင် သရုပ်ဆောင်နိုင်စွမ်း ကျဆင်းလာခဲ့ပြီးနောက် ရုပ်ရှင်လောကမှ အနားယူခဲ့သည်။ ၁၉၃၄ ခုနှစ် ရုပ်ရှင်မင်းသမီး ဗာဂျီးနီးယားချယ်ရီနှင့် ပထမ ဆုံး လက်ထပ်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ဘာဘရာဟဲရစ်နှင့် နောက်ဆုံးလက်ထပ်ခဲ့သည်အထိ အိမ်ထောင်ငါးဆက် ရှိခဲ့ သည်။ ရုပ်ရှင်လောကမှ အနားယူခဲ့ပြီးနောက် စီးပွားရေး လုပ်ငန်းရှင်ဖြစ်လာ ကာဖားဗဲ့၊ ဟောလီဝုဒ်ပါ့ခ်၊ အမ်ဂျီအမ် ယူအေနှင့် အမ်ဂျီအမ်ဂရင်းဟိုတယ်တို့၏ ညွှန်ကြားရေးမှူးများ ဘုတ်အဖွဲ့တွင် တာဝန်ထမ်းဆောင်သည်။

မိမိ၏သရုပ်ဆောင်ဟန်သည် အင်္ဂလိပ်ဂီတ ဇာတ်မြူး အနု ပညာရှင် ဂျက်ဘူချာနန် (၁၈၉၁-၁၉၅၇)၊ အမေရိကန်ရုပ်ရှင် ပညာရှင် နိုဝယ်ကောင်းဝပ် (၁၈၉၉-၁၉၇၃)နှင့် ရက်စ်ဟယ်ရစ် ဆင်(၁၉ဝ၈- )တို့ သုံးဦး ပေါင်းနှင့်ညီပါသည်ဟူ၍ ဖွင့်ဟ ဝန်ခံခဲ့သည့် အမေရိကန်ရုပ်ရှင်အနုပညာရှင် ကယ်ရီဂရန့်သည် ၁၉၈၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု အိုင်အိုဝါပြည်နယ် ဒါဗင်ပို့မြို့၌ အလှူပွဲ တစ်ရပ် ခင်းကျင်းရန် ပြင်ဆင်နေစဉ် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)