ကရီးဆပ်ဘုရင်(ဘီစီ ၅၆ဝ-၅၄၆) ပြင်ဆင်ရန်

ကရီးဆပ်ဘုရင်သည် အီးဂျီးယန်းပင်လယ်ကမ်းခြေပေါ်ရှိ အနောက်ပိုင်း အာရှမိုင်းနားတွင် အဝင်အပါဖြစ်သော လစ်ဒီးယားနိုင်ငံကို နောက်ဆုံးစိုးစံခဲ့သည့် ဘုရင်ဖြစ်သည်။ ထိုခေတ် အခါက ချမ်းသာကြွယ်ဝဆုံးသော ဘုရင်တစ်ပါးဖြစ်ခဲ့၍၊ သူ၏ဂုဏ်သတင်းမှာ အဝေးအနီး ကျော်ကြားခဲ့လေသည်။ လစ်ဒီးယား ရွှေတွင်းများမှ ရွှေအမြောက်အမြား ရသည့်ပြင်၊ ပက်တိုးလပ်မြစ်အတွင်းရှိ သဲများကို ကျင်ယူ ခြင်းဖြင့်လည်း ရွှေအများအပြား ရရှိသည့်အတွက် ကရီးဆပ်ဘုရင်၏ ဘဏ္ဍာတော်တိုက်မှာ ရွှေများဖြင့်ပြည့်လျမ်းနေခဲ့သည်။ အလွန်ကြွယ်ဝသည့်အဖြစ်ကို ဖော်ပြလိုသည့်အခါ'ဇောတိကသဌေး'နှင့် ခိုင်းနှိုင်း၍ မြန်မာများ ပြောလေ့ပြောထရှိသကဲ့သို့၊ အနောက်နိုင်ငံများတွင်လည်း 'ကရီးဆပ်လို ချမ်းသာလေရဲ့'ဟု တင်စားပြောလေ့ ရှိကြ၏။

အာရှမိုင်းနား ကမ်းခြေတလျှာက်တွင်ရှိသော ဂရိမြို့များကို စိုးမိုးရသဖြင့်၎င်း၊ ဂရိနိုင်ငံနှင့် ကူးသန်း ရောင်းဝယ် ခဲ့ရသဖြင့် ကရီးဆပ်ဘုရင်သည် ဂရိတို့နှင့်အတူ ရင်းနှီးခဲ့၏။ ကူးသန်းရောင်းဝယ်ရေး ထွန်းကားခဲ့သဖြင့် တိုင်းပြည်စည်ပင်သာယာရှိခဲ့သည့်ပြင်၊ တိုင်းသူပြည်သားတို့လည်း ချမ်းသာတိုးတက်ခဲ့ကြသည်။ ထိုမင်းလက်ထက်တွင် ရွှေဒင်္ဂါးနှင့်ငွေဒင်္ဂါးများကို ပထမဆုံး သွန်းလုပ် သုံးစွဲခဲ့သည်ဟု အဆိုရှိလေသည်။

လစ်ဒီးယားနိုင်ငံ၏မြို့တော်ဖြစ်သော ဆာဒစ်မြို့တွင် ကရီးဆပ်ဘုရင်၏ ခမ်းနားလှသော နန်းတော်ကြီး ရှိရာ၊ ကျော်ကြား လှသဖြင့် ရပ်ဝေးဒေသတို့မှ လူအများ လာရောက်ကြည့်ရှု ကြလေသည်။ ထိုသို့ လာရောက် ကြည့်ရှုသူများထဲတွင် ဂရိလူမျိုးဥပဒေပြု ပညာရှိကြီး ဆိုလွန်လည်း ပါဝင်၏။ ပညာရှိအပေါင်းနှင့် ငြိမ့်ငြောင်းသာယာစွာနေလိုသော ကရီးဆပ်သည် တစ်နေ့သော် ပါရှားဘုရင်ဆိုင်းရပ်၏ နယ်ချဲ့စက်ကွင်းအတွင်း ကျဆင်းခဲ့ရလေသည်။

စစ်ရိပ်စစ်ငွေ့များ သန်းလာသောအခါ ကရီးဆပ်ဘုရင်သည် ဒဲလဖိုင်မြို့ရှိ နတ်ကွန်းသို့ စစ်တိုက်သင့် မတိုက်သင့် ဟော ကိန်းထုတ်ပေးရန် စေတမန်လွှတ်၍ မေးမြန်းလိုက်၏။ ရရှိလာသောအဖြေမှာ ကရီးဆပ် စစ်တိုက်ခဲ့သော် တန်ခိုးကြီးသော နိုင်ငံတော်ကြီး ပျက်စီးလတ္တံ့ဟု ဖြစ်သဖြင့်၊ ကရီးဆပ်သည် ရန်သူ ပါရှားနိုင်ငံအား ချေမှုန်းနိုင်မည်ဟု အထင်ရောက်ခဲ့ လေသည်။ သို့ရာတွင် ဆာဒစ်စစ်ပွဲ၌ ပါးရှင်းတို့က အနိုင်ရလိုက်သဖြင့် သူ၏နိုင်ငံကြီးသာ ပျက်စီးသွားရရှာ လေသည်။

ပါးရှားဘုရင် ဆိုင်းရပ်သည် ကရီးဆပ်အား အရှင်လတ်လတ် မီးရှို့သတ်ရန် အမိန့်ချမှတ်လိုက်၏။ မီးစင်ပေါ်သို့ ရောက်နေသော ကရီးဆပ်သည် မီးတောက်မီးလျှံ ကြီး၍ကြီး၍လာသည်တွင်၊ ဆိုလွန်၏အမည်ကို သုံးကြိမ်သုံးခါ မြည်တမ်းလိုက်လေသည်။ ထိုအခါ ဆိုင်းရပ်ဘုရင်သည် ကရီးဆပ်အား သေအံ့ဆဲဆဲမှ အဘယ်ကြောင့် ဆိုလွန်ကို တမ်းတရသနည်းဟုမေး၏။ ကရီးဆပ်က သူသည် သူ၏ ချမ်းသာကြွယ်ဝခြင်း စိတ်ပျော်ရွှင်ခြင်းတို့နှင့် စပ်လျဉ်း၍ ဆိုလွန်အား ကြွားဝါခဲ့ဘူးကြောင်း၊ ဆိုလွန်က ကံကြမ္မာတို့မှာ ဆန်းကျယ်လှသဖြင့် လူတစ်ဦးတစ်ယောက်အား သေလွန်မှသာ ပျော်ရွှင်ခြင်း ရှိ၊ မရှိ ချီးမွမ်းနိုင်မည်ဟု ပြန်လည် ချေပဘူးကြောင်း စသည်ဖြင့် ဖြေကြားလေသည်။ ဆိုင်းရပ်ဘုရင်လည်း အဖြေကို ကြားသည့်အခါ စိတ်တွင် ထိခိုက်သွားရကား၊ ကရီးဆပ်အား သေဒဏ်မှလွှတ်၍ သူ၏နန်းတော်တွင် ကောင်းစွာ ပြုစုထားခဲ့လေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)