ဖီနော(Phenols) ဟုလည်းခေါ်သော ကာဘော်လစ် အက်ဆစ် (Carbolic Acid)ကို ကျောက်မီးသွေးကတ္တရာမှ အဆင့်ဆင့် ပေါင်းခံနည်းဖြင့် ထုတ်ယူကြ၏။ သို့သော် အကြီးအကျယ် ရောင်းချရန်အတွက်မူကား ကတ္တရာအဆီဖြစ်သော ဗင်ဇင်းမှ ဓာတ်ပေါင်းစပ်ယူရသည်။ ဓာတ်ပေါင်းစပ်ယူနည်းမှာ ဗင်ဇင်းကို အခိုးငွေ့ တထောင်းထောင်း ထွက်နေသော ဆာလဖျူရစ် အက်ဆစ်နှင့်ရော၍ ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ဖြစ်စေ၏။ ထိုနောက် ဗင်ဇင်းဆာလဖွန်နစ် အက်ဆစ်ကို တစ်ဖန် ကော့စတစ်ဆိုဒါနှင့် ရောကျို၍ ဆိုဒီယမ် ကာဗိုလိတ် ဖြစ်စေ၏။ ထိုမှအဆင့်ဆင့် ပေါင်းခံ၍ ကာဘော်လစ်အက်ဆစ်ကို ထုတ်ယူသည်။

ကာဘော်လစ် အက်ဆစ်

ကာဘော်လစ်အက်ဆစ်ကို ၁၈၃၄-ခုနှစ်၌ ဂျာမနီနိုင်ငံသား ဓာတုဗေဒပညာရှင် Friedrich Whler က ကျောက်မီးသွေး ကတ္တရာမှတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့သည်။ ကာဘော်လစ်အက်ဆစ် အရိုင်းသည် ဆီဖြစ်၍ ညိုပုပ်သော အရောင်ရှိ၏။ ထိုဆီအရိုင်းထဲမှ အညစ်အကြေးများကို သန့်စင်သောအခါ အရောင်ကင်းသော ပုံဆောင်ခဲ (ခရစ္စတယ်)များကို ရရှိ၏။ ထိုပုံဆောင်ခဲများသည် အပူချိန် စင်တီဂရိတ် ၄၂.၅ ဒီဂရီ-၄၃ဒီဂရီ တွင် အရည်စပျော်၍ ၁၈၁.၃ ဒီဂရီ တွင်ဆူ၏။ ပြင်းထန်သော အဆိပ်ပစ္စည်းဖြစ်၍ ထူးခြားသော အနံ့ရှိ၏။ ကာဘော်လစ်အက်ဆစ်သည် အလွန်စားတတ်သော သတ္တိရှိသဖြင့် အသားအရေပေါ်သို့ ကျရောက်လျှင် အနာများ ဖြစ်တတ်၍ ပျောက်ကင်းစေရန် ခဲယဉ်းသည်။ သို့သော် ရေအပုံ တစ်ရာတွင် ကာဘော်လစ်အက်ဆစ်သုံးပုံမျှရော၍ရသော ကာဘော်လစ်အက်ဆစ်ဖျော်ရည်ကိုမူကား အနာများ ဆေးကြောရန်အတွက် အသုံးပြုနိုင်ပေသည်။

အသုံးဝင်ပုံ ပြင်ဆင်ရန်

ကာဘော်လစ်အက်ဆစ်ဆီကို ပိုးသတ်ဆေးနှင့် အန်တီဆက်ပတစ် (အပုပ်နိုင်ဆေး၊ အနာမယဉ်းဆေး)များ အဖြစ်လည်း အသုံးပြုကြ၏။ ထို့ပြင် ရေမွှေး၊ ဆပ်ပြာ၊ သွားတိုက် ဆေးမှုန့်၊ ဆိုးဆေး၊ ဓာတ်ပုံ ပုံဖော်ဆေးနှင့် ဆေးဝါးများ ဖော်စပ်ပြုလုပ်ရာ၌လည်း အလွန်အသုံးဝင်၏။ ထို့ပြင် ပလတ်စတစ်နှင့် ပလတ်စတစ်ကဲ့သို့သော ပစ္စည်းများလုပ်ကိုင်ရာတွင် အထူးသဖြင့် ကာဘော်လစ်အက်ဆစ်ကို များစွာ အသုံးပြုကြ၏။ ကာဘော်လစ်အက်ဆစ်မှ ထုတ်သော ကာဘော်လစ်ဆပ်ပြာသည် အနီပုပ်ရောင်ရှိ၍ ရနံ့စူးသည်။

ပထမကမ္ဘာစစ်တွင် အလွန်ပြင်းထန်စွာ ပေါက်ကွဲစေတတ်သော ခဲယမ်းမီး ကျောက်များ ပြုလုပ်ရာ၌ ကာဘော်လစ်အက်ဆစ်ကို စတင်အသုံးပြုခဲ့ကြသည်။ အသုံးပြု နည်းမှာ နိုက်ထရစ် အက်ဆစ်နှင့် ဆာလဖျူရစ်အက်ဆစ် အပြင်းရည်ကို ထပ်မံထည့်လိုက်ခြင်းဖြင့် ပစ်ကရစ် အက်ဆစ်ကို ရရှိနိုင်၏။ ပစ်ကရစ်အက်ဆစ်သည် ဝါထိန်သောအရောင် ရှိသည့် အခဲကလေးများဖြစ်၍ မီးတိုက်ပေးလိုက်သည့်အခါ ဖြစ်စေ၊ ထုရိုက်လိုက်သည့်အခါဖြစ်စေ၊ အလွန်ပြင်းထန်စွာ ပေါက်ကွဲသည်။ ပစ်ကရစ်အက်ဆစ်ကို ပထမကမ္ဘာစစ်တွင် များစွာ အသုံးပြုခဲ့လေသည်။

[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)