ကားလ် ကာစတင်

ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံ သမ္မတ (၁၉၁၄-၁၉၉၂)

ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ သမ္မတ ဖြစ်ခဲ့သူ ကားလ် ကာစတင်ကို ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မွေးဖွား သည်။ ကားလ် ကာစတင်သည် ကျောင်းဆရာတစ်ဦး၏သားဖြစ်ပြီး ဥပဒေပညာတွင် ဒေါက်တာဘွဲ့ရသူ ဖြစ်သည်။ ၁၉၄၉ ခုနှစ် တွင် မွေးရပ်မြေ ဖြစ်သော ဘရီမန်မြို့ကလေးတွင်ပင် အစိုးရအမှုထမ်းအဖြစ် ဝင်ရောက် အမှုထမ်းခဲ့ပြီး ဘရီမန်ပြည်နယ်၏ ဥပဒေအကျိုးဆောင်အဖြစ် ပထမဆုံး ဆောင်ရွက်ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် နိုင်ငံခြားရေးရုံးသို့ ပြောင်းရွေ့ တာဝန်ထမ်း ဆောင်သည်။ ထိုနောက် စထရောဘတ်မြို့ရှိ ဥရောပနိုင်ငံများ ကောင်စီတွင် ပြည်ထောင်စုသမ္မတဂျာမနီနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ပထမဆုံးအကြိမ် ဆောင်ရွက်ရသည်။ ထို့နောက် တွင် နိုင်ငံခြားရေးရုံးရှိ ဥရောပနိုင်ငံများ ရေးရာဌာနနှင့် နိုင်ငံ ရေးဌာနများတွင် အကြီးအကဲအဖြစ်လည်းကောင်း၊ ၁၉၆ဝ ပြည့် နှစ်မှစ၍ နိုင်ငံ ခြားရေးရုံး၏ အတွင်းရေးမှူးအဖြစ်လည်း ကောင်း အမှုထမ်းခဲ့သည်။ ဤရာထူးများ ထမ်းဆောင်နေစဉ် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ဂျာမနီနိုင်ငံ သမ္မတ ကားလ် ကာစတင်

ကားလ် ကာစတင်၏အဓိကတာဝန်မှာ ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဖြစ်ပွားခဲ့သော အနောက်ဘာလင်၏ အခြေအနေကို ပြုပြင်ထိန်းသိမ်းရန် ဖြစ်သည်။ ၁၉၆၆ ခုနှစ်တွင် နိုင်ငံခြားရေးရုံးမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ အမှု ထမ်းဆောင်ခဲ့သည်။

တစ်နှစ်အကြာတွင် ထိုအချိန်က ဝန်ကြီးချုပ်ဖြစ်သူ ကတ် ဂေါ့ကိုင်ဆင်ဂါက ပါမောက္ခ ကားလ် ကာစတင်အား ဝန်ကြီးချုပ်ရုံး ၏ အကြီးအကဲနှင့် ပြည်ထောင်စုအစိုးရ၏ အတွင်းရေးမှူး ရာထူးများတွင် ခန့်အပ်ခဲ့သည်။၁၉၆၉ ခုနှစ် အစိုးရ အပြောင်းအလဲကြောင့် ကိုလုံးတက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် ဖွဲ့စည်းပုံဥပဒေဆိုင်ရာ ပါမောက္ခအဖြစ် မိမိတတ်ကျွမ်းသော ဥပဒေပညာဖြင့် ပြန်လည်အမှုထမ်းခဲ့သည်။ ပါမောက္ခ အဖြစ်နှင့် သာမက နိုင်ငံခြားရေးဝါဒများကို လေ့လာသော ဂျာမနီသုတေသနအသင်း ညွှန်ကြားရေးမှူးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။၁၉၇၂ ခုနှစ်တွင် ဒလက်ဝစ်ဟိုစကိန်း ပြည်နယ်ဆိုင်ရာ ခရစ်ယန်ဒီမိုကရက်တစ် ယူနီယံပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုသမ္မတ ဂျာမနီလွှတ်တော်သို့ တက် ရောက်ခွင့် ရခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ၊ ခရစ်ယာန် ဆိုရှယ်လစ်ယူနီယံနှင့် ပါတီတို့တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၇၆ ခုနှစ် တွင် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာသည်။

ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံ၏ သမ္မတအဖြစ် ၁၉၇၉ ဇူလိုင်လ ၁ ရက်နေ့မှ ၁၉၈၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ တာဝန် ထမ်းဆောင်ခဲ့သည်။

၁၉၉၂ ခုနှစ် မေလ ၃၀ ရက်နေ့တွင် ကွယ်လွန်သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)