ကဗင်ထရီမြို့ ပြင်ဆင်ရန်

ကဗင်ထရီမြို့သည် အင်္ဂလန်ပြည် ဝါဝစ်ရှိုင် ယာနယ်တွင် ထင်ရှားသော မြို့တစ်မြို့ဖြစ်၏။ ဗာမင်ဂမ်မြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာ ရှာဗွန်းမြစ်ပေါ်တွင် တည်ရှိ သည်။ ယခင်က သိုးမွေးထည်များ ရက်လုပ်ခြင်းကြောင့် ထင်ရှားခဲ့သော်လည်း၊ ယခုအခါတွင် ခေတ်သစ်စက်မှုလုပ်ငန်း နှင့် လျှပ်စစ်အလုပ်ရုံကြီး များ ဖွံ့ဖြိုးနေလေသည်။ ထင်ရှား သော ထွက်ကုန်များမှာ မော်တော်ကား၊ လေယာဉ်ပျံ၊ စက်ဘီး၊ အပ်ချုပ်စက်၊ လျှပ်စစ်ဓာတ်မီးကရိယာ၊ ရေတပ်အသုံးအဆောင်၊ နာရီ၊ ပိုးတုနှင့် ကော်ဇောစသော ကုန်ပစ္စည်းများ ဖြစ်၏။

ကဗင်ထရီမြို့သည် ရှေးမြို့တစ်မြို့ဖြစ်၍ ယခင်က မြို့ရိုး များပင် ရှိခဲ့လေသည်။ သမိုင်းပုံပြင်များနှင့် ဆက်စပ်လျက် ရှိသည့်ပြင်၊ ရှေးကျသော အဆောက်အအုံများလည်း ပေါများ သည်။ ၁၁ ရာစုနှစ်အတွင်း၌ ဗင်နီဒစ်တင်း ဘုန်းကြီးကျောင်း ကို အားလီယိုဖရစ် ဆောက်လုပ်လှူဒါန်းခဲ့သည့်အချိန်ကပင် ထိုမြို့ကို တည်ခဲ့လေသည်။ ရှေးဘုရားရှိခိုးကျောင်းများ အနက် ၁၄ ရာစုနှစ်အတွင်း၌ ဆောက်လုပ်ခဲ့သော စိန်မိုက်ကယ် ဘုရားရှိခိုးကျောင်းကြီးမှာ အထူးထင်ရှား၏။ ဒုတိယ ကမ္ဘာစစ် ကြီးအတွင်း၌ ဂျာမန်တို့ ဗုံးကြဲ တိုက်ခိုက်သဖြင့် မြို့လယ် ပိုင်းမှာ အကြီးအကျယ် ပျက်စီးသွားရာ ထိုစိန်မိုက်ကယ် ဘုရားရှိခိုးကျောင်းကြီးမှာလည်း များစွာ ထိခိုက်ခဲ့လေသည်။ ယခုအခါတွင် အမိုးချွန်နှင့် မျှော်စင်ကြီးသာလျှင် မပျက်မစီးဘဲ ကျန်ရှိတော့သည်။

၁၇ ရာစုအတွင်း အင်္ဂလန်ပြည်တွင်းစစ် ဖြစ်ပွားခဲ့စဉ်က ဘုရင့်ဂိုဏ်းသားများအား ထိုမြို့၌ အချုပ်ချ ထားခဲ့သည်ကို အကြောင်းပြု၍ 'ကဗင်ထရီသို့ ပို့သည်'ဟူသော စကားကို မြန်မာလူမျိုးတို့၏ 'မဲဇာကို ပို့သည်' ဟူသောပညတ်စကား ကဲ့သို့ပင် အဓိပ္ပာယ်ကောက်ယူကာ သုံးစွဲလျက် ရှိကြလေသည်။ ကဗယ်ထရီမြို့၏ လူဦးရေမှာ ၂၄ဝဝဝဝ ခန့် ရှိ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)