ကျူးကော့လျံ (တရုတ်: 諸葛亮,[၂] အင်္ဂလိပ်: Zhuge Liang ; 181–234) သည် တရုတ်လူမျိုး နိုင်ငံရေးသမား၊ စစ်ရေးဗျူဟာရှင်၊ စာရေးဆရာ၊ အင်ဂျင်နီယာ၊ တီထွင်သူ တစ်ဦးဖြစ်၍ အမည်တစ်မျိုးဖြင့် "ခုံမင်" ဟုလည်း ခေါ်ဝေါ်ကြသည်။ သုံးပြည်ထောင်ခေတ်အတွင်း ရှူပြည်ထောင်အတွက် အမတ်ချုပ်နှင့် ရင်ခွင်ပိုက်အုပ်ချုပ်သူ ရာထူးများဖြင့် ထမ်းဆောင်ခဲ့သည်။ ထိုခေတ်အတွင်း အပြောင်မြောက်ဆုံး ဗျူဟာရှင်ဟူ၍ အသိအမှတ်ပြုကြကာ စစ်သေနကဗျူဟာကျမ်းကို ရေးသားခဲ့သော စွန်း(ဒ်)ဇူး နှင့် နှိုင်းယှဉ်ခြင်း ပြုကြသည်။ [၃] ဉာဏ်ပညာထက်မြက်၍ စာပေနှံ့စပ်သော ပညာရှင်တစ်ယောက်ဟူသော ၎င်း၏ နာမည်ကျော်ကြားမှုသည် ၎င်းနေထိုင်ရှင်သန်သည့် မျက်ကွယ်ရာအရပ်၌ ဝို့လုံ (သို့) ဖုလုံ အမည်ပြောင်ရရှိခဲ့ပြီး အဓိပ္ပာယ်မှာ "ဝပ်နေသော နဂါး" (သို့) အိပ်နေသော နဂါး" ဖြစ်သည်။ ကျူးကော့လျံကို အများအားဖြင့် တာအို ဝတ်ရုံဆင်မြန်းပြီး ကြိုးကြာငှက်မွေး ယပ်တောင် ကိုင်ဆောင်နေသည့် ပုံဖြင့် သရုပ်ဖော်ကြသည်။[၄]

ကျူးကော့လျံ
諸葛亮
ရှူဟန်ပြည်၏ အမတ်ချုပ် (丞相)
တာဝန်သက်တမ်း
၂၂၉ (၂၂၉) – ၂၃၄ (၂၃၄)
တာဝန်သက်တမ်း
၂၂၁ (၂၂၁) – ၂၂၈ (၂၂၈)
ဧကရာဇ်လျိုပေ့ / လျိုလျှန်း
ညာဝင်း စစ်သူကြီး (右將軍)
တာဝန်သက်တမ်း
၂၂၈ (၂၂၈) – ၂၂၉ (၂၂၉)
ဧကရာဇ်လျိုလျှန်း
ယီခရိုင် အုပ်ချုပ်ရေးမှူး (益州牧)
တာဝန်သက်တမ်း
၂၂၃ (၂၂၃) – ၂၃၄ (၂၃၄)
ဧကရာဇ်လျိုလျှန်း
ထိန်းသိမ်းရေးအရာရှိ (司隸校尉)
တာဝန်သက်တမ်း
၂၂၁ (၂၂၁) – ၂၃၄ (၂၃၄)
ဧကရာဇ်လျိုပေ့ / လျိုလျှန်း
ယခင်လူကျန်းဖေး
စာရေးတော်ကိစ္စဆိုင်ရာ အရာရှိ (錄尚書事)
တာဝန်သက်တမ်း
၂၂၁ (၂၂၁) – ၂၃၄ (၂၃၄)
ဧကရာဇ်လျိုပေ့ / လျိုလျှန်း
စစ်ရေးဆိုင်ရာ အကြံပေး အရာရှိ (軍師將軍)
(လျိုပေ့ လက်အောက်)
တာဝန်သက်တမ်း
၂၁၄ (၂၁၄) – ? (?)
ဧကရာဇ်ဟန့်ဧကရာဇ် ရှန်း
(နန်းတော်)စစ်ရေးဆိုင်ရာ အကြံပေးအရာရှိ
(軍師中郎將)
(လျိုပေ့ လက်အောက်)
တာဝန်သက်တမ်း
၂၀၈ (၂၀၈) – ? (?)
ဖန်းတုံ (209-214)
ဧကရာဇ်ဟန့်ဧကရာဇ် ရှန်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၈၁
ယန်ဒူး စီရင်စု, လန်းယာအုပ်ချုပ်ရေးပိုင်း, ဟန်အင်ပါယာ (ယနေ့ခေတ်- ယိနန် စီရင်စု၊ ရှန်ဒုန်း)
ကွယ်လွန်၂၃၄ (အသက် ၅၄)[၁]
ဝူကျန်းလွင်ပြင်, ရှူဟန်နှင့် ချောင်းဝေနယ်စပ် (ယနေ့ခေတ် -ချီရှန်း စီရင်စု, ရှန့်ရှီးခရိုင်)
သင်္ဂြိုဟ်ရာနေရာMount Dingjun, ရှန့်ရှီးခရိုင်
ကြင်ဖော်(များ)ဟွမ်းအမျိုးသမီး
သားသမီး
  • ကျူးကော့ကျန်း
  • Zhuge Huai
ဖခင်ကျူးကော့ကွေး
ဆွေမျိုးသားချင်း
  • ကျူးကော့ကျင် (ညီအကို)
  • Zhuge Jun (ညီအကို)
  • ညီအမနှစ်ဦး
  • ကျူးကော့ဒန် (ဝမ်းကွဲ)
  • ကျူးကော့ရွှမ်(ဝမ်းကွဲ ဦးလေး)
အလုပ်အကိုင်နိုင်ငံရေးသမား, စစ်မဟာ ဗျူဟာရှင်, စာရေးဆရာ, အင်ဂျင်နီယာ, တီထွင်သူ
ကွယ်လွန်ပြီးမှ ရသောအမည်ကျုံးဝူနယ်စားမင်းကြီး (忠武侯)
သူကောင်းဘွဲ့အမည်ဝူခရိုင် နယ်စားမင်းကြီး
(武鄉侯)
အမည်ပြောင်များ"ဝပ်နေသော နဂါး"
(臥龍 / 伏龍)
Zhuge Liang
ရိုးရာ တရုတ်諸葛亮
ရိုးရှင်းသော တရုတ်诸葛亮
Hanyu Pinyinတရုတ်ပြည်သူ့သမ္မတနိုင်ငံ Standard Mandarin:
ဤအသံ အကြောင်းZhūgě Liàng
ROC Standard Mandarin:
Zhūgé Liàng
Kongming
(courtesy name)
တရုတ်孔明
Hanyu PinyinKǒngmíng
ဤသည်မှာ တရုတ်အမည် တစ်ခု ဖြစ်၍ မျိုးရိုးအမည်မှာ ကျူးကော့ ဖြစ်သည်။

ကျူးကော့လျံသည် ကွန်ဖြူးရှပ်ဝါဒကို တိမ်းညွတ်၍[၅] စွဲမြဲလိုက်နာ ကျင့်သုံးသူတစ်ဦးဖြစ်သည်။[၆] ဒေသတွင်း အင်းအားကြီးသည့်အနေအထားရရန် ရှူပြည်၏ စိုက်ပျိုးရေးနှင့် (စက်မှု) လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်၍[၇] ၎င်းကိုယ်တိုင်ကမူ ပညာရှိ အမတ် 'ကွမ်းကျုံး' နှင့် နှိုင်းယှဉ်ရသည်ကို နှစ်သက်သည်။[၆] 'ဟန်ဖေး' နှင့် 'ရှန်းဘူဟိုင့်' တို့၏ (စာပေ)လက်ရာများကို အလွန်တရာအရေးပါသည်ဟု ယုံကြည်ကာ[၈] မိမိကိုယ်မိမိ စည်းစိမ်၊ ဂုဏ်ရှိန်တို့အပေါ်တွင် နစ်မြုတ်မခံဘဲ တင်းကျပ်သော သို့သော် တရားမျှတ၍ ရှင်းလင်းသော ဥပဒေစည်းမျဉ်များကို ကျင့်သုံးလိုက်နာသည်။ ၎င်း၏ အုပ်ချုပ်ခဲ့မှုကို အမှတ်ရသောအားဖြင့် ဒေသခံပြည်သူတို့က နန်းဆောက် (နန်းကွန်းကဲ့သို့) ကာ ထိန်းသိမ်းလာကြသည်မှာ နှစ်ပေါင်းများမြောင် ကြာခဲ့ပြီဖြစ်သည်။[၉]

ကျူးကော့ (Zhuge) တွင် အက္ခရာနှစ်လုံးဖြင့်ပေါင်းစည်းထားသော တရုတ်မိသားစု အမည်ဖြစ်သည်။ ၎င်း၏ အမည် (နောက်ဆုံး အမည်သည်ပင်) သစ္စာရှိခြင်း၊ ဉာဏ်ပညာထူးချွန်ခြင်း၊ တရုတ်(လူမှု)ယဉ်ကျေးမှုရပ်ဝန်းတွင် မဟာဗျူဟာပြောင်မြောက်ခြင်း အဓိပ္ပာယ်ရသည်။[၁၀]

အစောပိုင်း ဘဝ ပြင်ဆင်ရန်

ကျူးကော့လျန်ကို ၁၈၁ တွင် လန်းရှယ်အုပ်ချုပ်ရေးနယ်မြေ၊ ယန်ဒူး စီရင်စု (လက်ရှိ- ယီးရွှေ၊ ရှန်ဒုန်းခရိုင်) တွင် ဖွားမြင်ခဲ့သည်။[၁၁] ဖခင် ကျူးကော့ကွေးသည် ၎င်းငယ်စဉ်ကပင် ကွယ်လွန်ခဲ့သောကြောင့် ဦးလေးတော်စပ်သူ ကျူးကော့ရွှမ်က ကျွေးမွေးသုတ်သင်ခဲ့လေ၏။ ၁၉၅တွင် ယွီကျန်းနယ်မြေမှ ဖယ်ရှားခံရသောအခါ ဦးလေးဖြစ်သူက သူငယ်ချင်းတစ်ဦးနှင့်အတူနေရာ ကျူးကော့လျန်လည်း လိုက်ပါသွားခဲ့သည်။ ထိုသူငယ်ချင်းမိတ်ဆွေမှာ ကျင့်ခရိုင်[မှတ်စု ၁]၏ အုပ်ချုပ်ရေးမှူး လျိုပြောင် ပင်ဖြစ်သည်။[၁၂]

အရပ်အမောင်းကောင်းသည်။ မွေးရပ်ဇာတိ ရှန်းဒုန်းတွင် ရေပန်းစားသော ရိုးရာတေး 'လျန်ဖူ ယင်' (梁父吟) ကို ရွတ်ဆိုရသည်ကို နှစ်သက်တတ်သည်။ ကိုယ်တိုင်ကမူ ပညာရှိအမတ် 'ကွမ်းကျုံး' နှင့် စစ်ခေါင်းဆောင် 'ယွဲ့ယီ' နှင့် နှိုင်းယှဉ်တတ်သည့် အလေ့အကျင့်လည်း ရှိသည်။ ၎င်းကို( ထိုပြောဆိုချက်များကို) အများက အတည်တကျ လေးလေးနက်နက် သဘောမထားကြသော်လည်း ကျူးကော့လျံက ဒေသခံ စာတတ်ပေတတ် နာမည်ထင်ရှားသူများနှင့် အနီးကပ် ပေါင်းသင်းဆက်ဆံခဲ့ရာ ထိုသူအချို့မှာ 'ရွှီရှူး' (Xu Shu)၊ ကွေးကျိုးပင်၊ မန်ကျန်၊ ရှီတောင်း တို့ဖြစ်သည်။ 'စစ်မာဟွေး' ၊ Pang Degong ၊ ဟွမ်းချန်ယန် ကဲ့သို့သော အခြားနာမည်ကြီး ပညာရှင်များနှင့်လည်း ရင်းနှီးသောပေါင်းသင်းဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့သည်။ ဟွမ်းချန်းယန်က ကျူးကော့လျန်ကို တစ်ခါက ပြောဖူး၏ "မင်း ကြင်ဖော် ရှာနေတယ်လို့ ငါကြားတယ်။ ငါ့မှာ အသားက ဝါဝါမဲ ရုပ်က ခပ်ဆိုးဆိုး သမီးတစ်ယောက်ရှိသကွာ။ ဒါပေမယ့် သူ့အရည်အချင်းတွေကတော့ မင်းမီတယ်ကွ။"[၁၃] ကျူးကော့လျန်က ဟွမ်းချန်ယန်၏ သမီးကို လက်ထပ်ရန်သဘောတူခဲ့၏။ စစ်မာဟွေးက ကျူးကော့လျန်ကို 'အိပ်နေသော နဂါး'နှင့် နှိုင်းယှဉ်ခဲ့သည်။[၁၂]

လျိုပေ့ လက်အောက်တွင် အမှုထမ်းခြင်း ပြင်ဆင်ရန်

 
ကျူးကော့လျန်(ဘယ်) ၎င်း၏ ကျေးလက်နေအိမ်မှထွက်ခွာ၍ လျိုပေ့ (ညာ)ထံတွင် အမှုထမ်းခြင်း ကိုရေးဆွဲထားသည့်ပန်းချီ
 
ကျူးကော့လျန် သလွန်ထက်၌ လဲလျောင်းနေပုံ (၁၆၅၄) : ကျန်းဖုန်၏ ပန်းချီ

လျိုပေ့သည် 'ရှင်းယဲ့' တွင် နေထိုင်၍ ကျင့်နယ်စားမင်း လျိုပြောင်၏ အရိပ်တွင်ခိုလှုံစဉ် စစ်မာဟွေး' ဆီသို့ ရောက်သွားကာ စစ်မာဟွေးက ၎င်းကို ပြောလေသည်။ " ကွန်ဖြူးရှပ်ဝါဒ ပညာရှင်တွေ၊ သာမန်စာတတ်ပေတတ်တွေဟာ ခေတ်ကာလ ကိစ္စတွေ ဘယ်လောက်တောင်သိကြသလဲ။ ဒီလို ခေတ်ကာလ အရေးအရာတွေကို သုံးသပ်ဆုံးဖြတ်နေတဲ့သူတွေဟာ တကယ့် ဒိတ်ဒိတ်ကြဲ ပညာရှင်တွေပေါ့ဗျာ။ ဒီဒေသမှာတော့ 'ဝပ်နေတဲ့နဂါး' နဲ့ 'ဇာမဏီငှက်ငယ်' တို့ပဲရှိတယ်။"[၁၄] ရွှီရှူးက ကျူးကော့လျံကို နောက်ပိုင်းတွင် လျိုပေ့ဆီသို့ သွားရောက်ရန် အကြံပြု၍ လျိုပေ့ကလည်း ရွှီရှူးကို ကျူးကော့လျံအား ဖိတ်ခေါ်စေချင်ခဲ့သည်။ ရွှီရှူးက ပြန်လည်ပြောဆိုသည်မှာ "ခင်ဗျား ဒီလူဆီကို ကိုယ်တိုင်သွားမှ ဖြစ်မယ်။ သူ့ကို လာတွေ့ဖို့ ဖိတ်လို့မရနိုင်ဘူးဗျ။"[၁၅] လျိုပေ့သည် ကျူးကော့လျံဆီသို့ ကိုယ်တိုင်ကိုယ်ကျ သုံးခေါက်သွားရောက်ပြီးနောက် ၂၀၇ တွင် ကျူးကော့လျံကို စည်းရုံးနိုင်ခဲ့သည်။ ဤအချက်မှာ 'ပေစုန့်ကျီ'၏ နှောင်းပိုင်း မှတ်ချက်ပြုရေးသားသော စာသားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ပေစုန့်ကျီက ကျူးကော့လျံသည်သာ လျိုပေ့ဆီသို့ အရင်သွားသည်ဟု ဆို၏။[၁၆][မှတ်စု ၂] ကျူးကော့လျံသည် 'လုံးကျုံး'ဗျူဟာ (Longzhong Plan]) ကို လျိုပေ့သို့ ချပြကာ ၎င်းနေသော အိမ်ကို စွန့်ခွာ၍ လျိုပေ့နောက်သို့ လိုက်ပါခဲ့သည်။ ထို့နောက် လျိုပေ့သည် ကျူးကော့လျံနှင့် အလွန်ရင်းနှီးခဲ့ပြီး များမကြာခဏဆိုသလို ကျူးကော့လျံနှင့် ဆွေးနွေးတိုင်ပင်မှုများ ရှိခဲ့သည်။ ကွမ်းယွီ၊ ကျန်းဖေးတို့က ထိုသို့သော ဆက်ဆံရေးကို မနှစ်မြို့၊ မကျေမနပ်ပြောဆိုကြရာ လျိုပေ့က ဤသို့ရှင်းပြသည်။ "ခုံမင်ကို ငါ ရတဲ့အတွက် ငါဟာ ရေကိုတွေ့ရတဲ့ ငါးလိုပဲ။ နောင်ဆို မကျေမနပ် အပြောအဆိုတွေ မလုပ်ကြလေနဲ့ကွာ။"[၁၇] ကွမ်းယွီနှင့် ကျန်းဖေးတို့သည် ယင်းနောက် ထိုသို့ ပြောဆိုခြင်းများ ရပ်တန့်သွားခဲ့သည်။

သံတမန်အဖြစ် ပြင်ဆင်ရန်

၂၀၈တွင် လျိုပြောင်းသေဆုံး၍ ၎င်း၏ သားငယ်ဖြစ်သူ လျိုချုံက ဆက်ခံပြီး ကျင့်ခရိုင်ကို ချောင်ချောင်း ဆီသို့ အညံ့ခံလေ၏။ လျိုပေ့သည် လျိုချုံ၏ ဤသို့ အညံ့ခံခြင်းကို ကြားသိသောအခါ ၎င်း၏ တပ်နှင့် ပြည်သူပြည်သားများကို ခေါ်ဆောင်၍ တောင်ပိုင်းရှိ 'ရှခို'မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုသို့ ပြောင်းရွှေ့ခေါ်ဆောင်စဉ် ချောင်းပန်တိုက်ပွဲ၌ ချောင်းချောင်၏ တပ်နှင့် အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ရှခိုမြို့သို့ ရောက်သည့်အခါ လျိုပေ့က ကျူးကော့လျံကို 'လူစူး'ရှိရာ ကျန်းတုံး (ကျန်းနန်)နယ်မြေသို့ လွှတ်၍ 'စွန်းချွမ်'နှင့် ၎င်းတို့အဖွဲ့ မဟာမိတ်ပြုခြင်း ဆွေးနွေးစေသည်။ Chaisang တွင်ရှိနေသော စွန်းချွမ်ကို ကျူးကော့လျံက တွေ့ဆုံ၍ ဖြေရှင်းချက် နှစ်ခုကို အဆိုပြု တင်ပြခဲ့သည်။ "ဗဟိုအစိုးရကို တွန်းလှန်နိုင်ဖို့ ဝူယွဲ့နယ်မြေရှိ အင်အားကို အသုံးချနိုင်ရင် ဆက်ဆံရေး (ချောင်းချောင်နှင့် ဆက်ဆံရေး) ကို ဖျက်ပါ။ မတွန်းလှန်နိုင်ရင်တော့ တပ်တွေဖျက်၊ စစ်ဝတ်စုံချွတ်၊ မြောက်အရပ်ကို အညံ့ခံလိုက်ပါလားဗျာ။"[၁၈] စွန်းချွမ်၏ အားကိုးရသူ (ဘုရင်ခံကဲ့သို့) 'ကျိုးယွီ'သည် အခြေနေကို သုံးသပ်ကာ ချောင်းချောင် စစ်တပ်၏ အားနည်းချက်များကို ထောက်ပြပြီးနောက် စွန်းချွမ်သည် ချောင်းချောင်းကို တွန်းလှန်ရန် လျိုပေ့နှင့် ပူးပေါင်းရန် သဘောတူခဲ့သည်။ ကျူးကော့လျံသည် စွန်းချွမ်၏ သံတမန် လူစူးနှင့်အတူ လျိုပေ့၏ စခန်းသို့ ပြန်ခဲ့ကြ၍ လာမည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့သည်။

ထောက်ပို့အရာရှိအဖြစ် ပြင်ဆင်ရန်

၂၀၈ နှောင်းတွင် လျိုပေ့-စွန်းချွမ် မဟာမိတ်တပ်သည် ချောင်းချောင်တပ်မကြီးအပေါ် 'ကမ်းပါးနီတိုက်ပွဲ'၌ ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့၏။ ချောင်းချောင်သည် ယဲ့မြို့သို့ ဆုတ်ခွာခဲ့စဉ် လျိုပေ့က ဆက်လက်၍ ကျန်းနန်ရှိ နယ်မြေများကို သိမ်းပိုက်လိုက်သည်။ ထိုနယ်မြေများသည် ကျင့်ခရိုင်၏ တောင်ပိုင်နယ်မြေအများစုဖြစ်၏။ ကျူးကော့လျံကို (အိမ်တော် သို့ နန်းတော်) စစ်ရေးအကြံပေး အရာရှိအဖြစ်ခန့်အပ်ကာ လင့်လင် (လက်ရှိခေတ် - ဟူးနန်၊ ယောင်ကျိုး) ၊ ကွေးယန် နှင့် ချန်းရှ နယ်မြေများကို အုပ်ချုပ်စေပြီး တပ်အတွက် ထောက်ပံ့ရန် အခွန်ကောက်ခံစေသည်။

၂၁၁ ၌ ယီခရိုင် (မျက်မှောက်ကာလ - စီချွမ်းနှင့် ချုန်းကျင့် နယ်မြေများ) နယ်စားမင်းကြီး လျိုကျန်း က 'ဟန်ကျုံး'နယ်မြေ နယ်စားမင်း 'ကျန်းလူ'ကို တိုက်ရာတွင် လျိုပေ့ထံမှ အကူအညီတောင်းခံလေရာ လျိုပေ့သည် ကျူးကော့လျံ၊ ကွမ်းယွီ၊ ကျန်းဖေး နှင့် အခြားသူများကို ကျင့်ခရိုင်ကို အုပ်ချုပ်စေ၍ ၎င်းကိုယ်တိုင်ကမူ ယီခရိုင်သို့ စစ်တပ်ဖြင့် ချီတက်လေသည်။ လျိုပေ့သည် လျိုကျန်း၏ အဆိုပြုချက်ကို သဘောတူခဲ့သည်။ သို့သော် လျိုကျန်း၏ နယ်မြေများကို တိတ်တဆိတ် သိမ်းယူနေ၏။ နောက်တစ်နှစ်တွင် လျိုကျန်းက လျိုပေ့၏ အကြံကို ရိပ်စားသိမြင်သောကြောင့် ထိုနှစ်ဦးမှာ တစ်ဦးနှင့် တစ်ဦး ရန်အသွင်ဆောင်၍ တိုက်ခိုက်ကြသည်။ ကျူးကော့လျံ၊ ကျန်းဖေးနှင့် ကျောက်ယွင်တို့သည် တသီးတခြား တပ်များဖြင့် ချီတက်လာပြီး ယီခရိုင်၏ မြို့တော် ချန်ဒူး ကို တိုက်ခိုက်နေသော လျိုပေ့ကို စစ်ကူပြုကြသည်။ ထိုစဉ်တွင် ကွမ်းယွီမှာ ကျင့်ခရိုင်ကို အုပ်ချုပ်စောင့်ကြပ်ရန် နေခဲ့သည်။ ၂၁၄ တွင် လျိုကျန်း အညံ့ခံသဖြင့် ယီခရိုင်ကို လျိုပေ့ရရှိခဲ့သည်။

လျိုပေ့က ကျူးကော့လျံကို စစ်ရေးဆိုင်ရာ အကြံပေး အရာရှိအဖြစ် ခန့်အပ်ကာ ၎င်း၏ ရုံးတော် ဆိုင်ရာ ကိစ္စအဝဝကို စီမံကြီးကြပ်စေသည်။ လျိုပေ့ စစ်ရေးဆိုင်ရာ စစ်ချီတိုင်း ကျူးကော့လျံသည် ချန်ဒူးမြို့တော်ကို ကာကွယ်ရန်နှင့် တပ်အင်အား၊ ရိက္ခာ ထောက်ပံ့ရန် နေခဲ့လေ့ရှိသည်။ ၂၁၁ ၌ ချောင်းပီ သည် ဟန်ဧကရာဇ် ရှန်းကို ဖယ်ရှားလိုက်ခြင်းကို တုံ့ပြန်သောအားဖြင့် လျိုပေ့၏ နောက်လိုက်များက လျိုပေ့အား 'ဧကရာဇ်' ခံယူရန် အကြံပြုပြောဆိုကြသည်။ ပထမပိုင်းတွင် ငြင်းသော်လည်း ထိုသို့ပြုရန် ကျူးကော့လျံ၏ တိုက်တွန်းမှုကြောင့် 'ရှူဟန်' မင်းဖြစ်လာခဲ့သည်။ လျိုပေ့သည် ကျူးကော့လျံကို အမတ်ချုပ်ရာထူးပေး၍ နန်းတော် (အစိုးရ)အဖွဲ့ကို အုပ်ချုပ်စေခဲ့၏။ ယင်း၌ တော်ဝင် ရုံးတော်အကြီးအကဲလုပ်ငန်းများကို ဆောင်ရွက်ခြင်းပြုခဲ့သည်။ ကျန်းဖေး ဆုံးပါးပြီးနောက်တွင် ကျူးကော့လျံကို နန်းတွင်းထိန်းသိမ်းစောင့်ရှောက်သူများ အကြီးအကဲ (Colonel-Director of Retainers ; 司隸校尉) အဖြစ်ခန့်အပ်ခဲ့သည်။

လျိုရှန်း လက်အောက်တွင် အမှုထမ်းခြင်း ပြင်ဆင်ရန်

 
ကျူးကောလျံကို (၂၀)ရာစု၌ သရုပ်ဖော်ရေးဆွဲထားသည့် ပုံတစ်ပုံ

၂၂၃ နွေဦးကာလတွင် လျိုပေ့သည် ရှောင်ထင်းတိုက်ပွဲ (Xiaoting) ၌ အရေးနိမ့်ကာ အသည်းအသန်ဖြစ်သောကြောင့် ယုံအန်း (မျက်မှောက်ခေတ် - ချုံးချင့်ခရိုင်၊ ဖုန်းကျယ် (Fengjie) စီရင်စု) မှ တပ်ဆုတ်လာခဲ့သည်။ ချန်ဒူးမြို့တော်မှ ကျူးကော့လျံကို လှမ်း၍ဆင့်ခေါ်ကာ ပြောသည်။ "မောင်မင်းဟာ 'ချောင်းပီ'ထက် ဆယ်ဆပို အရည်အချင်းရှိတယ်။ နိုင်ငံကို ဘေးကင်းစေပြီး တို့ရည်မှန်းချက်ကို ပြီးမြောက်အောင်လုပ်နိုင်စွမ်းရှိတယ်။ ငါ့သားကို ကူညီနိုင်ရင် ကူညီပါ။ သူအရည်အချင်းမပြည့်ဖြစ်ရင်တော့ (ဖြုတ်ချ)နန်းသိမ်းလိုက်ပါ။"[၁၉]ကျူးကော့လျံက မျက်ရည်အပြည့်ဖြင့် ပြန်လည်လျှောက်သည်။ "ကျွန်တော်မျိုး အစွမ်းကုန်လုပ်ဆောင်ပါမယ်။ သေတဲ့အထိ မဆုတ်မနစ်နဲ့ သစ္စာရှိရှိ ထမ်းဆောင်ပါ့မယ်။"[၂၀]ယင်းနောက် လျိုပေ့က သားဖြစ်သူ လျိုရှန်းကို တိုင်းရေးပြည်ရာကိစ္စများကို ကျူးကောလျံနှင့်အတူ အုပ်ချုပ်ဆောင်ရွက်ရန် ပြောဆိုပြီး ကျူးကော့လျံကိုလည်း ဖခင်အဖြစ် သဘောထားရန် ပြောဆိုခဲ့သည်။

ရင်ခွင်ပိုက် အုပ်စိုးသူအဖြစ် ပြင်ဆင်ရန်

လျိုပေ့ ကွယ်လွန်ပြီးနောက် လျိုရှန်းသည် 'ရှူဟန်' ထီးနန်းကို ဆက်ခံကာ ကျူးကော့လျန်ကို 'ဝူနယ်မြေ နယ်စားမင်း' ခန့်အပ်၍ ရုံးတော်တစ်ခုကို ကျူးကောလျံအတွက် ဖန်တီးပေးသည်။ များမကြာမီ ကျူးကောလျံကို ယီခရိုင် နယ်စားမင်းအဖြစ်ခန့်အပ်ကာ တိုင်ပြည်ကိစ္စအဝဝကို စီမံအုပ်ချုပ်စေသည်။ တစ်ချိန်တည်းတွင်ပင် နန်ကျုံးမှ အုပ်ချုပ်ရေးနယ်မြေများက ရှူကို ပုန်ကန်သည်။ သို့သော် လျိုပေ့သေဆုံးသည်မှာ မကြာညောင်းသေးသောကြောင့် ကျူးကောလျံက တပ်လွှတ်၍ ပုန်ကန်မှုကို နှိမ်နင်းခြင်းမပြုခဲ့ပေ။ ယခင်က လျိုပေ့သည် 'လူရွှင်း' (Lu Xun) ကိုရှုံးနိမ့်ပြီးနောက် 'ဝူပြည်ထောင်'နှင့် မဟာမိတ်သည် လိုအပ်ကြောင်း တိုက်တွန်းခဲ့ဖူးသည်။ သို့ဖြစ်၍ ကျူးကောလျံက ဒန်းချီနှင့် ချန်ကျန်းကို လွှတ်ကာ အရှေ့ဝူ (ဝူပြည်ထောင်) နှင့် မဟာမိတ် ပြန်လည်ဖွဲ့စေသည်။ ကျူးကော့လျန်သည် ဝူသို့ သံတမန်များ အဆက်မပြတ်လွှတ်၍ ဆက်ဆံရေးကို တိုးတက်အောင် ပြုခဲ့သည်။

တောင်ပိုင်း စစ်ဆင်ရေး ပြင်ဆင်ရန်

 
ကျူးကောလျံ၏ တောင်ပိုင်းစစ်ဆင်ရေး

ရင်ခွင်ပိုက်အုပ်စိုးသူအဖြစ် ကျူးကောလျံသည် 'ဟန်အင်ပါယာ'ကို ပြန်လည်ထိန်းသိမ်းရန် ရှူ၏ ရည်ရွယ်ချက်များကို ချမှတ်ခဲ့သည်။ ရှူပြည်ထောင်ဖက်မှ ကြည့်လျှင် ချောင်းဝေပြည်ထောင်က ဟန်အင်ပါယာကို လုယူသူဖြစ်၏။ ထို့ကြောင့် ဝေကို တိုက်ခိုက်ရန် ရှူပြည်ထောင်ကို အလုံးစုံ တစ်စုတစ်စည်းတည်းဖြစ်ရန်လိုအပ်သည်ဟု ထင်မြင်သည်။[၂၁] ဒေသတွင်း မျိုးနွယ်အုပ်စုများသည် နန်ကျုံးအခြေစိုက် နန်းမန် မျိုးနွယ်နှင့် ပူးပေါင်းကာ ပုန်ကန်မည်ကို ကျူးကော့လျံက စိုးရိမ်သည်။ ၎င်းက မြောက်အရပ်ရှိ ဝေသို့ စစ်ထိုးနေစဉ် ကျေးလက်နေသူများက ပုန်ကန်နိုင်၍ မြို့တော်ချန်ဒူး၏ ပတ်ဝန်းကျင်ဒေသများကို ဖိအားပေးလာနိုင်သည်ကို စိုးရိမ်သဖြင့် တောင်ပိုင်းမျိုးနွယ်စုများကို ဦးစွာ စစ်ငြိမ်းချွေးသိပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။

၂၂၅ နွေဦးတွင် ယောင်၊ ကောင်း၊ ကျူး၊ မန်း စသော ဒေသတွင်း မျိုးနွယ်စုများက တောင်ပိုင်းရှိ မြို့များကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖြစ်လေသည်။ သို့ဖြစ်၍ ကျူးကောလျံက နန်ကျုံး သို့ စစ်ချီခဲ့သည်။ မာဆူးက ၎င်းတို့သည် နန်းမန်တို့၏ အဓိကနေရာများကို အောင်နိုင်ရန် ကြိုးပမ်းသင့်ကြောင်းနှင့် ၎င်းတို့ကို နှိမ်နင်းရန် ကိုယ်ပိုင် စစ်အင်အားသုံးမည့်အစား ၎င်းတို့၏ ထောက်ခံမှုရရန် စည်းရုံးသင့်ကြောင်း တင်ပြရာ ကျူးကောလျံက မာဆူး၏ အကြံကို လက်ခံ၍ သူပုန်ခေါင်းဆောင် မုန့်ဟော့ (Meng Huo) ကို ခုနှစ်ကြိမ် တိုင်တိုင် အနိုင်ယူခဲ့၏။ ထိုအကြောင်းကို 'ဟွားယန်'ရာဇဝင်ကျမ်း ကဲ့သို့သော သမိုင်းများတွင် ရေးသားထားသည်။ မုန့်ဟော့ ကိုအနိုင်ယူသည့် အကြိမ်တိုင်းတွင် မုန့်ဟော့ကို ပြန်လွှတ်ပေးသည်။ အကြောင်းမှာ မုန့်ဟော့၏ အစစ်အမှန် သစ္စာခံမှုကို လိုချင်သောကြောင့် ဖြစ်သည်။[၂၂] မုန့်ဟော့ကို ခုနှစ်ကြိမ် ဖမ်းဆီးသည့် ဇာတ်လမ်းကို ခေတ်သစ်ပညာရှင်များက မေးခွန်းထုတ်ကြသည်။

မုန့်ဟော့သည် သူ၌ နိုင်ရန် အခွင့်အရေးမရှိသည်ကို သိမြင်နားလည်ပြီးနောက် ရှူသို့ အညံ့ခံလေရာ ကျူးကောလျံက ၎င်းကို တောင်ပိုင်း ရှူနယ်စပ်တကြော လုံခြုံစေရန်နှင့် ထိုဒေသရှိ ပြည်သူများကို အုပ်ချုပ်ရန် ဒေသအုပ်ချုပ်ခွင့်ကို ပေးခဲ့သည်။ ဤအချက်မှာ ကျူးကောလျံက မြောက်ပိုင်း ထိုးစစ်ကို နောင်တွင် အတွင်းပိုင်း ပဋိပက္ခမရှိဘဲ လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။[၂၁] နန်ကျုံးမှရရှိသော ပေါများကြွယ်ဝသည့် ရင်းမြစ်များကို ရှူစစ်တပ်အတွက် အားဖြည့်၍ ရှူပြည်ထောင်သည် ပို၍ ချမ်းသာကြွယ်ဝလာခဲ့သည်။

မြောက်ပိုင်းစစ်ဆင်ရေးနှင့် သေဆုံးခြင်း ပြင်ဆင်ရန်

 
စစ်မာရီသည် ကျူးကောလျံဆီမှ ထွက်ပြေးနေသည့်ပုံကို သရုပ်ဖော်ခြင်း၊ ချင်းမင်းဆက်ခေတ်ပုံ

နန်းမန်အနွယ်စုကို ကျေနပ်ချွေးသိပ်စေပြီးနောက် ကျူးကောလျံက ရှူစစ်တပ်ကို ဝေပြည်ထောင်သို့ အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင်မှုများ ပြုစေသည်။ ၂၂၇ ၌ ဟန်ကျုံး၌ ရှိနေစဉ် 'ချူးရှီးဗြောင်' ဟု အမည်ရသော ရွှေနားတော်သွင်း ဆက်သစာတစ်ဆောင်ကို လျိုရှန်းအတွက် ရေးရာ ထို၌ ယခုစစ်ဆင်ရေး ဆင်နွှဲရသည့်အကြောင်းနှင့် မင်းကောင်းတစ်ပါး၏ အုပ်ချုပ်မှုကောင်းတစ်ရပ်ဖြစ်စေရန် အကြံပြုချက်များပါဝင်သည်။ ၂၂၈ မှသည် သေဆုံးချိန် ၂၃၄ အထိ ကျူးကောလျံသည် မြောက်အရပ်သို့ စုစုပေါင်း ငါးကြိမ်တိုင် စစ်ချီခဲ့သည်။ ငါးကြိမ်တွင် တစ်ကြိမ်မှာ စစ်ချီမှု မအောင်မြင်ခဲ့ပေ။ ပထမအကြိမ် စစ်ဆင်မှုတွင် ဝေပြည်ထောင်၏ စစ်ရေးအရာရှိ ငယ်ရွယ်သူ ကျင့်ဝေကို အညံ့ခံစေနိုင်ခဲ့ပြီး သူ့ဘက်ပါအောင် ဆွယ်နိုင်ခဲ့သည်။[၂၃] ကျင့်ဝေသည် ရှူ၏ ထင်ရှားသော စစ်သူကြီးဖြစ်လာ၍ ကျူးကောလျံ၏ ချန်ထားရစ်ခဲ့သော ဝေပြည်ထောင်ကို ရန်ဆောင်သည့် မူဝါဒကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ အခြား ရရှိခဲ့သည့် ရေရှည်အကျိုးအမြတ်မှာ ဝူဒူးနှင့် ယင်းပင် နယ်မြေများရရှိပြီး ဝေပြည်သူပြည်သားများကို အခါအားလျော်စွာ ရှူပိုင်နက်နယ်မြေများအတွင်း ရရှိ နေရာချထားပေးနိုင်ခဲ့သည်။[၂၃]

၂၃၁ နွေဦးအရောက်တွင် ကျူးကောလျံသည် ၎င်း၏ အဓိကပြိုင်ဖက် 'စစ်မာရီ' ကို တွေ့ဆုံကြုံကြိုက်ခဲ့ကာ ထိုစဉ်တွင် စစ်မာရီမှာ ဝေပြည်၏ အသစ်ခန့်အပ်လိုက်သော စစ်သေနာပတိ ဖြစ်သည်။ တွေ့ဆုံရာနေရာမှာ လူအသေအကြေအများဆုံး ရှုထောင်မှဆိုလျှင် 'ချီတောင်တန်းတိုက်ပွဲ' ဖြစ်၍ စစ်ဆင်မှု ငါးကြိမ်စလုံးတွင် ထိုနေရာတိုက်ပွဲမှာ ပြင်းထန်ကြောက်မက်ဖွယ်ကောင်းသည်။ ၂၃၄ နှောင်းပိုင်းတွင် ကျူးကောလျံနှင့် စစ်မာရီတို့သည် 'ဝူကျန်းလွင်ပြင်' တိုက်ပွဲ၌ သူမရှုံးငါမနိုင် အခြေအနေဖြင့် လိပ်ခဲတည်းလည်းဖြစ်နေခဲ့သည်။ စစ်ရေးဆိုင်ရာကိစ္စဝိစ္စများကို ကြီးသည် ငယ်သည် မရွေး အားသွန်၍ လုပ်ဆောင်နေခဲ့သောကြောင့် ကျူးကောလျံသည် မမာမကျန်းဖြစ်၍ အသက် (၅၃) တွင် သေဆုံးခဲ့သည်။ ၎င်းမသေဆုံးမီ ကျူးကောလျံက ကျင့်ဝမ် နှင့် ဖေးယီကို ၎င်းနေရာတွင် ဆက်ခံရန် လျာထားခဲ့သည်။ သေသူ၏ ဆန္ဒအရ ကျူးကောလျံကို တင့်ကျွင်းတောင်တွင် မြှုပ်နှံခဲ့၍ သေဆုံးပြီးမှ ချီးမြင့်သောဘွဲ့ 'ကျုံးဝူနယ်စားဘွဲ့'[မှတ်စု ၃] (သစ္စာတရားနှင့် တိုက်ခိုက်ရေးဆိုင်ရာ) ကို လျိုရှန်းက ပေးအပ်ခဲ့သည်။

ကျွင်းကျန်ရစ်သော အမွေအနှစ် ပြင်ဆင်ရန်

တီထွင်မှုများ ပြင်ဆင်ရန်

ဆက်တိုက်ပစ်နိုင်သော ဒူးလေးသည် ကျူးကောလျံ၏ တီထွင်မှုဟု ရည်ညွှန်းကြသော်လည်း ၎င်းနှင့်သက်ဆိုင်ခြင်းမရှိဟု ဆိုကြသည်။ ဤလွဲမှားနေသောအချက်သည် များစွာသော မြားအစင်းရေသုံးနိုင်သော ဒူးလေးကို တိုးတက်ကောင်းမွန်အောင် ကျူးကောလျံ၏ ပြုပြင်မှု မှတ်တမ်းအပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လာသည်။[၂၄]

ကျူးကောလျံသည် 'ပိုက်တိချန်' (ခံတပ်) အနီး သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ဖန်တီးရန် ကျောက်ပုံများကို စီတန်းချထားသော 'ကျောက်ကင်းစခန်း ဝင်္ကပါ'တစ်ခုကို ဆောက်လုပ်ခဲ့သည်ဟု အဆိုရှိကြသည်။[၂၅]

အစောပိုင်းကာလများက စစ်ရေးအချက်ပြမှုအတွက် သုံးသော မိုးပျံဘောလုံးများကို 'ခုံမင်ဘောလုံး' ဟူ၍ ၎င်းကို အစွဲပြု အမည်ပေးထားသည်။[၂၆] ပင်ယန်းမြို့၌ စစ်မာရီ၏ ချောင်ပိတ်ဝိုင်းခြင်း ခံရသောအခါ ကျူးကောလျံ တီထွင်ခဲ့သည်ဟုလည်း ဆိုစမှတ်ရှိကြသည်။ ထိုမိုးပျံဘောလုံးမျက်နှာပေါ်ရှိ စာသားများကို အနီးနားက မိတ်ဆွေတပ်များ တွေ့မြင်သောအခါ လာရောက်ကူညီကြ၏။ နောက်ထပ်ယုံကြည်မှုတစ်ခုမှာ မိုးပျံဘောလုံးသည် ကျူးကောလျံ၏ ခေါင်းပိုင်းပုံဖြစ်သည်။ ထို့ကြောင့် ၎င်းကို အစွဲပြု၍ အမည်ပေးခဲ့ကြသည်။

စာပေလက်ရာများ ပြင်ဆင်ရန်

ကျူးကောလျံ ရေးသားသည်ဟု ရေပန်းစားသော စာအုပ်အချို့ကို ယနေ့ခေတ်တွင် တွေ့နိုင်ရာ ဥပမာအနေဖြင့် 'သုံးဆယ့်ခြောက် ပရိယာယ်' ၊ 'စစ်ပွဲပညာ ငါဆရာ' (Mastering the Art of War : စွန်(ဒ်)ဇူး ၏ The Art of War သေနကဗျူဟာ (သို့) စစ်ဗျူဟာ နှင့်မရောထွေးရန်) စသည့်နှစ်အုပ်သည် ကျူးကောလျံပြုစုခဲ့သည့် စာပေများဖြစ်ပြီး မျက်မှောက်ခေတ်တွင်လည်း ရရှိနိုင်ကာ ဖတ်ရှုနိုင်သည်။ တာအိုဂန္ထဝင်စာအုပ် 'အိချင်း' သည် ပြိုင်ဘက်ကင်းစာအုပ်တစ်အုပ်ဖြစ်ပြီး ကျူးကောလျံ၏ ခြေလျင်တပ် နှင့် မြင်းတပ်ဆိုင်ရာ တိုက်ကွက်ပုံစံနည်းစနစ်သည် ယင်းစာပေပေါ်တွင် အခြေခံသည်ဟု ယူဆကြ၏။ နောက်ထပ်လက်ရာတစ်ခုမှာ ၎င်းရေးသားတင်သွင်းသော အထိမ်းအမှတ်ဆက်သစာပေ 'ချူရှီပြောင်' ဖြစ်ကာ ၎င်း၏ မြောက်အရပ်သို့ စစ်မချီမီ ရေးသားခဲ့၍ ထိုအထဲ၌ ၎င်း၏ ရှူပြည်ထောင်အပေါ် မတုန်မလှုပ်မြဲမြံသည့် သစ္စာတရားကို ဖော်ကျူးထားသည်။[၂၇] ထိုစာပေသည် ဖတ်သူကို မျက်ရည်ကျစေသည်အထိ ဆွယ်နိုင်သည်။ ထို့အပြင် 'သားထံသို့ သတိပေးနှိုးဆော်ချက်' ကိုလည်း ရေးသားခဲ့ပြီး ထိုစာပေတွင် ၎င်း၏ အဓိပ္ပာယ်ပြည့်ဝသော ဘဝရှာပုံတော်၌ နှိမ့်ချ ရိုးကုပ်စွာ ပြုမူခြင်းများကို ရောင်ပြန်ဟပ် ဖော်ညွှန်းထားသည်။[၂၈]

ကျူးကောလျံသည် များစွာသော တရုတ်စာပေလက်ရာများ၏ ဖွဲ့နွဲ့ခံ ပုဂ္ဂိုလ်တစ်ဦးဖြစ်၍ ထန်ခေတ်က ထင်ရှားသော ကဗျာဆရာ တုဖူ၏ ကဗျာတစ်ပုဒ်သည် ကျူးကောလျံကို အောက်မေ့သော အနေဖြင့် ရေးသားထားကာ ကျူးကောလျံ၏ မဆုတ်နစ်သော အကျိုးပြုဆောင်ရွက်ချက်များအကြောင်းကို တုဖူမျိုးဆက်များက မေ့လျော့ဟန်တူ၏။ (သို့ဖြစ်၍ ဆုံးမဟန် ရေးသားခြင်းဖြစ်နိုင်သည်) (ထိန်းသိမ်းစောင့်ရှောက်ခဲ့ခြင်းမရှိသော ကျူးကောလျံ၏ ဘုရားကျောင်းတစ်ခုမှ ထိုစာသားများကို ကြည့်ရှု အကဲဖြတ်ခြင်း)

စာသားများမှာ (ဘာသာပြန်) :

蜀相 (武侯祠)

丞相祠堂何處尋?
錦官城外柏森森。
映階碧草自春色,
隔葉黃鸝空好音。
三顧頻煩天下計,
兩朝開濟老臣心。
出師未捷身先死,
長使英雄淚滿襟。

ရှူပြည်ထောင်၏ နန်းရင်းဝန် ( ဝူနယ်စားမင်းကြီး ဘုရားကျောင်း)

ဂုဏ်ရောင်ကပြောင် သူ့ဘုရားကျောင်းဆောင် ဘယ်နားရယ်မသိ?
ပိုးမြို့တော် အပြင်နားဆီက တောအုပ်နက်နက်ရယ်နဲ့
နွေဦးကာလ မြူသိုင်းခြုံ ကြော့ရှင်းသည့် ရှုခင်းတွေကစုံ
သစ်ရွက်ခက်ကြား ငှက်ငယ်တွေမြူးပါလို့ တေးတွေကို သီကာဆို
အို... သုံးခေါက်တောင် လာတွေ့တယ် တစ်ပြည်ဝန် ထမ်းပါကွယ်တဲ့
နှလုံးသားတစ်ခုပေမယ့် ထမ်းခဲ့တာက အရှင်နှစ်ပါး
သို့ပေရာ. . . သေသာသွားသည်... တာဝန်ကား မပြီးမြောက်ပေလို့...
သူရဲကောင်းတို့ မျက်ရည် မကျစကောင်း ကျရရှာသည်။

တုဖူ၏ လေးကြောင်းတစ်ပိုဒ်ပါ ကဗျာ 'တိုက်ပွဲတိုက်ကွက်ရှစ်ပါး' (八陈图) သည် ကျူးကောလျံ၏ 'ကျောက်ကင်းတပ် ဝင်္ကပါ' အကြောင်း စပ်ဆိုထားပြီး 'ထန်ခေတ် ကဗျာ (၃၀၀)' တွင် စုစည်းတင်ပြထားသည်။

သုံးပြည်ထောင်ခေတ် ချစ်ဇာတ်လမ်းများ ပြင်ဆင်ရန်

 
ကျူးကော့လျံ၏ သရုပ်ဖော်ပုံတစ်ပုံ (ချင်းမင်းဆက်ခေတ်မှ)

မင်မင်းဆက်ခေတ်က လျိုကွမ်းကျုံးရေးသားသော 'သုံးပြည်ထောင်ခေတ် ချစ်ဇာတ်လမ်းများ' သမိုင်းဝင် ဝတ္ထုတွင် ကျူးကောလျံ၏ ဉာဏ်ပညာကို ထင်ပေါ်စေရန် ရေးသားထားသည်။ ယင်းဝတ္ထု၌ လေတိုက်ခတ်ရန် ဆင့်ခေါ်ခြင်း၊ မှော်ဆန်သော ကျောက်တုံးဝင်္ကပါ တည်ဆောက်ခြင်းကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် အောင်မြင်မှုများဆောင်ရွက်နိုင်သောသူအဖြစ် ပုံဖော်ထားသည်။

ထိုဇာတ်လမ်းများမှာ သမိုင်းကြောင်းအရ မှန်ကန်နိုင်ခြေ (သို့) ဇာတ်လမ်းသက်သက်သာဖြစ်ခြင်း စသည်တို့အပေါ် များစွာ ရှုပ်ထွေးမှုရှိသည်။ အနည်းဆုံးအားဖြင့် 'လူသူမဲ့ ခံတပ် ပရိယာယ်ဗျူဟာ'သည် သမိုင်းအကြောင်းအရ ကျူးကောလျံ၏ တီထွင်ဖန်တီးမှုဟု မမှတ်ယူနိုင်သော်လည်း သမိုင်းဝင်မှတ်တမ်းများအပေါ် အခြေပြုထားသည့် ဗျူဟာဖြစ်သည်။[၃] မည်သို့ပင်ဆိုစေ ကျူးကော့လျံကို တရုတ်လူမျိုးများက အလွန်ဉာဏ်ထက်သော ကဝေကဝိတစ်ဦးအဖြစ်ရှုမြင်ကြ၍ ကျူးကော့လျံ၏ ဆောင်ရွက်ချက် ဥပမာများသည် ယနေ့ခေတ် တရူတ်လူမှုအဖွဲ့အစည်းအပေါ် ဆက်လက်လွှမ်းမိုးနိုင်ခဲ့သည်။ စွန်(ဒ်)ဇူး၏ သေနကဗျူဟာကျမ်းနှင့်အတူ ထိုဥပမာများသည် ခေတ်ကာလ တရုတ်လူမျိုးတို့၏ စစ်ရေးနည်းဗျူဟာ၊ နိစ္စဓူဝ တွေးခေါ်ခြင်းတို့၌ ကြီးမားစွာ ယနေ့ထိတိုင် ဩဇာညောင်းကြသည်ဟုလည်း ငြင်းခုံဆွေးနွေးဖော်ပြကြသည်။[၃] 'သုံးပြည်ထောင်ခေတ် ချစ်ဇာတ်လမ်းများ' ဝတ္ထုပါ ဇာတ်လမ်းဇာကွက်များ၌ ကျူးကောလျံ ပါဝင်ခဲ့သော အခန်းများမှာ :

  • ၎င်း၏ သက်ကယ်တဲငယ်ဆီသို့ (လျိုပေ့) သုံးကြိမ်လာရောက်ခြင်း။
  • ဘိုဝမ်တိုက်ပွဲ
  • ကျန်းတုံးသို့ သံတမန်ရေးရာသွားခြင်း
  • ကောက်ရိုးလှေများဖြင့် မြားခိုးယူခြင်း
  • အရှေ့လေတိုက်လတ်စေရန် အစီအရင်ပြုခြင်း
  • ကျမန်တောင်ကြားလမ်းတိုက်ပွဲ
  • ရှောင်တင်းတိုက်ပွဲ
  • မုန်ဟော့ကို ဖမ်းခြင်းနှင့် လွှတ်ပေးခြင်း (ခုနှစ်ကြိမ်)
  • လူသူမဲ့ ခံတပ်ဗျူဟာ

ကျူးကော့လျန် မကွယ်လွန်မီ အဖြစ်ပျက်များ ပြင်ဆင်ရန်

ဝူကျန်းလွင်ပြင် တိုက်ပွဲအတွင်း ကျူးကောလျံမှာ အသည်းအသန်ဖျားနာသောအခါ ရိုးရာဓလေ့တစ်ခုအရ ၎င်း၏ အသက်ကို (၁၂)နှစ် ပိုရှည်စေရန် ကြိုးပမ်းခဲ့သည်။ သို့သော် စစ်သူကြီး ဝေယန်က အနှောက်အယှက်ပေးမိသောကြောင့် မအောင်မြင်ခဲ့ပေ။ ဝေယန်က ရန်သူတို့ချီတက်လာပြီဟု ကျူးကောလျံကို သတိပေးရန် အခန်းအတွင်းသို့ တဇွတ်ထိုးဝင်လာခဲ့သောကြောင့် ဖြစ်သည်။[၂၉] ၎င်းမသေဆုံးမီ စစ်သူကြီး ကျင့်ဝေကို ၎င်းရေးသားခဲ့သော စစ်ရေးဗျူဟာကျမ်း (၂၄) တွဲကို ပေးအပ်ခဲ့သည်။[မှတ်စု ၄] ကျင့်ဝေက ၎င်း၏ ကြွင်းကျန်ရစ်သော တာဝန်များကို ဆက်လက်ဆောင်ရွက်ခဲ့ပြီး ချောင်းဝေပြည်ထောင်ကို (၁၁)ကြိမ် စစ်ထိုးခဲ့သည်။

ကျူးကော့လျန်ကို ပူဇော်ခြင်း ပြင်ဆင်ရန်

ကျူးကော့လျန်ကို ဂုဏ်ပြုသောအားဖြင့် ဘုရားကျောင်းများ၊ နတ်ကွန်းများ ရှိသည်။ အထင်ရှားဆုံးအချို့မှာ ချန်ဒူးမြို့တော် နှင့် ပိုက်တိချန်(ခံတပ်မြို့)ရှိ 'ဝူနယ်စားမင်းကြီး ဘုရားကျောင်း' နှစ်ဆောင်ဖြစ်သည်။

၇၆၀ တွင် ထန်မင်းဆက် ဧကရာဇ် စူးဇုံက မူးမတ် 'ကျန်းဇီယာ'ကို ဂုဏ်ပြုရန် ဘုရားကျောင်းဆောက်လုပ်သည့်အခါ ကျူးကော့လျန်နှင့် အခြား ထင်ရှားသော စစ်သူကြီး/ဗျူဟာရှင် ကိုးဦးတို့၏ ရုပ်တုများကို ကျန်းဇီယာ၏ ဘေးဘက်များတွင် ထည့်သွင်းစေခဲ့သည်။ [၃၁]

တရုတ်ဘုရားကျောင်းများနှင့် တာအိုဘုရားကျောင်းများတွင် ကျူးကော့လျန်အား ရံခါ၌ 'တံခါးစောင့်နတ်' အဖြစ် ချောင်းဝေဘက်မှ စစ်မာရီနှင့်အတူ ပူဇော်ကန်တော့ကြသည်။

ခေတ်သစ်ကာလ အနုပညာလက်ရာများ ပြင်ဆင်ရန်

ထင်ရှားသော သရုပ်ဆောင်များသည် ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲများတွင် ကျူးကော့လျန်အခန်းမှ ပါဝင်သရုပ်ဆောင်ထားကြရာ "ရာဇဝင်တင်မည့် နန်းရင်းဝန် ကျူးကော့လျန်" (၁၉၈၅) တွင် Adam Cheng ၊ "ကျူးကော့လျန်" (ရုပ်သံတွဲ-၁၉၈၅) တွင် Li Fazeng ၊ "သုံးပြည်ထောင်ချစ်ဇာတ်လမ်းများ" (ရုပ်သံတွဲ-၁၉၉၄) တွင် Tang Guoqiang ၊ @သုံးပြည်ထောင်ခေတ်:နဂါးပြန်လည်နိုးထလာခြင်း" (၂၀၀၈) တွင် Pu Cunxin ၊ "ကမ်းပါးနီတိုက်ပွဲ" (Red Cliff-2008) တွင် Takeshi Kaneshiro ၊ "သုံးပြည်ထောင်ခေတ်" (ရုပ်သံတွဲ-၂၀၁၀) တွင် Lu Yi ၊ "သုံးပြည်ထောင်ခေတ် RPG" (၂၀၁၂) တွင် Raymond Lam ၊ "အကြံပေးသူများ မဟာမိတ်" (The Advisors Alliance-၂၀၁၇) တွင် Wang Luoyong တို့ဖြစ်ကြ၏။

ဗီဒီယို ဂိမ်းများ ပြင်ဆင်ရန်

ဉာဏ်ပညာထက်မြက်မှုအတွက် ၎င်း၏ ကျော်ကြားထင်ရှားမှုများကို ခေတ်အဆက်ဆက်ထုတ်ဝေခဲ့ကြသော (သုံးပြည်ထောင်ခေတ်ဇာတ်လမ်းသွားနှင့် ဆက်စပ်အကြောင်းအရာ) ဗီဒီယိုဂိမ်းများတွင် အလေးပေးဖော်ပြထားကြသည်။

မှတ်စု ပြင်ဆင်ရန်

  1. Province ကို လက်ရှိဆောင်းပါတွင် ခရိုင် ဟူ၍ သုံးနှုန်းထားသည်။ ဤနေရာ၌ ခရိုင် ဆိုသည်မှာ 'အလွန်တရာ ကြီးမားကျယ်ပြန့်သည့် နယ်မြေဒေသကြီးတစ်ခုကို ဆိုလိုသည်။ ဥပမာ တရုတ် စာကားလုံးအရ 'ကျင့်ကျိုး' ကို ကျင့်ခရိုင်၊ ယန်ကျိုး ကို ယန်ခရိုင် ဟု သုံးနှုန်းထားသည်။
  2. Some other historical sources contradict this story, claiming that it was Zhuge Liang who visited Liu Bei first and offered his services. This account comes from the Weilue, quoted by Pei Songzhi in his annotations to Chen Shou's Sanguozhi, vol. 35, p. 913. See also Henry, Eric (December 1992). "Chu-ko Liang in the Eyes of his Contemporaries". Harvard Journal of Asiatic Studies 52 (2): 593–96. 
  3. ဤဆောင်းပါး၌ Marquis ကို နယ်စားဟု ဘာသာပြန်ထားပြီး ရံခါတွင် နယ်စားဆိုသည်မှာ တင်းစားမြှောက်စားထားသော အလွန်တရာ အဆင့်မြင့်သော ရာထူးတစ်ခုကို ညွှန်းဆိုသည်။
  4. In note 1 of chapter 104 – see p. 2189 – Roberts mentions the Zhuge Liang ji (AD 274, which Chen Shou compiled.[၃၀]

ကိုးကား ပြင်ဆင်ရန်

  1. Zhuge Liang's biography in Records of the Three Kingdoms mentioned that he died at the age of 54 (by East Asian age reckoning) in the 8th month of the 12th year of the Jianxing era (223–237) in Liu Shan's reign. ([建興]十二年 ... 其年八月,亮疾病,卒于軍,時年五十四。) By calculation, his birth year should be around 181.
  2. de Crespigny, Rafe (2007)။ A biographical dictionary of Later Han to the Three Kingdoms (23–220 AD)။ Brill။ p. 1172။ ISBN 978-90-04-15605-0
  3. ၃.၀ ၃.၁ ၃.၂ Nojonen၊ Matti (2009)။ Jymäyttämisen taito. Strategiaoppeja muinaisesta Kiinasta [The Art of Deception. Strategy lessons from Ancient China။ Helsinki, Finland: Gaudeamus။ ISBN 978-952-495-089-3
  4. Ancient Cultivation Stories: Zhuge Liang's Cultivation PractiseClearHarmony.net (28 July 2005)။ 2007-11-11 တွင် ပြန်စစ်ပြီး။
  5. Baogang Guo 2008 p. 38. China in Search of a Harmonious Society. https://books.google.com/books?id=UkoStC-S-AMC&pg=PA38
  6. ၆.၀ ၆.၁ Dillon၊ Michael (1998)။ China: A Cultural and Historical Dictionary။ p. 389။
  7. Deng၊ Yinke (2007)။ History of China။ p. 65
  8. Guo၊ Baogang (2008)။ China in Search of a Harmonious Society။ p. 38။
  9. Auyang၊ Sunny (2015)။ The Dragon and the Eagle။ p. 290။
  10. Man of influence
  11. Knechtges (2014), p. 2329.
  12. ၁၂.၀ ၁၂.၁ de Crespigny (2007), p. 1172.
  13. (聞君擇婦;身有醜女,黃頭黑色,而才堪相配。) Sanguozhi vol. 35.
  14. (儒生俗士,豈識時務?識時務者為俊傑。此間自有卧龍、鳳雛。) Sanguozhi vol. 35.
  15. (此人可就見,不可屈致也。將軍宜枉駕顧之。) Sanguozhi vol. 35.
  16. Zhuge Liang – Kong Ming, The Original Hidden DragonJadeDragon.com။ 29 November 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-11-11 တွင် ပြန်စစ်ပြီး။
  17. (孤之有孔明,猶魚之有水也。願諸君勿復言。) Sanguozhi vol. 35.
  18. (若能以吳、越之眾與中國抗衡,不如早與之絕﹔若不能當,何不案兵束甲,北面而事之!) Chen Shou. Records of Three Kingdoms, Volume 35, Biography of Zhuge Liang.
  19. (君才十倍曹丕,必能安國,終定大事。若嗣子可輔,輔之;如其不才,君可自取。) Sanguozhi vol. 35.
  20. (臣敢竭股肱之力,效忠貞之節,繼之以死!) Sanguozhi vol. 35.
  21. ၂၁.၀ ၂၁.၁ Zhuge, Liang; Zhang, Zhu; Duan, Xizhong; Wen, Xuchu (1960)။ 諸葛亮集 [Collected works of Zhuge Liang] (Chineseဘာသာစကားဖြင့်)။ Beijing: Zhonghua Publishing။ OCLC 21994628CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  22. Huang, Walter Ta (1967)။ Seven times freed။ New York: Vantage Press။ OCLC 2237071
  23. ၂၃.၀ ၂၃.၁ Luo၊ Zhizhong (2003)။ 諸葛亮 (Chineseဘာသာစကားဖြင့်)။ Taichung, Taiwan: Hao du chu ban you xian gong si။ ISBN 978-957-455-576-5OCLC 55511668CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  24. Needham (1994), p. 8.
  25. Zhuge Liang; Liu Ji; Thomas Cleary (1989)။ Mastering the art of warBoston: Shambhala PublicationsISBN 978-0-87773-513-7OCLC 19814956
  26. Yinke Deng (2005)။ Ancient Chinese inventions။ China Intercontinental Press။ p. 113ISBN 978-7-5085-0837-5Kongming balloon.
  27. Zhuge Liang and the Qin။ 2016-11-21 တွင် ပြန်စစ်ပြီး။
  28. Tranquility_Aspiration (in en-GB)။ 2016-11-21 တွင် ပြန်စစ်ပြီး။
  29. Luo၊ Guanzhong (2007)။ Three Kingdoms: A Historical Novel: Volume IV။ ဘာသာပြန်သူ Roberts, Moss။ Beijing: Foreign Languages Press။ pp. 1886–88။ ISBN 978-7-119-00590-4
  30. Luo၊ Guanzhong (2007)။ Three Kingdoms: A Historical Novel: Volume IV။ ဘာသာပြန်သူ Roberts, Moss။ Beijing: Foreign Languages Press။ p. 1889။ ISBN 978-7-119-00590-4
  31. (上元元年,尊太公為武成王,祭典與文宣王比,以歷代良將為十哲象坐侍。秦武安君白起、漢淮陰侯韓信、蜀丞相諸葛亮、唐尚書右僕射衛國公李靖、司空英國公李勣列於左,漢太子少傅張良、齊大司馬田穰苴、吳將軍孫武、魏西河守吳起、燕晶國君樂毅列於右,以良為配。) Xin Tang Shu vol. 15.