ကိုယ်ခန္ဓာရှိ အရေအပြားနှင့် အရေအောက်ရှိ အဆီတို့ကို လုံးဝဖယ်ရှားလိုက်လျှင် ကြွက်သားများကို တွေ့ရပေမည်။ တစ်ကိုယ်လုံး၌ ကြွက်သားပေါင်း ၅၀၀ကျော် ရှိသည်ဟု ဆို၏။ ကြွက်သားသည် လူကိုယ်ခန္ဓာတစ်ခုလုံး၏ အလေးချိန်တစ်ဝက်နီးပါးမျှလေး၏။ ကြွက်သားတို့၏ သဏ္ဌာန်မှာ အမျိုးမျိုးဖြစ်သည်။ ကြွက်သားများသည် လှုပ်ရှားနေစဉ် ပြေးနေသော ကြွက်ကလေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က ကြွက်ကလေးဟူသော အဓိပ္ပာယ်ရှိသည့် "မတ်စကျူလပ်"ခေါ် လက်တင်ဝေါဟာရကို အစွဲပြုပြီးလျှင် ကြွက်သားကို "မတ်ဆယ်"ဟု ခေါ်ဝေါ် အမည်မှည့်ကြသည်။

ကြွက်သားများသည် လူတို့၏ စိတ်ဆန္ဒအလျောက်ဖြစ်စေ၊ စိတ်ဆန္ဒမပါဘဲ အလိုအလျောက်ဖြစ်စေ၊ ကိုယ်ခန္ဓာရှိ အစိတ်အပိုင်းများကို လှုပ်ရှားစေနိုင်သည်။ ကြွက်သားမရှိဘဲ အရိုးတို့သည် မိမိတို့ဖာသာ လှုပ်ရှားခြင်း မပြုနိုင်ကြချေ။ လူ၏ ကိုယ်တွင် အနှံ့အပြားရှိကြသည့် အသီးသီးသော ကြွက်သားများသည် အသုံးပြုခြင်း၊ လှုပ်ရှားခြင်း များလေ၊ ကြီးထွားလေ သန်မာလေဖြစ်သည်။ အသုံးနည်းလျှင် သို့မဟုတ် လှုပ်ရှားမှု နည်းလျှင် ပျော့စိစိနှင့် အားမရှိ ဖြစ်နေတတ်သည်။ ထို့ကြောင့် အားရှိစေရန် ကြွက်သားများကို လှုပ်ရှားစေသော လေ့ကျင့်မှုများ ပြုလုပ်ပေးရသည်။ ကာယဗလ လေ့ကျင့်လိုက်စားကြသော သူများသည် လူကျန်းမာ၍ ကြီးထွားစေရန် ကြွက်သားလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ကြလေသည်။ ကြွက်သားတို့သည် ကျုံ့နိုင်ခြင်း၊ ဆန့်နိုင်ခြင်း စသောသတ္တိများ ရှိသည်။ လက်မောင်း၊ ခြေထောက်၊ လက်ပြင်နှင့် ကျောက်ကုန်းတို့ရှိ ကြွက်သားများသည် ခန္ဓာတွင် အကြီးဆုံးသော ကြွက်သားများ ဖြစ်ကြသည်။

ကြွက်သားကို နှစ်မျိုးနှစ်စား ခွဲခြားထားသည်။

  1. စိတ်အလိုအတိုင်းမဟုတ်ဘဲ အလိုအလျောက် လှုပ်ရှားခြင်း ပြုနိုင်သော၊ ထိန်းမရ ကြွက်သား၊
  2. စိတ်အလိုအတိုင်း လှုပ်ရှားခြင်း ပြုနိုင်သော ထိန်းရကြွက်သားတို့ ဖြစ်ကြသည်။

ထိန်းရကြွက်သားကြောင့် အချို့အမှုများကို စိတ်အလို ရှိသကဲ့သို့ လှုပ်ရှားနိုင်သော်လည်း ထိန်းမရကြွက်သားများကြောင့် မည်သည့်အမှုကိုမျှ စိတ်အလိုအတိုင်း ပြုလုပ်၍ မရပေ။ ဥပမာအားဖြင့် ရေတစ်ခွက်ကို သောက်မည်ဆိုပါစို့။ ထိုရေသည် ပါးစပ်ထဲတွင် ရှိနေသမျှ ကာလပတ်လုံးပါးနှင့် လျှာတို့ရှိ ထိန်းရကြွက်သားများကြောင့် မျိုချလိုသည့် အချိန်တွင် မျိုချနိုင်၍ ထွေးထုတ်လိုသည့်အခါ၌လည်း ထွေးထုတ်နိုင်၏။ ထွေးထုတ်လိုသည့်အခါ၌ပင် ဖြည်းဖြည်း သို့မဟုတ် ခပ်ပြင်းပြင်း စသည်ဖြင့် မိမိစိတ်အလိုရှိသည့်အတိုင်း ထိန်းသိမ်း၍ ထွေးထုတ်နိုင်ကြသည်။ သို့သော် ထိုရေကို မျိုချလိုက်၍ လည်ချောင်းထဲသို့ ရောက်သွားသောအခါ လည်ချောင်းတွင် ထိန်းရကြွက်သား မရှိတော့ဘဲ ထိန်းမရကြွက်သားသာ ရှိသောကြောင့် ပါးစပ်ထဲမှာကဲ့သို့ မိမိဆန္ဒရှိသလို ထိန်းသိမ်းကာ ထွေးထုတ်လို၍ မရတော့ချေ။ ထိန်းရကြွက်သားမျိုးသည် အရိုးများတွင် တွယ်ကပ်နေတတ်သည်။ ခြေထောက်၊ လက်နှင့် ရင်ဘတ်ရှိ ကြွက်သားတို့မှာ ထိန်းရကြွက်သားမျိုး ဖြစ်ကြသည်။ သို့ဖြစ်၍ လက်ရုံးကို ဆန့်တိုင်း ကွေးတိုင်း ကြွက်သားသည် ဖောင်းကြွခြင်း၊ သေးသိမ်ခြင်းဖြစ်သည်။ ဤသို့ဖြစ်ပုံကို လက်ရုံးကြွက်သားများအား လှုပ်ရှားကြည့်က ထင်ထင်ရှားရှား သိသာမြင်တွေ့နိုင်၏။ ထိုကြွက်သားသည် အညိုရောင် ရှိ၍ အစင်းပေါ်နေလေသည်။

ထိန်းမရကြွက်သားများကား သွေးကြော၊ နှလုံး၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အစရှိသည့် အင်္ဂါအစိတ်အပိုင်းများတွင် ရှိသည်။ အူသိမ်အူမတွင် ရှိသော ကြွက်သားများကို ဆန္ဒရှိသကဲ့သို့ အစာမြန်မြန်မကြေအောင် ပြုလုပ်ပေးရန် ခိုင်းစေ၍ မရချေ။ ထိုကြွက်သားများကား လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ မိမိတို့တွင် အင်အားရှိသလောက်သာ အလုပ်လုပ်သွားကြသည်။ ထိန်းရကြွက်သားတို့ကဲ့သို့ အရောင်ညိုခြင်း၊ အစင်းရာပေါ်ခြင်း မရှိကြချေ။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Myanmar Encyclopedia, Part-1, Chapter-B