ကြွေထည်ပစ္စည်းသည် မြေစေးများကို ပုံသွင်းကာ အပူချိန် ၁၂၀၀ မှ ၁၄၀၀ °C ဖြင့် မီးဖုတ်ပြီးနောက် ရရှိသည့် လူသုံးပစ္စည်းများ ဖြစ်သည်။ ကြွေထည်အပေါ်ယံရှိ ကြွေသားများ၏ အရောင်သည် ကြွေရည်အတွင်း ပါဝင်သည့် တွင်းထွက်ပစ္စည်းများ အပူချိန်ကိုလိုက်၍ ကွဲပြားသည့် ဓာတ်ပြုမှုများကြောင့် ဖြစ်သည်။ ကြွေသားများသည် မာကျောပြီး ရေမစိမ့်ဝင်နိုင်ဘဲ အပူဒဏ်ခံနိုင်သည်။ ကြွေသားများသည် အများအားဖြင့် ဖြူဆွတ်ပြီး အလင်းဖောက်နိုင်သည်။

တရုတ် မြောက်ဆုန့်မင်းဆက်မှ ကြွေခရား (၁၀ ရာစု)

ကြွေဖြင့် အိုး၊ ခွက်၊ ပန်းကန်များအပြင် အလှဆင်ပစ္စည်းများလည်း ပြုလုပ်ကြသည်။ လက်ရာပြောင်မြောက်သည့် ကြွေထည်များကို လူကုံထံများက အဖိုးတန် ပစ္စည်းများအဖြစ် စုဆောင်းလေ့ရှိသည်။ လျှပ်စစ်လျှောက်ကူးမှုကို ခုခံနိုင်စွမ်းကောင်းသောကြောင့် ယနေ့တွင် လျှပ်ခံပစ္စည်းများအဖြစ်လည်း တွင်တွင်ကျယ်ကျယ် အသုံးချနေပြီ ဖြစ်သည်။ သွားစိုက်လုပ်ငန်းတွင်လည်း သွားအတုများအဖြစ်လည်းကောင်း သွားဖာရာတွင် ဖြည့်သွင်းပစ္စည်းအဖြစ် လည်းကောင်း အသုံးပြုသည်။