ကွန်ပျူတာထိန်းချုပ် စက်မှုပုံစံပြုစက်များ

ကွန်ပျူတာထိန်းချုပ် စက်မှုပုံစံပြုစက်များ (အင်္ဂလိပ်: computer numerical control; CNC) ဆိုသည်မှာ အပေါက်ဖောက်စက်၊ တွင်ခုံ၊ ဂီယာထွင်းစက်၊ သုံးဖက်မြင်ရုပ်ကြွထုတ် ပရင်တာ အစရှိသော စက်မှုပုံစံပြုစက်များကို ကွန်ပျူတာဖြင့် အလိုအလျှောက်ထိန်းချုပ်မောင်းနှင်သည့် စက်များကို ခေါ်ဆိုသည်။ လူသိများသောနာမည်မှာ CNC စက်များဟူ၍ ဖြစ်သည်။ CNC စက်များသည် သတ္တု၊ ပလက်စတစ်၊ သစ်သား၊ ကြွေနှင့် ​ပေါင်းစပ်ဒြပ်ဝတ္ထုပစ္စည်းများအား လူက စက်၏လုပ်ဆောင်မှုကို တိုက်ရိုက်ထိန်းချုပ်ခြင်းမရှိဘဲ သွင်းထား/ရေးဆွဲစေခိုင်းထားသော ပရိုဂရမ်(အစီအစဉ်) ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် အသေးစိတ် ညွှန်ကြားခိုင်းစေချက်များကို ရရှိစေရန် ပြုလုပ်ဆောင်ရွက်ကြသည်။

သစ်သားထုတ်ကုန်ပစ္စည်းတစ်ခုအား လုပ်ဆောင်နေသော CNC စက်

CNC စက်များသည် မော်တာများဖြင့် လည်ပတ်လုပ်ကိုင်သည့် ပုံစံပြုစက်အမျိုးအစားများဖြစ်၍ သီးသန့်ညွှန်ကြားချက်များသွင်းယူကာ ကွန်ပျူတာက ထိန်းချုပ်ပေးသည်။ CNC စက်များသို့ အစီစဉ်တကျ ပရိုဂရမ်ညွှန်ကြားချက်များ (ဥပမာ : G-code, M-code) ထည့်သွင်းကာ ခိုင်းစေသည်။ သွင်းယူမည့် ပရိုဂရမ်ကို လူပုဂ္ဂိုလ်ကသော်လည်းကောင်း ပို၍ ဆောင်ရွက်ကြသည်မှာ ဂရပ်ဖ်ပုံစံ ကွန်ပျူတာထောက်ကူပုံစံဆွဲဆော့ဖ်ဝဲ (CAD) နှင့်/သို့ ကွန်ပျူတာထောက်ကူထုတ်လုပ်ရေးဆော့ဖ်ဝဲ (CAM) များကသော်လည်းကောင်း ရေးဆွဲကြသည်။

CNC စက်များသည် ကွန်ပျူတာမထိန်းချုပ်နိုင်သော စက်များ တစ်နည်း လူထိန်းချုပ်သည့်စက်များ (သို့) လိုချင်သည့်အနေအထားဖြစ်စေရန် တပ်ဆင်ထားသော ကမ် (cam) ကဲ့သို့သော စက်ပိုင်းဆိုင်ရာထိန်းချုပ်မှုများ အပေါ်တွင် လွန်စွာသာလွန်ကောင်းမွန်ကြသည်။ ခေတ်ပေါ် CNC စက်များ၏စနစ်တွင် ထုတ်လုပ်မည့် စက်ပစ္စည်းကိရိယာပုံစံ၊ ခုတ်ထွင်ထုတ်လုပ်မည့် ပရိုဂရမ်များသည် အလိုအလျှောက် လုပ်ကိုင်သည့်အနေအထားပုံစံ ဖြစ်ကြသည်ကများသည်။ ထုတ်မည့်အစိတ်အပိုင်း၏ အတိုင်းအတာများကို ကွန်ပျူတာထောက်ကူပုံစံဆွဲဆော့ဖ်ဝဲများကို အသုံးချ၍ သတ်မှတ်ကြကာ ထိုအတိုင်းအတာများကို ကွန်ပျူတာထောက်ကူထုတ်လုပ်ရေးဆော့ဖ်ဝဲများက ထုတ်လုပ်မည့်လမ်းညွှန်ချက်များအဖြစ် ဘာသာပြန်ကြ၏ ။ ရရှိလာသောလမ်းညွှန်ချက်များကို ထုတ်လုပ်ခုတ်စားမည့်စက်တစ်ခုအတွက် သီးသန့်အသေးစိတ် လမ်းညွှန်ချက်များအဖြစ် အသွင်ပြောင်းယူကာ CNC စက်အသွင်းသို့ ထည့်သွင်းသည်။

ထုတ်မည့်ကုန်ပစ္စည်းတစ်ခုသည် ၎င်းကိုခုတ်စားမည့် ကိရိယာအများအပြားလည်း လိုအပ်နိုင်ချေရှိရာ ဥပမာ လွန်းပူ (drill) ၊ လွှသွား (saw) ... စသဖြင့် ဖြစ်နိုင်သည်။ ခေတ်မှီစက်များ၌ ထိုကိရိယာများစွာ ပေါင်းစပ်ပါဝင်သဖြင့် အချိန်နှင့် အခြားစက်များစွာထားရှိရေးကို ချွေတာနိုင်ပေသည်။

ထို့အပြင် မတူညီသော စက်အမျိုးမျိုးကို ပြင်ပထိန်းချုပ်သည့်အရာတစ်ခုခုကို တွဲဖက်၍လည်း အသုံးချနိုင်သည်။ ဤဖြစ်စဉ်၌ လူ (သို့) စက်ရုပ် မောင်းနှင်ကိုင်တွယ်သူများသည် ထုတ်မည့်ကုန်ပစ္စည်းအစိတ်အပိုင်းကို စက်တစ်ခုမှ တစ်ခုသို့ ပြောင်း၍ ရွှေ့ပေးနိုင်သည်။ မည်သည့် ပုံစံကိုသုံးသာ်ဖြစ်စေ လိုသလိုပုံဖော်မည့် ဖြစ်စဉ်သည် အလိုအလျှောက်သဘောသာဖြစ်၏ ။ ထွက်ရှိလာမည့်ပစ္စည်းသည်လည်း မူလဒီဇိုင်းပုံစံနှင့် လွန်စွာတူညီသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. Geddes၊ Duncan (7 August 2019)။ CNC machines: a complete guide